အခန်း ၁၅ မည်းနက်နေတဲ့ငါတို့နှလုံးသားလေးတွေကပဲerror တက်နေတာပါ
Viewers 2k

အခန်း ၁၅။ မည်းနက်နေတဲ့ ငါတို့နှလုံးသားလေးတွေကပဲ error တက်နေတာပါ


သည်နေ့က ကျောင်းမှာရိုက်ကူးရေးလုပ်ရသည့် နောက်ဆုံးရက်ဖြစ်သည်။ scene အနည်းငယ်သာရှိတာကြောင့် နေ့တစ်၀က်ပင်မကျိုးသေးခင်မှာ ရိုက်ကူးရေးကပြီးသွားခဲ့သည်။

ရိပေါ်ရှိရာသို့ လှမ်းကြည့်လိုက်တော့ သတင်းထောက်တစ်ဦးနှင့် အင်တာဗျူးလုပ်နေသည်မို့ ရှောင်းကျန့်ပြုံးလိုက်ရင်း အနားလျှောက်သွားတော့ ရိပေါ်ရောသတင်းထောက်မိန်းကလေးပါ သူ့ကိုလှမ်းကြည့်သည်။

အဲဒီ့နောက် ရိပေါ်တို့အနားပင်မရောက်သေး။ ကျောင်းသူအုပ်စုကြီး၏ ၀ိုင်းအုံတားဆီးခြင်းကိုခံလိုက်ရတော့သည်။ ကျင်းဖန်က ရှောင်းကျန့်ကိုတိုး‌ဝှေ့မိခြင်းမှ ကာကွယ်ရန်ကြိုးစားသော်ငြား အင်အားကမမျှပေ။

"ကောကော လက်မှတ်ထိုးပေးပါ"

"ကျန့်ကျန့်က အပြင်မှာပိုချောတယ်"

"ငါတော့ Love Knot ကို မဟားတရားကြည့်ချင်နေပြီ"

ဝံပုလွေအုပ်စုကြီး၏အလယ်မှ ပြေးပေါက်ပိတနေသောယုန်ဖြူကလေးပမာ တစ်ယောက်တစ်ပေါက် ပွက်လောရိုက်နေသည့်အုပ်စုကြားတွင်ညပ်နေသော ရှောင်းကျန့်ကိုကြည့်ကာ ရိပေါ်မရယ်ဘဲမနေနိုင်တော့ပေ။

ထို့နောက် သတင်းထောက်မိန်းကလေးကို ခဏစောင့်ပေးရန်အမူအရာပြပြီးနောက် ရှောင်းကျန့်ဆီ လျှောက်လာခဲ့သည်။

"အား... ရိပေါ်ကောကောလည်းရှိတယ်ဟ... ချောလို်က်တာဟယ်"

"ရှောင်ကောကော... လက်မှတ်ထိုးပေးလို့ရမလား..."

သူ့ထံသို့ပြုံစုတိုးနေသော ကျောင်းသူတစ်သိုက် ရိပေါ်ဆီသို့ရောက်သွားတော့မှ ရှောင်းကျန့်မှာ အသက်ရှူချောင်သွားရတော့သည်။

"ခဏနေရင် လက်မှတ်ထိုးပေးမယ်နော် အခုမင်းတို့ရဲ့idolလေးကို ခဏခေါ်သွားမယ်နော်သိလား ဟိုမှာအင်တာဗျူးလုပ်ရမှာမို့လို့"

ရိပေါ်က ရှောင်းကျန့်၏လက်ကို ဖျတ်ခနဲဆွဲရင်းခေါ်ထုတ်လာတော့  ကျောင်းသူတစ်ချို့မှာ ပါးစပ်အဟောင်းသားဖြင့် ကျန်နေခဲ့ကြသည်။

"သူတို့နှစ်ယောက် အရမ်းလိုက်တာပဲ အား... နှစ်ယောက်လုံးကို ချစ်လိုက်တာဟယ်"

"လက်ကလေးကိုင်ပြီး ခေါ်သွားတာဟ အား... အား... ငါအူတွေယားနေပြီ"

ရုတ်တရက်ကြီး ရိပေါ်ကသူ့လက်ကိုဆုပ်ကိုင်လိုက်သည်ကတစ်ကြောင်း၊ fan girl များ၏ တအားအားအော်သံကြောင့် တစ်ကြောင်း ရှောင်းကျန့်၏မျက်နှာမှာတော့ ခရမ်းချဉ်သီးမှည့်အလား နီစွေးလာလေပြီ။

