Chapter 312
သူမက ယနေ့ညအတွက် အဓိကဇာတ်ကောင်မဟုတ်သော်လည်း ယခုကဲ့သို့ပွဲများတက်ရာတွင် ပြီးပြည့်စုံနေရမည်ဖြစ်သည်။ အနည်းဆုံး စုန့်ကော်ပိုရေးရှင်း၏ အလုပ်သမားများ၏ အမြင်တွင် ပုံရိပ်ကောင်းတစ်ခု ချန်နိုင်ရမည်ဖြစ်သည်။ နှစ်ကုန်စုဝေးပွဲမှာ နာရီအနည်းငယ်သာကြာ၍ လူတိုင်းနှင့် စကားပြောရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် မစ္စစုန့်က အလှလေးတစ်ယောက်ဟူသော အမြင်ကို လူတိုင်း၏စိတ်ထဲရိုက်သွင်းနိုင်ပါက ယနေ့ညအတွက် အောင်မြင်သူဟု ပြောနိုင်ပေသည်။ အရင်တစ်ပတ်လုံး သူမ၏ကြိုးစားမှုမှာလည်း ထိုက်တန်သွားမည်ဖြစ်သည်။ ၎င်းက မိန်းမတစ်ယောက်၏ ဂုဏ်နှင့် ခေါင်းမာမှုဖြစ်သည်။
စုန့်ထင်ရှန်းက ဝမ်လေးနှင့် ယွမ်ရှကိုခေါ်ကာ ခန်းမထဲဝင်လာချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုကိုရရှ်ိသွားသည်။
လူတိုင်းတီးတိုးပြောကြလေသည်။
"အဲ့တာဘော့စ်ရဲ့ဇနီးလား... ငါက ရှန်ဟိုင်းကုမ္ပဏီခွဲကဆိုတော့ သူ့ကိုတစ်ခါမှမမြင်ဖူးဘူး.. အရမ်းကိုလှတယ်ဆိုပြီးတော့ပဲကြားဖူးခဲ့တာ...."
"ဟုတ်ပါ့... အဲ့ဒါဘော့စ်ရဲ့ဇနီးလေ... သူက နှစ်ကုန်စုဝေးပွဲကိုအရင်က တစ်ခါမှကိုမတက်ဖူးတာ... ဒီနှစ်ကတကယ်ထူးခြားတာပဲ.. အိုင်း... ငါတော့ ဘော့စ်ရဲ့ဇနီးက နာမည်ကြီးတွေထက်တောင် လှတယ်လို့ခံစားနေရတယ်... သူ့ရဲ့လက်မောင်းလေးတွေက သေးသွယ်နေတာပဲ..."
"သူ့ရဲ့ခြေထောက်တွေက ငါ့လက်မောင်းလောက်တောင် မတုတ်လောက်ဘူးထင်တာပဲ... မင်းသာပိန်ပြီးလှနေရင်တော့ ဘာဝတ်ဝတ်ကြည့်ကောင်းနေမှာပဲ..."
"ငါတစ်ယောက်တည်းကပဲ CEOစုန့်ရဲ့ သားလေးကိုခိုးပြေးချင်နေတာလား...ဟားဟား... သူက အရမ်းချစ်ဖို့ကောင်းတာပဲ... အရင်နှစ်ကထက်တောင် ဝိတ်တက်လာသေးတယ်..."
