Ch 13
Viewers 1k

Ch-13

• April 12 at 11:53 AM

ရေချိုးခန်းထဲမှ ရေနွေးငွေ့နွေးနွေးလေးနှင့်အတူ ထွက်လာချိန်တွင် ဆံပင်ကို လေမှုတ်စက်ဖြင့် ခြောက်အောင်မှုတ်ပြီးပြီဖြစ်ကာ သားဖြစ်သူရော ခင်ပွန်းပါ အိပ်မောကျနေကြပြီဖြစ်သည်။ 

လီကျီဖျင်၏ ဟောက်သံက တစ်ခန်းလုံး ဟိန်းထွက်နေသည်။ ယနေ့ တစ်နေကုန် ကားမောင်းရ၊ သန့်ရှင်းရေးလုပ်ရနှင့် အတော်လေးပင်ပန်းသွားရှာပုံရ၏။ 

ဟောက်သံရပ်သွားစေရန် သူ့ကို နှိုးလိုက်ချင်သော်လည်း အိပ်ရေးပျက်သွားမည်စိုးသဖြင့် မနှိုးရက်တော့ပေ။

ဖန်ဖန်တစ်ယောက် ဤမျှ အိပ်မောကျနေခြင်းကလည်း ရှားရှားပါးပါးပင်။ သားအဖနှစ်ယောက် တစ်ကုတင်တည်း အတူအိပ်နေကြပြီး ဖန်ဖန်၏နားနားကပ်ကာ ဟောက်နေသည့်တိုင် ကလေးက လုံးဝနိုးမလာချေ။ 

ဟန်မိန်က ခေါင်းလေးခါကာ ပြုံးလိုက်မိသည်။ ‘အားလုံး တကယ်ကို ပင်ပန်းနေကြပြီပဲ'

သူမလည်း ကုတင်ပေါ်သို့ ဖြည်းညင်းစွာ လှဲချလိုက်ပြီး ညအိပ်မီးလေးကို ပိတ်လိုက်သည်။ ပုံမှန်ဆိုလျှင် အအိပ်ဆက်တတ်သူမို့ လီကျီဖျင်၏ဟောက်သံကြောင့် အလွယ်တကူအိပ်ပျော်နိုင်မည်မဟုတ်ဟု အစက ထင်ထားခဲ့၏။

သို့သော် ကုတင်ပေါ်ရောက်ပြီး မကြာမီမှာပင် မည်သို့မည်ပုံ အိပ်မောကျသွားမှန်း သူမကိုယ်တိုင်ပင် မသိလိုက်တော့ချေ။

နောက်တစ်နေ့နံနက်ခင်းတွင် သားဖြစ်သူ၏နှိုးသံကြောင့် ဟန်မိန် နိုးလာခဲ့သည်။

“မေမေ၊ မြန်မြန်ထတော့လေ၊ နေတောင် မြင့်နေပြီ။ သားဗိုက်ထဲမှာလည်း ဆာလွန်းလို့ အသံတွေတောင်မြည်နေပြီ၊ အခုမထရင် မနက်စာ စားရတော့မှာမဟုတ်ဘူး”

ဟန်မေ မျက်လုံးများကို ပွတ်သပ်လိုက်ရင်း အိပ်ချင်မူးတူးဖြင့် အကြောဆန့်လိုက်သည်။ 

မနေ့ညက မည်သည့်အသံကမျှ အနှောင့်အယှက်မပေးဘဲ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး အိပ်မက်လှလှလေးတစ်ခုပင် မက်ခဲ့သေးသည်ဟု ခံစားနေရသည်။

“ဘယ်နှနာရီရှိနေပြီလဲ၊ ဒီနေ့ အိပ်ပုပ်လေးတောင် စောစောထလို့ပါလား”

မျက်လုံးတစ်ဝက်သာဖွင့်ထားရင်း စောင်အောက်မှလက်ကိုထုတ်ကာ သားဖြစ်သူ၏ဆံပင်လေးများကို တယုတယ ပွတ်သပ်ပေးလိုက်သည်။

ဖန်ဖန်က မကျေမနပ်ဖြင့် နှုတ်ခမ်းလေးဆူကာ ချက်ချင်းငြင်းဆန်တော့သည်။

“သားက အိပ်ပုပ်လေး မဟုတ်ပါဘူးနော်၊ မေမေ့ထက်တောင် အရင်နိုးသေးတယ်။ ဖေဖေကတော့ ကားမောင်းပြီးထွက်သွားပြီ၊ မေမေနိုးလာရင် ဖေဖေတစ်ယောက်တည်း သွားကူလို့ရတယ်လို့ ပြောလိုက်တဲ့၊ သားတို့ကို ဒီမှာပဲ သေချာအနားယူနေခဲ့ပါတဲ့”

