အပိုင်း (၃၁၈) (Extra-5)
Viewers 34k

Chapter 318

(Extra 5)


သူက လူအဖြစ်ရွေးချယ်ပြီး ယောက်ျားလေးဖြစ်ရန်ရွေးချယ်လိုက်၍ကိုယ့်စကားကိုယ် တည်ရပေတော့မည်။ စုန့်ထင်ရှန်း၏ ဖိအားပေးနေသော မျက်လုံးများအောက်တွင် သူ့အခန်းထဲသူပြန်ဝင်သွားလိုက်သည်။


ဤသင်ခန်းစာ၏အနောက်ဘက်ရှိ ရည်ရွယ်ချက်များကို လျစ်လျူရှုထားရလျှင် ယွမ်ရှက စုန့်ထင်ရှန်း၏ သင်ကြားပေးမှုများက အလွန်ကောင်းကြောင်း ဝန်ခံရပေမည်။ စုန့်ထင်ရှန်း၏ တည်ရှိနေမှုနှင့်ဆို ဝမ်လေးလမ်းမှားရောက်မည်ကို စိတ်ပူစရာမလိုအပ်တော့ပေ။


သူတို့နှစ်ယောက်အတူ ကြိုးစား၍သင်ကြားပေးလျှင် ဝမ်လေးက ဗီလိန်ဖြစ်လာတော့မည်မဟုတ်ပေ။ ထိုသည်သာမက သူက အထူးတလှည်ကောင်းမွန်သည့် လူကောင်းတစ်ယောက်ဖြစ်လာမည်ဟု ယုံကြည်နေမိသည်။ ထို့ကြောင့် သူမအတော်လေး ယုံကြည်ချက်ရှိနေသည်။


သူတို့နှစ်ယောက်တည်းသာ အခန်းထဲတွင် ကျန်တော့သည့်အချိန်တွင် စုန့်ထင်ရှန်းက ကုတင်ပေါ်လှဲလိုက်ပြီး သူ့ဘေးရှိနေရာကို ပုတ်ပြလေသည်။

"ဒီကိုလာ...."


ယွမ်ရှက သူမမျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။

"ကျွန်မဖြင့် sknincare routineတောင်မလုပ်ရသေးဘူးလေ..."


စုန့်ထင်ရှန်းက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။

"နေ့တိုင်း မင်းမျက်နှာပေါ် အထပ်ထပ်ဖို့နေတာ... မင်းရဲ့အသားအရေတွေက အသက်ရောရှူနိုင်သေးရဲ့လား...."


"ရှင်ကရော ရှင့်မျက်နှာပေါ်ဘာမှမလိမ်းတာ... အသားအရေတွေ ခြောက်သွေ့မှာ မကြောက်ဘူးလား...."


ယွမ်ရှ ပြန်ပြောလိုက်သည်။ စုန့်ထင်ရှန်း၏အသားအရေက ဝက်အိုကြီးလိုဖြစ်ခါနီးမှ ခြေတစ်လှမ်းသာလိုတော့သည်။ ကောင်းပြီ သူမဝန်ခံပါသည်။ စုန့်ထင်ရှန်း၏အသားအရေက မနာလိုစရာအကောင်းဆုံးအသားအရေဖြစ်သည်။ စကင်ကဲပစ္စည်းများမလိမ်းလျှင်ပင် အတော်ကြီးကြည့်ကောင်းနေဆဲဖြစ်သည်။


လူနှစ်မျိုးရှိသည်။ တစ်မျိုးက စကင်ကဲနှင့်ပတ်သတ်၍ အထိမခံသူဖြစ်ပြီး တစ်ဆင့်မှမလွတ်အောင် လိုက်လုပ်သူဖြစ်သည်။ နောက်တစ်မျိုးက လိုးရှင်းပင်မလိမ်းဘဲ ရေဖြင့်သူမျက်နှာသစ်သူဖြစ်သည်။


မည်သို့ပင်ဆိုစေ ယွမ်ရှက စကင်ကဲပြီးသည်နှင့် အိပ်ရာပေါ် လိမ်လိမ်မာမာလေးတက်လိုက်တော့သည်။


အသေအချာတွေးပြီးနောက်တွင် စုန့်ထင်ရှန်းက ဝမ်လေးသူ့စကားသူတည်မည်ဟုမယုံ၍ အိပ်ရာပေါ်မှထကာ တံခါးပိတ်ပြီး သော့ပါချလိုက်သည်။


ယွမ်ရှက သူ့ကိုဆူပူလာသည်။

"အဲ့လိုလုပ်ဖို့လိုလို့လား... သော့တောင်ချလိုက်သေးတယ်..."