"ကျွန်မကြားတာတော့ ရှောင်းကျန့်ရဲ့သူဌေးအသစ်လေးက လိုတာထက်ကိုပိုပြီး အရမ်းဂရုစိုက်တတ်တာပဲတဲ့ ကြည့်ရတာတစ်ကယ်ဟုတ်နေပုံပဲနော်"

သတင်းထောက်မိန်းကလေး၏ သွေးတိုးစမ်းသလိုအမေးစကားကြောင့် ရိပေါ်ကနှုတ်ခမ်းအစုံကို အထက်သို့ကွေးညွတ်လိုက်သည်။

"ရှောင်းကျန့်က ချင်းရိအေဂျင်စီရဲ့ ပထမဆုံးမင်းသားတစ်လက်လေ ပြီးတော့ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ဖြစ်သလို ကျွန်တော့်idol ဆိုလည်းဟုတ်တယ် ဒီတော့ဂရုစိုက်ပေးတာ ထူးဆန်းလို့လား"

သတင်းထောက်မိန်းကလေး၏မေးခွန်းကို ရိပေါ်ကမကြည်လင်ဟန်ဖြင့်ဖြေတော့ ရှောင်းကျန့်ကမနေနိုင်ဘဲရယ်မောတော့သည်။

တစ်ကယ်ပါ။ အဲဒီ့ သခင်လေး၀မ်ဟာလေ စိတ်ထဲကပါတာလည်းမဟုတ်ဘဲနဲ့ စကားပြောလိုက်ရင် ဘုကန့်လန့်တိုက်လွန်းသည်။

အနားတွင် တ၀ဲလည်လည်ရှိနေသော fan girl လေးများမှာတော့ ဘော့ပင်ကိုက်သူကိုက်၊ လက်ကိုက်သူကိုက် ဖြစ်နေကြလေပြီ။

အင်း မဆန်းပါဘူး။ ရှင်တို့နှစ်ယောက်ကိုကြည့်ရင်း မည်းနက်လာတဲ့ ကျွန်မတို့နှလုံးသားလေးတွေကပဲ error တက်နေတာပါ။ ဟုတ်ပြီလား။

"ရှင်တို့နှစ်ယောက်က ပထမဆုံးစသိတာ ဘယ်တုန်းကလဲ MCF fan meetingမှာလား"

"မဟုတ်ဘူး"

သတင်းထောက်၏အမေးစကားကို နှစ်ဦးလုံးပြိုင်တူဖြေမိပြီးနောက် မျက်နှာချင်းဆိုင်ကြည့်မိကြသည်။ ထို့နောက် ရိပေါ်ကပင် ရှောင်းကျန့်ကိုအရင်ဖြေရန် လက်ဟန်ပြလိုက်သည်။

"ကျွန်တော်သူ့ကိုစသိတာ ချင်းရိအုပ်စုရဲ့ ထုတ်ကုန်အသစ်မိတ်ဆက်ပွဲတုန်းကပေါ့ ကျွန်တော်မူးလဲလု့ိ သူဆေးရုံလိုက်ပို့ခဲ့တာ"

ရှောင်းကျန့်ထံမှ အဖြေစကားကြောင့် သတင်းထောက်သာမက ပရိတ်သတ်များလည်း အံ့သြသွားရသည်။ ရှောင်းကျန့် ဆေးရုံတက်ရတာ သူတို့မသိလိုက်ကြပေ။ ထိုစဉ်မှာပင် ရိပေါ်၏အသံထွက်လာသည်။

"အဲဒီ့မှာမဟုတ်ဘူး တစ်ကယ်ကမင်းအလုပ်လုပ်တဲ့ ပြတိုက်ရှေ့မှာ၀င်တိုက်မိတာ မင်းလက်ထဲကထီးတောင်မှ လွတ်ကျသွားသေးတယ်မှတ်မိလား"

"ဟင်..... "

ရိပေါ်၏အဖြေကြောင့် ရှောင်းကျန့်အံ့သြသွားရင်း မှတ်ဉာဏ်တို့ကိုပြန်ခေါ်ရသည်။ ရိပေါ်လည်း ရှောင်းကျန့်မမှတ်မိဘူးဆိုတာ သိလိုက်တာမို့ သတိရအောင်ထပ်ပြောလိုက်သည်။