ထိုစကားလည်းကြားရော ဟန်မိန်၏အိပ်ချင်စိတ်များ လွင့်စင်သွားကာ အမြန်ထထိုင်လိုက်သည်။

“သားဖေဖေ ဘယ်အချိန်ကထွက်သွားတာလဲ၊ မေမေ ဘာသံမှတောင်မကြားလိုက်ရပါလား။ အခု ဘယ်နှနာရီထိုးနေပြီလဲ”

ကလေးပတ်နာရီလေးကို မိခင်ဖြစ်သူရှေ့ထိုးပြရင်း ဖန်ဖန်က သတိပေးလိုက်၏။

“ကြည့် ၈ နာရီ ၅၀ တောင် ရှိနေပြီ၊ အခုမထရင် မနက်စာ မှီတော့မှာမဟုတ်ဘူး၊ ဖေဖေ မထွက်သွားခင်က မနက်စာကို ၇ နာရီခွဲကနေ ၉ နာရီခွဲအထိ ကျွေးတယ်လို့ ပြောသွားတယ်”

“ဖေဖေ မနက်စာစားပြီးလို့ အပေါ်တက်လာတော့ မေမေအိပ်နေတုန်းမို့လို့ သားကိုပဲလာနှိုးသွားတာ၊ မေမေနိုးလာတာကိုစောင့်ပြီးမှ အတူတူ မနက်စာသွားစားကြလို့ မှာသွားတယ်”

ထိုသို့ပြောနေချိန်တွင် ဖန်ဖန်၏လေသံထဲ၌ အနည်းငယ်မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်လေးများ ပါဝင်နေသည်။ သူကိုယ်တိုင်လည်း အိပ်မောကျနေခဲ့သည် မဟုတ်လော။

ဖခင်ဖြစ်သူက သူ့ကို အတင်းလှုပ်နှိုးကာ မိခင်နိုးလာလျှင် သူအရင်ထွက်သွားပြီဖြစ်ကြောင်းနှင့် ညစာစားချိန်ရောက်မှ လာကြိုမည်ဖြစ်ကြောင်း ပြောပြခိုင်းခဲ့ခြင်းဖြစ်သည်။

ဟန်မိန်သည် ကိုးနာရီထိုးတော့မည်ဆိုသည့်အသိကြောင့် မယုံကြည်နိုင်စွာဖြင့် ကုတင်ဘေး စားပွဲခုံပေါ်ရှိ ဖုန်းကိုကောက်ယူကာ အချိန်ကို သေချာပြန်ကြည့်လိုက်သည်။ တကယ်ပင် ကိုးနာရီ ထိုးလုနီးပါး ဖြစ်နေချေပြီ။ 

သူမ ဤမျှနောက်ကျသည်အထိ အိပ်ရာမထဘဲ နေခဲ့သည်မှာ အတော်လေးကြာမြင့်ခဲ့ပြီဖြစ်သည်။ လီကျီဖျင် အိပ်ရာထ၊ အပြင်ထွက်၊ ပြန်ဝင်လာပြီး နောက်တစ်ခေါက်ထပ်ထွက်သွားသည်အထိ သူမ လုံးဝမနိုးခဲ့ပေ။ 

တကယ့်ကို နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ အိပ်မက်လှလှလေးမက်ခဲ့သည်ဟု ခံစားနေရသော်လည်း အိပ်မက်ထဲက အကြောင်းအရာများကိုမူ ယခု ပြန်လည်မှတ်မိခြင်းမရှိတော့ပေ။ 

ဤတိတ်ဆိတ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်လေးက သူမ၏စိတ်ဖိစီးမှုများကို ပြေပျောက်စေခဲ့ပုံရသည်။

အမြန်မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် သားဖြစ်သူကိုခေါ်ကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။ ဧည့်သည်များဆင်းလာသည်ကို မြင်သည်နှင့် လီရှီးရှီးက နွေးထွေးစွာ ဆီးကြိုနှုတ်ဆက်လိုက်၏။

“မင်္ဂလာနံနက်ခင်းပါ၊ ကျွန်မတို့ဆီက ပေါက်စီတွေနဲ့ ပဲနို့က စားဖိုမှူးကိုယ်တိုင် အခုလေးတင် လတ်လတ်ဆတ်ဆတ်လုပ်ထားတာမို့ မြည်းစမ်းကြည့်ပါဦးရှင့်”

