အပိုင်း (၃၂၁) (Extra-8)
Viewers 34k

Chapter 321 

(Extra 8)


ညနေခြောက်နာရီမတိုင်ခင် စုန့်ထင်ရှန်းက သူမကိုလာခေါ်ခဲ့သည်။ သူတို့အိမ်ပြန်ရောက်သည်နှင့် သူကမေးလာသည်။


"မင်းမျက်နှာက ဘာလို့တည်တင်းနေရတာလဲ... စီးပွားရေးမကောင်းလို့လား... အလုပ်သမားတွေက စိတ်ဆိုးအောင်လုပ်လို့လား..."


"မဟုတ်ပါဘူး...."


ယွမ်ရှက သူမ၏ဝမ်းဗိုက်ပိန်ပိန်လေးကို ထိကာ သက်ပြင်းချလိုက်သည်။


"ဆိုင်က ကောင်မလေးတွေက ဒီနေ့ ကလေးမွေးတဲ့အကြောင်း ပြောကြတယ်လေ..."


ကလေးမွေးတာလား...


စုန့်ထင်ရှန်းက သေချာစဉ်းစားပြီး ပြန်မေးလိုက်သည်။


"မင်းပဲ အလုပ်သမားလေးတွေက လက်မထပ်ရသေးဘူးလို့ ပြောတယ်မဟုတ်လား..."


"သူတို့က ကျွန်မကိုမေးနေကြတာလေ... သူတို့က ကျွန်မရဲ့ အတွေ့အကြုံကို သိချင်နေကြတာ..."


စုန့်ထင်ရှန်း အတော်လေး ကိုးရိုးကားရားဖြစ်သွားသည်။ သူက ယွမ်ရှ ကိုယ်ဝန်ဆောင်စဉ်ကပုံကို မမှတ်မိပေ။ သူမကိုယ်ဝန်ဆောင်ချိန်က နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး သူကလည်း ထိုအချိန်က အလုပ်များနေခဲ့သည်။ ထို့အပြင် ထိုအချိန်က သူမအပေါ်တွင်လည်း ခံစားချက်ရှိမနေခဲ့ပေ။ ထို့ကြောင့် သူမနှင့်အချိန်အတူမဖြုန်းပစ်ခဲ့ချေ။ သို့သော် နေ့တိုင်းအလုပ်ကြိုးစားပြီးအချိန်လွတ်အောင်လုပ်ကာ ဆေးစစ်ရာတွင်လိုက်သွားပေးခဲ့သည်။ သူမကိုယ်ဝန်ဆောင်ချိန်က ပုံစံကို မမှတ်မိသော်လည်း ပထမဆုံး အာထရာဆောင်းပုံလေးနှင့် ဝမ်လေးကိုပထမဆုံးမြင်ခဲ့ရသည့် ခံစားချက်ကို မှတ်မိနေဆဲပင်။


ထိုအချိန်က သူမ၏ပုံစံကို မမှတ်မိဟုမပြောနိုင်ပေ။မဟုတ်ပါက သူမသာ စာရင်းထရှင်းပါက သူသာခံစားရမည်ဖြစ်သည်။


"ဟေး... ရှင်နောက်ထပ်ကလေးတစ်ယောက်လိုချင်လား...."


ယွမ်ရှက ထိုမေးခွန်းကိုမေးပြီး အနည်းငယ် ရှက်သွားသည်။ လင်မယားနှစ်ယောက်အတွက် ကလေးဘယ်နှယောက်ယူမလဲ ဆုံးဖြတ်ခြင်းက အရေးကြီးသည့် အရာတစ်ခုဖြစ်သည်။ မဟုတ်ပါက တစ်ယောက်က ကလေးလိုချင်ပြီး နောက်တစ်ယောက်က မလိုချင်ပါက နှစ်ယောက်ကြားတွင် သွေးကွဲပြီးပြဿနာဖြစ်နိုင်သည်။


စုန့်ထင်ရှန်းက ယွမ်ရှ ထိုမေးခွန်းကို ဘာကြောင့် ရုတ်တရက်ထမေးလဲ နားမလည်ပေ။


"ကိုယ်ကလေးတစ်ယောက်ထပ်မလိုချင်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့...."


အတိတ်က စုန့်ထင်ရှန်းက ယွမ်ရှနှင့် ဒုတိယကလေးထပ်ယူရန် မဖြစ်နိုင်ဟုထင်ခဲ့သည်။ သူတို့က ဆက်ဆံရေးကောင်းကောင်းမရှိသည့် သာမန်ဇနီးမောင်နှံဖြစ်သည်။ ထိုအခြေအနေမျိုးက နောက်ထပ်ကလေးတစ်ယောက်ထပ်ယူရန် မသင့်တော်ပေ။ သို့သော် ယခု သူတို့က ဆက်ဆံရေးကောင်းနေ၍ အရင်နှင့်မတူတော့ပေ။


သို့သော် စုန့်ထင်ရှန်းက ယွမ်ရှဘက်မှ ကလေးတစ်ယောက်ထပ်မလိုချင်တော့မှန်း သိနေသည်။ ကလေးမွေးပြီးတစ်လအကြာတွင် သူမက နန်နီကို သူမလည်ပင်းပေါ်တွင်ဓားတင်လျှင်ပင် ကလေးထပ်မယူတော့ဟု ညီးတွားသည်ကိုကြားခဲ့ဖူးသည်။ ၎င်းက အကြောင်းပြချက်များထဲမှတစ်ခုဖြစ်သည်။