"အဲဒီ့နေ့ကပြတိုက်ကို ပန်းချီကားအသစ်တောင်မှ ရောက်လာသေးတယ်လေ"

"အာ... ကျွန်တော်သတိရပြီ အဲဒီ့တုန်းကသခင်လေး၀မ်က မိုးကာအမည်းအရှည်ကြီးနဲ့မဟုတ်လား ခေါင်းအထိလုံနေတာပဲလေ"

ရှောင်းကျန့်က မိုးကာစွပ်ထားသည့်ဟန် အမူအရာလုပ်ပြတော့ ရိပေါ်ကဟုတ်မှန်ကြောင်း၀န်ခံသည်။ သည်တော့မှ ရှောင်းကျန့်လည်း ထိုအကြောင်းကိုပြန်တွေးမိရင်း ရယ်မိတော့သည်။

အဲဒီ့နေ့က သူဖျားမလိုပင် ဖြစ်လိုက်သေးသည်မဟုတ်လား။ မဆီမဆိုင် ထိုမိုးကာရှည်နှင့်လူကိုလည်း စိတ်ပူခဲ့မိသေးသည်။ ထိုသူက ရိပေါ်ဖြစ်နေမည်ဟုတော့ သည်တစ်လျှောက်လုံး နည်းနည်းကလေးမှမတွေးမိခဲ့ပေ။

ရိပေါ်ကတော့ အံ့သြနေပုံရသောရှောင်းကျန့်ကိုကြည့်ရင်း ပြုံးမိသွားရပြန်သည်။ သည်ထောင်ဟွားတစ်ယောက်ကတော့ သူ့ရှေ့မှာ ချစ်စရာကောင်းအောင် လုပ်နေပြန်ပါပြီ။

"ရှောင်းကျန့်အနေနဲ့ ရိပေါ်ရဲ့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကို အကြိုက်ဆုံးလဲ"သတင်းထောက်၏ အမေးစကားကြောင့် ရှောင်းကျန့်က ခေတ္တစဉ်းစားလိုက်သည်။ ပြီးနောက် ဖြေလိုက်သည်က -


"သူ့မျက်နှာကိုသဘောကျတယ် ဘာလို့ဆို ကျွန်တော့်မျက်နှာက နည်းနည်းလေးထောင့် ဆန်တယ်လေ သူ့လိုမျက်နှာမျိုးလေးလိုချင်တာ"

"ရိပေါ်ကရော ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကို အကြိုက်ဆုံးလဲရှင့်"

"နှုတ်ခမ်းအောက်နားက မှဲ့နက်လေး..."

"ဘာလို့အဲဒါလည်း..."

ရှောင်းကျန့်ပြန်မေးလိုက်သည်။ တစ်ဘက်ကမေးတာက ခန္ဓာကိုယ်အစိတ်အပိုင်းဆိုသော်လည်း ဖြေလိုက်သည်က မှဲ့နက်လေးတဲ့လား။

"မနာလိုလို့..."

ရိပေါ်၏အဖြေက သတင်းထောက်မိန်းကလေးကို ပြောစရာစကားပျောက်ရှသွားစေသည်မို့ ရှောင်းကျန့်ကပင် တိတ်ဆိတ်သွားသည့် အခြေအနေကို အရယ်တစ်ပိုင်းဖြင့်ဖျက်ဆီးလိုက်ရသည်။

"သခင်လေး၀မ်က ကျွန်တော့်ကိုအရင်ကပြောဖူးတယ်ဗျ ကျွန်တော့်လိုပဲ နှုတ်ခမ်းနားမှာ မှဲ့လေးလိုချင်တာတ့ဲ"

"သြော်... ဒီလိုလား"

"ဟုတ်တယ်"

ရှောင်းကျန့်၏ကိုယ်စား၀င်ဖြေပေးမှုကို ရိပေါ်ကရောယောင်ကာ ထောက်ခံပေးလိုက်သည်။ တစ်ခါမျှမပြောဖူးဘူးဆိုသော်လည်း စကားအသွားအလာမရှုပ်စေဖု့ိ အလိုက်အထိုက်နေပေးလိုက်တာဖြစ်သည်။ အနီးမှာရှိနေသောကျောင်းသူလေးများကတော့တွေးသည်။

