အခန်း ၁၇ ကျွန်တော်ကကျန့်ကျန့်ရဲ့လက်ထောက်လေး
Viewers 3k

အခန်း ၁၇။ ကျွန်တော်က ကျန့်ကျန့်ရဲ့လက်ထောက်လေး


ဆယ်မိနစ်လောက်ကြာတော့ ရိပေါ်၏ စိတ်အခြေအနေ အဆင်ပြေသွားပုံရသည်။ ရှောင်းကျန့်၏ ပုခုံးပေါ်မှီထားရာမှ ခါးကိုမတ်မတ် ပြန်ထိုင်လိုက်သည်လေ။

"အဆင်ပြေသွားပြီဆိုရင် သွားရအောင်..."

"အင်း..."

ရိပေါ်ပြန်ဖြေပြီးသည်နှင့် ရှေ့မှထွက်သွားနှင့်ပြီဖြစ်သော ရှောင်းကျန့်၏နောက်ကို အမှီလိုက်ရသည်။ ရှောင်းကျန့်က လမ်းလျှောက်တာ မြန်သည်မဟုတ်လား။

ခဏမျှစိတ်အနားပေးရန် ရှောင်းကျန့်၏ပခုံးကိုမှီလိုက်ချိန်က သူ့စိတ်ထဲမည်သို့မျှ တင်းမခံနိုင်တော့ဘဲ ငိုချင်လာခဲ့သည်။ သည်လိုအခြေအနေနှင့် ဝေးကွာနေခဲ့တာ ကြာပြီမဟုတ်ပါလား။

ရှောင်းကျန့်က စီးဆင်းသွားသောသူ့မျက်ရည်များကို သုတ်ပေးနေခဲ့မှန်းသိသည်။ ပုခုံးကိုဖက်ထားပေးချိန်မှာလည်း သူ့ရင်ထဲကြည်နူးနေခဲ့သည်။

သည်အတိုင်းလေး အချိန်ကြာကြာနေချင်သေးပေမယ့်လည်း ရိုက်ကူးရေးကရှိသေးတာမို့ အားတင်းကာထလိုက်ရတာဖြစ်သည်။

ရိပေါ်တစ်ယောက် အတွေးများနေစဉ်မှာပင် ရှောင်းကျန့်က ရိုက်ကူးရေးပြန်စနိုင်ရန် ဒါရိုက်တာနှင့် စကားပြောနေပြီဖြစ်သည်။

ဒါရိုက်တာဖူကျင်းယန်က သူ့ကိုလှည့်ကြည့်တော့ ရိပေါ်လည်း အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်မှာတော့ ဒါရိုက်တာ၏ ရိုက်ကူးရေးပြန်စမည်ဖြစ်ကြောင်း သတိပေးသံနှင့်အတူ ခေတ္တအနားယူနေသော စက်အဖွဲ့သားများလည်း ပြန်လည်ကာလှုပ်ရှားလာကြတော့သည်။

make-up artist သည်လည်း နှစ်ဦးစလုံးကို ခပ်မြန်မြန်ပင် ပြန်လည်လိမ်းခြယ်ပေးလိုက်သည်။ အဓိကကတော့ မျက်ရည်တွေကြောင့် make-up တစ်ချို့ပျက်သွားသော ရိပေါ်ကိုဖြစ်သည်။

::::::::::::::::::::::::::::::

[Love Knot]

စာကြည့်တိုက်ဆိုသည့်အတိုင်းပင် အထဲသို့ရောက်သည်နှင့် တိတ်ဆိတ်ငြိမ်သက်သောပါတ်၀န်းကျင်က ဆီးကြိုနေသည်။

ကျင်းယွမ်ရှင်းက အလုပ်နားရက်တိုင်းလိုလိုပင် အိမ်နှင့်နီးသော သည်စာကြည့်တိုက်မှာ စာလာဖတ်လေ့ရှိသည်။ ဒါက သူ၏စိတ်အနားယူခြင်းတစ်မျိုးဟုဆိုရမည်။

တစ်ခါတစ်လေ မလာဖြစ်သည်လည်းရှိသည်ပေါ့။ ကျင်းယွမ်ရှင်းက စာကြည့်တိုက်ထဲရောက်သည်နှင့် သူဖတ်နေကျ စာအုပ်အမိျုးအစားများရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

