အပိုင်း ၁၃၂
Viewers 32k

🧑‍⚕️Chapter 132



စနေနေ့၊ ဆေးတက္ကသိုလ် A ရှိစာသင်ခန်းတစ်ခုတွင်…။

စာသင်ခန်းထဲတွင်သာပိတ်မိနေသောကျောင်းသားများသည် စင်ပေါ်မှဆရာကသာမန်ဆေးဘက်ဆိုင်ရာအသိပညာကိုရှင်းပြနေချိန်တွင်အပြင်ကမ္ဘာအကြောင်းကိုသာ စိတ်ရောက်နေကြခဲ့သည်။

စနေ၊တနင်္ဂနွေများတွင်အတန်းများတက်ခြင်းထက် ပို၍ စိတ်အနှောင့်အယှက်ဖြစ်စရာမျိုး မရှိတော့ချေ။ အထူးသဖြင့်စိတ်ကြိုက်ဘာသာအတန်းချိန်များတွင် ပို့ချချက်များကိုဂရုတစိုက်နားထောင်သောကျောင်းသားအရေအတွက်သည် ထက်ဝက်မျှလျော့သွားလေ့ရှိသည်။

အတန်းချိန်အတွင်းတွင် ကျောင်းသားအချို့သည် ၎င်းတို့၏အဓိကစာမေးပွဲများအတွက်စာပြန်ကြည့်၍ ပြင်ဆင်နေခဲ့ကြပြီး အချို့မှာမူ သူတို့၏ဖုန်းများသာခိုးကြောင်ခိုးဝှက်ဆော့နေကြသည်။ အရေးကြီးသောစာမေးပွဲအချက်အလက်များ နားထောင်ရန်အတွက်သာ နားတစ်ဖက်ကိုစွင့်ထားတတ်ကြ၏။

သို့သော်ယနေ့တွင်အနည်းငယ်ကွဲပြားပေသည်။ကျောင်းသားအနည်းငယ်သည် စင်မြင့်ပေါ်တွင်အလွန်ကြည့်ကောင်းနေကာ ဟောပြောပို့ချချက်ကို ပေးနေသောဆရာအား သဘောကျစွာ ကြည့်နေကြသည်။

ခေတ်စားနေသော မီးခိုးရောင်စစ်မိုးကာအင်္ကျီကိုဝတ်ဆင်ထားသောလူငယ်တစ်ဦးသည် သူ၏ဖုန်းကိုကိုင်ကာ စင်ပေါ်မှ ကထိက၏ပုံကိုရိုက်နေခဲ့သည်။ နားတွင်နားကြပ်တစ်လုံးတပ်ကာ သူ့အနားတွင်ထိုင်နေသောကျောင်းသားက သူသည်စာမေးပွဲအကြံပေးချက်များကိုဓာတ်ပုံရိုက်နေသည်ထင်ကာ တံတောင်ဖြင့်တွတ်၍ ပြောလိုက်သည်။

 ”ဆရာက စာမေးပွဲအတွက် အချက်အလက်တွေပေး…."

သို့သော်သူသည် စကားဆုံးအောင်မပြောရသေးခင် သူ့အတန်းဖော်၏မျက်နှာကိုမြင်ပြီးနောက် တောင့်ခဲသွားသည်။ 

“ ပါ ... ပါမောက္ခ ရှန့်... ”

“ တိတ်တိတ်နေစမ်း...” 

ရှန့်ဖန်းယွိသည် အမူအယာနှင့်လုပ်ပြကာ တည်ငြိမ်စွာဖြင့် ကျောင်းသား၏ဖုန်းမျက်နှာပြင်ကိုလှမ်းကြည့်လိုက်သည်။

“ စာပို့ချနေတာကိုအာရုံစိုက်...”