ယခုတွင် ယွမ်ရှက ဘာမှမပြောသော်လည်း သူ သူတို့ညဘက်တစ်ခုခုလုပ်ခဲ့လျှင်ပင် လုံခြုံရေးပစ္စည်းအချို့ကို မဖြစ်မနေသုံးစွဲခိုင်းသည်။ သူသာ မသုံးချင်ဘဲ သူမကိုအရူးလုပ်ချင်ပါက ကောင်းကင်ဘုံသို့တက်ရသည်ထက်ပင် ခက်ခဲပေသည်။ သူမက မမျိုးဥကြွေချိန်တိုင်းတွင် အဲ့ဒါလုပ်ရန် ငြင်းပေသည်။ အသက်သုံးဆယ်ကျော်ပြီဖြစ်သော စုန့်ထင်ရှန်းက သူမ၏လုပ်ရပ်များကို နားလည်ပါသည်။ 


"ဒါပေမဲ့ ဆုံးဖြတ်ချက်ချဖို့က မင်းအပေါ်ပဲမူတည်တယ်လေ...."


စုန့်ထင်ရှန်းက ထပ်ပြောလာသည်။


"မင်းဘာသာဆုံးဖြတ်လို့ရပါတယ်... မင်းကပဲ ကိုယ်ဝန်ဆောင်ခြင်ရဲ့ခက်ခဲမှုတွေနဲ့ မီးဖွားခြင်းရဲ့နာကျင်မှုတွေကို ခံစားရမှာလေ... ကိုယ်က မခံစားရဘူးမလား..."


ယွမ်ရှက ထိုသည်ကိုကြားပြီး အတော်လေးပျော်သွားသည်။ သူ့နားကိုကပ်လိုက်ပြီး အနမ်းတစ်ပွင့်ပင် ဆုချလိုက်သေးသည်။


သူမ သူ့ကိုနားလည်လာလေလေ ရတနာထုပ်ကြီးကို ကောက်ရလာသည်ဟုခံစားရလေလေဖြစ်သည်။ သူမ မီးအိမ်ကိုင်ပြီးရှာလျှင်ပင် မရှာတွေ့နိုင်သည့် ရတနာထုပ်ကြီးဖြစ်သည်။


စုန့်ထင်ရှန်းက သူ့အဖြေကြောင့် သူမစိတ်ကျေနပ်သွားမှန်းသိသည်။ သူပြုံးရင်းပြောလိုက်သည်။

"ဆုအတွက်ကျေးဇူးတင်ပါတယ် ဘော့စ်...."


ဤကိစ္စနှင့်ပတ်သတ်ပြီး သူတို့တွင် သဘောထားမတိုက်ဆိုင်မှု မရှိကြပေ။ စုန့်ထင်ရှန်းက ကလေးများကိုသဘောကျသော်လည်း ကိုယ်ဝန်ဆောင်များ၏ခက်ခဲမှုနှင့် မီးဖွားမှု၏နာကျင်မှုတို့ကိုသိပေသည်။ သူ့စိတ်အလိုကိုလိုက်ကာ ယွမ်ရှကိုတောင်းဆို၍လည်းမရပေ။ထို့အပြင် သူ၏လက်ရှိဘဝကိုလည်း ကျေနပ်နေလေရာ သူမနှင့် ဤကိစ္စကို မဆွေးနွေးပါကလည်း အဆင်ပြေသည်ပင်။


သူကားစက်မနှိုးခင် ယွမ်ရှက သူ့လက်မောင်းကိုဖက်ပြီး ပခုံးကိုမှီလိုက်သည်။ သူမ ချိုမြိန်လှသော အသံလေးဖြင့်ပြောလာသည်။


"ကျွန်မလေ သူတို့မိန်းမတွေကို ကလေးအတင်းယူခိုင်းတဲ့ ယောက်ျားတွေအကြောင်းကြားတိုင်း ရှင်က အရမ်းအံ့သြ ဖို့ကောင်းတယ်လို့ တွေးမိတာပဲ.."


စုန့်ထင်ရှန်းက စိတ်ဆိုးသလိုဟန်ဆောင်လိုက်သည်။


"အဲ့တစ်ချိန်ပဲ ကိုယ်က အံ့ဩဖို့ကောင်းတယ်လို့ ထင်တာပေါ့လေ...."


"မဟုတ်ပါဘူး... မဟုတ်ပါဘူး...."


အတူနေလာသည်မှာ ကြာပြီဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက်သိနေကြလေပြီ။ ထို့ကြောင့် ယွမ်ရှက သူစိတ်မဆိုးမှန်းသိလေသည်။


"လူအများစုက သူတို့ဇနီးတွေကို လေးစားပြီး ဂရုမစိုက်ပေးနိုင်ကြဘူးလေ... သူတို့အတွက် မိန်းမတွေဆိုတာ သားအိမ်ပါတဲ့ ကလေးထုတ်စက်သာသာပဲ... ကျွန်မက ရှင် ကျွန်မကို လေးစားပေးလို့အရမ်းပျော်တယ်... အဲ့ဒါက ရှင်ကျွန်မကိုသဘောကျတာထက်ကိုပျော်အောင်လုပ်နိုင်သေးတယ်..."


စုန့်ထင်ရှန်းက သူမ၏ဆံပင်များကို သပ်ပေးလိုက်သည်။


"ပုံမှန်လူဘယ်သူမဆို အဲ့လိုလုပ်နိုင်ပါတယ်ဗျာ.. မစ္စစုန့်ကို ကျေနပ်အောင်လုပ်နိုင်ဖို့တအားလွယ်တယ်နော်... အဲ့တာလည်းကောင်းပါတယ်လေ...."


အဲ့ဒါဆို သူမက သူ့ဂရုစိုက်မှုအသေးအဖွဲလေးကအစ... ကြင်နာမှုအသေးအဖွဲ့လေးအဆုံး သိနိုင်တာပေါ့....