တစ်အုပ်ယူကြည့်လိုက်တော့ ဖတ်ပြီးသားဖြစ်နေသည်မို့ ပြန်တင်လိုက်ပြီး နောက်တစ်အုပ်ကို လက်လှမ်းလိုက်ချိန်မှာပင် တစ်စုံတစ်ယောက်နှင့် လက်ချင်းဆုံမိသွားတော့သည်။

ယွမ်ရှင်းလှည့်ကြည့်မိတော့ ထိုသူကအားနာသွားဟန်ဖြင့် လက်ကိုအသာရုပ်ကာ ပြုံးပြလာသည်မို့ ယွမ်ရှင်းလည်း ပြန်လည်ပြုံးပြလိုက်ရင်း စာအုပ်ကိုယူလိုက်သည်။ ထိုအခါ သူဖတ်ပြီးသားစာအုပ်ဖြစ်နေသည်မို့ ဘေးမှထိုလူ့ဆီကိုသာ ကမ်းပေးလိုက်သည်။

"ခင်ဗျားဖတ်မလို့မဟုတ်လား...ကျွန်တော်က ဖတ်ပြီးပါပြီ"

"ကျေးဇူး..."

ထိုလူက သူကမ်းပေးသည့်စာအုပ်ကိုယူရင်း မပွင့်တပွင့်ပြောလာသည်။ ထို့နောက်ခပ်လှမ်းလှမ်းရှိ စာဖတ်ရန်လုပ်ပေးထားသော နေရာတွင်ထိုင်ဖတ်နေတော့သည်။

ယွမ်ရှင်းသူ့ကိုကျောခိုင်းပြီး လှည့်ထွက်သွားချိန်မှာ ထိုလူ့နှုတ်ခမ်းထက် မဲ့ပြုံးတစ်ခုဖြစ်တည်သွားသည်ကိုတော့ မသိလိုက်ပေ။

ထို့နောက် အခြားစာအုပ်တစ်အုပ်ကိုယူပြီး ထိုလူထိုင်နေသောစားပွဲမှာပင် သွားထိုင်လိုက်သည်။ သို့သော် ထိုလူကသူ့ကိုလှည့်မကြည့်ဘဲ စာအုပ်ကိုသာစိတ်၀င်တစားဖတ်နေသည်။

ကြည့်ရသလောက် သူနှင့်အသက်သိပ်ကွာမည့်ပုံမရပေ။ သို့သော်လည်း မျက်မှန်တော့ တပ်နေရလေပြီ။

တစ်ပါးသူကိုအာရုံစိုက်လွန်းမိနေမှန်း သတိထားမိပြီးမှ ထိုသူ့ထံသို့ရောက်နေသော သူ့အကြည့်တို့ကို လက်ထဲမှစာအုပ်ဆီသို့ လွှဲပြောင်းစေလိုက်သည်။

"ok stop"

ဒါရိုက်တာထံမှ ရပ်နားရန်အသိပေးသံကိုကြားရတော့ ရိပေါ်ကလက်ထဲမှစာအုပ်ကိုချလိုက်ကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။

ရှောင်းကျန့်ကတော့ပြုံးကာ ရိပေါ်၏ ပခုံးကိုပုတ်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး ရှောင်ဟိုင်တို့ရှိရာဆီသု့ိ လျှောက်လာခဲ့ကြသည်။

"ကျန့်ကျန့်... ဒီမှာရေဘူး"

ရှောင်ဟိုင်က ရေသန့်ဘူးတစ်ဘူးကို ရှောင်းကျန့်ဆီကမ်းပေးသည်။ ရိပေါ်ကတော့ သူ့အတွက်ရောပါလေမလားကြည့်မိသော်ငြား ပါပုံမရတာမို့ မကျေမနပ်ဖြစ်သွားရသည်။

ရှောင်းကျန့်ကတော့ ဖြစ်ပျက်နေသည်တို့ကို သတိမထားမိပါ။ ရေဆာနေချိန်မို့ ရေဘူးကမ်းပေးသောရှောင်ဟိုင့်ကိုသာ ကျေးဇူးတင်စကားပြောလိုက်ရင်း မော့သောက်လိုက်သည်။ သောက်ပြီးကာမှ ရိပေါ်ထံမှ စကားသံကထွက်လာသည်။

"ရှောင်ဟိုင်... တော်လိုက်တဲ့ညီလေး ငါ့ဖို့ကျတော့ မပါဘူးပေါ့လေ"

"ကျွန်တော့်ဆီမှာ တစ်ဘူးပဲကျန်တော့တာ ပြီးတော့ကျွန်တော်က ကျန့်ကျန့်ရဲ့လက်ထောက်လေ ဒီတော့ကျန့်ကျန့်ကိုပဲတိုက်မှာပေါ့ အစ်ကိုကြီးသောက်ချင်ရင် ကျန့်ကျန့်ဆီကတောင်း..."