အတန်းထဲတွင်ဂိမ်းကစားနေသောကျောင်းသားက အံ့အားသင့်စွာတုန်လှုပ်သွားခဲ့သည်။

သူသည် ယခုနှစ်ဓာတ်ခွဲခန်းတွင် ကောလိပ်၏ဆန်းသစ်တီထွင်မှုဆိုင်ရာ စီမံကိန်းတွင် စတင်ပါဝင်ခဲ့ပြီးသူ၏ဆရာမှာ ရှန့်ဖန်းယွိဖြစ်သည်။ယခုသူသည်သူ၏ဆရာထံတွင် လက်ပူးလက်ကြပ်မိသွားခဲ့ရပြီး ရူးတော့မလိုပင်ဖြစ်နေသည်။

ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ဟောပြောချက်ကိုနားထောင်ရန်လာသည့်အချိန်တွင် ပြဿနာကြုံရန်မမျှော်လင့်ခဲ့ပေ။အတန်းပြီးဆုံးသွားသောအခါတွင် ခေါင်းလောင်းမြည်ပြီးနောက် ရှန့်ဖန်းယွိက ပြောလိုက်လေ၏။

 “ မနက်ဖြန်ငါ့ရုံးခန်းကိုလာပြီးအခြေအနေကိုရှင်းပြပါ...” 

ထို့နောက်စိတ်ပျက်အားငယ်နေသောကျောင်းသားဘေးမှထွက်လာပြီး မိန့်ခွန်းပြောစင်သို့ အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။

“ ဆရာကျန်း…ကျွန်တော် မေးစရာရှိလို့..."

 သူသည် ကျန်းရွှိအား ဖျော်ဖြေရေးပန်းခြံ လက်မှတ်၂စောင် ညှပ်ထားသော စာအုပ်ကို ကမ်းပေးရင်း ပြောလိုက်သည်။

မိန့်ခွန်းစင်ပေါ်မှ ဆရာသည်ဂုဏ်သိက္ခာရှိပြီး ကျောင်းသားသည်နှိမ့်ချတတ်သောကြောင့် ရှန့်ဖန်းယွိက ကျန်းရွှိအားမေးမြန်းခဲ့သည်ကိုမည်သူမျှသတိမထားမိကြပေ။

“ ဆရာကျန်း ကျွန်တော့်မင်္ဂလာဆောင်နှစ်ပတ်လည်အခမ်းအနားကိုကျင်းပဖို့အတွက် ကျွန်တော်နဲ့အတူသွားဖို့ အချိန်နည်းနည်းပေးလို့ရမလား... ”

ကျန်းရွှိသည် သူ၏ပစ္စည်းများကို ခေါင်းငုံ့လျက် ထုပ်ပိုးနေပြီး ထိုစကားကိုကြားသောအခါ အနည်းငယ်ပြုံးလိုက်
သည်။

သူသည် ရှန့်ဖန်းယွိလက်ထဲမှစာအုပ်ကို ကြည့်လိုက်၏။

“ ဒါက အတော်လေးပရော်ဖက်ရှင်နယ်ကျတာပဲ... ”

“ အဲ့ဒါ ငါ့စာအုပ်မဟုတ်ပါဘူး.….ငါ့ကျောင်းသားတစ်ယောက်ရဲ့ ဟာပါ…ဘာပဲဖြစ်ဖြစ် သူကဖတ်မှာမဟုတ်ဘူး…အဲ့ဒါကြောင့်ငါ ကောက်လှန်လိုက်တာ.. ”

စကားပြောနေရင်းပင် သူသည် ကျန်းရွှိရှေ့တွင် စာအုပ်အား လှန်လှောကြည့်လိုက်သည်။ 

“ ငါဒီလောက်သန့်ရှင်းနေတဲ့စာအုပ်ကိုမမြင်ဖူးဘူး..."

သူသည် ကျန်းရွှိ၏ စာတိုများစွာမှတ်ရေးထားသော ဖတ်စာအုပ်ကိုကြည့်လိုက်သည်။

 “ မင်းရဲ့ စာအုပ်က ပိုလှတယ်... ”

ကျန်းရွှိက သူ့ကိုစာအုပ်ကမ်းပေးလိုက်သည်။

“ ဒါဖြင့် ယူပြီးဖတ်ကြည့်လိုက်...”

ရှန့်ဖန်းယွိသည် မိန့်ခွန်းစင် အောက်တွင်ရပ်နေပြီး စာအုပ်ကိုယူပြီးကြည့်လိုက်သည်။ ထို့နောက် ကျန်းရွှိအားပြန်ကြည့်လိုက်၏။

“ ဟေ့..ကျန်းရွှိ…ဒီစာသင်ခန်းကို ရင်းနှီးနေတယ်မထင်ဘူးလား..."

ကျန်းရွှိကခဏမျှစဉ်းစားပြီးနောက် ခေါင်းကိုခါလိုက်သည်။

ရှန့်ဖန်းယွိက “ဒီဟာကမင်း ငါရဲ့အဝတ်တွေကိုပြန်ပေးတုန်းက စာသင်ခန်းနဲ့တူတယ်..."

