အခန်း ၁၈ အသက်တမျှမြတ်နိုးရသည်သာ
Viewers 3k

အခန်း ၁၈။ အသက်တမျှမြတ်နိုးရသည်သာ


ညလေအေးက ပြေပြေလေးတိုက်ခတ်နေ၏။ ချမ်းစိမ့်သောရာသီမို့ အနွေးထည်ထူထူကတော့ မ၀တ်မဖြစ်ပင်။

"တစ်... နှစ်... သုံး....."

ရိပေါ်က ကောင်းကင်ယံကိုမော့ကြည့်ရင်း ကြယ်လေးတွေကို ရေတွက်နေသည်။ သူမြင်သမျှ စုစုပေါင်း (၂၀)လောက်သာရှိမည်။

လမင်းကတော့ မဆိုစလောက်လေး တစ်ပိုင်းတစ်စသာနေသော်ငြား တိမ်ဖုံးသည့်ညမို့ ကြယ်ဖျောက်ဆိတ်တို့ ပုန်းကွယ်နေသည်။

ခုနစ်စင်ကြယ်ပြောင်သည်လည်း အမြီးမထောင်နိုင်တော့။ မြောက်ဘက်ယွန်းယွန်းရှိ ဓူဝံကြယ်လေးကတော့ လင်းလက်တောက်ပနေသေးသည်။

"မင်းကတော့ နှစ်ပေါင်းများစွာ လမ်းပြနေပေမယ့် ငါ့မှာတော့ အခုထိ လမ်းပျောက်နေဆဲပဲ လမ်းပြကြယ်လေးရေ"

၀ရံတာလက်ရန်းပေါ်မှာ လက်ထောက်ရင်း တိုးတိုးကလေးရေရွတ်လိုက်သည်။ နေ့စဉ်ဆုံတွေ့နေရသော်လည်း အတိတ်နေ့ရက်များမှ တစ်စုံတစ်ယောက်ကို သူလွမ်းဆွတ်မိပါသည်။

ပြန်လည်ဆုံစည်းနေရပြီဆိုသော်လည်း ဘ၀သစ်တစ်ခုပေမို့ မမှတ်မိသူကို အပြစ်ကလည်း မဆိုသာ။

သို့သော်လည်း ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဘာကြောင့်မမှတ်မိရတာလဲဟု မေးပစ်ချင်သည်ကိုတော့ ၀န်ခံရမည်။

ထိုစဉ်မှာပင် အနောက်ဘက်မှ ခြေသံကြားတော့ လှည့်ကြည့်နေစရာမလိုဘဲ ဘယ်သူဆိုတာ ရိပေါ်သိလိုက်ပါသည်။

"အစ်ကိုကြီး အိပ်မပျော်လို့လား"

"အင်း... "

ရှောင်ဟိုင်ကသက်ပြင်းချရင်း ဘေးမှာ၀င်ရပ်ကာ သူ့လိုပင် ကောင်းကင်ဆီ ငေးမောသည်။

"ဒီည ကြယ်မစုံဘူးပဲ"

"မင်းရော မအိပ်သေးဘူးလား ဘာလို့ထွက်လာတာလဲ အေးကအေးနဲ့ကို"

"ကျွန်တော်လည်း အိပ်မပျော်လို့"

ထို့နောက် နှစ်ဦးစလုံးတိတ်ဆိတ်သွားကြပြန်သည်။ အတွေးကိုယ်စီဖြင့် ငေးမောနေရင်း အတန်ကြာမှ ရှောင်ဟိုင့်ဆီက စကားသံထွက်လာသည်။

"အစ်ကိုကြီး ကျန့်ကျန့်ကို ဘယ်တော့မှဖွင့်ပြောမှာလဲ"

"ငါစိုးရိမ်နေတယ်... သူမုန်းသွားမှာကို..."