ရှောင်ဟိုင်က မျက်နှာကိုမဲ့ပြရင်းစနောက်သည်မို့ ရိပေါ်လည်းမျက်စောင်းကြီးခဲကာ ပြန်ကြည့်ပေးလိုက်သည်။ သို့သော်ငြား ရှောင်ဟိုင်ကတော့ မမြင်သယောင်သာ။

ရှောင်းကျန့်မှာတော့ သူ့ကိုရှေ့မှာထားကာ ကလေးများမုန့်လုနေသည့်သဖွယ် မာန်စောင်နေသောညီအစ်ကိုနှစ်ယောက်ကြောင့် မရယ်ဘဲမနေနိုင်တော့ပေ။

လက်ထဲမှရေဘူးကို ကမ်းပေးလိုက်တော့ ရိပေါ်က နည်းနည်းကလေးမျှ ရွံရှာခြင်းမရှိဘဲ မော့သောက်လိုက်သည်။ထိုအချိန်မှာပင် ရှောင်ဟိုင်လှည့်ကြည့်တော့ ရိပေါ်ကနှုတ်ခမ်းကိုမဲ့ပြလိုက်သည်။ ရှောင်ဟိုင်လည်း ပြန်လည်မဲ့ပြပြီးနောက် တစ်ဖက်လှည့်ကာ ဘယ်သူမျှမမြင်အောင် ကြိတ်ကာပြုံးလိုက်တော့သည်။


အစ်ကိုကြီးတစ်နေ့တော့ ဒီညီလေးရဲ့ စေတနာကို နားလည်မှာပါ။

ရယ်နေသည်ကလည်း ရှောင်းကျန့်တစ်ဦးတည်းမဟုတ်။ အနားရှိ staff တွေလည်းပါသည်။ ရှောင်းကျန့်၏လက်ထောက် ရှောင်ဟိုင်က ရိပေါ်ရဲ့မွေးစားညီလေးဆိုတာ သူတို့သိထားကြသည်မဟုတ်လား။

ထို့အပြင် ၀မ်ရိပေါ်ကို ယခင်ကရှိန်နေကြသော်လည်း ရိုက်ကူးရေးလုပ်သည့်ကာလကြာလေ စိတ်ရင်းဖြူသော၊ မာန်မာနမထားတတ်သောလူငယ်လေးဆိုတာ သိလာကြလေဖြစ်ပြီး ပိုမိုရင်းနှီးလာခဲ့ကြလေသည်။

ရိပေါ်တစ်ယောက် လက်မှနာရီကိုကြည့်လိုက်တော့ နေ့လည်ပင်ရောက်နေလေပြီ။ မှာထားသည့်အရာက မရောက်သေးတာကြောင့်ဖုန်းယူကာ တစ်နေရာဆီဆက်ရန်ဟန်ပြင်စဉ်မှာပင် မုန့်တိုက်တံဆိပ်ဖြင့် ကားတစ်စီးရောက်လာတော့သည်။

"မှာထားတဲ့ ပီဇာရောက်ပါပြီ"

အသံကြားရာဆီသို့ အားလုံးလှည့်ကြည့်မိတော့ မျက်လုံးပြူးသွားကြရသည်။ ဒီပီဇာတံဆိပ်က အရမ်းဈေးကြီးလွန်းလို့  တော်ရုံလူ၀ယ်မစားနိုင်ဘူးလို့ နာမည်ကြီးနေတဲ့ဟာ မဟုတ်ပါလား။

ရိုက်ကူးရေးအဖွဲ့သားများ အံ့သြနေစဉ်မှာပင် ရိပေါ်ကပီဇာဘူးများကို တစ်နေရာမှာချထားရန် လက်ပြလိုက်သည်။