ကျန်းရွှိက “ ……အဝတ်တွေ.."

ကျန်းရွှိသည် ထိုစာသင်ခန်း ဟုတ်မဟုတ်မမှတ်မိနိုင်သော်လည်း ရှန့်ဖန်းယွိ၏စကားများက သူ့အားတစ်ခုခုပြန်သတိရစေခဲ့သည်။

ထိုအချိန်က ဆောင်းရာသီဖြစ်ပုံရသည်။ ပညာရေးရုံးမှစီစဉ်သောစာမေးပွဲအချိန်ဇယားမှာ အနည်းငယ်ကျိုးကြောင်းဆီလျော်မှုမရှိပေ။ အလွန်နီးကပ်စွာစီစဉ်ထားသော စာမေးပွဲနှစ်ခုရှိခဲ့ပြီး ကြားတွင်လည်း အချိန်အနည်းငယ်သာကျန်တော့သည်။

ထုံးစံအတိုင်း ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည်စာသင်ခန်းမှနောက်ဆုံးမှသာ ထွက်လာကြသည်။ ညသည် ပို၍မှောင်လာပြီး နံနက်စာမေးပွဲအတွက်အချိန်သည်လည်း ပို၍တိုတောင်းလာသည်နှင့်အမျှ ကျန်းရွှိ၏စိတ်သည် ပို၍ မူးဝေလာသည်။ သူသည်မျက်နှာကိုရေအေးဖြင့် မရေမတွက်နိုင်အောင်ပင် ဆေးကြောခဲ့သော်လည်းအကူအညီမဖြစ်ခဲ့ပါ။

သူ အမှန်တကယ်အိမ်ပြန်၍ အိပ်ချင်နေခဲ့သည်။ သို့သော် သူခေါင်းတစ်ခါလှည့်ကြည့်တိုင်း ရှန့်ဖန်းယွိကဘောပင်တစ်ချောင်းကိုင်ထားကာ တက်ကြွစွာဖြင့် သူ့စာအုပ်ထဲတွင် ရေးခြစ်နေဆဲပင်ဖြစ်သည်။

ထို့ကြောင့်အပြိုင်အဆိုင်ကြီးသော ကျန်းရွှိသည် အဆောင်ကိုပြန်သွား၍ အိပ်ချင်သောစိတ်အား ချုပ်တည်းကာ စာသင်ခန်းထဲတွင်သာ နေခဲ့သည်။

ရှန့်ဖန်းယွိက သူ့နောက်မှနေ၍ တခစ်ခစ်ရယ်ပြီးနောက် ရုပ်တည်နှင့်ပြောလေသည်။

“ အကယ်၍ မင်းပြန်အိပ်ချင်ရင် အိပ်လိုက်ပါ…အဆင်ပြေပါတယ်…ငါမင်းကိုမကြည့်ပါဘူး... ”

ကျန်းရွှိသည် အလွန်ဒေါသထွက်ခဲ့ရပြီး သူသည်စက္ကူအပိုင်းအစတစ်ခုကိုချက်ချင်းဆုတ်ဖြဲပစ်လိုက်ပြီး
“ ရှန့်ဖန်းယွိက ငတုံးပဲ ” ဟူ၍ရေးလိုက်သေးသည်။သို့သော်သူသည် ထိုစာလုံးများကို ပြီးဆုံးအောင်မရေးသားနိုင်မီ ငိုက်မျဉ်းခြင်းကို မတွန်းလှန်နိုင်တော့ပဲ လုံးဝအိပ်ပျော်သွားခဲ့သည်။

ရှန့်ဖန်းယွိသည် သူ့ရှေ့တွင်ရှိသောသူက ခေါင်းညိတ်ညိတ်နှင့် နောက်ဆုံးတွင် လုံးဝအိပ်ပျော်သွားသည်ကို ကြည့်နေခဲ့သည်။သူသည်စာအုပ်ကိုဖယ်လိုက်ပြီး ကျန်းရွှိထံ သို့လမ်းလျှောက်နေစဉ်တွင် ကျေနပ်အားရမှုခံစားနေရသည်။ သူသည် ကျန်းရွှိ၏အိပ်ပျော်နေသောမျက်နှာနှင့် စာရေးထားသော စက္ကူအပိုင်းအစများကိုကြည့်နေခဲ့သည်။