သူ့အပေါ် ဘယ်လိုသဘောထားသည်ဆိုတာ ဖွင့်ဟချင်သော်လည်း မုန်းသွားမှာကြောက်နေမိသည်။ အရာအားလုံးမှတ်မိချိန်မှာ မုန်းသွားလျှင်လည်းရင်ဆိုင်မည်ဟု သဘောပိုက်ခဲ့သော်ငြား လက်တွေ့မှာတော့ စိုးရိမ်စိတ်လေးက၀င်မိပြန်သည်။

"ကျွန်တော်ကတော့ အစ်ကိုကြီးတို့ကို ဒီ့ထက်ပိုပြီး မေ၀းစေချင်တော့ဘူး"

ရှောင်ဟိုင်၏ရင်တွင်းစကားအဆုံးမှာ စကားသံတို့ ပြန်လည်တိတ်ဆိတ်သွားကာ သက်ပြင်းချသံတို့သာကြီးစိုးလာသည်။

လေပြည်သည်လည်း ညင်သာစွာတိုက်ခတ်နေဆဲ။ ကြယ်ပွင့်ငယ်တို့သည်လည်း တိမ်ဖုံးနေဆဲ။ လမ်းပြကြယ်လေးကလည်း သူ့တာ၀န်ကို ထမ်းဆောင်နေဆဲပင်။

::::::::::::::::::::::::::::::

ရှောင်းကျန့်ဟာ ဘော့ပင်တစ်ချောင်းကိုင်ရင်း သူ့အိပ်မက်များအကြောင်း စာအုပ်ထဲမှာအကြမ်းဖျဉ်းချရေးလိုက်သည်။

တစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။ အခါခါမက်နေပြီး တစ်ခုနှင့်တစ်ခုကလည်း အဆက်အစပ်ရှိသလိုလို မရှိသလိုလိုနှင့် ေ၀ခွဲရခက်နေသည်။

သို့သော်လည်း အဆက်အစပ်ရှိမည်ဆိုတာ မသိစိတ်ကသတိပေးနေသည်။ ပထမတစ်ခါက ပြတိုက်မှာပန်းချီကားအသစ်ရောက်သည့်နေ့။

ထိုနေ့မှာပင် အိပ်မက်ထဲတွင် ပန်းချီကားနှင့် အလားသဏ္ဍာန်တူသောနေရာတစ်ခုဆီ ရောက်သွားခဲ့သည်။ ၎င်းသည်ကား မက်မွန်ပန်းဥယျာဉ်။

ဟုတ်သည်။ ပင်လုံးကျွတ်မျှပွင့်နေသော မက်မွန်ပွင့်တို့ဖြင့် လှပနေသည့် ပန်းဥယျာဉ်ကြီးထဲရှိ လူနှစ်ယောက်အနက် တစ်ယောက်က သူနှင့်ချွတ်စွပ်တူနေခဲ့သည်လေ။

သို့သော်လည်း နောက်တစ်ယောက်၏ မျက်နှာကို သူမမှတ်မိပေ။ မှတ်မိသည်က ရိပေါ်ဟူသော တစ်စုံတစ်ယောက်နှင့်တူနေသောအမည်။

ပြန်လည်တွေးတောနေစဉ်မှာပင် အလုပ်ပင်ပန်းထားတာတွေကြောင့် မျက်ခွံတို့ကလေးလံလာသည်။ အတင်းဖွင့်မည်ကြံသော်လည်း ခေတ္တခဏမျှသာ။

ထို့ကြောင့် ရေးလက်စဒိုင်ယာရီစာအုပ်လေးပိတ်၊ စာကြည့်မီးအိမ်လေးမှိတ်ကာ အိပ်စက်ခြင်းဆီ တိုး၀င်ခဲ့တော့သည်။ မကြာခင်တော့ ထိုအိပ်မက်တွေကို ဆက်စပ်လို့ရကောင်းရနိုင်ပါရဲ့လေ။

::::::::::::::::::::::::::::::

