အခန်း ၁၆။ ခင်ဗျားကျွန်တော့်ကိုညာတယ်
လှပသောကြာပန်းတို့ပွင့်ဖူးနေသော ရေကန်ကြီးဟာ ဆောင်းရာသီနှင့်အပြိုင် အေးခဲနေလေပြီ။ ကန်ဘောင်ပတ်လည်ရှိ သစ်ပင်တို့အပေါ်တွင်လည်း အဖြူရောင်နှင်းခဲတို့က အပြိုင်အဆိုင်နေရာယူလျက်။
ကြာကန်အနီးရှိ မက်မွန်ပင်ကြီး၏ အခြေမှာတော့ လူတစ်ယောက် ပင်စည်ကိုမှီကာထိုင်နေသည်။ လက်စွဲတော်ဓားကလည်း သခင်၏အနီးတွင် လဲလျောင်းလျက်။ ၀တ်ရုံအဖျားများနှင့် ဆံနွယ်ရှည်တို့ကတော့ ဆောင်းလေအဝှေ့တွင် ဝေ့၀ဲနေသည်။
"ပြန်တွေ့နေရပေမယ့်လည်း လွမ်းနေမိသေးတယ်ဆိုရင် ကျွန်တော်က သိပ်ကိုလောဘကြီးရာရောက်နေမလားပဲ"
ထိုသူက တိုးဖွစွာရေရွတ်ရင်း လက်ထဲမှ မက်မွန်ပွင့်ချပ်ငယ်ကို ခပ်ဖွဖွမွှေးကြူသည်။ တစ်ချိန်တည်းမှာပင် မျက်၀န်းထောင့်မှနေ၍ မျက်ရည်စီးကြောင်းတစ်ခုက ပါးပြင်ပေါ်ဖြတ်ကာ စီးဆင်းသည်။
အသက်နှင့်တောင်မှ အလဲအထပ်ပြုကာ သူ့အပေါ်မြတ်နိုးခဲ့သော ထိုသူ့ကိုသိပ်လွမ်းမိသည်။ အမြဲတစေ မြတ်နိုးရိပ်တို့ဖြင့် ပြည့်နှက်နေသော မျက်၀န်းတစ်စုံကိုလည်းတမ်းတမိသည်။
'ထောင်ဟွား'ဟု မြတ်နိုးစွာ ခေါ်တတ်သော ထိုသူ၏နှုတ်ခမ်းပါးနှင့် ရင်ခွင်နွေးနွေးကို လွမ်းဆွတ်မိသည်။
"ပြောတော့ ကျွန်တော့်ကို စောင့်မျှော်နေမှာဆို ခင်ဗျားကျွန်တော့်ကိုညာတယ်"
လက်ထဲမှမက်မွန်ပွင့်ငယ်ကို တဖန်မွှေးကြူရင်း ခပ်တိုးတိုးရေရွတ်မိသည်။ အခုအချိန်လောက်ဆို ဧကရာဇ်ရဲ့ဒေါသကြောင့် ကျွန်တော်တို့ဥယျာဉ်လေး ဖျက်ဆီးခံလိုက်ရပြီလား။
မဟုတ်ဘူးဆိုရင်တော့ အဲဒီ့မှာ ပန်းတွေပွင့်လောက်ရောပေါ့နော်။ ကျွန်တော်ခင်ဗျားကို တစ်ကယ်လွမ်းလိုက်တာဗျာ...
