Chapter 313 (Final)
စုန့်ထင်ရှန်းလိုယောက်ျားတစ်ယောက်က ဒူးထောက်ထိုင်ချပြီး သူမ၏ခြေထောက်ကို နှိပ်နေပေးနေသည်ကိုကြည့်ပြီး ယွမ်ရှ သူမ၏ခြေထောက်များမှ နာနေသည့်ခံစားချက်များကိုပါ မေ့လျော့သွားပြီး တိုးတိုးလေးပြောလိုက်သည်။
"ရှင်ဒီနေ့အရမ်းကိုခန့်ညားနေတယ်... စင်ပေါ်မှာရပ်နေတဲ့လူက ကျွန်မယောက်ျားမဟုတ်ဘူးလို့တောင် ထင်မိတော့မလို့..."
အတိတ်က သူမက အတော်လေး သာမန်ဖြစ်သော်လည်း စုန့်ထင်ရှန်းက အလွန်တောက်ပနေသည်။ သူတို့နှစ်ယောက်က ဘယ်သောအခါမှမဆုံမည့် မျဉ်းပြိုင်နှစ်ကြောင်းဖြစ်ခဲ့သည်။ သို့သော်ယခုတွင် သူမတို့နှစ်ယောက်က တစ်ထပ်တည်းပင်ကျနေခဲ့သည်။
စုန့်ထင်ရှန်း၏လက်များတွင် မှော်စွမ်းအားများရှိနေသည့်နှယ် သူမခြေဖဝါးရှိ နာကျင်မှုများကို လွယ်ကူစွာ လျော့ကျသွားစေသည်။
"မင်းလည်း ဒီနေ့အရမ်းကိုလှပြီး အရမ်းကိုတောက်ပနေတာ...ကိုယ့်ရဲ့ အလုပ်သမားတွေက မင်းကိုအနည်းဆုံး နှစ်ခါထက်ပိုပြီး ခိုးကြည့်နေကြတယ်..."
ယွမ်ရှက ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။ သူမ ကြီးမားကာ နူးညံ့သော အိပ်ရာကြီးပေါ်တွင် လှဲချလိုက်သည်။ စုန့်ထင်ရှန်းကလည်း မတ်တတ်ပြန်ရပ်လိုက်ပြီး သူမဘေးတွင်လာလှဲလေသည်။
"ဝမ်လေးက ကျွန်မမိဘတွေအိမ်ကို ငြင်းတောင်မငြင်းဘဲ ဘာလို့လိုက်သွားရတာလဲ.."
"ကိုယ်သူနဲ့ သဘောတူညီချက်တစ်ခုလုပ်ထားလို့လေ... ယောက်ျားနှစ်ယောက်ရဲ့ကြားက သဘောတူညီချက်ပေါ့..."
"ဘာသဘောတူညီချက်လဲ..."
"ကိုယ် ယောက်ျားနှစ်ယောက်ကြားက သဘောတူညီချက်လို့ပြောတယ်လေ... ဒီတော့ မင်းကိုမပြောပြနိုင်ဘူး.."
"ကောင်းပြီလေ... မနက်ဖြန်ကြရင် ဝမ်လေးကိုမေးလိုက်တာနဲ့ အဖြေပေါ်လာမှာပဲကို..."
ယွမ်ရှက သူ့ဘက်ကိုခေါင်းလှည့်ကြည့်လိုက်သည်။ သူမတို့နှစ်ယောက် အလွန်နီးကပ်နေပြီး သူ၏မျက်လုံးထဲတွင် သူမ၏ပုံရိပ်ကိုပြန်မြင်နေရသည်။ သူမ၏အသံက ရုတ်တရက်ကြီး နူးညံ့သွားခဲ့သည်။
"ရှင် ကျွန်မကိုဒီကိုခေါ်လာတယ်ဆိုမှတော့ တစ်ခုခုစီစဉ်ထားတယ်မလား...."
စုန့်ထင်ရှန်းခေါင်းငြိမ့်ပြလိုက်သည်။
"စီစဉ်ထားတယ်..."
ရိုမန့်နှင့် အစီအစဉ်ဆိုသည်မှာ အလွန်လိုက်ဖက်ညီသော စာသားများဖြစ်ကြသည်။အတူတကွသာထားလိုက်ပါက အတော်ကြီးလိုက်ဖက်ညီပေသည်။ ဇာတ်လမ်းတစ်ခု၊ ရှက်ဖွယ်ဇာတ်လမ်းတစ်ခု၊ နှစ်ယောက်တည်းသိလို့ရသော ဇာတ်လမ်းတစ်ခုဟူ၍ ရှိနေသည်။
ယွမ်ရှက အစီအစဉ်ကဘာလဲဟုမမေးပေ။ သူ့ပေါ်ကိုမှီနေပြီး သူ၏နှလုံးခုန်သံကိုသာ နားထောင်နေသည်။
စုန့်ထင်ရှန်းက သူမ၏လက်လေးများကိုကိုင်ပြီး လက်ချင်းယှက်လိုက်သည်။
"ရေတွက်ကြည့်ရင်...."
စုန့်ထင်ရှန်းက သူ့လက်ပေါ်ရှိ နာရီကိုကြည့်လိုက်သည်။
"တစ်ဆယ်၊ ကိုး၊ ရှစ်၊....."