"၀ိုး... ဘူးတွေအများကြီးပဲ ဘယ်သူမှာလိုက်တာလဲ"

"ဒါရိုက်တာကြီးများလား"

"မဟုတ်ပါဘူး"

အံ့သြကာမေးနေကြသည်ကို ဖူကျင်းယန်က သူမမှာကြောင်း ခေါင်းခါရင်းဖြေသည်။ သူကိုယ်တိုင်လည်း အံ့သြနေတာဖြစ်သည်။

"အစ်ကိုကြီးမှာလိုက်တာပါ"

ရုတ်တရက်ရှောင်ဟိုင့်ထံမှ အသံထွက်လာတော့အားလုံး၏အကြည့်က ရှောင်ဟိုင်နှင့်၀မ်ရိပေါ်ဆီသို့ ကျရောက်သွားရသည်။

"အဖွဲ့သားတွေအကုန်လုံးအတွက် လောက်ငအောင် များများမှာလိုက်တာ အားလုံးကိုလည်း ၀မ်းသာစရာသတင်းတစ်ခု ပေးစရာရှိတယ်"

ရိပေါ်ထံမှစကားသံကြောင့် ရှောင်းကျန့်သည်လည်း ကြောင်အကာကြည့်နေမိသည်။ ဒီလောက်တောင် အရမ်းဈေးကြီးတဲ့ဟာကိုလေ ဘူးပေါင်းမြောက်များစွာ မှာလိုက်တာတဲ့လား။

"Congratulations ရှောင်းကျန့်"

ရိပေါ်က ရှောင်းကျန့်လက်ထဲသို့ စာချုပ်တစ်ခုထည့်ပေးရင်းပြောလိုက်သည်။ ရှောင်းကျန့်ဖတ်ကြည့်လိုက်တော့ ထိုအရာက -

"ရင်ချွမ်းဟွားက ဆောင်းရာသီ ၀တ်စုံတွေကြေငြာဖို့အတွက် ကျွန်တော့်ကို..."

"ဘာရယ်... ရင်ချွမ်းဟွားလား မိုက်တယ်ကွာ"

"၀ိုး... Congratulations ပါရှောင်းကျန့်ရေ"

ရှောင်းကျန့်၏ အံ့သြနေမှုနှင့်အတူ အဖွဲ့သားများ၏ မုဒိတာပွားသံတို့က ညံစီသွားရသည်။ ရင်ချွမ်းဟွားဆိုတာက နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပြီး ချင်းရိလိုပင် အလွန်အောင်မြင်နေတာဖြစ်သည်။

ချင်းရိက အလှကုန်ပစ္စည်းကုမ္ပဏီဖြစ်ပြီး ရင်ချွမ်းဟွားကတော့ အ၀တ်အထည်ပိုင်းမှာ နာမည်ကြီးပဲဖြစ်သည်။ နှစ်ခုစလုံးက ထိပ်တန်းစာရင်း၀င်တွေချည်းပင်။

ထို့ကြောင့်ပင် ရှောင်းကျန့်ကိုယ်တိုင်လည်း အံ့သြနေမိတာဖြစ်သည်။ ချင်းရိနှင့်စာချုပ်ချုပ်ထားပြီးနောက် သည်လိုကံကောင်းမှုမျိုး ထပ်ရမည်ဟုမထင်ထားမိပါချေ။

::::::::::::::::::::::::::::::

သူတို့အားလုံး စားမှုသောက်မှုကိစ္စရပ်အားလုံး ပြီးစီးသွားသည့်နောက်မှာ ရိုက်ကူးရေးကိုပြန်လည်စတင်ကြသည်။ နောက်ထပ် scene အနည်းငယ်ကလည်း စာကြည့်တိုက်မှာပင် ရိုက်ကူးရတာဖြစ်သည်။

ဇာတ်ညွှန်းထဲတွင် မုရှောင်ချင်းဟန်ဆောင်ထားသောပိုင်စစ်ယွမ်နှင့် ကျင်းယွမ်ရှင်းတို့က စာကြည့်တိုက်မှာ မကြာခဏဆုံမိရင်း မျက်မှန်းတန်းမိသွားခဲ့ကြတာ မဟုတ်ပါလား။

စာကြည့်တိုက်မှာ ရိုက်ကူးရမည့် scene တွေအားလုံး ပြီးသွားသည့်နောက် အခြားကျန်သည့် sence တွေ ရိုက်ကူးရင်း နေ့ရက်တွေတဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။