ရှောင်းကျန့်တစ်ယောက် လွမ်းမောမှုတွေနှင့်အတူ အိပ်ရာနိုးလာတော့ မိုးတောင်မလင်းသေး။ ထုံးစံအတိုင်းအိပ်မက်ထဲမှ ထိုလူကသူနှင့်တူသည့်လူဆိုတာ သိနေသည်မို့ သက်ပြင်းချမိသည်။
ထိုအိပ်မက်တွေကို သူမဆက်စပ်နိုင်တော့ပေ။ အကြောင်းအရာတစ်မျိုးတည်းကို အခါခါမက်နေတာမဟုတ်ဘဲ တစ်ခါနှင့်တစ်ခါကလည်း မတူ။
သို့သော်တစ်ခုသတိပြုမိလိုက်သည်မှာ ထိုကြာကန်က ယခင်တစ်ခါမက်စဉ်က ရေကန်ဆိုတာသိလိုက်သည်။ ရှောင်းကျန့်ဟာ ရောနှောနေသည့်အတွေးတို့ကို ခေါင်းထဲမှထုတ်ပစ်ရင်း ပြတင်းတံခါးကိုဖွင့်လိုက်သည်။
ထို့နောက် ပြတင်းပေါက်ဘောင်ပေါ် မေးထောက်ရင်း ကောင်းကင်ပေါ်မှ လမင်းကြီးကို ဘာရယ်မဟုတ်ငေးကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် ပန်းတို့၏ မွှေးမြသောရနံ့က နှာဖျား၀မှာ ကျီစယ်လာလေသည်။
ဒါကြောင့် အိမ်ဘေးမှပန်းဥယျာဉ်ကြီးကို လှမ်းငေးကြည့်လိုက်တော့ တစ်စုံတစ်ရာက သူ့ကိုခေါ်ငင်နေသယောင်ယောင် ခံစားလိုက်မိသည်။
မသိစိတ်၏ စေစားရာအတိုင်း လိုက်လာရင်း ပန်းခင်းထဲမှဖြတ်လျှောက်လာပြီးနောက် တစ်နေရာရောက်တော့ ခြေလှမ်းတို့ကို ရပ်လိုက်မိသည်။ သူ့ရှေ့မှာရှိနေသည်က ပန်းပွင့်တစ်ပွင့်တစ်လေမျှပင်မရှိနေသည့် အရိုးပြိုင်းပြိုင်းကျနေသော သစ်ပင်တစ်ပင်။
တစ်နည်းအားဖြင့် မက်မွန်ပင်တစ်ပင် ဖြစ်နေလေသည်။ ရှောင်းကျန့်လည်း ကြည့်နေရင်းမှ ထိုအပင်က သူ့အားတို့ထိလှည့်ပါဟု ခေါ်နေသယောင်ယောင် ခံစားလိုက်ရသည်။
ပုံမှန်ဆိုလျှင် ညအချိန်ဖြစ်သည့်အပြင် လရောင်နှင့် ပိုးမွှားတို့၏အော်သံမှလွဲ၍ အနားတွင်အခြားသူမရှိတာကြောင့် ကြောက်စိတ်၀င်ကောင်း၀င်မိမည်။
သို့သော်လည်းယခုတော့ ရှောင်းကျန့်၏စိတ်ထဲ ကြောက်စိတ်ဟူ၍ နည်းနည်းကလေးမျှပင်မရှိဘဲ စူးစမ်းလိုစိတ်တို့သာ ကြီးစိုးနေသည်။
အနားသို့တိုးကပ်သွားပြီးနောက် လက်တစ်ဘက်ကိုဆန့်လိုက်ကာ ကိုင်းတစ်ခုကိုထိကိုင်လိုက်သည်။ ထိုစဉ်မှာပင် မြင်ကွင်းတစ်ချို့က အာရုံထဲပေါ်လာလေတော့သည်။
မက်မွန်ပွင့်တို့ဖြင့်အတိပြီးသည့် ဥယျာဉ်တော်အတွင်းဝယ် ကြွေကျမြေခနေကြသော ပွင့်ဖတ်များက သွေးရောင်တို့နီစွေးစွာ ခြယ်သလို့နေသည်။
တစ်ကိုယ်လုံး သွေးတို့ဖြင့်ချင်းချင်းရဲနေပြီဖြစ်သော ဝတ်ရုံရှည်နှင့်လူတစ်ဦးက မက်မွန်ပင်တစ်ပင်ကို ကျောမှီလိုက်သည်။ ရင်ခွင်အတွင်းမှာတော့ တစ်စုံတစ်ယောက်ကို ပွေ့ချီထားဆဲပင်။
ထိုသူက ငိုကြွေးနေရင်းမှ ရင်ခွင်အတွင်းမှ လူ၏ပါးပြင်ကို ခပ်ဖွဖွတို့ထိလိုက်သည်။ ရင်ခွင်အတွင်းမှလူကလည်း သူ့ပါးပြင်ကိုထိတွေ့နေသည့်လက်ကို အသာအယာထိကိုင်ရင်း ပြုံးသည်။
ထို့နောက် ၀မ်းနည်းစွာ ငိုကြွေးနေသူ စိတ်သက်သာရန်အလို့ငှာ နှုတ်ခမ်းနှစ်လွှာကိုအသာဟကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
"ဘယ်လောက်ပဲ ခက်ခဲပါစေ ကိစ္စမရှိပါဘူး...
