အပိုင်း (၃၁၅) (Extra-2)
Viewers 31k

Chapter 315

(Extra 2)


"ကျွန်မသမီးကလည်း ဒီအတန်းထဲမှာပဲလေ..."

အမျိုးသမီးက ဘောလုံးကစားနေသည့် ကလေးများအဖွဲ့ထဲကို လက်ညှိုးထိုးပြလိုက်သည်။


ဤအမျိုးသမီးက ဝမ်လေးအတန့်းဖော်၏ အမေဖြစ်နေသည်။ ယွမ်ရှက သူ့အခန်းထဲမှ အမေများစွာဖြင့် ဆက်ဆံရေးကောင်းရှိသော်လည်း ဤအမျိုးသမီးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်သာပြောလိုက်သည်။


"ကျွန်မရှင့်ကို တစ်ခါမှ မမြင်ဖူးဘူး... ကျွန်မ မူကြိုကို ခဏခဏမလာဖြစ်လို့ပါ တောင်းပန်တယ်နော်..."


ထိုအမျိုးသမီးက ညင်သာစွာပြုံးလိုက်ပြီး သူမ၏ဆံပင်များကို နားအနောက်သို့ သပ်လိုက်သည်။


"ကျွန်မသမီးက ဒီစာသင်နှစ်မှ ပြောင်းလာတာလေ... ကျွန်မကိုကျွန်မ မိတ်ဆက်ဖို့မေ့သွားတယ်... ကျွန်မက ရှုယီချွမ်ရဲ့ အမေ ရှောင်မုလန်ပါ...."


ယွမ်ရှ ခဏမျှအံ့အားသွားပြီး တောင့်ခဲသွားရသည်။ ထိုနာမည်က အတော်လေး ရင်းနှီးနေပြီး အလွန့်အလွန် ရင်းနှီးနေပုံပေါ်သည်။ ထိုနာမည်ကို မှတ်မိအောင်ကြိုးစားနေပြီး ပြန်ပြောလိုက်သည်။


"ကျွန်မကယွမ်ရှပါ... စုန့်ရှုယန်ရဲ့ အမေပေါ့..."


အတန်းလှုပ်ရှားမှုများပြီးချိန်တွင် ရှောင်မုလန်က သူမ၏သမီးနားရောက်သွားလေသည်။ ထိုအခါမှ ယွမ်ရှက မှတ်မိသွားခဲ့လေပြီး အံ့အားသင့်သွားခဲ့သည်။


ဝမ်လေးပင် သူမဆီပြေးလာပြီး သူမခါးကိုဖက်ကာ ချွဲနွဲ့သော်လည်း သူမ အံ့ဩနေရာမှ မပျောက်သေးပေ။


"မာမား... ဘာဖြစ်လို့လဲဟင်...."


ဝမ်လေးက အကောင်းဆုံးကြိုးစားပြီး ခုခံသော်လည်း သူ့ဆရာမက သူ့နှဖူးပေါ်တွင် အနီရောင်အစက်တစ်ခုကို အောင်မြင်စွာ ဆွဲပေးလိုက်နိုင်သည်။ သူက ယခုတွင် နှစ်သစ်ကူးပုံများ၌ပါသော ကောင်းချီးပေးခံရသည့် ဖောင်းတုတ်တုတ် ကလေးများနှင့် တူနေသည်။


ယွမ်ရှက သူမ၏ ဝတုတ်တုတ်သားကလေးကို ငုံ့ကြည့်ပြီး ဝမ်းနည်းသလိုခံစားလိုက်ရသည်။ သူမ သူ့ကိုငုံ့ချီလိုက်သည်။ ထို့နောင် သူ့နောက်ကျောလေးကို ပုတ်ပေးကာ ခါးသီးမှုတို့ကိုဖုံးကွယ်ရင်းပြောလေသည်။


"ဇာတ်ကြောင်းကအရမ်းကိုသန်မာတယ်... သားလေး ဂရုစိုက်မှရမယ်နော်...."


သူမက သူမတို့ဇာတ်ကြောင်းမှ လုံးဝလွတ်သွားသည် သို့မဟုတ် သွေဖယ်သွားပြီဟု တွေးမိသော်လည်း အတုအယောင်သာဖြစ်ပုံရသည်။ မူလဇာတ်ကြောင်းတွင် မပါသောအရာများဖြစ်ခဲ့သည်။စုန့်ထင်ရှန်းမသေခဲ့သလို သူမကလည်း ဝမ်လေးကို အခြားသူများထံ မပေးခဲ့ပေ။ သူ့ကို စိတ်ထားယုတ်ညစ်သွားစေရန် မည်သည့်အခြေအနေမှ မဖြစ်လာခဲ့သော်လည်း အမျိုးသမီးဇာတ်လိုက်.... သူမ ပေါ်ထွက်လာခဲ့သည်။