သူသည် ထိုစာရွက်ကို ပျင်းရိလေးတွဲ့စွာခေါက်ကာ ပြန်ထားလိုက်၏။

“ ဘယ်လောက်ရူးလိုက်လဲ ”

"ငါမင်းကိုနိုင်ဖို့ကော်ဖီခွက်သုံးခွက်တောင်သောက်ခဲ့တာ.. ”

သို့သော် ကျန်းရွှိက အိပ်ပျော်နေပြီး စကားလုံးတစ်လုံးမျှပင်မကြားခဲ့ပေ။

အောင်ပွဲခံအပြုံးဖြင့် ရှန့်ဖန်းယွိသည် သူ၏အိတ်ကိုကောက်ယူပြီးပြန်လာခဲ့သည်။ သို့သော်သူတံခါးနားသို့ရောက်သောအခါရုတ်တရက်ရပ်တန့်သွားပြီး ကျန်းရွှိထံသို့ပြန်လာခဲ့သည်။ သူသည် နောက်တခါ မထွက်သွားမီ သူ၏ကုတ်အင်္ကျီကိုချွတ်ကာ သူ့ကိုယ်ပေါ်ခြုံပေးလိုက်သည်။

လေးနာရီအကြာတွင် ဆေးတက္ကသိုလ် A ရှိဆေးဘက်ဆိုင်ရာစာရင်းအင်းအတွက်ကျင်းပသော စာမေးပွဲခန်းမတွင် ကျန်းရွှိသည်သူ၏အိတ်နှင့်လက်ထဲတွင်ကုတ်အင်္ကျီကိုင်ကာ လျှောက်လာခဲ့သည်။ သူ့ထိုင်ခုံကိုရှာရန် အလျင်လိုနေမည့်အစား သူသည်စာမေးပွဲခန်းမကိုဝေ့ဝဲကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရှန့်ဖန်းယွိသည် သူ၏ထိုင်ခုံနေရာတွင်ထိုင်နေပြီး ဘောပင်ကိုလှည့်ဆော့နေသည်။ ကျန်းရွှိ ကိုင်ထားသည့်ကုတ်အင်္ကျီကို မြင်သောအခါ သူ၏မျက်လုံးများတွင် အပြုံးတစ်ခုပေါ်လာသည်။

“ သူဘယ်သူ့ကိုကြည့်နေတာလဲ... ” 

ရှန့်ဖန်းယွိ ဘေးတွင်ထိုင်နေသော ဟော်ချန်ချွမ်းမှာ သူ၏စိတ်ထဲတွင်ပရမ်းပတာဖြစ်နေသည်ကို ချုပ်တည်းကာ အေးဆေးတည်ငြိမ်စွာနှင့်ပြောသည်။

“ သူက ငါ့ကိုကြည့်နေတာလို့ ငါဘာလို့ခံစားရတာလဲ..."

“ မဟုတ်လောက်ဘူး ဒီရှုထောင့်ကနေဆို ငါ့ကိုကြည့်နေတာဖြစ်မယ်... ” သူ့နောက်မှ လီယာလေ့ကပြောသည်။

ထိုအချိန်တွင် ရှန့်ဖန်းယွိသည်သူ၏အခန်းဖော်နှစ်ဦး ၏သစ္စာဖောက်မှုကို သတိမပြုမိဘဲ သူတို့ပုံမှန်စကားပြောနေသည်ဟုသာထင်ခဲ့သည်။ထို့ကြောင့်သူက အလိုက်သင့်ပြောလိုက်သည်။

"ငါ့ကိုကြည့်နေတာ…လောင်းမလား..."

သို့သော် သူလောင်းကြေးပင် မပြောရသေးမီ ကျန်းရွှိက ရှန့်ဖန်းယွိထံသို့တည့်တည့်လာပြီး ကုတ်အင်္ကျီအား သူ့ထံပစ်ပေးလိုက်သည်။

“ မင်းအနည်းဆုံးတော့ ငါ့အတွက် ပြန်မလျှော်ပေးဖူးလား.."