ဟောဒီ့မက်မွန်ပွင့်တွေကို သက်သေတည်လို့
ကိုယ်သစ္စာဆိုတယ်...
ကိုယ်တို့ကွဲကွာသွားတဲ့အခါ
မင်းအကြောင်း တစိမ့်စိမ့်တွေးရင်း
စောင့်မျှော်နေမယ်ဆိုတာ သတိရပေးပါ...
မင်းသိပ်ကြိုက်တဲ့သေရည် အတူတူသောက်ရင်း
ပျော်ရွှင်စရာတွေ မျှဝေဖို့ ကိုယ်စောင့်နေမှာ...
ခွဲခွာခြင်းတွေ
ဟိုအေ၀းဆီလွင့်ပါးသွားတဲ့အခါ
မင်းရဲ့လက်မောင်းတွေပေါ် မှီခိုခွင့်ပြုပါ...
ချစ်ရသူရေ...
တို့နှစ်ဦး ကျိန်းသေပြန်ဆုံကြမှာပါ..."
ရှောင်းကျန့်ဟာ သစ်ကိုင်းငယ်ကိုကိုင်ထားရင်းမှ မျက်ရည်သွင်သွင် စီးကျလာသည်။ အာရုံထဲကထိုမြင်ကွင်းက သူ့ရင်ကိုစူးနင့်စွာနာကျင်စေတာကြောင့် မျက်ရည်တို့စီးကျလာရသည်။ထိုစဉ်မှာ အနောက်ဘက်မှတစ်စုံတစ်ယောက်၏ ခြေသံကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ ရိပေါ်ဖြစ်နေတာမို့ မျက်ရည်တွေကို အမြန်သုတ်လိုက်သည်။ ရိပေါ်က သူယူဆောင်လာသောတဘတ်ကို ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။
"ပန်းပွင့်နေပြီ"
ရိပေါ်ညွှန်ပြရာဆီကို ပြန်လှည်ကြည့်လိုက်တော့ အမှန်ပင်တစ်ပင်လုံးအပြည့် ပန်းတွေပွင့်နေခဲ့လေပြီ။ ရှောင်းကျန့် အံ့သြသွားရသည်။
စောစောကတင် တစ်ပွင့်မှမရှိဘဲ အရိုးပြိုင်းပြိုင်းကျနေခဲ့သည်မဟုတ်ပါလား။ တစ်ကယ်ကို မှော်ဆန်လွန်းလှသည်။
"မက်မွန်ပင်တွေက ဖေဖော်ဝါရီလမှ ပွင့်တာမဟုတ်ဘူးလား"
"ဒီတစ်ပင်ကမတူဘူး မပွင့်တာနှစ်ထောင်ချီနေပြီ ဒီတစ်သက်ပွင့်ပါတော့မလားလို့ထင်နေခဲ့တာ နောက်ဆုံးတော့ပွင့်လာပြီပဲ"
ရိပေါ်၏စကားကရိုးရှင်းသော်လည်း သူသိပ်နားမလည်။ ပြန်မေးရန်ပါးစပ်ဟလိုက်စဉ်မှာပင် ကောင်းကင်ထက်မှ နှင်းပွင့်ဖတ်တို့ တဖွဲဖွဲကျလာပြီး အအေးဓာတ်က တဖြည်းဖြည်းချင်း စိမ့်၀င်လာသည်။
"သခင်လေး၀မ်ပြောတော့ ဒီနေရာကို နှင်းမကျအောင် နတ်ဘုရားကလုပ်ထားတာဆို"
ရှောင်းကျန့်ကလက်တစ်ဖက်ကိုဆန့်ထုတ်ရင်း နှင်းပွင့်တို့ကို လက်ဖြင့်ခံယူသည်။ ရိပေါ်ကတော့ မျက်ရည်တွေ၀ဲနေမိသည်မို့ အသံကိုမတုန်အောင် ထိန်းကာပြောလိုက်သည်။
"သူ့မက်မွန်ပင်ကို ပွင့်အောင်လုပ်ပေးလို့ ကောင်းချီးပေးတာနေမှာပေါ့"
