အပိုင်း (၃၂၀) (Extra-7)
Viewers 31k

Chapter 320 

(Extra 7)


ယွမ်ရှက မုန့်အသစ်လုပ်ရန်အတွက် မုန့်ဖုတ်ဆရာများဖြင့် ဆွေးနွေးနေသည်။ အကယ်၍ အချိုပွဲအသစ်ကိုသာ ကြေငြာနိုင်ပြီး အောင်အောင်မြင်မြင်ရောင်းချနိုင်ပါက ဆိုင်၏အမှတ်သင်္ကေတထုတ်ကုန်ဖြစ်သွားပေမည်။ 


ဥပမာအားဖြင့် ပဲနို့ပူကြက်ဥပေါင်းကြောင့်နာမည်ကြီးသောဆိုင် lave cakeကြောင့်နာမည်ကြီးသောဆိုင် အစရှိသဖြင့် ဆိုင်မျိုးစုံရှိသည်။ သူမ၏ဆိုင်လေးက လတ်တလောရေပန်းစားနေသည့် ဆိုင်ထဲတွင်ပါသော်လည်း အွန်လိုင်းပေါ်ဖြစ်စေ အပြင်တွင်ဖြစ်စေ ထိုကဲ့သို့ဆိုင်များစွာရှိနေသေးသည်။ သူမ၏ပန်းတိုင်ကိုရောက်ရန် အဝေးကြီးသွားရဦးမည်ဖြစ်သည်။ ကံကောင်းစွာဖြင့် သူမ၏ဆိုင်လေးက ဖွင့်တာမကြာသေးသော်လည်း အတော်လေးကောင်းမွန်သည့် ရလဒ်များရနေသည်။


ယွမ်ရှက စုန့်ထင်ရှန်းနှင့် ဆွေးနွေးတိုင်ပင်လေသည်။ အကယ်၍ သူအလုပ်ရှုပ်နေလျှင် သူမကမုန့်ဆိုင်တွင်စောင့်နေမည်ဖြစ်ပြီး သူ့ကုမ္ပဏီတွင်လည်း စောင့်နေလေ့ရှိသည်။သူမက သူမ၏ရည်ရွယ်ချက်ဖြစ်သည့် ဆီချွေတာလေးကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထို့အပြင် သူတို့တွင် သိသာသော ရလဒ်များလည်းရနေသေးသည်။


ယနေ့ယွမ်ရှက တစ်ယောက်တည်း အလုပ်စောသွားရသော်လည်း ညဘက်ကြလျှင်အတူပြန်ရန် သူ့ကိုစောင့်မည်ဟု ပြောထားခဲ့သည်။ ဆိုင်ထဲတွင် စားသုံးသူသိပ်မရှိဘဲ သူမလည်းလုပ်စရာအများကြီးမရှိ၍ အချိန်ဖြုန်းရန် အမျိုးသမီးဝန်ထမ်းမလေးများနှင့် စကားပြောနေလိုက်သည်။


ဆိုင်ဝန်ထမ်းအားလုံးက သူတို့ဘော့စ်ကိုသဘောကျကြသည်။ သူမက သူတို့ထက်သာသလို ပြုမူလေ့မရှိသလို အကျင့်စာရိတ္တနှင့် အပြုအမူတို့က ကောင်းမွန်းလေသည်။ ထပ်ပေါင်းပြောရလျှင် သူတို့၏ဘော့စ်က သူတို့ကိုအကျိုးအမြတ်ကောင်းကောင်းပေးသလို ကောင်းကောင်းလည်းဆက်ဆံပေးသည်။ လက်ရှိတွင် လူတိုင်းက အလုပ်လုပ်ရသည်ကိုပင်ပျော်နေပြီး ဆိုင်အတွင်းရှိလေထုက ကောင်းမွန်နေလျက်ရှိသည်။


"နင်တို့တွေ ဝေ့ပေါ်ပေါ်က သားဖွားမီးယပ်အထူးကုရဲ့ လက်ထပ်ခွင့်တောင်းခံရတာကို ကြည့်ပြီးပြီလား...."


ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။ သူမ၏အိတ်ကပ်ထဲမှဖုန်းကို ထုတ်ကာ ဒေါသထွက်နေသည့်အသံဖြင့် ထပ်ပြောလာသည်။


"ကလေးတစ်ယောက်ကိုမွေးဖို့က အရမ်းသတ္တိမွေးရတာ.... ဒါပေမဲ့ ကလေးတစ်ယောက်ကိုမွေးပြီးတာနဲ့မပြီးဘူးလေ... ဘာပဲဖြစ်ဖြစ်ပါ ငါဝေ့ပေါ်ကပို့စ်ကြောင့် အတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေတယ်..."


ဤမိန်းမငယ်လေးတစ်စုက လက်မထပ်ရသေးပေ။ ထို့ကြောင့် ခေါင်းစဉ်ကိုရောက်လာချိန်တွင် သူတို့၏အတွေးများကို စိတ်လှုပ်ရှားစွာပြောကြလေသည်။


"လူ့ပတ်ဝန်းကျင်ရဲ့ဖိအားက အခုအရမ်းကိုလေးလံနေတာ...ဘယ်သူက ကလေးယူရဲမှာလဲ... ကျူရှင်ဖိုးတင်နဲ့တင် အိမ်တစ်လုံးဝယ်လို့ရတယ်... ငါ့နှလုံးသားလေးကတော့ အိုင်း....ငါ့တစ်သက်လုံး မစားမသောက်ဘဲစုရင်တောင် ဒီမြို့ထဲမှာ အိမ်တစ်လုံးဝယ်နိုင်ပါ့မလားနော်..."