ရှန့်ဖန်းယွိ သူ၏ထိုင်ခုံကိုမှီထိုင်နေရင်း ကျန်းရွှိအား ရန်စ ရန်ကြိုးစားခဲ့သည်။

ကျန်းရွှိကသူ့အား ငုံ့ကြည့်လိုက်ကာ သူ၏ အဆောင်ကဒ်ကိုထုတ်ပြပြီး ရှန့်ဖန်းယွိ၏ စားပွဲပေါ်ရိုက်ချလိုက်သည်။ 

“အဝတ်လျှော်ခန်းကိုယူသွားပြီးကိုယ်တိုင်လျှော်လိုက်...”

ရှန့်ဖန်းယွိ ၏အကြည့်သည် ကျန်းရွှိ၏ မျက်နှာပေါ်မှ အဆောင်ကဒ်ပေါ်သိုရောက်သွားခဲ့သည်။ ကဒ်ပေါ်ရှိ ကျန်းရွှိ ၏ဓာတ်ပုံသည် သူ့ရှေ့တွင်ရှိနေသောသူကဲ့သို့ပင် အေးတိအေးစက်နှင့် အမူအရာမရှိပေ။

သူသည်ကဒ်ကိုယူလိုက်ပြီး စားပွဲပေါ်တွင် တတောက်တောက်ခေါက်ကာမေးသည်။

“ မင်းကိုငါပြန်မပေးရင် မင်းဘယ်လိုစားမှာလဲ ”

ကျန်းရွှိ သူ့အားလျစ်လျူရှုကာ စာမေးပွဲထိုင်ခုံသို့သွားခဲ့သည်။ ရှန့်ဖန်းယွိသည် သူ၏နောက်ကျောကိုကြည့်ကာ ကုတ်အင်္ကျီကိုယူလိုက်ပြီး ပေါ့ပေါ့တန်တန်ပင်ထားလိုက်သည်။ သို့သော်သူသည်ဘောပင်ကိုကောက်ကိုင်လိုက်သည်နှင့် အဝတ်လျှော်ဆပ်ပြာ၏ထူးခြားသောရနံ့ကို ရလိုက်သည်။

ထိုကဲ့သို့သောဆောင်းရာသီ ကုတ်များက အလွယ်တကူမခြောက်ပေ။ ကျန်းရွှိသည် လျှော်ဖွတ်ပြီးသည်နှင့်အခြောက်ခံခဲ့ပုံပေါ်သည်။

"ငါသူ့ကို မခြုံပေးခဲ့သင့်တာကို..."

 ရှန့်ဖန်းယွိကတွေးလိုက်သည်။ ကျန်းရွှိသည်ထိုညတွင် ၂ နာရီမပြည့်အောင်ပင် အိပ်ခဲ့ရကြောင်း ထိုသန့်ရှင်းပြီးခြောက်သွေ့သောကုတ်အင်္ကျီက သက်သေထူနေသည်။

ရှန့်ဖန်းယွိ ထင်သည်မှာ မှန်သည်။ ကျန်းရွှိသည်ထိုညတွင် အိပ်ရေးမဝခဲ့သဖြင့် စာမေးပွဲပြီးဆုံးသည်ထိ သူ၏ဇွဲကိုသာမှီခိုခဲ့ရသည်။ထို့ကြောင့်သူသည် ထိုနေ့၌မည်သည့်စာမေးပွဲခန်းမတွင် ဖြေရမည်ကိုပင် မမှတ်မိနိုင်ခဲ့ပေ။

ထိုအကြောင်းကိုစဉ်းစားရင်း ကျန်းရွှိ အနည်းငယ်ဒေါသထွက်လာသည်။

 “ မင်းအဲဒီနေ့အကြောင်းကိုပြောရဲသေးတယ်ပေါ့... ”

“ ဘာလို့ မပြောရမှာလဲ…ငါက အကောင်းနဲ့ရည်ရွယ်ခဲ့တာပဲကို... ” 

သူတို့သည် အပန်းဖြေဥယျာဉ်ဆီသို့ကားမောင်းနေစဉ်စကားပြောခဲ့ကြပြီး ကျန်းရွှိသည် အဝေးမှ ပန့်ချီ အမြင့်ခုန်တာဝါကိုလက်ညှိုးထိုးပြခဲ့သည်။ 

“ ဒါကရော မင်းရဲ့ရည်ရွယ်ချက်ကောင်းလား...”