[ရက်အနည်းငယ်ကြာသော်]

ရှောင်းကျန့် ရိုက်ကွင်းကိုရောက်ချိန်မှာ ရိပေါ်တို့ညီအစ်ကိုကမရောက်လာသေး။ အင်တာဗျူးလုပ်ရန် ကြိုတင်ချိန်းဆိုထားသော သတင်းဌာနတစ်ခုမှ တာ၀န်ရှိသူကတော့ ရောက်နေလေပြီ။

ဒါရိုက်တာနှင့် အခြားသူတွေကို ရိုက်ကူးရေးနှင့်ပတ်သတ်သည့် အကြောင်းအရာများမေးမြန်းသည်မို့ ရှောင်းကျန့်လည်းအ၀တ်လဲခန်းဆီသာ တန်းကာလျှောက်သွားလိုက်သည်။

ရိပေါ်တို့ရောက်လာချိန်မှာတော့ ရှောင်းကျန့်က သွေးပူလေ့ကျင့်ခန်း လုပ်နေလေသည်။ ဇာတ်လမ်းအရ ရိုက်ကူးမည့်scene က ရေကူးကန်မှာ။

ဇာတ်လမ်းအရအချိန်ကာလက သိပ်မအေးလှဘူးဆိုသော်လည်း လက်ရှိကတော့ အတော်အေးနေသောကာလမို့ ချွေးထွက်အောင်လုပ်နေတာဖြစ်သည်။ သို့သော်လည်းအချမ်းမပြေနိုင်သေး။

ရိပေါ်က အခန်း၀မှာရပ်ကာ ရှောင်းကျန့်ကို ငေးကြည့်နေသည်။ ဘယ်လောက်ကြာအောင်ကြည့်ကြည့်၊ ဘယ်လိုပင်ကြည့်ကြည့် ရိုးအီမသွားဘဲ ပိုမိုမြတ်နိုးစရာကောင်းလောက်အောင် ပြီးပြည့်စုံနေသောထိုလူသားကို သူ၏အသက်တမျှမြတ်နိုးရသည်သာ။

"ရိပေါ်ရေ လေမှုတ်သွင်းပေးတဲ့နေရာက ဟန်လေးပဲလုပ်ရင်ရတယ်နော်"

"ကင်မရာလွှဲရိုက်မှာလား"

"အင်း... ပြင်ထားတော့ ခဏနေရင်စမယ်"

"ဟုတ်ကဲ့ အစ်ကို"

ရိပေါ်ခေါင်းညိတ်ရင်းဖြေတော့ ဖူကျင်းယန်က ပခုံးကိုအသာပုတ်ကာ ရိုက်ကူးရေးလုပ်မည့်နေရာကို လျှောက်သွားတော့သည်။ရိပေါ်လည်း ရှောင်းကျန့်ရှိရာသို့ လျှောက်သွားကာ ရိုက်ကူးရေးစတော့မည်ဖြစ်ကြောင်း အသိပေးလိုက်တော့ ချမ်းချမ်းစီးစီး ရေကူးရမည်မို့ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေတော့သည်။


အဲဒီ့နောက်ရုတ်တရက် ရိပေါ်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်မို့ ကြောင်အမ်းသွားစဉ်မှာပင် နွေးထွေးသောစီးကြောင်းလေးတစ်ခု ခန္ဓာကိုယ်အတွင်းပျံ့နှံ့လာသည်မို့ အံ့သြသွားရသည်။

တောင်ပေါ်တက်တုန်းကလည်း သတိထားမိခဲ့သော်ငြား စိတ်ထဲသိပ်ပြီး ထွေထွေထူးထူး မတွေးမိပေ။ အခုတော့ သေသေချာချာကို သတိထားလိုက်မိသည်။

"သခင်လေး၀မ်... ဒါက......"

