Chapter 317
(Extra 4)
ယွမ်ရှက စိတ်မပူပေ။ ဤလူသုံးယောက်ကြားတွင် မည်သည့်အချစ်ကိစ္စမှ မဆက်နွယ်သေးသော်လည်း အနာဂတ်တွင် အနည်းဆုံး ဆယ်နှစ်မျှကျန်သေးပေသည်။ ထို့အပြင် ဝမ်လေးမှာ ဝတ္ထုထဲကလို ခက်ခဲကြမ်းတမ်းမှုတို့ မကြုံရတော့ပေ။ သူမက ဝတ္ထု ဇာတ်ကြောင်းကို စိတ်မပူပေ။ အကယ်၍ စိတ်ပူပါလျှင်လည်း ဘာမှမဟုတ်သည့်အရာကို စိတ်ပူသလိုသာဖြစ်ပေမည်။ သူမက ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရာတွင် အတော်ဆုံးဖြစ်သည်။ ရှုယွီချွန်နှင့် ဝတ္ထုဇာတ်ကြောင်းကို ဘေးပို့ရန် သိပ်မကြာလိုက်ပေ။
စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့က သူမပုံမှန်ပြန်ဖြစ်သွားကြောင်းမြင်လိုက်ရသည်။ သူမဘာကြောင့် စိတ်ပျက်နေရသလဲမသိသော်လည်း သူမပြန်လည်ပျော်ရွှင်လာပြီဖြစ်၍ အများကြီး ဂရုမစိုက်တော့ပေ။ ပွင့်ပွင်လင်းလင်းပြောရလျှင် သူတို့က ယွမ်ရှ၏ အမူအယာများကို သဲလွန်စမကောက်တတ်တော့ခြင်းသာဖြစ်သည်။
အားလပ်ရက်များပြီးဆုံးပြီးနောက်တွင် စုန့်ထင်ရှန်းက ဝမ်လေးအတွက် အခြားအိပ်ခန်းတစ်ခုကိုရှင်းပေးပြီး အခန်းရွှေ့ပေးလိုက်သည်။ သူက ဝမ်လေးကို ယွမ်ရှအခန်းထဲမှ ကန်ထုတ်လိုက်ပြီးနောက် သူ၏ခေါင်းအုံးကိုယူကာ မာစတာအိပ်ခန်းထဲကို ဝံ့ဝံ့ကြွားကြွားဝင်သွားခဲ့လေသည်။
တစ်ခါတစ်ရံတွင် ဝမ်လေးက ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး မာစတာအိပ်ခန်းထဲလာအိပ်ချိန်များရှိသော်လည်း စုန့်ထင်ရှန်းအတွက် အဆင်ပြေနေဆဲသာဖြစ်သည်။ အနည်းဆုံး သူယွမ်ရှဘေးတွင် ညတိုင်းအိပ်ခွင့်ရသည်။
ယနေ့ညတွင် ဝမ်လေးက သူ့မိဘများနှင့်အတူ အိပ်ချင်နေသည်။ ရေချိုးပြီးနောက်တွင် အိပ်ရာကြီးအလယ်တွင်သခင်လေးတစ်ပါးလို မိန့်မိန့်ကြီး လှဲနေလေသည်။
ယွမ်ရှက သူ့ကိုမတားပေ။ ဝမ်လေးအနားတွင်ရှိသည့်နေ့များတွင် သူမ အနားရပြီး ထိုနေ့များတွင် မိုးလင်းသည်အထိ အေးဆေးအိပ်ခွင့်ရလေသည်။
စုန့်ထင်ရှန်းက တဘက်တစ်ခုသာခါးတွင်ပတ်ထားပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ဝမ်လေးကိုမြင်သည်နှင့် ဆွံ့အသွားလေသည်။
"မင်း မနေ့ညကပဲ အတူတူအိပ်ထားတာလေ.. စုန့်ရုယန် ပါပါးတို့ တစ်ပတ်တစ်ခါပဲအတူအိပ်မယ်လို့ သဘောတူထားတယ်လေ..."
ယွမ်ရှက ၎င်းကိုကြားပြီး စုန့်ထင်ရှန်းလိုလိုက်ပြောလေသည်။
"ကျွန်မတို့လည်း တစ်ပတ်မှနှစ်ခါတည်းလို့ သဘောတူထားတယ်လေ..."
နှစ်ယောက်စလုံးက စကားမတည်ကြသည့်လူများဖြစ်ကြပြီး သားအဖပီသကြပေသည်။
ဝမ်လေးက ငြင်းဆန်လေသည်။
"သားမမှတ်မိတော့ဘူး... သားက စာချုပ်ချုပ်ထားတာလည်းမရှိဘူးလေ..."