ရုပ်ရှင်အဖွဲ့သားများလည်း အချင်းချင်းပိုမိုရင်းနှီးလာကြသည်။ ရှောင်းကျန့်ကတော့ သူ့ scene မပါသည့်ရက်တွေမှာ ရင်ချွမ်းဟွားရဲ့ ၀တ်စုံတွေအတွက် ဓာတ်ပုံရိုက်ရသည်။

အချို့ရက်တွေမှာတော့ ယဉ်ကျေးမှုပြတိုက်ကိုသွားဖြစ်သည်။ ရိုက်ကူးရေးလုပ်နေရတာကြောင့် ပြတိုက်ကိုမရောက်တာ ကြာပြီမဟုတ်ပါလား။

နေ့ရက်များတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အတူ ၀မ်းနည်းစရာနေ့ရက်တစ်ရက်ကို ကြုံဆုံရတော့မည်ဆိုတာကိုတော့ ရှောင်းကျန့်တစ်ယောက် နည်းနည်းကလေးမျှ မရိပ်မိခဲ့ပါ။

ထို့အပြင် ထိုနေ့မှာပင် သူ့ဘ၀၏ပထမဆုံးနှင့် နောက်ဆုံးသောအချစ်ကို တွေ့ရှိလိမ့်မည်ဆိုတာလည်း မတွေးခဲ့မိပါချေ။

:::::::::::::::::::::::::::::

[Love Knot]

သည်နေ့က ကျောင်းပိတ်ရက်ဖြစ်သည်။ တစ်နည်းအားဖြင့် မုရှောင်ချင်းအဖြစ် ဟန်ဆောင်ကာနေထိုင်ရင်း ကျင်းမင်ယွဲ့တို့မောင်နှမကို သူမတို့အိမ်တွင် စာသင်ပေးရမည့် ပထမဆုံးနေ့။

ကျင်းမင်ယွဲ့တစ်ယောက် ကျောင်းတွင်အနိုင်ကျင့်ခံရသည်ကို သူ၀င်ရောက်ကူညီပြီးနောက် မိခင်ဖြစ်သူက သူနှင့်ဆွေးနွေးခဲ့သည်။ ဒါကတော့ ကျောင်းပိတ်ရက်မှာ သူမ၏သားနှင့်သမီးကို guide လုပ်ပေးရန်ဖြစ်သည်။

အကြံသမားပိုင်စစ်ယွမ်လည်း မဆိုင်းမတွပင် လက်ခံခဲ့သည်။ သားဖြစ်သူက စာတော်သော်လည်း ထိုကျောင်းသူကတော့ Physis နည်းနည်းညံ့သည်ဟုဆိုရမည်။ တစ်နည်းအားဖြင့် ကျောင်းတွင် သူသင်ရသောဘာသာ။ပိုင်စစ်ယွမ်လည်း ခြံရှေ့ရောက်သည်နှင့် သူစီးလာသောစက်ဘီးကို ဒေါက်ထောက်ကာ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။ ထိုအခါ တိုက်ထဲမှနေ၍ ကောင်မလေးတစ်ယောက် ပြေးထွက်လာလေသည်။

"ဆရာ ရောက်လာပြီ"

သူမက ဆရာဖြစ်သူ၀င်ရန် တံခါးကိုဖွင့်ပေးပြီးနောက် ခြံအပြင်မှစက်ဘီးကို အထဲသို့တွန်းယူသည်။ ပိုင်စစ်ယွမ်လည်း တိုက်အိမ်ကိုမော့ကြည့်လိုက်သည်။

ကျင်းယွမ်ရှင်း ခင်ဗျားက ဒီမှာနေတာပေါ့ ဟုတ်လား။

သူ့မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း နှုတ်ခမ်းကို အတန်ငယ်ကွေးညွတ်သည်အထိ ပြုံးလိုက်သည်။

"ဆရာ အိမ်ထဲ၀င်ရအောင်လေ"

"သြော်... အင်း.."