"ရှူး.... တိတ်တိတ်နေ ရေထဲဆင်းရင် သိပ်မအေးအောင်လုပ်ပေးနေတာ"

ရိပေါ်က သူမေးမှာကိုကြိုသိနေသည့်အလား စကားကိုဖြတ်ချသည်မို့ ရှောင်းကျန့်လည်း ထပ်မမေးတော့ပေ။ သို့သော်လည်း စိတ်ထဲမှာတော့ အတော်ထူးဆန်းနေလေသည်။

သခင်လေး၀မ်... ခင်ဗျားကတစ်ကယ်ပဲ ဘယ်သူများလဲ...။

::::::::::::::::::::::::::::::

[Love Knot]

"ခင်ဗျားကရောက်တောင်နေပြီပဲ"

ပိုင်စစ်ယွမ်၏ နှုတ်ဆက်စကားကိုကြားတော့ ကျင်းယွမ်ရှင်းက လှည့်ကြည့်ရင်းပြုံးသည်။ ထိုကျောင်းဆရာလေးနှင့် သူသိခဲ့တာသိပ်မကြာသေးသော်လည်း ခင်ဖို့ကောင်းသည်။

ကျောင်းဆရာဆိုသည့်အတိုင်းပင်။ ဉာဏ်ထက်မြက်ကာ စာအသင်အပြလည်းတော်သည်။ ကျင်းယွမ်ရှင်းတစ်ယောက် ပက်လက်ကုလားထိုင်တွင် လှဲနေရာမှထိုင်လိုက်သည်။

"မျက်မှန်မပါတော့ဘူးပဲ"

"အင်း... မျက်မှန်က စာကြည့်မှလိုတာလေ အ၀တ်သွားလဲလိုက်ဦးမယ်"

ပိုင်စစ်ယွမ်ပြောပြီးသည့်နောက် အခန်းတစ်ခုထဲ၀င်မည့်ဟန်ပြင်တော့ ယွမ်ရှင်းကခေါင်းညိတ်ပြလိုက်သည်။ သူကတော့ စောစောကတည်းက ရေကူးရန်အသင့်ဖြစ်နေလေပြီ။

ယခုသူတို့ရောက်နေသည်က ရေကူးကန်တစ်ခုမှာ။ သူကအလုပ်အားသည့်ရက်ဆိုလျှင် စာကြည့်တိုက်သွားသည်။ သို့မဟုတ် member ၀င်ထားသည့် သည်နေရာမှာ ရေလာကူးသည်။

ထို့ကြောင့် ခင်မင်ပြီးနောက်ပိုင်း မုရှောင်ချင်းကိုလည်း member၀င်ရန် တိုက်တွန်းဖြစ်သည်။ သည်နေ့က သူတို့နှစ်ယောက် ရေကူးပြိုင်ရန် ချိန်းဆိုထားသောနေ့ဖြစ်သည်။ အဆင်သင့်စွာပင် အခြားအသင်း၀င်များလည်း သိပ်မရှိနေပါချေ။

ခဏကြာတော့ ပိုင်စစ်ယွမ်က ရေကူး၀တ်စုံဖြင့် ပြန်ထွက်လာပြီး သွေးပူလေ့ကျင့်ခန်းလုပ်သည်။ ခဏနေတော့ ကျင်းယွမ်ရှင်းက အတွေးစတို့ကို စုစည်းရင်းခုံမှထရပ်ကာ ရေကူးကန်အစပ်သို့ လျှောက်သွားလိုက်သည်။

"အသင့်ပဲလား..."

"အင်း..."