"အား.... မဟုတ်ဘူး ငါတို့သိနေတယ် အဲဒါ... ကျန့်ကျန့်ရဲ့မှဲ့နက်လေးကို မနာလိုနေတာ"

"ဟုတ်တယ်ဟုတ်တယ်... ရိပေါ်ကောက သူ့ကောကောကို မှဲ့လေးနဲ့အပြိုင်မနာလိုနေတာ ဟိဟိ အူယားတာဟယ်"

::::::::::::::::::::::::::::::

အင်တာဗျူးပြီးသွားသည့်နောက် နှစ်ယောက်စလုံး ပရိတ်သတ်များနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ လက်မှတ်ထိုးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ရိုက်ကူးရန်ကျန်ရှိသည်က ကျင်းမင်ယွဲ့အဖြစ်သရုပ်ဆောင်သောမိန်းကလေး၏ scene တွေသာဖြစ်သည်။ ထို့ကြောင့် ရှောင်းကျန့်နှင့် ရိပေါ်တို့နှစ်ယောက် ဒါရိုက်တာနှင့်ရိုက်ကူးရေးအဖွဲ့သားများကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြတော့သည်။

ရိပေါ်က ဒီနေ့ရိုက်ကူးရေးပြီးလျှင် တစ်နေရာသို့ ခေါ်သွားမည်ဟု ကတိပေးထားသည် မဟုတ်ပါလား။ မည်သည့်နေရာမျိုးလဲဆိုတာကို အတွေးနှင့်ပင် ရင်ခုန်နေမိလေပြီ။

ဒီဇင်ဘာလထဲ၀င်လာပြီမို့ အအေးဓာတ်က လူကိုခိုက်ခိုက်တုန်စေသည်။ ရှောင်းကျန့်တစ်ယောက် အတွေးနှင့်ရင်ခုန်နေခဲ့ရာမှ ယခုတော့ ရိပေါ်သူ့ကိုခေါ်လာသောနေရာမှာ ရေခဲလွှာတစ်ချို့ဖုံးနေပြီဖြစ်သော ယွင်ကျီတောင်ဖြစိတာမို့ အံ့သြနေမိသည်။ ရိပေါ်ကိုကြည့်လိုက်တော့ သူ့ကိုပြန်ကြည့်နေရင်းမှ ပုခုံးတွန့်ပြသည်။

"ဒီတောင်ပေါ်တက်ရမှာလား"

ရိပေါ်၏ခေါင်းညိတ်ပြမှုကြောင့် ရှောင်းကျန့်လည်း မျက်လုံးအပြူးသားနှင့်သာ ကြည့်နေမိတော့သည်။ သည်လောက်တောင် အေးစိမ့်နေသည့်အခိျန်ကို တောင်ပေါ်တက်မည်တဲ့လား။ ရိပေါ်တစ်ယောက် ဘာစိတ်ကူးပေါက်ပြီး ခေါ်လာပါလိမ့်။

ညနေစောင်းနေပြီမို့ နေရောင်ခြည်က အေးစိမ့်မှုကို မဖြိုခွင်းနိုင်ပါ။ ကားမှန်ပြတင်းကိုရိုက်ခတ်နေသော ရေငွေ့တို့ကိုကြည့်ရင်း အပြင်မှာဘယ်လောက်တောင်မှ အေးစိမ့်နေမည်ဆိုတာ ခန့်မှန်းလို့ရနိုင်သည်။

ကားထဲမှာလည်း heaterဖွင့်ထားသော်ငြား အေးစက်မှုကိုမတွန်းလှန်နိုင်။ ရိပေါ်ကတော့ နည်းနည်းကလေးမှ မချမ်းလေဟန်ဖြင့် အနွေးထည်ပင် မ၀တ်ထား။ ဒီသခင်လေးဟာ ရေခဲစားပြီးများ မွေးလာလေသလား။

"မဟုတ်မှ... သခင်လေး၀မ်... ရေခဲလျှောစီးချင်လို့လား"

ရိပေါ်ကပြန်မဖြေဘဲ ပြုံးရုံသာပြုံးရင်း သားမွေးကုတ်အကျႌကို ရှောင်းကျန့်ကိုယ်ပေါ် သေသေချာချာ၀တ်ပေးလိုက်သည်။ ထို့နောက် သူလည်းတစ်ထည်၀တ်လိုက်ရင်း ကားပေါ်မှ ဆင်းလိုက်ကြသည်။