ပိုင်စစ်ယွမ်၏အတွေးတို့ ပျံ့လွင့်နေစဉ်မှာပင် ဘေးမှတပည့်မ၏ သတိပေးစကားကြောင့် ခေါင်းညိတ်ကာခြေလှမ်းကိုစတင်လိုက်သည်။

"ဟော ဆရာလာပြီ"

"ဟုတ်ကဲ့အားရီ နေကောင်းတယ်နော်"

"ကောင်းပါ့ဆရာရေ ထိုင်ပါဦး အငယ်လေးရေ ဆရာ့အတွက် ကော်ဖီဖျော်လာခဲ့ဦး"

"အားနာစရာဗျာ..."

ပိုင်စစ်ယွမ်တစ်ယောက် အားနာဟန်ဖြင့်ပြောလိုက်ချိန်မှာ သူမပြုံးလိုက်တာမို့ ငေးခနဲကြည့်မိသွားသည်။ ကျောင်းမှာတွေ့စဉ်က သမီးဇောကြောင့် ထိုမျှလှပသောအပြုံးကို မမြင်ခဲ့ရဘူးမဟုတ်ပါလား။

သူ့မှာလည်း သည်လိုချောမောကာ စိတ်ထားဖြူသော မိခင်မျိုးရှိလျှင်ကောင်းမည်။ လူမှန်းသိတတ်စအရွယ်တည်းက သူ့မှာဖခင်သာရှိခဲ့ပြီး ထိုဖခင်ကလည်း သူ့ကိုအခြားသူထံ ရောင်းစားခဲ့သည်။

မိခင်၏မျက်နှာကို မှတ်တောင်မမှတ်မိခဲ့သောသူ့အတွက် ဒုစရိုက်လောကထဲမှာ နေသားကျနေခဲ့သော်လည်း တစ်ခါတစ်ရံတော့ မိခင်ကိုတမ်းတမိသည်။

ပိုင်စစ်ယွမ်တစ်ယောက် မိခင်အကြောင်းတွေးမိတော့ မျက်ရည်တို့ ၀ဲတက်လာရသည်မို့ စီးမကျခင်မှာ ခပ်မြန်မြန်တို့သုတ်လိုက်သည်။

"တောင်းပန်ပါတယ် အားရီကိုကြည့်ရင်း လူတစ်ယောက်ကို သတိရမိသွားလို့ပါ"

"ဆရာ ကော်ဖီသုံးဆောင်ပါဦး"

တပည့်ဖြစ်သူကမ်းပေးလာသော ကော်ဖီခွက်လေးကို လက်ပြောင်းယူရင်း တစ်ငုံသောက်လိုက်တော့ ခါးသက်သက်အရသာက လျှာပေါ်မှာစွဲကျန်ရစ်သည်။

"အာ... ဒီအရသာက..."

"အငယ်လေးတော့ သူသောက်နေကျအတိုင်း ဖျော်လိုက်ပြီထင်တယ် ဆရာအခါးသောက်ရဲ့လားမသိဘူး"

"တောင်းပန်ပါတယ်ဆရာ အခါးကြိုက်ရဲ့လား ကျွန်တော်မမေးမိဘူး"

"အာ... ရပါတယ် တစ်ကယ်တော့ဆရာလည်း ကော်ဖီဆိုရင် ခါးခါးပဲသောက်ဖြစ်တာ"

သူ့ဆရာ၏အဖြေကြောင့် ကျင်းဟန်စစ်ကပြုံးကာ မိခင်ဖြစ်သူကိုမျက်ခုံးပင့်ပြလိုက်သည်။ အဓိပ္ပာယ်ကတော့ 'တွေ့လား သားဖျော်တာကို ဆရာကြိုက်တယ်'ဟူ၍။

"ok good... အားလုံးအဆင်ပြေတယ်"

ဒါရိုက်တာထံမှ ချီးမွမ်းသံကြားရပြီးနောက် ရိုက်ကူးရေးအဖွဲ့၀င်အားလုံး နောက်တစ်scene မစခင် ခဏနားချိန်ရလိုက်ကြသည်။

ရှောင်းကျန့်လည်း ကျင်းဖန်အနားသို့လျှောက်လာပြီး မျက်လုံးကိုဟိုဟိုသည်သည် ေ၀့၀ဲကြည့်မိသည်။ သို့သော်လည်း တွေ့ချင်သည့် တစ်စုံတစ်ယောက်ကို ရှာမတွေ့ပေ။

"သူ... နောက်sceneအတွက် ဟိုဘက်ခန်းမှာ ပြင်ဆင်နေတယ်"