ရင်တုန်ပန်းတုန်ဖြစ်စေရန် တစ်ခုခုလုပ်ခြင်းမှာ ကောင်းသော်လည်း အခြားသူများ၏မင်္ဂလာဆောင်နှစ်ပတ်လည်နေ့များကမူ စိတ်လှုပ်ရှားစရာမကောင်းပေ။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ရှန့်ဖန်းယွိ ထပ်ခါတလဲလဲပြောနေခဲ့သည့်အံ့သြစရာမှာ ပန့်ချီအမြင့်ခုန် သွားခုန်ရန် ခေါ်နေခြင်းဖြစ်မည်ဟု ကျန်းရွှိလုံးဝမထင်ခဲ့ပေ။

“ ကျန်းရွှိ…မင်းရဲ့မှတ်ဉာဏ်ကတကယ်ဆိုးတာပဲ... ”

ရှန့်ဖန်းယွိ ကသတိပေးခဲ့သည်။ 

“ ငါတို့ရဲ့ ပထမနှစ်တက်နေတုန်းက နှစ်သစ်ကူးနေ့မှာ ငါတို့ပြောခဲ့တဲ့ဟာကိုမှတ်မိပါသေးလား...”

ကျန်းရွှိ၏ အမူအရာက ရုတ်တရက်နူးညံ့သွားရသည်။

အားလပ်ရက်ပြီးသည်နှင့် အဆုံးမရှိသောစာမေးပွဲများဆက်တိုက်လာနေခြင်းကြောင့် ဆေးကျောင်းသားများသည် နှစ်သစ်ကူးနေ့ကိုကျင်းပရန်အခွင့်အရေး ရခဲလှသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ…နှစ်သစ်ကူးနေ့သည် အားလပ်ရက်ဖြစ်နေဆဲပဲဖြစ်သည်။ထို့ကြောင့် အတန်းထဲတွင် စာပြန်ကြည့်ရင်းကျန်နေခဲ့တတ်ကြသော အတန်းဖော်များသည် ထိုနေ့မျိုးတွင် အိမ်သို့စောစော ပြန်တတ်ကြသည်။

ကျန်းရွှိ သတိပြုမိချိန်တွင် သူသည် စာသင်ခန်းထဲတွင်ကျန်နေသော တစ်ယောက်တည်းသောသူဖြစ်နေလေသည်။သူနာရီကိုကြည့်လိုက်ရာည ၁၁ နာရီ ၅၀မိနစ် ရှိနေပြီဖြစ်ပြီး နှစ်သစ်ကူးရန် ၁၀ မိနစ်ပင်လိုတော့သည်။

သူသည် ရုတ်တရက်အနည်းငယ်ပင်ပန်းသည်ဟု ခံစားရသောကြောင့်သူ့လက်ထဲမှ စာအုပ်များကို ခဏချထားလိုက်ကာ သူ၏နဖူးကိုပွတ်သပ်လိုက်သည်။ သို့သော် သူ့နားထဲတွင် စကားတစ်ခွန်းကြားလိုက်ရသည်။

 “ မင်း မသွားသေးဘူးလား... ”

ရှန့်ဖန်းယွိသည် ရေနွေးပူခွက်ကို ကိုင်၍ လမ်းလျှောက်လာသည်။ သူသည် ရေနွေးသောက်နေရင်း မေးလိုက်သည်။

 “ နှစ်သစ်ကူးအကြိုညကြီးကို…မင်းစာလုပ်နေတုန်းလို့ မပြောနဲ့... ”

“ ငါသွားတော့မလို့ပဲ... ”

ကျန်းရွှိက သူ့ကိုကြည့်လာသည်။အဓိပ္ပာယ်ကထင်ရှားနေသည်။

“ ဟုတ်ပြီလေ...” 

ရှန့်ဖန်းယွိ သူ၏ခွက်ကိုချထားလိုက်ကာ သူ၏ဘောပင်ကိုကောက်ယူပြီး သူ့ကိုတိုက်ရိုက်စိန်ခေါ်ခဲ့သည်။

 “ ဒါဖြင့် ငါတို့ဒီမှာပဲနေပြီး သေတဲ့အထိ စာလုပ်ကြမယ်..."