ရိပေါ်၏အဖြေက ရှောင်းကျန့်ကိုရယ်မောမိစေသည်။ စောစောက အာရုံထဲမှမြင်ကွင်းကြောင့် ၀မ်းနည်းနေခဲ့သည်မှာ သူမဟုတ်သည့်အလား။
တစ်ကယ်တော့ သည်မက်မွန်ပင်၏ မူလဖြစ်တည်ရာက ကောင်းကင်ဘုံမှသူတို့ဥယျာဉ်လေးဆီကဖြစ်သည်။ မျိုးစေ့ယူကာစိုက်ခဲ့သည်မှာ သည်နေရာကိုရောက်ကတည်းကပင်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင် မပွင့်လာခဲ့ပေ။
သူနှင့်အတူ ရှောင်းကျန့်ကို စောင့်မျှော်လေသလားဟု တွေးမိသော်လည်း တစ်ကယ်ဟုတ်နေမည်ဟု မထင်ခဲ့မိ။
နှစ်ပေါင်းထောင်ချီကြာမြင့်သည့်တိုင်အောင် ထောင်ဟွားကိုစောင့်မျှော်နေခဲ့သည်မှာ သူနှင့်ရှောင်ဟိုင်နှစ်ယောက်တည်း မဟုတ်နေခဲ့ပါချေ။
စောစောက ရှောင်းကျန့်အိပ်ရာမှထသွားတာ သိလိုက်စဉ်က တစ်ခုခုဖြစ်မည်စိုးရိမ်ကာ နောက်ကလိုက်လာခဲ့တာဖြစ်သည်။ သည်မက်မွန်ဆီရောက်လာမည်ဟု မထင်ခဲ့မိပါ။
ရိပေါ် သူ့မျက်ရည်များကို သုတ်လိုက်ပြီးနောက် ရှောင်းကျန့်ကဲ့သို့ပင် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ နှင်းပွင့်ဖတ်တို့ကို လက်ဖဝါးဖြင့်ခံယူလိုက်သည်။
ကျေးဇူးတင်ပါတယ်ထောင်ဟွား။ ကိုယ်တို့ရဲ့ပန်းပင်လေးကို ပွင့်ဖူးလာစေလို့။ ပြီးတော့ ကိုယ့်ဆီပြန်လာပေးလို့။
::::::::::::::::::::::::::::::
အရှေ့အရပ်မှ ရောင်နီလင်းသည်နှင့် အိပ်တန်းထငှက်ငယ်တို့ အစာရှာဖွေရန် ကောင်းကင်ယံ၌ ပျံသန်းကြလေပြီ။
ရောင်နီလင်းလာသည်နှင့် ညကကျရောက်ခဲ့သောနှင်းများလည်း အရည်ပျော်ကာ သစ်ရွက်လေးများပေါ်၌ စိုလက်နေသည်။ မြက်ပင်လေးများမှာလည်း နှင်း၀တ်ရည်တို့ခိုတွဲလို့နေသည်မှာ ဆောင်းရာသီ၏လှပမှုကို ပံ့ပိုးနေသည့်နှယ်။
ယွင်ကျီတောင်၏အမြင့်ဆုံး တောင်ထိပ်မှာတော့ သဘာ၀အလှကိုခံစားနေသော လူသုံးဦးရှိနေသည်။
ရိပေါ်က မတ်မတ်ရပ်လျက် တောင်ခြေတစ်နေရာဆီကို ငေးမာနေသည်။ တောင်ပေါ်လေ၏ တိုက်ခတ်မှုကြောင့် ဆံနွယ်တို့မှာ ယိမ်းနွဲ့လှုပ်ရှားလို့။
ရှောင်ဟိုင်သည်လည်း မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် မြက်ပင်များတွင်ခိုတွဲနေသော နှင်း၀တ်ရည်လေးများကိုတို့ထိကာ ဆော့ကစားနေသည်။
