အပိုင်း (၃၁၄) (Extra -1)
Viewers 31k

Chapter 314 

(Extra 1)


လက်တလော ယွမ်ရှ၏ နေ့ရက်များမှာ အတော်လေးသက်တောင့်သက်သာရှိသလို အတော်လေး အလုပ်ရှုပ်နေသည်ဟု ပြော၍ရပေသည်။


သက်တောင့်သက်သာရှိနေရခြင်းမှာ သူမတို့မိသားစုကို ဝန်းရံနေသော ဇာတ်ကွက်က အတော်ကြီးပြောင်းလဲသွား၍ဖြစ်သည်။ အနာဂတ်တွင် လိပ်ပြာသက်ရောက်မှုရှိမည်လား မသိသော်လည်း ၎င်းတို့ကသူမ၏တွေးခေါ်နိုင်စွမ်း အပြင်ဘက်တွင်ရှိ၍ စိတ်ပူစရာတော့မရှိပေ။ စုန့်ထင်ရှန်းက မသေခဲ့ပေ။ စုန့်ကော်ပိုရေးရှင်းကလည်း ဒေဝါလီမခံခဲ့ရပေ။ဝတ္ထုထဲရှိ ဗီလိန်အကြီးစားကြီး ဝမ်လေးမှာ ယခုအချိန်အထိ အပြစ်ကင်းစင်နေသော ကလေးလေးတစ်ယောက်သာရှိသေးသည်။ သူ့ကို ရက်စက်ယုတ်မာသွားစေမည့် အခြေအနေများက လုံးဝမရှိတော့ချေ။


သူမ အလုပ်ရှုပ်နေရသည့် အကြောင်းအရင်းမှာ သူမ ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်နေ၍ဖြစ်သည်။ ဈေးကွက်စီးပွားရေးကို လေ့လာရရုံမျှမက အဓိကပစ်မှတ်ထားမည့်စားသုံးသူ အလွှာ၊ ဆိုင်၏တည်နေရာ ရွေးချယ်ခြင်းတို့ကို သူမဘာသာအားလုံး လုပ်နေရသည်။ နှစ်သစ်ကူးပြီးကတည်းက သူမက ခွေးတစ်ကောင်လို အလုပ်များနေခဲ့သည်။ ကံကောင်းစွာဖြင့် သူမတွင် စီးပွားရေးလောက၏ big boss ကြီးစုန့်ထင်ရှန်းရှိနေ၍ သူမကိုအကြံအဉာဏ်များပေးကာ လမ်းမလွဲစေရန် တည့်မတ်ပေးနိုင်ခဲ့သည်။ သူမက စီးပွားရေးတွင် လူသစ်လေးတစ်ယောက်ဖြစ်လေရာ သူမ၏ယုံကြည်ချက်အပေါ်တွင် အားလုံးပုံအော၍ ရှေ့ဆက်နေရခြင်းဖြစ်သည်။ မေမေယွမ်ကပင် သူမကို သူဌေးကတော်လုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေ၍ရပေမဲ့ ဘာကြောင့်ပြဿနာရှာနေရသလဲဟု မေးလာသေးသည်။


ယွမ်ရှပင်လျှင် ဆိုင်တစ်ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ရန်အတွက် မည်သည့်နေရာမှ စိတ်ဝင်စားမှုနှင့် စိတ်ပိုင်းဖြတ်မှုတို့ ရလာသလဲမသိပေ။ စုန့်ထင်ရှန်း၏အားပေးမှုအောက်တွင် သူမကြိုးစားကြည့်ချင်နေခဲ့သည်။ သူမသာ အောင်မြင်သွားလျှင် အသေးစားဘော့စ်လေးဟု အခေါ်ခံရမည်ဖြစ်သည်။


---


ဝမ်လေး၏ မူကြိုအတွက် လုပ်စရာများစွာရှိနေသည်။ ရက်နည်းနည်းကြာတွင် မိဘနှင့်ကလေး လှုပ်ရှားမှုများနှင့်အတူ ဆရာများနှင့်လည်း အစည်းအဝေးလုပ်ရသည်။ စုန့်ထင်ရှန်းက နှစ်သစ်ကူးပြီးကတည်းက အလုပ်များနေသည်ဖြစ်ရာယွမ်ရှကသာ အချိန်ရှာပြီး မူကြိုကိုသွားခဲ့ရသည်။ ယခုတွင် သူမက ဝမ်လေး၏ဆရာမနှင့် အအတော်ရင်းနှီးနေလေပြီ။ ဆရာမက အတော်လေး တာဝန်ယူမှုရှိသော်လည်း ယွမ်ရှက ဆရာမနှင့် ဆက်ဆံရေးကောင်းအောင်လုပ်ပါက ပိုကောင်းမည်ဟု ခံစားနေရဆဲဖြစ်သည်။ အချိန်ကြာလာသည်နှင့် သူမက ထိုဆရာမနှင့်အတူ အပြင်ထွက်လည်ဖြစ်ပြီး အတော်လေးပင် ဆက်ဆံရေးကောင်းလာခဲ့သည်။