အကြောင်းပြချက်အချို့ကြောင့် ကျန်းရွှိသည် ရှန့်ဖန်းယွိကစာပြန်ကြည့်ရန်ထိုင်နေသည်ကိုမြင်သောအခါ နှစ်သစ်ကူးအကြိုကြောင့် ဂနာမငြိမ်ဖြစ်နေသောစိတ်သည် ရုတ်တရက်တည်ငြိမ်သွားသည်။

စာရွက်အားရေးခြစ်နေသည့်ဘောပင်၏အသံသည် စဉ်ဆက်မပြတ်ကြားနေရသည်။ကျန်းရွှိ စာဖတ်ခြင်းကိုအာရုံစိုက်ရန်ပြင်နေချိန်တွင် ရှန့်ဖန်းယွိက ရုတ်တရက်ထပြောလာသည်။

"ကျန်းရွှိ ကော်ရစ်ဒါကိုသွား…"

ကျန်းရွှိ သည် ရှန့်ဖန်းယွိ အလွန်မြန်ဆန်စွာပြေးနေသည်ကိုတွေ့ရသောအခါ အံ့အားသင့်သွားပြီး တစ်ခုခုဆိုးဆိုးရွားရွားဖြစ်ပျက်နေသည်ဟုထင်ကာ လိုက်သွားလိုက်သည်။ သူထွက်လာသောအခါ ရှန့်ဖန်းယွိသည် ကော်ရစ်ဒါ၏ ဘောင်တန်းပေါ်တွင်မှီနေကာ ပြုံးရွှင်စွာဖြင့်သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

 “ မင်းတကယ်ရောက်လာတာပဲ..”

ကျန်းရွှိသည် ထွက်သွားရန် ပြန်အလှည့်တွင် ရှန့်ဖန်းယွိ ကသူ့ကိုတားလိုက်သည်။ သူသည် ၁၂ နာရီထိုးနေသည်ကို ပြနေသော ကျန်းရွှိ၏နာရီကို လက်နှင့်ခေါက်ပြလိုက်ကာ ကော်ရစ်ဒါအပြင်ဘက်ရှိကစားကွင်းအလွတ်သို့ ခေါင်းကိုလှည့်၍ ကြွေးကြော်လိုက်သည်။

“ ကျန်း…ရွှိ….ဟက်...ပီး...နယူး...ရီးယား…. ”

ကစားကွင်းတွင် လူအနည်းငယ်သာရှိခဲ့ပြီး အေးမြသောဆောင်းရာသီလေသည် ရှန့်ဖန်းယွိ၏အသံကိုလျင်မြန်စွာဝါးမြိုသွားခဲ့သည်။သို့သော် သူ၏မျက်လုံးများမှာ
အပြုံးများနှင့်ပြည့်နှက်နေဆဲဖြစ်သည်။ 

“ မင်းရော..မအော်နိုင်ဘူးလား...”

“ မင်းဘာလုပ်နေတာလဲ... ” ကျန်းရွှိကမေးလေသည်။

“ နှစ်ယာက်စလုံးအနားယူကြရအောင်…နှစ်သစ်ရဲ့ ပထမဆုံးဆယ်မိနစ်မှာတော့ ငါစာလုပ်ချင်စိတ်မရှိဘူး…ငါအေးချမ်းချင်တယ်…"

“ ဟုတ်ပြီလေ... ” 

ကျန်းရွှိက သူ၏လက်ကို အိတ်ကပ်ထဲသို့ထည့်လိုက်သည်။

“ ဟက်ပီးနယူးရီးယား..."

“ မင်းရဲ့နှစ်သစ်ကူးဆန္ဒကိုပြောပြလို့ရလား..."

“ငါမင်းထက်ပိုပြီးအမှတ်များမယ်ဆိုရင် ငါပန့်ချီ သွားခုန်မယ်... ”

ရှန့်ဖန်းယွိကရယ်သည်။

 “ဒါဖြင့် မင်းတစ်သက်လုံး ပန့်ချီ သွားခုန်နိုင်မှာမဟုတ်တော့ဘူး...”

နောက်ပိုင်းတွင် ကျန်းရွှိသည် ရှန့်ဖန်းယွိ နှင့် မရည်ရွယ်ပဲ ပူးတွဲပထမရသွားသောကြောင့် ပန့်ချီ သွားမခုန်ခဲ့ရပေ။နောက်ပိုင်းတွင်လည်း သူသည်နှစ်သစ်ကူးနေ့မတိုင်မီညက ဖြစ်ပျက်ခဲ့သည်များကိုလည်း မေ့ထားခဲ့မိသည်။