ခေါင်းညိတ်ဖြေသံအဆုံးမှာ နှစ်ဦးစလုံး ရေကန်ထဲခုန်ချလိုက်သည်။ သူ့လိုပြေးလွှားလှုပ်ရှားနေရသော နိုင်ငံ့၀န်ထမ်းတစ်ယောက်အတွက်တော့ ရေကူးခြင်းဟာလည်း အားကစားတစ်မျိုးပင်မဟုတ်ပါလား။

နှစ်ဦးသား သူနိုင်ကိုယ်နိုင်အပြိုင်ကူးနေကြရင်း ကျင်းယွမ်ရှင်းတစ်ယောက် ရေကန်အစပ်ရောက်တော့ ဘေးမှာမုရှောင်ချင်း မပါလာတာကို သတိထားလိုက်မိပြီး လှည့်ကြည့်လိုက်သည်။

ထိုအခါ သူမြင်လိုက်ရသည်က ရေကူးကန်အလယ်လောက်တွင် ယက်ကန်ယက်ကန်ဖြင့် ရေနစ်နေသူ။ ကမန်းကတမ်းပင် ထိုနေရာဆီကူးသွားပြီးနောက် စစ်ယွမ်ကိုရေကူးကန်အစပ်ဆီတွဲခေါ်သွားရသည်။

"ရှောင်ချင်း... မုရှောင်ချင်း..."

ရေကန်ဘောင်ပေါ်တင်လိုက်ပြီးနောက် သတိလစ်နေပြီဖြစ်သောပိုင်စစ်ယွမ်၏ ပါးကိုပုတ်ကာနှိုးသော်လည်း မနိုးလာပေ။ သည်တော့ ၀ဲဘက်ရင်အုံပေါ် လက်ဖြင့်ဖိရင်းနှလုံးခုန်အောင်လုပ်သည်။

သို့သော်လည်း သတိမလည်သေးတာမို့ မတတ်နိုင်သည့်အဆုံး နှာခေါင်းကိုညှစ်ကာ ပါးစပ်မှတစ်ဆင့် လေမှုတ်သွင်းရတော့သည်။

ိုထိုအခါမှ ချောင်းဆိုးသံနှင့်အတူ သတိပြန်ရလာတာမို့ ရေတွေအကုန်ပြန်အန်ထွက်စေရန် ကျောကုန်းကို ဖိနှိပ်ပေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ"

"ခြေထောက်ကြွက်တက်သွားတာ"

"နာနေသေးလား"

ယွမ်ရှင်းက ပါးစပ်ကလည်းမေးရင်း လက်ကလည်း ခြေထောက်ရှိရာဆီရောက်သွားကာ ပြေစေလိုပြေစေငြား နှိပ်ပေးလိုက်သည်။ ထို့နောက်မှာတော့ ခုံတန်းရှိရာဆီ တွဲကာလျှောက်စေလိုက်သည်။

တဘတ်တစ်ထည်ကို ကမ်းပေးလိုက်တော့ ပိုင်စစ်ယွမ်လည်း ကျေးဇူးတင်ကြောင်းပြောကာ ယူပြီးခေါင်းကိုသုတ်လိုက်သည်။

ကျင်းယွမ်ရှင်း၏အနီးသို့ စတင်ချဉ်းကပ်ခဲ့သည်က လုပ်ကြံရန်ဆိုသော်လည်း ယခုတော့ သူမလုပ်ချင်တော့ပေ။ ယခင်မစ်ရှင်တွေတုန်းက ပေးသည့်တာ၀န်ကို ပြီးမြောက်အောင်လုပ်ခဲ့သမျှ ယခုကျမှဘယ်လိုဖြစ်နေသည်မသိ။

"စိတ်ညစ်စရာတွေ ရှိနေလို့လား"

"အင်း နည်းနည်း..."