စုန့်ကော်ပိုရေးရှင်း၏ နှစ်ကုန်စုဝေးပွဲကအခြား ကုမ္ပဏီများနှင့် ကွာခြားမှုမရှိပေ။
ကုမ္ပဏီ၏ ဘော့စ်တစ်ဦးအနေဖြင့် စုန့်ထင်ရှန်းက စင်ပေါ်တက်ကာ စကားအချို့ပြောရပြီး ကံစမ်းမဲဖောက်ပေးရသည်။ ယွမ်ရှက အောက်တွင်ထိုင်ပြီး အခြားလူများနှင့်အတူ သူ့ကိုစောင့်ကြည့်ရသည်။ သူ၏လှုပ်ရှားမှုတိုင်းက တည်ငြိမ်ကာ ယုံကြည်ချက်တို့ပြည့်ဝနေသည်။
စုန့်ထင်ရှန်းက ရှန်ပိန်ခွက်ကိုကိုင်ထားပြီး အောက်မှ ဝန်ထမ်းများကို စကားပြောလေသည်။ သူက တည်ငြိမ်နေဆဲဖြစ်ကာ ကုမ္ပဏီ၏ သမိုင်းနှင့်အတူ ယခုနှစ်၏အောင်မြင်မှုများကိုပါ ပြောလေသည်။ အများကြီးမပြောသွားသော်လည်း ဝန်ထမ်းတိုင်းက အတော်လေးစိတ်အားထက်သန်သွားကြသည်။
အဆုံးတွင် သူ့လက်ထဲရှိဝိုင်ခွက်ကိုမြှောက်ကာ တစ်ချိုက်တည်းသောက်လိုက်ပြီး ဝန်ထမ်းများကလည်း သူ့လိုလိုက်သောက်ကြသည်။ ဝမ်လေးပင် သူ၏လိမ္မော်ရည်ခွက်ကိုမော့သောက်လိုက်သည်။ သူ့ပါပါးကို မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်နေပြီး သူ့ပါပါးအတွက် အလွန်ဂုဏ်ယူနေသည်။
ယွမ်ရှက အတော်လေးစိတ်လှုပ်ရှားနေသည်။ သူမက စုန့်ထင်ရှန်းကို ကောင်းကောင်းသိပါသော်လည်း သူ၏မိန့်ခွန်းကြောင့် အခြားလူများနည်းတူ စိတ်လှုပ်ရှားနေရသည်။
သူမ အရင်ဘဝက စကြဝဠာတစ်ခုလုံးကိုကယ်ခဲ့တာဖြစ်မယ်... မဟုတ်ရင် ဒီလောက်ကောင်းတဲ့ ယောက်ျားတစ်ယောက်က ဘယ်လိုဖြစ်လို့ သူမအပိုင် ဖြစ်လာမှာလဲ...
နှစ်ကုန်စုဝေးပွဲပြီးဆုံးပြီးနောက်တွင် စုန့်ထင်ရှန်းက ဝမ်လေးကို ယွမ်အိမ်သို့လိုက်ပို့ရန် ဒရိုက်ဘာကိုခိုင်းလိုက်သည်။ အံ့ဩဖို့ကောင်းစွာဖြင့် ဝမ်လေးက မငြင်းဆိုခဲ့ပေ။ မငြင်းဆိုခဲ့သည့်အပြင် လိမ်လိမ်မာမာလေးလိုက်သွားသေးသည်။ ၎င်းက ယွမ်ရှကိုသိချင်စိတ်တို့ တောက်လောင်စေသည်။ ထို့အပြင် စုန့်ထင်ရှန်းက ဝမ်လေးကို သူမအမေအိမ်ကိုပို့လိုက်၍ သူမအတွက် suprise များလုပ်ပေးထားသလားဟု သိချင်လာသည်။
သိပ်မကြာခင်တွင် စုန့်ထင်ရှန်းက သူမကို အဖြေပြန်ပေးလာသည်။ သူမလက်ကိုဆွဲကာ ဓာတ်လှေကားပေါ်တက်ရင်း ဇိမ်ခံတိုက်ခန်းကြီးထဲ ခေါ်ဆောင်သွားခဲ့သည်။ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်သော ပြတင်းပေါက်မှတဆင့် မြို့၏ ညမြင်ကွင်းတစ်ခုလုံးကို မြင်နေရသည်။
ယွမ်ရှက ထိုမြင်ကွင်းကို ကြည့်နိုင်သည့် စိတ်အခြေအနေမရှိပေ။ သူမ၏ ဒေါက်ဖိနပ်ကို မြန်မြန်ချွတ်လိုက်သည်။ သူမ၏နီရဲယောင်ရမ်းနေသော ခြေထောက်များကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ၎င်းက နာမည်ကြီးဖိနပ်များ၏ပြဿနာဖြစ်သည်။ အမြင်လှသော်လည်း သက်တောင့်သက်သာ ရှိခြင်းမရှိပေ။ ဖိနပ်အသစ်များလည်းဖြစ်နေလေရာ သူမလမ်းအများကြီးမလျှော်သော်လည်း အလွန်ပင်ပန်းနေရလေသည်။
စုန့်ထင်ရှန်းက သူ၏ ဂျက်ကတ်ကိုချွတ်ကာ သူမရှေ့တွင်ထိုင်လိုက်ပြီး သူမ၏ခြေထောက်များကို သူ၏လက်ဖဝါးကြီးဖြင့် ခပ်ဖွဖွလေးပွတ်ကာမေးလေသည်။
"အရမ်းနာနေလားဟင်...."