— — — 

တောင်ကြားသည် တိတ်ဆိတ်နေကာ လေပြင်းများ တိုက်ခတ်နေသည်။

မျှော ကြိုးများနှင့် တင်းတင်းကျပ်ကျပ်ချည်နှောင်ထားပြီး အချင်းချင်းပွေ့ဖက်ထားကြသော ရှန့်ဖန်းယွိနှင့် ကျန်းရွှိတို့သည် အမြင့်မှကျဆင်းလာခဲ့သည်။ ကျန်းရွှိ၏နားထဲတွင်မှလေများဝေ့ဝဲတိုက်ခတ်နေမှုကြောင့် အခြားမည်သည့်အသံကိုမျှ ကြားရန်မဖြစ်နိုင်ပေ။

ပြင်းထန်သောကစားနည်းများသည် နှလုံးခုန်နှုန်း အတွက်အကောင်းဆုံး နည်းလမ်းများဖြစ်သည်။ အဆိုပါ ခုန်နေသော နှလုံးသားကြောင့်ပွေ့ဖက်ထားမှုများသည် ပို၍ပင် တင်းကြပ်လာခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ကျန်းရွှိသည် သူပန့်ချီခုန်ခဲ့သည့် ပထမဆုံးအကြိမ်သည်သူ၏ဘဝတစ်လျှောက်လုံးတွင် မည်သည့်အခါမျှလုပ်နိုင်လိမ့်မည်မဟုတ်ဟုပြောခဲ့သောသူနှင့် အတူတူခုန်ရလိမ့်မည်ဟု ထင်ခဲ့မည်မဟုတ်ပေ။

လူနှစ်ဦးမှ တစ်ဦးတည်းအဖြစ်ပေါင်းစည်းသွားသော အရိပ်သည် ရေမျက်နှာပြင်ပေါ်တွင် တန်ပြန်ပေါ်နေသည်။

လေသည် ခန္ဓာကိုယ်အပြင်ဘက်ပေါ်တွင်အေးနေသော်လည်း ဟော်မုန်းအတက်အကျကြောင့်အတွင်း၌ပူနွေးနေကာသက်တောင့်သက်သာရှိသည်။ စိတ်ဝိဉာဉ်သည်စွမ်းအင်ပြည့်နေကာ အလွန်သက်တောင့်သက်သာရှိလွန်းသောကြောင့် ယခုအချိန်တွင် များစွာသောအကြောင်းအရာများကိုပြောရန် အလွန်လွယ်ကူသည်။

ရှန့်ဖန်းယွိသည် ပြန်ရောက်လာသော လှေထဲတွင်ထိုင်ကာ ကျန်းရွှိ၏ပခုံးပေါ်တွင်မှီထားရင်း…

" တကယ်တော့ ငါမကြာသေးခင်ကစဉ်းစားခဲ့သေးတာ.. ငါတို့တွေ ချစ်မိကြဖို့အခွင့်အရေးတွေအများကြီးရှိခဲ့တယ်…ဒါပေမယ့် အတူတူနေဖို့ငါတို့ဘယ်လို့ အဲ့လောက်ကြာခဲ့တာလဲ...”

ထို့အပြင် သူတို့အတူတူနေကြပြီး မကြာမီ ကလေးတစ် ဦးလည်း ရှိလာကာ သူတို့အတွက် အထီးကျန်ချိန်ပင်မရှိပေ။ကျန်းရွှိနှင့်အတူနေ့တိုင်းရှိနေခြင်းသည် သူတို့အတူ ပို၍ကြာကြာနေနိုင်ရန် ဆုတောင်းမိစေသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ လိပ်တင်ထားသောဘောင်းဘအောက်မှထွက်လာသော အနက်ရောင်အပူခံအတွင်းဝတ်ငယ်ကိုကြည့်လိုက်သည်။

 “ မင်းအပူခံအတွင်းဝတ်တွေ ဝတ်ထားလို့နေမှာပေါ့…"

ရှန့်ဖန်းယွိ ကရယ်မောလိုက်သည်။ လှေငယ်လေးသည် သူတို့၏ နှလုံးသားထဲမှ လှိုင်းတွန့်များကဲ့သို့ ယိမ်းခါနေလေသည်။

ရှန့်ဖန်းယွိက လေးနက်စွာပြောလိုက်၏။

“ ကျန်းရွှိ…ငါတို့နောက်ဘဝလည်းထပ်ဆုံကြရအောင်… နောက်ဘဝမှာသာထပ်ဆုံနိုင်ကြရင်..ငါတို့အသက် ၁၈ နှစ်ကတည်းက အတူတူရှိနေလို့ရမလား... ”