အပိုင်း (၃၁၉) (Extra-6)
Viewers 31k

Chapter 319

(Extra 6)


ဝမ်လေးက သတ္တိရှိသည်။ သူက တစ်ယောက်တည်းအိပ်ရန်မကြောက်ပါချေ။ အိပ်ရာပေါ်တွင်လှဲနေရင်း မျက်နှာကြက်ကိုကြည့်သာ သက်ပြင်းတွင်တွင်ချနေသည်။ သူ့ကိုယ်ပေါ်တွင် စောင်ကိုလွှမ်းခြုံလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားလေသည်။ 


ယွမ်ရှ၏ တစ်ယောက်တည်းအိပ်ရ၍ သူမသားလေး ကြောက်နေမည် အထီးကျန်နေမည်ဟူသောစိုးရိမ်မှုများက အလဟဿဖြစ်နေကြောင်း သိသာလှပေသည်။


ည၁၁နာရီတွင် စုန့်ထင်ရှန်းက တိတ်တိတ်လေးထပြီး ညအိပ်ဘောင်းဘီဝတ်လိုက်သည်။ ယွမ်ရှက ပင်ပန်းလွန်း၍အိပ်ပျော်သွားပြီဖြစ်သည်။ ဘေးဘက်ရှိအခန်းတံခါးကိုဖွင့်ကာ သူ့သား ဝမ်လေးကိုစောင်သေချာခြုံပေးလိုက်ကာ အိပ်ရာဘေးတွင်ထိုင်နေသည်။ သူ့သားအိပ်နေသည်ကို အကြာကြီးထိုင်ကြည့်ပြီးမှ မာစတာအိပ်ခန်းထဲပြန်ဝင်ကာ ယွမ်ရှကိုဖက်အိပ်လိုက်သည်။


***


ယွမ်ရှက နွေရာသီမရောက်မီသူမ၏ဆိုင်လေးကို ဖွင့်လိုက်သည်။ ဆိုင်လေးက စုန့်ကော်ပိုရေးရှင်းနားတွင်တည်ရှိသည်။ စုန့်ထင်ရှန်းက CEOဆိုသော အာဏာကိုသုံး၍ သူ့မိန်းမကိုထောက်ပံ့ပေးရန်အတွက် စီမံခန့်ခွဲရေးဌာနမှလူများကို ဝန်ထမ်းများအတွက် အချိုပွဲများက ယွမ်ရှဆိုင်မှသာဖြစ်ရမည်ဟုပြောခဲ့သည်။ စီမံခန့်ခွဲရေးဌာနမှလူများက ထိုအကြောင်းကိုတွေးထားပြီးသားဖြစ်ပြီး မိသားစုထဲမှငွေကို မိသားစုထဲမှလူများသာရရန်အတွက်လုပ်ပေးခြင်းက သဘာဝသာဖြစ်သည်။


စုန့်ကော်ပိုရေးရှင်းက ယွမ်ရှ၏အဓိက ဖောက်သည်ဖြစ်လာခဲ့သည်။ စုန့်ကော်ပိုရေးရှင်း၏ နေ့ခင်းလက်ဖက်ရည်သောက်ချိန်အတွက် အချိုပွဲများအားလုံးက ယွမ်ရှ၏ဆိုင်မှသာဖြစ်သည်။ စုန့်ထင်ရှန်းက သူ့မိန်းမကိုထောက်ပံ့ရန်သူ၏ စွမ်းအင်အကုန်ထုတ်သုံးနေသည်။


စုန့်ထင်ရှန်းနှင့်အတူ ဈေးကွက်ကို အတူလေ့လာပြီး၍ ယွမ်ရှက အွန်လိုင်းကြော်ငြာများအတွက် ငွေပေးချေခဲ့သည်။ သူမ၏ဆိုင်လေးကိုကြော်ငြာရန် food bloggerများကိုပင် ခန့်လိုက်သေးသည်။ အကျိုးရလဒ်က အံ့မခန်းပင်။ ယွမ်ရှက အရေးအကြီးဆုံးအရာက ကိတ်အရသာများဖြစ်ပြီး အချိုပွဲများက အဓိကဟုတွေးခဲ့သည်။ မဟုတ်ပါက တစ်စုံတစ်ယောက်က သူမဆိုင်ကိုလာမြည်းစမ်းပြီး လာစားရန်မထိုက်တန်ဟုထင်သွားပါက သူမ၏အားထုတ်မှုများအားလုံး အလဿဖြစ်သွားပေမည်။