ဤဝတ္ထုထဲတွင် အမျိုးသမီးဇာတ်လိုက်ကာ ဗီလိန်နှင့် နက်နက်ရှိုင်းရှိုင်းချစ်ကျွမ်းဝင်ခဲ့သည်။ ကံဆိုးစွာဖြင့် အရွယ်ရောက်ပြီးသော ဝမ်လေးက သူမအပေါ်တွင် မည်သည့်ချစ်မှုရေးရာခံစားချက်မှ မရှိခဲ့ချေ။ သူက သူမကို လက်စားချေရာတွင် မည်သို့အသုံးချရမလဲကိုသာ ဂရုစိုက်ပေသည်။


အရွယ်ရောက်ပြီးသော ဝမ်လေး၏ ဖျက်စီးနိုင်စွမ်းက အလွန်သန်မာလှသော်လည်း ကံဆိုးစွာဖြင့် အမျိုးသမီးဇာတ်လိုက်ကာ သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်ကျွမ်းဝင်နေခဲ့သည်။ အမျိုးသမီးဇာတ်လိုက်ကို တစ်ဖက်သတ်ချစ်နေသာ အမျိုးသားဇာတ်လိုက်ကလည်း ဝမ်လေးက အမျိုးသမီးဇာတ်လိုက်ကို အသုံးချနေသည်ကို မကြည့်နိုင်တော့ပေ။ ထို့ကြောင့်အမျိုးသားဇာတ်လိုက်က ဝမ်လေးနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ မကောင်းမှုက ကောင်းမှုကို နိုင်ရိုးထုံးစံမရှိပေ။ ဝမ်လေးက ဇာတ်လိုက်များ၏ ရောင်ဝါအောက်တွင် ဆိုးဆိုးဝါးဝါးအဆုံးသတ်ခဲ့ရလေသည်။


ရှုယီချွမ်က အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။ ဤချစ်စဖွယ်ကလေးမလေးက သူမအမေနှင့်အတော်လေးတူသည်။


ရှုယီချွမ်က ဝမ်လေးဆီလာပြီး ဂျယ်လီလက်တစ်ဆုပ်ကို လက်ထဲ ထိုးထည့်ပေးသွားသည်။ ချစ်ဖွယ်အသံလေးဖြင့် "စုန့်ရှုယန် နင့်အတွက်နော်...."ဟု ပြောလာသေးသည်။


ဝမ်လေးက မငြင်းခဲ့ပေ။ သူက ခြေဖျားထောက်ပြီး ယွမ်ရှ၏လွယ်အိတ်ထဲမှ လော်လီပေါ့တစ်ခုထုတ်လိုက်ပြီး ရှုယီချွမ်ဆီပေးလိုက်သည်။


"ရှုယီချွမ်... ဒါလေးက အရမ်းအရသာရှိတယ် စတော်ဘယ်ရီအရသာလေးလေ...."


ယွမ်ရှက အခြားသူများထံမှနေ ရှုယီချွမ်၏ ပထမဆုံးမူကြိုတက်သည့်နေ့တွင် အခြားအတန်းကြီးထဲမှ ကလေးများထံမှ အနိုင်ကျင့်ခံခဲ့ရကြောင်း သိလိုက်ရသည်။ ဝမ်လေးက သူ့သူငယ်ချင်းအဖွဲ့ထဲတွင် ထောင်မင်းစစ်လိုဖြစ်သည်။ ထို့အပြင် သူအဖေ၏သင်ပြမှုအောက်တွင် မိန်းကလေးများကို ကာကွယ်ရမည်ဟူသော စကားကို စိတ်ထဲစွဲနေအောင် မှတ်ထားခဲ့သည်။ သူက မိန်းကလေးတစ်ယောက် အနိုင်ကျင့်ခံနေရသည်ကို ရပ်မကြည့်နိုင်ခဲ့ပေ။ ထို့ကြောင့်အခြား F4အဖွဲ့ဝင်များဖြစ်သည့်  ရှီးမုန်၊ မေ့ကျိုး၊ ဟွားကျဲလဲ့(ဒီတစ်ယောက်ကတော့ စိတ်ဓာတ်ကျမနေပါဘူး တအားကိုတက်ကြွတယ်)ကိုခေါ်ပြီး  အနိုင်ကျင်သူများကို အနိုင်တိုက်ကာ သူရဲကောင်းက အလှလေးကိုကယ်တင်သည်ဟူသော ဇာတ်ကွက်ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။


ထိုအချိန်မှစ၍ ရှုယီချွမ်မှာဝမ်လေးနားကိုကပ်ပြီး အရသာရှိသောမုန့်များယူလာပေးလေ့ရှိသည်။


(T/N: ထောင်မင်းစစ်၊ ရှီးမုန်၊ မေ့ကျိုးနဲ့ ဟွားကျဲလဲ့တို့ဆိုတာက F4အဖြစ်လူသိများကြတယ်...သူတို့က ဂျပန်မန်းဂကိုအခြေခံပြီး ၂၀၀၁တုန်းက ရိုက်ကူးခဲ့တဲ့ အရမ်းနာမည်ကျော်ကြားခဲ့တဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲထဲကပါ.)