သူက ဘယ်လိုအဖေမျိုးလဲ... မသိတဲ့လူဆို သူခိုးကြောက်လို့ တံခါးပိတ်တယ်ထင်နေပါဦးမယ်...


စုန့်ထင်ရှန်းက လေးနက်စွာခေါင်းငြိမ့်လိုက်သည်။


"အရမ်းလိုအပ်တယ်... ဝမ်လေးက ခဏနေရင် ခိုးထွက်လာလိမ့်မယ်... သူကအဲ့လိုလုပ်နေကြလေ..."


ယွမ်ရှ "...."


အဖေတစ်ယောက်က သူ့သားကို နားအလည်ဆုံးဖြစ်သည်။ သူတို့ကုတင်ပေါ်လှဲပြီး စကားပြောနေကြချိန်တွင် တံခါးဝ၌အသံတစ်သံထွက်လာသည်။


ဝမ်လေးက ကော်ဇောပေါ်တွင်ခြေဗလာဖြင့် ရပ်နေသည်။ သူတံခါးကိုဖြေးဖြေးချင်းဖွင့်လေသည်။ သူ့မိဘများက အိပ်လောက်ပြီဖြစ်၍ သူတို့မသိခင် တိတ်တိတ်လေး အိပ်ရာပေါ်ခိုးတက်ရမည်ဖြစ်သည်။


စုန့်ထင်ရှန်းက ယွမ်ရှကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။


"တွေ့လား..."


ဝမ်လေးက တံခါးမဖွင့်နိုင်သော်လည်း သူ့မိဘများကို မနှိုးရဲပေ။ ယနေ့ညတွင် သော့ချထားသော တံခါးကို ပဟေဠိဖြစ်စွာကြည့်ပြီး သူ့အခန်းထဲသူပြန်အိပ်လေတော့သည်။


ယွမ်ရှက တံခါးတစ်ဖက်ရှိ သူမသားလေးဖြစ်နေမည်ပုံကို တွေးကြည့်ပြီးနှလုံးသားလေးပျော့ပြောင်းသွားရသည်။


"သူ့ကို ကျွန်မတို့နဲ့အတူအိပ်ခိုင်းလိုက်ပါ... သူက ငယ်ငယ်လေးရှိသေးတာလေ..."


"ဟင့်အင်း...."


စုန့်ထင်ရှန်း၏ သဘောထားက မပြောင်းလဲပေ။

"သူ့ကို လိုချင်တာမှန်သမျှပေးနေလို့မရဘူး...ကိုယ်တို့က သူ့မိဘတွေဖြစ်လို့ သူ့ကိုခွင့်လွှတ်သည်းခံပေးတယ်ဆိုပေမဲ့ အခြားလူတွေကတော့ အဲ့လိုလုပ်မှာမဟုတ်ဘူး...သူသာအခြားလူတွေကလည်း သူလိုချင်တာမှန်သမျှပေးပြီး သူ့ကိုသည်းခံမယ်လို့ ထင်သွားရင် ကမ္ဘာပေါ်မှာစိတ်အနှောင့်အယှက်ဖြစ်ဖို့ အကောင်းဆုံးလူဖြစ်သွားမှာ...  ပြီးတော့ သူက မငယ်တော့ပါဘူး... ငါးနှစ်တောင်ရှိပြီလေ...သူ့အရွယ်ကလေးတွေက ကိုယ့်ဘာသာအိပ်ပြီး ကိုယ့်ကိုယ်ကိုယ်မှီခိုနိုင်အောင် ကြိုးစားသင့်ပြီ.. ဒါမှ ကိုယ့်အတွက်ရော မင်းအတွက်ရောကောင်းမှာ..."


"ဟုတ်ပါပြီ ဟုတ်ပါပြီ...ရှင်ပြောသမျှမှန်ပါတယ်..."


သူမက ကလေးများကို သင်ကြားပြသပေးရာတွင် အရည်အချင်းမပြည့်သေးဆဲဖြစ်သည်။ သူမက အမေဖြစ်လာတာမကြာသေးသော်လည်း စုန့်ထင်ရှန်းက ဝမ်လေးမွေးကတည်းက အဖေနေရာကို ဖြေးဖြးချင်းယူလာသူဖြစ်သည်။ မည်သည့်ရှုထောင့်မှကြည့်ပါစေ သူက သူမထက်စာလျှင် ကလေးများကိုသင်ကြားပေးရာတွင် ပိုကောင်းလေသည်။