နှင်းကျထားသည်မို့ တောင်ခြေမှာလောက် မဟုတ်သော်လည်း အအေးဓာတ်အနည်းငယ်တော့ စိမ့်နေသေးသည်။ ရှောင်းကျန့်ကတော့ တောင်ပေါ်မှမိုးကာကြည့်ရသောမြင်ကွင်းကို သဘောကျနေမိသည်။
တောင်ပေါ်အိမ်လေး၀န်းကျင်တွင် နှင်းသိပ်မကျသော်လည်း တောင်ခြေမှာတော့ ဖွေးဖွေးလှုပ်နေလေပြီ။ ရိပေါ်က နှင်းဖြူဖြူတို့ဖုံးအုပ်နေသော တောင်အောက်ဘက်တစ်နေရာကို လက်ဖြင့်ညွှန်ပြသည်။
"အရင်ကအဲဒီ့နေရာမှာ ဘုရားကျောင်းတစ်ခု ရှိခဲ့ဖူးတယ် အရင်ကဒီတောင်ကိုနောက်ခံထားပြီး တောစပ်မှာတည်ထားတာပေါ့ နောက်တော့ပျက်စီးသွားပြီး တောကြီးဖြစ်သွားတယ်လေ"
ရိပေါ်က ထိုတောင်ခြေကိုငေးကြည့်ရင်း မျက်ရည်တို့ရစ်သိုင်းလာရသည်။ တစ်ချိန်က သူတို့နှစ်ဦးေ၀းကွာပြီးနောက် ပြန်လည်ဆုံတွေ့ခဲ့သည်က ထိုဘုရားကျောင်းအနီးမှာပင် မဟုတ်ပါလား။
သို့သော်လည်း နောက်ပိုင်းမှာ မိစ္ဆာတွေ၏ လက်ချက်ဖြင့် ဘုရားကျောင်းရော၊ အနားကရွာရော ဖျက်ဆီးခံခဲ့ရသည်။
သေသူသေ၊ ထွက်ပြေးသူပြေးဖြင့် ရွာပျက်ကြီးဖြစ်သွားပြီးနောက် ယွင်ကျီတောင်နှင့်တစ်ဆက်တည်း တောကြီးဖြစ်သွားခြင်းပင်။
"သခင်လေး၀မ်က အဲဒါဘယ်လိုလုပ်သိလဲ"
"ဒီလိုပါပဲ ထားလိုက်ပါလေ... ပြန်ရအောင် ဒီနေ့ရိုက်ကွင်း နောက်ကျနေမယ်"
ရှောင်းကျန့်၏ အမေးစကားကို ရိပေါ်ကမဖြေဘဲ ပြန်ဖို့စကားလမ်းကြောင်းကိုသာ ဦးတည်လိုက်သည်။ သည်နေ့ရိုက်ကွင်းက ရဲအရာရှိကျင်းယွမ်ရှင်းနှင့် မုရှောင်ချင်းအဖြစ်ဟန်ဆောင်ထားသောပိုင်စစ်ယွမ်တို့ ဆုံတွေ့ကြမည့်အခန်းဖြစ်သည်။
dialogue လုံး၀မပါဘဲ အမူအရာများနှင့်သာ သရုပ်ဆောင်ရမှာဖြစ်သည်။ ဒီရက်ထဲ ရှောင်းကျန့်ပင်ပန်းနေမည်ဆိုတာ ရိပေါ်ကသိတာကြောင့် သည်နေရာလေးကို အလည်အပတ်ခေါ်လာသည်ဆိုသော်လည်း အလုပ်တာ၀န်ကိုမပေါ့လျော့စေရ။မနေ့ညဦးပိုင်းက ယူလာသည့်ဇာတ်ညွှန်းစာအုပ်ဖြင့် နှစ်ဦးသားလေ့ကျင့်ခဲ့ကြသေးသည်။ ထို့ကြောင့်ပင် ယခုအချိန်မှာ အေးအေးဆေးဆေးဖြစ်နေတာဖြစ်သည်။
::::::::::::::::::::::::::::::