သူမ၏ မျက်လုံးများထဲတွင် ကိုယ်ပိုင်လုပ်ငန်းလေးကို အကောင်းဆုံးဖြစ်စေချင်သည့် ရည်မှန်းချက်များသာ တောက်ပနေသည်။

ဟန်မိန်က အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။ သူမရှေ့ရှိ စားပွဲပေါ်တွင် ဆန်ပြုတ်၊ ဟင်းသီးဟင်းရွက်အချဉ်၊ ကြက်ဥ၊ ပြောင်းဖူး၊ ပေါက်စီနှင့် ပဲနို့စသည်ဖြင့် ရိုးရှင်းသည့်ဟင်းလျှာများကို ဝေ့ကြည့်လိုက်သည်။ 

သို့သော် သူမ သိပ်ပြီးစိတ်ထဲမထားဘဲ ပန်းကန်အလွတ်တစ်လုံးကိုယူကာ ဆန်ပြုတ်ခပ်ထည့်လိုက်သည်။

ဖန်ဖန်ကတော့ စားပွဲပေါ်ရှိ နည်းပါးလွန်းသောစားစရာများကို ကြည့်ပြီး နှုတ်ခမ်းစူကာ မျက်နှာလေးရှုံ့မဲ့သွားသည်။ 

အိမ်က မနက်စာက အရမ်းကြီးခမ်းနားနေ၍တော့မဟုတ်ပေ။ သို့သော် သူက အသားမပါလျှင်မစားတတ်သည့် ကလေးတစ်ယောက် ဖြစ်နေသည်။ စားပွဲပေါ်ရှိအရာအားလုံးက သက်သတ်လွတ်တွေကြီး ဖြစ်နေ၏။

ထို့ကြောင့် မိခင်ဖြစ်သူ၏ အင်္ကျီလက်ကိုဆွဲကာ ပူဆာတော့သည်။

“မေမေ... သား ဟမ်ဘာဂါစားချင်တယ်”

ဟန်မိန်က အလွယ်တကူပင် ဖြောင်းဖြလိုက်သည်။

“ဒါဆို ပေါက်စီစားလေ၊ ဒီမှာတော့ ဒါကဟမ်ဘာဂါပဲ”

“ဘယ်လိုလုပ် တူမှာလဲ”

ဖန်ဖန်က မကျေမနပ်ဖြင့် ငြင်းခုန်နေ၏။

“ဒါကြီးက ဟမ်ဘာဂါနဲ့ လုံးဝမတူဘူးလေ”

“ဘာမတူရမှာလဲ၊ အထဲမှာ အစာတွေပါတယ်လေ။ ကဲပါ ပါးစပ်ဟ”

မိခင်ဖြစ်သူက ပေါက်စီတစ်လုံးကိုဖဲ့ကာ သားဖြစ်သူ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။

“အွန်း...”

အတင်းအကျပ် ခွံ့ကျွေးခံလိုက်ရသဖြင့် ဖန်ဖန်က ပေါက်စီကို ဝါးစားလိုက်ရတော့သည်။ 

‘အင်း... အရသာက တော်တော်လေးကောင်းတာပဲ' သူထင်ထားသည်ထက် အများကြီးပိုကောင်းနေခဲ့သည်။

ပါးစပ်ထဲကဟာ ကုန်သွားချိန်တွင်တော့ နောက်တစ်လုံး ထပ်မစားဘဲမနေနိုင်တော့ချေ။ 

ပေါက်စီများက ဖန်ဖန်၏လက်ဝါးထက်ပင် ကြီးမားနေသေးသည်။ မနက်စာ တစ်နပ်တည်းဖြင့် ထိုပေါက်စီကြီးသုံးလုံး၊ ပြောင်းဖူးနှစ်ဖူးနှင့် ပဲနို့တစ်ခွက်လုံးကို အကုန်အစင် စားပစ်လိုက်တော့သည်။

‌ကလေးငယ်လေးက မိခင်ဖြစ်သူထက်ပင် မနက်စာကို ပိုစားနိုင်ခြင်းက အံ့သြစရာပင်။ ဟန်မိန်ကိုယ်တိုင်ပင် သတိပြုမိသွားပြီး စိုးရိမ်တကြီးဖြင့် တားလိုက်ရသည်။

“ဖန်ဖန်... တွေ့ကရာတွေ အတင်းလျှောက်မစားနဲ့လေ၊ ဗိုက်တင်းနေရင်ဆက်မစားနဲ့တော့၊ အဲဒါ အစာအိမ်အတွက်မကောင်းဘူး”