ယွမ်ရှက ပဟေဠိဖြစ်သွားသည်။
သူဘာတွေရေတွက်နေတာလဲ...
"သုံး၊ နှစ်၊ တစ်... ပြတင်းပေါက်အပြင်ကိုကြည့်လိုက်...."
ယွမ်ရှက ကြမ်းပြင်မှ မျက်နှာကျက်အထိရှည်လျားသော ပြတင်းပေါက်ကြီး၏အပြင်ကို ကြည့်လိုက်သည်။ ကောင်းကင်ပေါ်တွင် မီးရှုးမီးပန်းတို့ ပေါက်ကွဲနေပြီး ကောင်ကင်တစ်ခွင်လင်းထိန်နေသည်။
သူမ အိပ်ရာပေါ်မှထလိုက်ပြီး ကော်ဇောပေါ်ကို ခြေဗလာဖြင့်နင်းလျှောက်ကာ ပြတင်းပေါက်ရှိရာကို ကလေးတစ်ယောက်လို ပြေးထွက်သွားသည်။ သူမ အပြင်ဘက်ကို အံ့ဩတကြီးကြည့်နေလေသည်။
"ဝိုး.... အရမ်းလှတာပဲ..."
စုန့်ထင်ရှန်းက သူမကို အနောက်ဘက်မှ သိုင်းဖက်လိုကိသည်။
"ရှင်ပြင်ဆင်ထားတာလား...."
ယွမ်ရှက ဤကဲ့သို့အရာမျိုးက သူမထံတွင် ဖြစ်လာမည်ဟုမထင်ထားခဲ့ပေ။ သူမငယ်ငယ်က ဤကဲ့သို့လှပကာ ရိုမတ်တစ်ဆန်သော အချိန်မျိုးလေးကို စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ကြီးပြင်းလာချိန်တွင် ထိုကဲ့သို့ နေ့ခင်းကြောင်တောင် အိပ်မက်များကို ရပ်တန့်လိုက်တော့သည်။
"အင်း... "
စုန့်ထင်ရှန်းက သူမ၏ပါးတစ်ဖက်ကို မွှေးကြူးရင်း ပြန်ဖြေလာသည်။
"ကိုယ်နဲ့မင်းနဲ့က အသက် ဆယ်နှစ်ကျော်တောင်ကွာတယ်လေ... ကိုယ်က မင်းရဲ့ရင်ထဲက အတွေးတွေအပါအဝင် ပန်းတွေရဲ့ အဓိပ္ပါယ်လိုမျိုး အရာတွေကို နားမလည်နိုင်မှာ အမြဲစိုးရိမ်နေခဲ့တာ... အနာဂတ်မှာ ကိုယ်က မင်းရဲ့မွေးနေ့တွေ ဗယ်လင်တိုင်းနေ့တွေကို မေ့နေနိုင်တယ်... နှစ်တိုင်းမှာ အထူးနေ့တွေဆိုတာရှိတယ်လေ.. တစ်နှစ်မှာ ၃၆၅ရက်ရှိတော့ ကိုယ်သာနေ့ထူးတစ်နေ့ကို မေ့ခဲ့ရင် တမင်မေ့တာမဟုတ်လို့ ကိုယ့်ကိုသတိပေးပေးပါနော်...."
သူ၏ ရှင်သန်လိုစိတ်မှာအလွန်ပြင်းပြလှသည်။
နောက်ဆုံးမှ ဆက်ပြောလာသည်။
"ကိုယ်က ရိုမတ်တစ်ဆန်တဲ့လူဆိုတာ မင်းကို မမေ့စေချင်ဘူး.. ဒါပေမဲ့ ကိုယ့်မှာ ရိုမန့်စ်လေးက နည်းနည်းပဲရှိတော့ အကုန်လုံးကို မင်းကိုပေးပါ့မယ်...."
ကောင်းကင်ပေါ်ရှိ မီးပန်းများက ရုတ်တရက်ဆန်စွာ ပေါက်ကွဲသွားပြီး တဖြေးဖြေးချင်း အသည်းပုံလေးပေါ်လာသည်။
.
ယွမ်ရှက သူ၏စကားများကိုနားထောင်ပြီး ထိုအသည်းပုံလေးကိုကြည့်လိုက်သည်။ ဤလူက အမျိုးသမီးတစ်ယောက်၏စိတ်ကို သေချာပေါက်နားမလည်သည့်လူဖြစ်သည်။
သို့သော် သူမသူ့ကို သဘောကျသည်။
သူစုန့်ထင်ရှန်းနှင့် ကိစ္စတွေအများကြီးပြောခဲ့ပြီး စကားတွေအများကြီးပြောခဲ့ဖူးသည်။ သို့သော် သူတို့နှစ်ယောက်အတူရှိရန်မလွယ်ကူခဲ့ကြောင်း မပြောပြဖူးပေ။ သူတို့ကို အချိန်နှင့်လေဟာနယ်က ပိုင်းခြားထားပြီး ဘဝ၏သေရေးရှင်ရောအချိန်ကိုဖြတ်ကျော်ပြီးမှ ယခုကဲ့သို့ နှလုံးသားခြင်း ထပ်တူကျသော အချိန်မျိုးရလာခြင်းဖြစ်လေသည်။
.......END......