ဝမ်လေးတွင် စီးပွားရေးစိတ်ဓာတ်ရှိသည်ဟု ပြောရမည်။အပြောအဆိုက ချောမွေ့နေပြီး လက်မှတ်ထိုးထားသည့် စာချုပ်ကသာ အလုပ်ဖြစ်မည်ဟု ပြောနေသလိုပင်။
စုန့်ထင်ရှန်းက သက်ပြင်းချလိုက်သည်။
"ယောက်ျားတစ်ယောက်အနေနဲ့ စာချုပ်ပေါ်လက်မှတ်မထိုးထားရင်တောင် ကိုယ့်စကားကိုယ်တည်ရတယ်ကွ..."
ယွမ်ရှက အတော်လေးအူမြူးသွားပြီး ရယ်ချင်သွားသော်လည်း အောင့်ထားလိုက်ရသည်။ ဤသည်က သူတို့၏သားကို သင်ကြားပေးနေသည့် လေးနက်သော အချိန်ဖြစ်သည်။
ဝမ်လေးက သေချာတွေးတောပြီးပြန်ပြောလာသည်။
"ယောက်ျားတစ်ယောက်ဖြစ်ရတာ အရမ်းပင်ပန်းတာပဲ... မိန်းကလေးဖြစ်တာမှ ပိုလွယ်ဦးမယ်...."
ယောက်ျားတစ်ယောက်အနေဖြင့် ဟိုဟာလုပ်ရမည် သည်ဟာလုပ်ရည်ဟူ၍ ကန့်သတ်ချက်များရှိနေသည်။
စုန့်ထင်ရှန်းက သရော်လိုက်သည်။
"သားအခုထိနားမလည်သေးဘူးပဲ... ဒီလူ့ပတ်ဝန်းကျင်မှာ မိန်းကလေးတွေကလည်း ယောက်ျားလေးတွေထက် လွယ်ကူမနေဘူး... သူတို့ရဲ့ဘဝက ပိုတောင်ပင်ပန်းဦးမှာ..."
ယွမ်ရှက ထိုစကားများကို အတော်လေးသဘောတူ၍ ခေါင်းငြိမ့်ပြလိုက်သည်။
"သားပါပါးပြောတာမှန်တယ်...မိန်းကလေးတွေကလည်း ယောက်ျားလေး တွေထက် မလွယ်ကူဘူး... သားက မိန်းကလေးမဟုတ်တော့ ကွာခြားချက်ကိုသိမှာ မဟုတ်ဘူးလေ..."
ဝမ်လေး သက်ပြင်းချလိုက်သည်။
"ဒါဆို မာမားတို့ပြောပုံအရ ယောက်ျားလေးဖြစ်တာရော မိန်းကလေးဖြစ်တာရောက မလွယ်ဘူးဆိုမှတော့ သား လူတောင်မဖြစ်ချင်တော့ဘူး..."
စုန့်ထင်ရှန်းနှင့်ယွမ်ရှက သူတို့သား၏တွေးခေါ်ပုံကြောင့် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"ဒါဆိုသားက ဘာဖြစ်ချင်တာလဲ..."
ယွမ်ရှ မေးလိုက်သည်။
"ခွေး...."
ဝမ်လေးက ပြန်ဖြေသည်။
စုန့်ထင်ရှန်း "...."
ဝမ်လေးက ခေါင်းခါလိုက်သည်။
"ထားလိုက်ပါတော့ သားခွေးလည်း မဖြစ်ချကင်တော့ပါဘူး...ခွေးဆိုတာက ဟိုဟိုသည်သည်ပတ်ပြေးပြီး အိမ်ကိုအချိန်တိုင်းစောင့်ရှောက်ပေးရတာ...အဲ့လိုလည်းမလုပ်ချင်ဘူး..."
အသေအချာစဉ်းစားပြီးနောက်တွင် ဝမ်လေးက လူဖြစ်ရသည်မှာ ပိုကောင်းကြောင်း တွေးလိုက်မိသည်။ လူတစ်ယောက်အနေဖြင့် ကြက်တောင်ပံနှင့် ရေခဲမုန့်စား၍ရသည်။ ကာတွန်းကြည့်လို့ရသလို မိဘများဖြင့်လည်း အတူတူအိပ်၍ရသည်။
"သားလူပဲလုပ်ပါတော့မယ်... လူလုပ်ပိုကောင်းတယ်..."