ရှောင်းကျန့်တို့သုံးဦး ရိုက်ကွင်းကိုရောက်တော့ မန်နေဂျာလည်းရောက်နေလေပြီ။ ကျင်းဖန်က မနေ့ကဘယ်နေရာကို သွားဖြစ်ကြသလဲမေးနေတာကြောင့် ရှောင်းကျန့်လည်း တောင်ပေါ်အိမ်လေးတစ်ခုဆီသို့ဆိုတာ တီးတိုးပြောပြလိုက်သည်။
သူတို့ရောက်ပြီးမကြာခင်မှာ ကျန်အဖွဲ့သားများကိုယ်စီ ရောက်လာကြလေသည်။ ရှောင်းကျန့်တို့လည်း အ၀တ်အစားလဲလိုက်ကြသည်။
သည်နေ့ရိုက်မည့် scene က စာကြည့်တိုက်မှာဖြစ်သည်။ သက်ဆိုင်ရာမှ ခွင့်ပြုချက်ရထားပြီးပြီမို့ စက်ပိုင်းဆိုင်ရာ အားလုံးပြင်ဆင်ပြီးသည်နှင့် ရိုက်ကူးရေးကို စတင်ကြသည်။
ရိုက်ကူးရေးလုပ်လာသည့် ရက်ပိုင်းအတွင်း ရိပေါ်အတွက် ပထမဆုံးအခက်အခဲက ယနေ့မှစတာဖြစ်သည်။ ဇာတ်ညွှန်းအရ ဇာတ်ကောင်နှစ်ယောက်က ယခုမှဆုံကြတာဖြစ်သည်။
သို့သော်လည်း သူ၏သရုပ်ဆောင်ကပုံက တစ်ဖက်လူအပေါ် စိမ်းသက်နေဟန်မရှိတာကြောင့် ဒါရိုက်တာကစိတ်တိုင်းမကျဖြစ်ကာ ခဏခဏ ပြန်ရိုက်စေသည်။
ထို့ကြောင့် ရှောင်းကျန့်တို့လည်း ဒါရိုက်တာကြီးဆီမှာခွင့်တောင်းကာ ခေတ္တခဏအနားယူရတော့သည်။ ရှောင်းကျန့်လည်း ဒါရိုက်တာဆီမှ ခွင့်ပြုချက်ရပြီးနောက် ရိပေါ်ကိုနားနေခန်းထဲ ခေါ်လာခဲ့တော့သည်။
အထဲမှာstaffတစ်ချို့ရှိနေသည်ဆိုသော်ငြား အလုပ်ကိုယ်စီများနေတာမို့ သူတို့နှစ်ယောက်လည်း staff များမရှိသော နေရာလွတ်တစ်ခုသို့ လျှောက်လာခဲ့တော့သည်။
"တောင်းပန်ပါတယ် ကိုယ့်ကြောင့်နဲ့ ခဏခဏပြန်ရိုက်နေရပြီ"
"သခင်လေး၀မ်... အဲဒီ့လိုမပြောပါနဲ့ scene တစ်ခုရိုက်ရတာ လွယ်တာမဟုတ်ဘူးလေ အမှားအယွင်းဆိုတာတော့ ရှိတတ်ပါတယ်"
ရှောင်းကျန့်၏ အားပေးစကားကြောင့် ရိပေါ်ကသက်ပြင်းချရင်း ခုံလွတ်တစ်ခုတွင် ထိုင်လိုက်သည်။ ရှောင်းကျန့်လည်း ရိပေါ်၏ဘေးခုံတွင် ထိုင်လိုက်သည်။
"ခဏလောက် ခေါင်းအေးအေးထားပြီးနားလိုက်လေ အဆင်ပြေသွားမှာပါ အရမ်းစိတ်ကို မတင်းထားနဲ့ ညကလည်း ကျွန်တော်တို့ လေ့ကျင့်ထားတာပဲဟာ"
ရှောင်းကျန့်က တတ်နိုင်သမျှ ရိပေါ်ကိုနှစ်သိမ့်ပေးနေသည်။ ငါမလုပ်နိုင်ဘူး ငါကြိုးစားကြည့်လို့မရဘူးဟူသည့်အတွေးမျိုး၀င်ကာ စိတ်ပူနေလျှင် ပိုပြီးအဆင်မပြေ ဖြစ်နိုင်သည်မဟုတ်ပါလား။
"ရှောင်းကျန့်... ကိုယ့်ကို ပခုံးတစ်ဖက်လောက် ခဏငှားပေးမလား..."