ကားပေါ်မှဆင်းသည်နှင့်တစ်ပြိုင်နက် ထင်ထားသည့်အတိုင်းပင်။ အချမ်းဓာတ်က တစ်ကိုယ်လုံးကိုအရှင်လတ်လတ် ရေခဲရိုက်ခံလိုက်ရသလို ဖြစ်သွားစေသည်။

သို့သော်လည်း နွေးခနဲဖြစ်သွားသော ညာဘက်လက်နှင့်အတူ အအေးဓာတ်တို့က မှော်ဆန်စွာပင် တဖြည်းဖြည်းလွင့်ပျောက်သွားရသည်။

ရှောင်းကျန့်အံ့သြနေစဉ်မှာပင် ရိပေါ်ကသူဆုပ်ကိုင်လိုက်သော ရှောင်းကျန့်၏လက်နှင့်အတူ သူ့လက်ကိုပါ ကုတ်အင်္ကျီအိတ်ကပ်ထဲ စွပ်ခနဲ ထည့်လိုက်လေတော့သည်။

"အချမ်းသက်သာအောင်လို့"

ရှောင်းကျန့်မရုန်းမိပါ။ ထို့နောက် ရိပေါ်က ရေခဲလွှာများမရှိနေစေရန် ရှောင်ဟိုင်ရှင်းလင်းပေးထားသော တောင်တက်လမ်းလေးအတိုင်း ဦးဆောင်ကာ ခေါ်ဆောင်လာခဲ့တော့သည်။

"ကားကို တောင်ခြေမှာ ဒီအတိုင်းထားခဲ့မှာလား"

"အင်းစိတ်မပူနဲ့ ကိုယ့်ကားကို ဘယ်သူမှမြင်မှာမဟုတ်ဘူး"

ရိပေါ်၏ ထူးထူးဆန်းဆန်းအဖြေကြောင့် ရှောင်းကျန့်ကြောင်အသွားရသည်။

အစ်ကိုကြီးရယ် ခင်ဗျားကျိကျိတက် ချမ်းသာတာ သိပါတယ်။ ဒါပေမယ့် ဒီလိုကြီးထားခဲ့တာက နမော်နမဲ့မနိုင်လွန်းဘူးလားဗျာ။ ဒီလောက်တောင် ထားစရာမရှိအောင် ချမ်းသာနေရင်လဲ ရှိသမျှလှူသာပစ်လိုက်ပါတော့လား။

ရိပေါ်ကတော့ ရှောင်းကျန့်၏ခပ်ရွဲ့ရွဲ့အတွေးတို့ကို မသိပေ။ ရိပေါ်ပြောသည်မှာလည်း အမှန်ပင်။ သူတို့နှစ်ဦးလုံး ကားပေါ်မှဆင်းပြီးသည်နှင့် သူ့ကားကို ဖုံးကွယ်ခြင်းမန္တန်နှင့် ဖျောက်လိုက်သည်မို့ သူတို့မှလွဲ၍ အခြားသူများ မြင်နိုင်မည်မဟုတ်ပေ။

"ဒီတောင်က သားရဲတွေအရမ်းပေါလို့ တော်ရုံလူတွေ မလာရဲဘူးလေ ဒါပေမယ့်စိတ်မပူပါနဲ့ သူတို့တွေ ထွက်လာရဲမှာမဟုတ်ဘူး"ရိပေါ်က ရှောင်းကျန့်၏လက်ကိုဆုပ်ကိုင်ထားရင်း လမ်းတစ်လျှောက်ရှင်းပြလာသည်။ ရှောင်းကျန့်ကတော့ တစ်လမ်းလုံး ထူးဆန်းစွာပင် ဆုပ်ကိုင်လိုက်သည်နှင့် အအေးဓာတ်တွေ လုံး၀ပျောက်ကင်းသွားစေသော ရိပေါ်၏လက်အကြောင်း စဉ်းစားခန်းဖွင့်လာမိသည်။ သို့သော်လည်း အဖြေကမရပါ။