“မေမေ၊ သားဗိုက်ထဲမှာ ကွက်တိပဲ၊ ဗိုက်ပြည့်သွားပြီ၊ သား ဟိုအနောက်ဘက်မှာ သွားဆော့လို့ရမလားဟင်”

အခန်းဝရန်တာမှ ကြည့်စဉ်ကတည်းက အနောက်ဘက်တွင်စီးဆင်းနေသော ချောင်းငယ်လေးတစ်ခုကို ဖန်ဖန်တွေ့ထားခဲ့သည်။ 

မနေ့က နေ့လယ်ပိုင်းတွင် ဆော့ခဲ့ရသည်ကို အားမရသေးဘဲ ယခု ချောင်းငယ်လေးကို ထပ်တွေ့လိုက်ရသဖြင့် ထပ်ဆော့ချင်စိတ်များ တဖွားဖွားပေါ်လာတော့လေ၏။

သားဖြစ်သူ အပြင်ထွက်ဆော့ချင်နေသည်ကို မြင်တော့မှ ဟန်မိန် စိတ်သက်သာရာရသွားသည်။ ပြောင်းဖူးက အကြမ်းစား အစေ့အဆန်ဖြစ်ပြီး အစာကြေလွယ်သဖြင့် ပေါက်စီသုံးလုံးနှင့် ပဲနို့တစ်ခွက်က တကယ်တမ်းတွင် သိပ်များလွန်းသည်တော့မဟုတ်ဟု တွေးလိုက်မိ၏။ 

ထို့နောက် သားဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ရင်း ခွင့်ပြုလိုက်သည်။

“အိုကေ၊ မေမေ့ကိုခဏစောင့်၊ ခဏနေရင် ချောင်းလေးနားမှာ မေမေလိုက်ဆော့ပေးမယ်။ အရင်က မေမေပြောဖူးတာတွေ မှတ်မိတယ်မလား”

ဖန်ဖန်က သူ့အင်္ကျီစကိုဆွဲချေရင်း တိုးတိုးလေးပြန်ဖြေလာသည်။

“သိပါတယ်... လိမ္မာတဲ့ကလေးတွေက ရေထဲမှာ တစ်ယောက်တည်းမဆော့ရဘူးလေ။ လူကြီးတစ်ယောက် အနားမှာရှိမှရမှာ”

“လိမ္မာလိုက်တဲ့သားလေး”

…….

အနောက်ဘက်ရှိ ချောင်းငယ်လေးဆီသို့ လျှောက်သွားရင်း ဟန်မိန် အံ့သြတကြီးရေရွတ်လိုက်မိသည်။

“ဒီနေရာတွေက ရေက အရမ်းကြည်လင်နေတုန်းပဲ။ ငါးတွေ၊ ပုစွန်တွေကလည်း လူကို နည်းနည်းလေးမှမကြောက်ကြဘူး၊ ငါးမျှားဝါသနာပါတဲ့လူတွေသာ ဒီရောက်လာရင် တစ်နေကုန်အချိန်ဖြုန်းနေမိမှာ သေချာတယ်”

ကြည်လင်နေသောရေပြင်အောက်မှ သဲပွင့်လေးများနှင့် ကူးခတ်နေသောငါးငယ်လေးများကို မြင်ရသည်မှာ စိတ်ကြည်နူးစေလေ၏။

နေ့လယ်ပိုင်းလောက်တွင် လီကျီဖျင်ထံမှ ဖုန်းဝင်လာခဲြသည်။

“ဟယ်လို မိန်းမ၊ ကိုယ် ဒီမှာအလုပ်များနေတုန်းပဲ၊ မင်းနဲ့ ဖန်ဖန်ပဲ ဖမ်းလ်‌ဟောက်စ်မှာ တစ်ခုခုစားလိုက်ကြတော့နော်။ ဒီက နေ့လယ်စာကလည်းဖြစ်သလိုပဲ စားကြရမှာဆိုတော့လေ၊ ညစာစားချိန်ကျမှ ကိုယ်လာကြိုမယ်။ ဆက်ပြောလို့ မရသေးဘူး၊ အလုပ်များနေလို့ ဖုန်းချလိုက်ပြီနော်”