သူမ လက်ပေါ်မေးတင်လိုက်သည်။


"ငါ့မှာ အိမ်တောင်မရှိသေးဘဲ ကလေးယူဖို့ကို ဘယ်လိုလုပ်တွေးနိုင်မှာလဲ..."


လက်ထပ်ပြီးသလို ကလေးလည်းရှိသည့်တစ်ဦးတည်းသောလူ ယွမ်ရှက လက်ဖက်ရည်ခွက်သာကောက်ကိုင်လိုင်သည်။ သူမထိုခေါင်းစဉ်တွင် ဝင်ရောက်မဆွေးနွေးပေ။


"အစ်မရှ.. အစ်မနဲ့အစ်မယောက်ျားမှာ ဒုတိယကလေးယူဖို့ အစီအစဉ်ရှိလား..."


အလုပ်သမားတစ်ယောက် ရုတ်တရက်ထမေးလာသည်။


ကလေးတစ်ယောက်သာယူရမည်ဟူသော ဥပဒေကိုပြန်လည်ပြင်ဆင်ပြီးနောက်တွင် ကလေးတစ်ယောက်သာရှိသော မိသားစုများက အားလပ်ရက်များတွင် အမျိုးများက သူတို့ကို ကလေးထပ်မယူဘူးလားဟု မေးမြန်းကြလေ့ရှိသည်။ ယွမ်ရှနှင့် စုန့်ထင်ရှန်းကလည်း ချွင်းချက်မဟုတ်ပေ။ သူတို့ ယွမ်အိမ်သို့သွားတိုင်း မေမေယွမ်နှင့် ဖေဖေယွမ်တို့က အရိပ်အမြွက်ပြလေ့ရှိသည်။ ထိုအခါတွင် ယွမ်ရှက စကားလမ်းကြောင်းလွှဲပစ်လေ့ရှိသည်။


သူတို့ဝမ်လေးကိုခေါ်၍ ညခင်းပိုင်းလမ်းလျှောက်ထွက်ချိန်တွင် သူတို့၏အိမ်ရှေ့တွင် ဗိုက်ပူဖောင်းနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုတွေ့ရတတ်သည်။


 ယွမ်ရှနှင့် ဆက်ဆံရေးကောင်းသော မူကြိုဆရာမနှင့် အခြားမိဘများကလည်း သူမတို့ကို ထိုမေးခွနိးမေးကြသည်။ သူတို့၏ အကြောင်းအပြချက်က ရိုးရှင်းပါသည်။ သူတို့က ယွမ်ရှနှင့် သူမယောက်ျားတွင် နောက်ထပ်ကလေးယူရန် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုတို့ ရှိနေ၍ဖြစ်သည်။


စုန့်မိသားစုက အလွန်ချမ်းသာသည်။ ကလေးတစ်ယောက်ထပ်ယူ၍လည်း ငွေကြေးအခက်အခဲရှိမည်မဟုတ်ပေ။ သူတို့တွင် အိမ်၊ ကားနှင့် စုငွေများရှိသည်။ စုန့်ထင်ရှန်းက ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဘော့စ်ဖြစ်သည်။ နောက်ထပ်ကလေးတစ်ယောက်ယူရုံမက ကြိုက်သလောက်မွေး၍ရသေးပေသည်။ အလွန်မနာလိုဖြစ်စရာကောင်းလှသည်။


ယွမ်ရှက ပြုံးပြရင်းခေါင်းခါလိုက်သည်။

"အစီအစဉ်မရှိသေးပါဘူး...."


တစ်ယောက်ယောက်က ထိုခေါင်းစဉ်ကိုအစပျိုးလိုက်သည်နှင့် မိန်းမငယ်လေးများ၏စကားဝိုင်း ဆက်စပ်သွားရသည်။


"အစ်မရှက ရိုးရိုးမွေးခဲ့တာလား...."


ယွမ်ရှက အနည်းငယ်စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်လေ...."


"ရိုးရိုးမွေးတာ အရမ်းခက်တယ်ဆို... အစ်မဝမ်လေးကိုမွေးတုန်းက ရိုးရိုးမွေးတဲ့ နည်းပညာတွေက မတိုးတက်သေးဘူးမလား... ရိုးရိုးမွေးတာလောက်နာတာမရှိဘူးလို့ကြားဖူးတယ်..."


...


ယွမ်ရှက လုံးဝမသိပေ။ ဤခန္ဓာကိုယ်ပိုင်ရှင်ကသာ ကလေးမွေးခဲ့ပြီး သူက ကလေးမွေးရသည့် နာကျင်မှုကို မသိခဲ့ရလေရာ သူမက ဤကိစ္စကိုမည်သို့ ပြောပြရမလဲ မသိနေပေ။