အချိုပွဲများ၏အရသာကကောင်းပြီး ပတ်ဝန်းကျင်ကလည်းကောင်းသည်။ တည်နေရာကလည်း လှနေသည်။ ထိုအရာများကြောင့် အွန်လိုင်းကြော်ငြာများကို နှစ်ဆမျှတက်လာစေပြီး ယွမ်ရှ၏ဆိုင်လေးက နာမည်ကြီးလာခဲ့သည်။


ဆိုင်လုပ်ငန်းပိုကောင်းလာသည်နှင့် ယွမ်ရှက ပိုမိုအလုပ်များလာသည်။ သူမက ဆိုင်လေးကိုနေ့တိုင်းနည်းပါးသွားနေရသည်။ ချင်ယွီ၏ကုမ္ပဏီက သူမကို အတောအလေးလွှမ်းမိုးမှုရှိသည်။ သူမက မုန့်ဖုတ်စားဖိုမှူးများနှင့် ဝန်ထမ်းများကို အကောင်းဆုံးဆက်ဆံလေသည်။သူမကိုယ်တိုင်လည်း ဝန်ထမ်းဖြစ်ဖူးလေသည်။ အလုပ်သမားတစ်ယောက်အတွက် အိပ်မက်အကြောင်းပြောသည်မှာ အဓိပ္ပါယ်မရှိသောအရာဖြစ်သည်။ လစာနှင့်အကျိုးရလဒ်များကို ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် သူမ၏ဝန်ထမ်းများ အလုပ်ကြိုးစားလျှင်ကြိုးစားသလောက် အကျိုးအမြတ်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းက လူတိုင်းအတွက် win-win အခြေအနေဖြစ်သည်။


စုန့်ထင်ရှန်းက သူအလုပ်ပါးချိန်တိုင်း သူမဆိုင်လေးကိုလာလည်သည်။ သူတို့က သူ့ကိုစုန့်ကော်ပိုရေးရှင်း၏ CEOမှန်းမသိကြပေ။ လူအများစုက နာမည်ကြီးCEOများကိုသာသိကြသည်။ သိုသိုသိပ်သိပ်နေတတ်သော စုန့်ထင်ရှန်းကို လူအများစုက မသိကြပေ။ သူတို့က အနီးအနားတွင်အလုပ်လုပ်နေသာ ဆိုင်ရှင်၏ယောက်ျားဟုသာ သိကြသည်။


ယနေ့တွင် စုန့်ထင်ရှန်းက နေ့လည်လက်ဖက်ရည်ချိန်တွင် ယွမ်ရှထံလာခဲ့သည်။ နှစ်ယောက်သားက ပြတင်းပေါက်ထောင့်နားတွင် ထိုင်နေကြသည်။


ယွမ်ရှက မေးလေးထောက်ရင်း ပျော်ပျော်ကြီးမှတ်ချက်ပြုလေသည်။


"ကျွန်မကိုယ်ကျွန်မ အတော်လေးကျေနပ်နေမိတယ်... စုန့်ကော်ပိုရေးရှင်းမှာဆိုရင် ကျွန်မကိုရှင့်ရဲ့ မိန်းမအဖြစ်ပဲသိကြတယ်လေ... မစ္စစုန့်ဆိုတာ ကျွန်မရဲ့ဂုဏ်ပုဒ်လေးပေါ့... ဒါပေမဲ့ ရှင်ကျွန်မဆိုင်ကိုလာရင် အလုပ်သမားတွေရဲ့စိတ်ထဲမှာ ရှင်ကယွမ်ရှရဲ့ယောက်ျားလို့ပဲသိကြတယ်လေ..."


ယွမ်ရှရဲ့ယောက်ျားတဲ့လား....


စုန့်ထင်ရှန်းက သူ၏ဂုဏ်ပုဒ်အသစ်လေးကိုသိလိုက်ရပြီး အတော်လေးသဘောကျနေသည်။