ဟန်မိန်က သားဖြစ်သူကိုခေါ်ကာ ဖမ်းလ်‌ဟောက်စ်သို့ ပြန်လာခဲ့ရာ စားသောက်ခန်းထဲတွင် ယနေ့မီနူးများကို ရေးထားသည့် ကျောက်သင်ပုန်းငယ်လေးတစ်ခု ရောက်နေသည်ကို သူတွေ့လိုက်ရသည်။ 

သူမ ပြုံးလိုက်မိကာ မှတ်ချက်ပြုလိုက်၏။

“ဒီလိုဆိုတော့ အများကြီးအဆင်ပြေသွားတာပေါ့၊ နေ့တိုင်း ဘာဟင်းတွေရလဲဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တယ်လေ”

လီရှီးရှီးက ခေါင်းညိတ်ပြလိုက်သည်။ ဤကျောက်သင်ပုန်းလေးကို သူမ တောင်အောက်ဆင်းစဉ်က ဝယ်လာခဲ့ခြင်းဖြစ်၏။

မီနူးမရှိခြင်းက အနည်းငယ် အဆင်မပြေဖြစ်စေကြောင်း သူမကိုယ်တိုင် သတိထားမိခဲ့သော်လည်း ရွာသားများထံမှ ရရှိသည့် ပါဝင်ပစ္စည်းများအပေါ် မူတည်၍ နေ့စဉ်ဟင်းလျာများက ပြောင်းလဲနေတတ်သည်။ 

သူမ ငှားရမ်းထားသော မြေဆယ်ဧကတွင် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များမှာ မကြာသေးမီကမှ ကြဲချထားခြင်းဖြစ်ပြီး ကြီးထွားလာရန် အနည်းဆုံး တစ်လခန့်အချိန်ယူရဦးမည်မဟုတ်လော။

ခြံထွက်သီးနှံများဖြင့် ဧည့်သည်များကို အကောင်းဆုံးဧည့်ခံနိုင်မည့်နေ့ကို သူမ စိတ်အားထက်သန်စွာ စောင့်မျှော်နေမိတော့သည်။

ဟန်မိန်က ကျောက်သင်ပုန်းပေါ်ရှိ မီနူးကိုကြည့်ရင်း မှာယူလိုက်သည်။

“ဒါဆိုရင် ကြက်သားကြော်ရယ်၊ သခွားသီးသုပ်ရယ်၊ ဘိုလုံသီး ကြက်ဥဟင်းချိုရယ်ပေးပါ၊ ပြီးတော့ ထမင်းဖြူနှစ်ပွဲ။ ကျွန်မတို့ သားအမိနှစ်ယောက်အတွက် ဒါဆိုလောက်ပါပြီ”

“ဟုတ်ကဲ့ပါရှင့်၊ ခဏလောက် ထိုင်ပြီးအနားယူပါဦး။ နောက်ဖေးမီးဖိုချောင်က စားဖိုမှူးကို သွားပြောလိုက်ပါ့မယ်”

ဟန်မိန်တို့မိသားစု ဤနေရာတွင် သုံးရက်ဆက်တိုက် တည်းခိုဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ အလွန်နှစ်ခြိုက်စွာအိပ်ပျော်ခဲ့ပြီး မနက်တိုင်း အားအင်ပြည့်ဝစွာဖြင့် နိုးထလာခဲ့ရသည်ဟု ခံစားရသည်။ 

လူရှုပ်လွန်းသော အခြားရှုခင်းသာများနှင့်မတူဘဲ စိမ်းလန်းသောတောင်တန်းများ၊ ကြည်လင်သောရေပြင်တို့နှင့် သဘာဝပတ်ဝန်းကျင် အလွန်ကောင်းမွန်သောကြောင့် ဖြစ်မည်ဟု သူမယုံကြည်မိ၏။ 

ဤနေရာလေး၏ တိတ်ဆိတ်ငြိမ်းချမ်းမှုကြောင့်ပင် ဖြစ်ကောင်းဖြစ်မည်၊ ပြီးခဲ့သည့် နှစ်ရက်အတွင်း ခေါင်းဖြီးတိုင်း ဆံပင်ကျွတ်သက်သာလာသည်ကိုပင် သူမသတိပြုမိခဲ့သည်။

အကယ်၍ သုံးရက်သာရရှိသော အားလပ်ရက်မဟုတ်ခဲ့လျှင်၊ အလုပ်ပြန်ဆင်းရန်နှင့် ကျောင်းပြန်တက်ရန်မလိုခဲ့လျှင် ဤနေရာလေးတွင် နောက်ထပ်နှစ်ရက်ခန့် ဆက်နေချင်သေးသည်အထိ ဟန်မိန် စွဲလမ်းနေမိတော့သည်။