ယနေ့ ဝမ်လေး၏ မူကြိုကျောင်းတွင် နောက်ထပ်လှုပ်ရှားမှုတစ်ခု ပြုလုပ်လေသည်။ စာသင်ခန်းတစ်ခုဆီမှ ကလေးများက ယခင်စာသင်နှစ်တွင် သူတို့သင်ခဲ့သမျှသော ပုံဆွဲခြင်း၊ ဘောလုံးကစားခြင်းနှင့် ကခြင်းကဲ့သို့သောအရာများကို သူတို့မိဘများကို ပြသသည့်ပွဲဖြစ်သည်။ ယွမ်ရှက မနက်စောစောကတည်းက ကင်မရာဖြင့်လာခဲ့ပြီး ဝမ်လေးအတွက် ဓာတ်ပုံလိုက်ရိုက်နေသည်။


ယနေ့တွင် ဝမ်လေးက ယနေ့တွင် ဘောလုံးကစားပြမည်ဖြစ်သည်။ သူက လက်တစ်ဖက်ဖြင့် ဘောလုံး ကစားပြသည်။ လက်နှစ်ဖက်ကြားတွင် ဟိုသည်ကူးပြောင်းပြသည်။ အခြားတစ်ယောက်နှင့် ပူးပေါင်း၍ကစားပြသည်။ ဝမ်လေးက အိမ်ပြန်ရောက်သည်နှင့် တစ်နေ့လျှင် နာရီဝက်လေ့ကျင့်ထားသည်။ သူက အတော်လေး ရည်မှန်းချက်ရှိပြီး မဖြစ်ဖြစ်အောင်လုပ်တတ်သူဖြစ်သည်။ သူ့မားမားကို သူ၏အံ့ဩဖွယ်ကောင်းသော အရည်အချင်းများကို ထုတ်ကြွားပြချင်သည်။ သူတို့က လုံးချင်းအိမ်တွင်နေရ၍ ကံကောင်းသည်။ သူတို့သာတိုက်ခန်းတွင်နေပါက အိမ်နီးချင်းများက သူ၏လေ့ကျင့်မှုကြောင့် အနှောင့်အယှက်ဖြစ်၍ အပြစ်တင်ကြမည်ဖြစ်သည်။


ယွမ်ရှက ဝမ်လေး၏ အရူးအမူးပရိတ်သတ်လို ပြုမူနေသည်။ သူမ၏သားလေး ဘောလုံးကစားပြသည်နှင့် ဓာတ်ပုံတဖြတ်ဖြတ်ရိုက်ကာ အိုင်ဒေါကိုတွေ့ရန် ပထတန်းမှ မျှော်နေသော ပရိတ်သတ်လေးနှင့် တူနေသည်။ သူမ ဓာတ်ပုံများ ပြုပြင်နည်းကို သင်ယူထားသည်။ ကလေးတစ်ယောက်ရှိနေ၍ ယွမ်ရှက နည်းမျိုးစုံကိုသင်ချင်နေသည်။ သူမကိုယ်သူမ စူပါဝူးမန်းဖြစ်လာတော့မည်ဟု ခံစားနေရသည်။


ယွမ်ရှက ဝမ်လေး၏လှုပ်ရှားမှုတိုင်းကို ဓာတ်ပုံရိုက်နေချိန်တွင် အမျိုးသမီးတစ်ယောက်၏အသံကိုကြားလိုက်ရသည်။

"ရှင်က အရမ်းကျွမ်းကျင်တာပဲနော်..."


ယွမ်ရှလှည့်ကြည့်လိုက်သောအခါတွင် ဓာတ်ဘူးလေးကိုင်ထားသော အမေတစ်ယောက်ကိုတွေ့လိုက်ရပြီး သူမကိုအပြုံးလေးဖြင့် ကြည့်နေလေသည်။ သူမ၏ မျက်နှာအသွင်အပြင်မှာ အလွန်ကြင်နာတတ်ပုံပေါ်ပြီး သူမအပေါ်အထင်အမြင်ကောင်း လွယ်လွယ်ရစေသည်။