ကျင်းဖန်က ရှောင်းကျန့်ဘယ်သူ့ကိုရှာနေတယ်ဆိုတာသိလိုက်တာမို့ မသိမသာလေးပြုံးလိုက်ပြီးနောက် ရိပေါ်ရှိရာအခန်းဆီ လက်ညွှန်ပြလိုက်သည်။

ရှောင်းကျန့်လည်း ခေါင်းညိတ်ပြရင်း ကျင်းဖန်၏ ဘေးခုံမှာထိုင်ကာ မျက်လုံးကိုအနားပေးလိုက်သည်။

ထို့နောက်မှာတော့ အိပ်မပျော်စေရန် သတိထားသော်ငြား ဘယ်လိုဖြစ်မှန်းမသိဘဲ အလွန်အမင်း အိပ်ချင်လာမိပြီးနောက် ခေါ်သံတစ်ခုက နားစည်အတွင်း ပ့ဲတင်ထပ်လာတော့သည်။

"ထောင်ဟွား.... ထတော့... "

ရှေးခေတ်မင်းသားတစ်ပါး၏၀တ်စုံဖြင့် လူတစ်ယောက်က ငုတ်တုပ်လေးအိပ်ပျော်နေသော ကိုယ်ရံတော်၀တ်စုံဖြင့် လူတစ်ယောက်၏ ပုခုံးကိုကိုင်ကာ လှုပ်နှိုးနေသည်။

သို့သော်လည်း နှိုးမရသည့်အပြင် သူ့လက်ကိုပါ ပြန်ဖက်ထားတာကြောင့် မနိုးစေရန်သတိထားကာ ပွေ့ချီလိုက်သည်။

ထို့နောက် ဦးတည်ရာက သူ၏အိပ်ရာထက်ဆီသို့။ မွေ့ယာခင်းပေါ် ညင်သာစွာချပေးပြီးနောက် စောင်ပါခြုံပေးလိုက်သည်။ ထိုစဉ်မှာပင် အိပ်ပျော်ဟန်ဆောင်နေသူ နှုတ်ခမ်းလွှာက မသိမသာလေး ကွေးညွတ်သွားသည်မို့ သူသဘောတကျရယ်မိတော့သည်။

"ထောင်ဟွား... မင်းနိုးနေပြီဆိုတာသိတယ်နော် အိတ်ပုတ်လေး"

အိပ်ပျော်ဟန်ဆောင်နေသူ၏ ပါးတစ်ဖက်ကို ဖွဖွလိမ်ဆွဲလိုက်တော့ ရှောင်းကျန့်လည်း အိပ်မက်မှနိုးလာရသည်။ မျက်လုံးအစုံကို ဖွင့်ကြည့်မိတော့ ရှေးခေတ်၀တ်စုံနှင့်လူ ရှိမနေတော့ချေ။

ရှောင်းကျန့်၏စိတ်ထဲ အိပ်မက်လိုလို၊ တစ်ကယ်လိုလို မရေမရာခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ပါးကိုညှစ်ဆွဲနေသူက ရိပေါ်ဖြစ်နေတာကြောင့်ပင်။

"အာ... သခင်လေး၀မ် "

ရှောင်းကျန့်ဆီက အသံထွက်လာတော့မှ ရိပေါ်က လက်ကိုလွှတ်ပေးလိုက်သည်။ တစ်ကယ်နာအောင် ဆွဲတာမဟုတ်ဘူးဆိုတာတော့ သူကိုယ်တိုင်သာသိပါသည်။

"အိပ်ပုတ်လေး နောက်scene စတော့မယ် dialogue တွေရပြီလား"

"အင်းရပြီ... sorry ကျွန်တော် ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး"

"ဘာမှမဖြစ်ပါဘူး ခဏလေးပဲဟာ"

ရိပေါ်ကပြန်ဖြေရင်း ဇာတ်ညွှန်းစာအုပ်ကိုယူကာ dialogue များ ပြန်ဖတ်နေလိုက်သည်။ ထို့ကြောင့် ရှောင်းကျန့်လည်း နောက်scene အတွက် အဆင်သင့်ဖြစ်စေရန် အတူတူလေ့ကျင့်ဖို့ရာ ဟန်ပြင်လိုက်တော့သည်။

::::::::::::::::::::::::::::::