အတော်လေးလျှောက်လာမိပြီးနောက် မြင်လိုက်ရသည်က ထူးဆန်းသောမြင်ကွင်းတစ်ခု။ ထိုအရာက သစ်ပင်ငယ်တို့ဖြင့် အုံ့အုံ့ဆိုင်းဆိုင်းရှိနေသော ဝါးအိမ်ငယ်လေးတစ်လုံးပင်ဖြစ်လေသည်။

ထူးဆန်းသည်ဆိုတာက တစ်တောင်လုံး ရေခဲများလွှမ်းနေသော်လည်း ထိုအိမ်ပတ်လည်နေရာကား လုံး၀အေးခဲနေခြင်းမရှိပေ။

အိမ်လေး၏ဘေးတွင်လည်း အရောင်အသွေးစုံလင်စွာဖူးပွင့်နေသော ပန်းဥယျာဉ်တစ်ခုရှိသေးသည်။ ရှောင်းကျန့်အံ့သြသွားကာ ရိပေါ်၏အကျႌအိတ်ကပ်ထဲမှ သူ့လက်ကိုဆွဲထုတ်ပြီးနောက် ပန်းခင်းဆီပြေးသွားတော့သည်။

ရိပေါ်လည်း သူ၏အကာအကွယ်မန္တန်သက်ရောက်သည့် နယ်မြေအတွင်းသို့ ရောက်ပြီဖြစ်တာကြောင့် ပျော်ပါစေဟုသာသဘောပိုက်ရင်း လွှတ်ပေးလိုက်သည်။

"ထူးဆန်းလိုက်တာ တစ်တောင်လုံးအေးခဲနေတာတောင် ဒီနေရာက လုံး၀ကို နှင်းကျပုံမရဘူးနော်"

"အင်း... မင်းကြားဖူးလား ဒီနေရာလေးမှာ ဟိုးအရင်တုန်းက နတ်ဘုရားတစ်ပါး နေခဲ့ဖူးတယ်တဲ့ ပြီးတော့သူနေတဲ့နေရာလေးကို နှင်းတွေကြောင့် အေးစက်မနေစေဖို့ အကာအကွယ်လုပ်ထားခဲ့တာတဲ့"

"မကြားဖူးပါဘူး... ဒါပေမယ့် ဟုတ်ချင်ရင်လည်း ဟုတ်မှာပေါ့လေ ဒါနဲ့နေခဲ့ဖူးတယ်ဆိုတော့ သူက ဘယ်ရောက်သွားလို့လဲ"

"သူဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူးလေ ဒါပေမယ့် နေရာလေးကတော့ အရင်အတိုင်း ရှိနေတုန်းပဲ"

ရှောင်းကျန့်က ရိပေါ်ပြောသမျှ ခေါင်းလေးညိတ်ရင်း နားထောင်နေသည်။ ရိပေါ်ကတော့ ရှောင်းကျန့်မကြားနိုင်မှန်းသိသော်လည်း စိတ်ထဲက ပြောလိုက်သည်။

အဲဒီ့သူက မင်းအရှေ့မှာရှိနေတယ်လေ ထောင်ဟွားရာ။ ဘာလို့အဝေးကြီးတွေ လိုက်တွေးနေတာလဲကွာ။

"ထူးဆန်းတယ်နော်"

အနီးဆုံးပန်းပွင့်တစ်ပွင့်ကို လက်ဖြင့်တို့ထိလိုက်သည်။ တစ်ကယ်ကို လုံး၀အေးစက်မနေဘဲ နွေဦးရာသီလေးလို နွေးထွေးနေသည်မို့ သဘောတကျပြုံးလိုက်သည်။

ထိုစဉ်မှာပင် ရှောင်ဟိုင်ကအိမ်ထဲမှထွက်ကာ ရိပေါ်အနားသို့လျှောက်လာသည်။ ကလေးငယ်ပမာ ပန်းပင်မားကြားထဲ ပျော်မြူးနေသောရှောင်းကျန့်ကိုတွေ့တော့ ပြုံးသည်။

ရှောင်းကျန့်လည်း ရှောင်ဟိုင့်ကိုမြင်တော့ အနားကိုလျှောက်လာသည်။

"အစ်ကိုကြီးတို့ကို နေ့လည်ကတည်းက လာမယ်ထင်တာ"

"အင်း... လာခါနီးကျမှ ဥက္ကဌကလာခဲ့ပါဦးဆိုလို့"

"ဥက္ကဌလော့ကလား"