သူ့သက်ပြင်းချသံအဆုံးမှာ အမေးစကားသံထွက်လာတော့ ပိုင်စစ်ယွမ်က ခေါင်းညိတ်လိုက်သည်။ တာ၀န်ကိုပြီးမြောက်အောင် လုပ်ရမည်ဆိုသော်လည်း မသိစိတ်ကမလုပ်ဖို့ရာ တားမြစ်နေသည်။

သူဘယ်လိုဆက်လုပ်ရမည် မသိတော့ပါ။ မစ်ရှင်ကိုငြင်းပယ်လု့ိလည်းမရ။ အဖွဲ့ခေါင်းဆောင်က သူမလုပ်လျှင် အခြားတစ်ယောက်ကိုထပ်မံစေလွှတ်မည်မှာ မလွဲဧကန်ပင်။

"ကျွန်တော်တို့ ပြန်ရအောင်"

စစ်ယွမ်ထရပ်လိုက်တော့ ယွမ်ရှင်းလည်းခေါင်းညိတ်ကာ အ၀တ်အစားတွေပြန်သွား၀တ်ဖို့ ဟန်ပြင်လိုက်သည်။

"ok... cut"

သရုပ်ဆောင်နေခြင်းရပ်တန့်ရန် ခွင့်ပြုသံကြားရပြီးနောက် ရှောင်းကျန့်တစ်ယောက် ထိုနေရာမှအမြန်ဆုံးထွက်လာခဲ့သည်။ သူ့ဦးတည်ရာက အ၀တ်လဲခန်းဆီသို့။

ရိပေါ်က အနောက်မှအမြန်လိုက်လာသည်မို့ ရှောင်းကျန့်က မျက်နှာနီနီဖြင့်လှည့်ကြည့်သည်။ ဟုတ်ပါသည်။ ရှောင်းကျန့်၏မျက်နှာ နီစွေးနေခဲ့လေသည်။နှုတ်ခမ်းချင်းအပ်ကာ လေမှုတ်သွင်းသည့်နေရာတွင် ကင်မရာက သရုပ်ဆောင်နေသူနှစ်ဦးကို အနီးကပ်ရိုက်သည်မဟုတ်တာမို့ ဟန်လေးသာလုပ်လျှင်ရပါသည်။

ဇာတ်ညွှန်းဖတ်စဉ်ကလည်း ဟန်ပြလေးပဲလုပ်မည်ထင်ထားတာကြောင့် ထွေထွေထူးထူးမမေးဖြစ်ခဲ့ပါ။ သရုပ်ဆောင်ပြီလဲဆိုရော မောင်မင်းကြီးသား၀မ်ရိပေါ်က သူ့နှုတ်ခမ်းကို တစ်ကယ်ကြီးထိလိုက်သည်။

ဒါဟာသူ့အတွက် ပထမဆုံးအကြိမ် သူစိမ်းတစ်ဦးနှင့် ထိတွေ့ခြင်းပင်။ ပြီးတော့ မိန်းကလေးတောင်မဟုတ်။ သူ့လိုပင် ယောကျ်ားလေးတစ်ယောက်။

အား... သေလိုက်စမ်း ရှောင်းကျန့်ရာ။

သူတစ်ယောက်ထဲ အတွေးတွေများနေစဉ်မှာပင် ရိပေါ်က အခန်းထဲသို့ ပြုံးတုံ့တုံ့မျက်နှာဖြင့် ၀င်လာလေသည်။

"အဟမ်း... အ၀တ်တွေ မ၀တ်သေးဘူးလား အအေးပတ်တော့မယ်"

ရိပေါ်ပြောလိုက်တော့မှ ရှောင်းကျန့်လည်း ယခုအချိန်ထိ ရေကူးဘောင်းဘီတိုလေးနှင့် ရှိနေဆဲဆိုတာ သတိရသွားသည်။ ရိပေါ်၏ မျက်လုံးတွေကတော့ ခပ်သွယ်သွယ်ခါးလေး၏ အနီးအနားတစ်၀ိုက်မှာသာ။

ရှောင်းကျန့်တစ်ယောက် ရေစိုနေသောဘောင်းဘီကိုလဲချင်သော်လည်း အနားမှာရိပေါ်ရှိနေသည်မို့ အခက်ေတွေ့နေသည်။