ရှောင်းကျန့်က ရိပေါ်၏တောင်းဆိုစကားကြောင့် အံ့သြသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
ပခုံးငှားသည်ဆိုတာက တစ်ဖက်လူက အရမ်း၀မ်းနည်းနေသည့် အခါမျိုးမှာမှသုံးသောစကားမျိုးမဟုတ်ဘူးလား။ သခင်လေး၀မ်မှာရော တစ်ခုခု ၀မ်းနည်းစရာ ရှိနေတာလား။
အတွေးပင်လယ်ထဲ မျောနေစဉ်မှာပင် ပခုံးတစ်ဖက်လေးသွားတာကြောင့် ငဲ့စောင်းကာ ကြည့်မိတော့ ရိပေါ်မှီလိုက်တာဖြစ်သည်။
ရိပေါ်က မျက်လုံးတစ်စုံကိုမှိတ်ထားပြီး ရှောင်းကျန့်၏ပခုံးကို ငြိမ်ငြိမ်ကလေးမှီထားသည်။ သည်အခါမှ ရှောင်းကျန့်လည်း ရိပေါ်၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို စေ့စေ့စပ်စပ်ကြည့်မိတော့သည်။
သူ့အနေနှင့်ရိပေါ်ကို ခန့်ငြားသည်ဆိုတာထက် လှပသည်ဟုသာတင်စားချင်သည်။ သွယ်တန်းသောနှာတံ ၊ သဘာ၀အတိုင်း နီထွေးနေသောနှုတ်ခမ်းလွှာ၊ သွယ်လျသောမျက်နှာအချိုးအစားတို့ဖြင့် မြင်သူတိုင်းကို နှစ်ခါပြန်မကြည့်ဘဲမနေနိုင်လောက်အောင် ဆွဲဆောင်နိုင်သူ။
ကြည့်နေစဉ်မှာပင် ပိတ်ထားသော
မျက်၀န်းထောင့်မှ မျက်ရည်စတို့ စီးကျမည့်ဟန်ပြင်လာတော့ ရှောင်းကျန့်ရင်ထဲ ပို၍စိတ်မကောင်းဖြစ်မိရပြန်သည်။
ဒါကြောင့် ကျလုကျခင်မျက်ရည်စတို့ကို ဖွဖွလေးတို့ကာသုတ်ပေးလိုက်သည်။ ထို့နောက်မှာတော့ လက်ကအလိုလိုပင် ရိပေါ်၏ပခုံးကို ဖက်ထားပေးလိုက်မိသည်။ အနီးအနားမှာရှိသော staff အချို့မှာ ပြုံးစေ့စေ့ဖြစ်နေကြပြီး အချို့ကတော့ အတော်လေး အံ့သြနေကြပုံရသည်။ သို့သော်လည်း အတတ်နိုင်ဆုံး အသံမထွက်အောင် တိတ်ဆိတ်စွာနေပေးကြသည်။
ချင်းရိအုပ်စုလိုနေရာမျိုးမှာ ထိပ်တန်းအဆင့်၀င်နေသူတစ်ယောက် အနားယူနေသည်ကို သူတို့အနှောင့်အယှက်မပေးရဲပါချေ။
::::::::::::::::::::::::::::::