"အင်း... ဟိုလူတွေနဲ့ ရင်ချွမ်းဟွားတို့ စာချုပ်မချုပ်သေးခင် ဖြတ်လုပေးထားတယ်တဲ့"

ရိပေါ်၏အဖြေကြောင့် ရှောင်ဟိုင်ကရယ်မောသည်။ ထိုလော့ပိုင်ချန်းဆိုသူက တစ်ကယ်ကို အားကိုးရသည်။ သည်တစ်ခါတော့ I & K ဘက်က အတော်လေးအထိနာသွားမှာ သေချာသလောက်ပင်။

ရှောင်းကျန့်ကတော့ ဟိုလူတွေဆိုတာက ဘယ်သူတွေကိုရည်ညွှန်းမှန်း မသိတာကြောင့် သူတို့နှစ်ယောက်အပြန်အလှန်ပြောနေသည်ကိုသာ ဘေးမှနားထောင်နေလိုက်သည်။

နေ့လယ်က ချင်းရိ၏ဥက္ကဌက တွေ့ချင်သည်ဆိုတာကြောင့် ရိပေါ်ကရှောင်းကျန့်ကို အိမ်ကိုအရင်ပို့ပေးခဲ့သည်။ ပြီးမှသွားတွေ့တာမို့ ဘာတွေတိုင်ပင်တာလဲ သူမသိပေ။

"အိမ်ထဲ၀င်ရအောင်လေ"

ရိပေါ်၏ဦးဆောင်မှုဖြင့် သုံးဦးသား အိမ်ငယ်လေးထဲ ၀င်လာခဲ့ကြသည်။ အိမ်ထဲရောက်သည်နှင့် နံရံအပြည့်ချိတ်ဆွဲထားသော ပန်းချီကားများကို တွေ့လိုက်ရလေသည်။

တအံ့တသြဖြင့် အနားသွားကြည့်မိတော့ အတော်ကိုလက်ရာမြောက်သည့် ပန်းချီကားတွေဖြစ်နေမှန်း သူသိလိုက်ရသည်။ ထို့အပြင် သုတေသနသမားပီပီ ရှေးလက်ရာတွေဖြစ်မှန်းလည်း ခန့်မှန်းမိလိုက်သည်။

"မထင်ထားမိဘူး သခင်လေး၀မ်လည်း ရှေးဟောင်းအမွေအနှစ်တွေ စုဆောင်းရတာဝါသနာပါပုံပဲ"

"ဘယ်လိုလဲ ဒီကိုလာရတာပျော်လား"

"အင်း စိတ်ထဲအေးချမ်းသွားတာပဲ ပန်းချီတွေကလည်း တစ်ကယ်လှတယ်"

"မင်းဒီရက်ထဲ ပင်ပန်းနေတာသိလို့ တမင်ကိုယ့်အိမ်ကိုခေါ်လာခဲ့တာ"

ရှောင်းကျန့်ဟာ ထိုစကားကြောင့် ထပ်မံအံ့သြရပြန်သည်။ ထို့နောက် ရိပေါ်က စိတ်ပင်ပန်းကာအနားယူလိုချိန်တိုင်း ထူးဆန်းသောသည်နေရာလေးကို လာတတ်တာကြောင့် အိမ်ဆောက်ထားတာဖြစ်ကြောင်း ပြောပြလိုက်တော့သည်။

"ဟင်... ဟိုနတ်ဘုရားက သူ့နေရာကိုလာနေတော့ စိတ်မဆိုးလောက်ဘူးလား"

"ဟင့်အင်း သူကနေခွင့်ပေးတယ်လေ အရမ်းသဘောကောင်းတယ်မလား"

"အံမယ် သူနဲ့တွေ့ဖူးတာကျလို့"

ရိပေါ်၏စနောက်စကားကို ရှောင်းကျန့်က ရယ်မောရင်းပြောတော့ ရိပေါ်နဲ့ ရှောင်ဟိုင်တို့လည်း ရယ်မောမိကြသည်။

အဲဒီ့နတ်ဘုရားက သဘောကောင်းရုံတင်မကဘူး။ ချောလည်းချောတယ်။ အရမ်းလည်း အချစ်ကြီးတယ်ဆိုတာ မင်းကတော့ သိပါ့မလားထောင်ဟွားရယ်။

::::::::::::::::::::::::::::::*