ရိပေါ်လည်း ပြောရခက်ခက်နှင့် ရှက်နေပုံရသောရှောင်းကျန့်ကို စိမ်ပြေနပြေကြည့်ကာ စနောက်ချင်သေးသော်လည်း အအေးပတ်နေမည်စိုးတာကြောင့် အခန်းအပြင်သို့သာ ထွက်လာခဲ့လိုက်ပါသည်။

အခန်းအပြင်ထွက်သွားသောရိပေါ်ကို ခဏမျှလှည့်ကြည့်ပြီးနောက်မှာ ရှောင်းကျန့်က ရေစိုအ၀တ်တွေကို ခပ်မြန်မြန်လဲလိုက်သည်။ ထို့နောက်တဘတ်တစ်ထည်ယူကာ ခေါင်းကိုသုတ်ရင်း အခန်းထဲမှထွက်လာခဲ့တော့သည်။

ရှောင်းကျန့်အခန်းအပြင်ရောက်တော့ ရိပေါ်က ဒါရိုက်တာဖြစ်သူနှင့် စကားပြောနေသည်ကို တွေ့လိုက်သည်။ ဘယ်နေရာမှာ အ၀တ်သွားလဲလိုက်သည်မသိ။ ခြောက်သွေ့နေပြီဖြစ်သောအ၀တ်တွေက ရေကူးဘောင်းဘီအစား နေရာယူနေခဲ့ပြီ။

ရှောင်းကျန့်ကြည့်နေစဉ်မှာပင် ဒါရိုက်တာက ရိပေါ်၏ပခုံးကိုပုတ်ကာ အခြားသူတွေရှိရာဆီလျှောက်သွားပြီး ရိပေါ်ကတော့ သူ့အနားကို လျှောက်လာသည်။ သူ့စိတ်ထဲမှာတော့ ယောက်ယက်ခတ်နေမိသည်။

မတော်တဆလား။ ဇာတ်ရှိန်တက်အောင် တမင်လုပ်တာလား။ ဘာပဲဖြစ်ဖြစ် ဒါကနမ်းတာမဟုတ်ဘူးလေ။ အသက်ကယ်ဖို့ လေမှုတ်သွင်းတာပဲဟာ။ ငါကဘာဖြစ်နေတာလဲ။

"ဒါရိုက်တာကပြောတယ်..."

"အင်း... ဘာ... ဘာတဲ့လဲ..."

"ရိုက်လိုက်တဲ့အထဲမှာတော့ အနီးကပ်မဟုတ်တော့ကိစ္စမရှိဘူးတဲ့ ဒါပေမယ့်ဖုန်းနဲ့ရိုက်ထားမိတဲ့သူတွေရှိရင် အပြင်ကိုမပျံ့ဖို့ တားလိုက်မယ်တ့ဲ ပြီးတော့ နောက်scene အတွက် နေရာရွှေ့ရမယ်"

"အင်း... သွား... သွား... နှင့်မယ်"

ရှောင်းကျန့်ကပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့ပစ္စည်းတွေကိုယူကာ သွားမည်ကြံတော့ ကျင်းဖန်ကကူညီပေးလိုက်သည်။

ရိပေါ် တစ်ခုခုပြောရန် ဟန်ပြင်လိုက်ပြီးမှ မပြောဘဲနေလိုက်သည်။ ရှောင်းကျန့်ကိုကြည့်ရသလောက် သူလုပ်လိုက်မိသည့် ကိစ္စအတွက် အတော်လေးတုန်လှုပ်သွားခဲ့ပုံရသည်။

ဒီလိုပုံစံနဲ့ ဟိုအရင်က ဖြစ်ခဲ့တဲ့အကြောင်းအရာအားလုံး မင်းကိုပြန်သိစေလို့ ဖြစ်ပါ့မလား ကိုယ်တွေးနေမိပြီ ထောင်ဟွားရယ်။ ရိပေါ်ရင်မောစွာပင် သက်ပြင်းရှိုက်လိုက်မိတော့သည်။

::::::::::::::::::::::::::::::