အပိုင်း ၅
Viewers 15k

Chapter 5


ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်၏နောက်မှ ခြေလှမ်းခပ်စိပ်စိပ်ဖြင့်လိုက်လာပြီး သူ့ကို စကားအမျှင်မပြတ်ပြောနေကာ နန်းတွင်းထဲမှ ရွှယ်ယန်၏အကြောင်း အတင်းအဖျင်းများကိုလည်း ပြောပြနေသည်။


ရွှယ်ယန်မွေးဖွားလာချိန်တွင် သူ့မိခင်နှင့် အထိန်းတော်က သေဆုံးခဲ့ပြီး သေဆုံးသည့်အနေအထားကလည်း အလွန်ထူးဆန်းနေခဲ့သော်လည်း မည်သည့်သဲလွန်စမှ မတွေ့ခဲ့ရကြောင်း သူပြောပြသည်။ ထို့နောက်တွင် ချင်ထျန့်ကျန့်က ‌တွက်ချက်ပြီးသည့်နောက်တွင် ပြဿနာက ရွှယ်ယွမ်ဖြစ်နေသည်ဟု ပြောပြခဲ့သည်။


သူ့ ကံကြမ္မာက သတ်ဖြတ်သူကဲ့သို့ဖြစ်နေခဲ့သည်။


ခုနစ်ယောက်သတ်ဖြတ်ခြင်းကံကြမ္မာက အလွန်ပင် မကောင်းဆိုးဝါးဆန်သော်လည်း ၎င်းတွင်အဖိုးတန်မှုများလည်းရှိသည်ဟု ဆိုကြသည်။ သို့သော်လည်း ချင်ထျန့်ကျန့်၏ မှတ်တမ်းများအရ သူက ဤကမ္ဘာသို့ လူသတ်သမားအဖြစ်ရောက်ရှိလာခြင်းဖြစ်ပြီး သူ၏အသက်ရှင်နေမှုကို ဖိနှိပ်ရန် ခက်ခဲလှသည်။ သူ့မိဘများကို စိုးမိုးပြီး ဧကရာဇ်ရှင်းကိုလည်း နှောင့်နှေးလေးဖင့်အောင် ပြုလုပ်နိုင်သည်ဟု ဆိုလိုက်သည်။ သို့ဖြစ်၍ ဧကရာဇ်က အတွေးအမြင်အားလုံးကို ဖီဆန်ပြီး ယန်ဘုရင် ကြီးပြင်းလာရာ မြောက်ဘက်စွန်းရှိ ယန်ခရိုင်သို့ သူ့ကိုစေလွှတ်လိုက်သည်။


သို့ဖြစ်၍ ရွှယ်ယန်က ဤမင်းသားမျိုးဆက်အတွက် "ယွင်" ဟုသော စကားလုံးကို မသုံးစွဲတော့ပဲ သူ့အသက်ဘေးမှ ကာကွယ်ရန်အတွက် "ယန်" ဟူသည့် စကားလုံးကိုသာ ပြောင်းလဲသုံးစွဲခဲ့ရသည်။

  

ရလဒ်အနေဖြင့် ဤနှစ်တွင် တာ့ခ်များက ရက်စက်ကြမ်းကြုတ်စွာ ကျူးကျော်ဝင်ရောက်လာခဲ့ကြပြီး ယန်ခရိုင်လည်း ကျဆုံးခဲ့ကာ နယ်စပ်ကိုစောင့်ရှောက်နေသော ယန်ယွင်သံမဏိမြင်းတပ်သားအများစုလည်း ကျရှုံးခဲ့ရသည်။ ယန်မင်းကြီးသည်ပင် သေဆုံးခဲ့သည်။ ရွှယ်ယန်တစ်ယောက်တည်းသာ အသက်ရှင်ခဲ့ပြီး မိုင်ထောင်မကသောခရီးကို တစ်ယောက်တည်းနှင်လာခဲ့ပြီး နန်းမြို့တော်သို့ ပြန်ရောက်ရှိလာခဲ့သည်။


ဤမင်းဆက်က ကွန်ဖြူးရှပ်ဝါဒကိုသာ အသားပေးပြီး ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကို အလေးမထားပေ။ မူလတွင် ဧကရာဇ်က မင်းသားကို နက္ခတ်တာရာဗေဒင်ကြောင့်သာ နန်းတွင်းသားများ၏ ဝေဖန်မှုကို ခံရသည့် အတွက် နယ်စပ်သို့ ပို့ခဲ့ခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင် ရွှယ်ယန်က နန်းမြို့တော်သို့ တစ်ယောက်တည်း ပြန်ရောက်လာခဲ့၍ ဧကရာဇ်က သူ့ကို အခြားနေရာများသို့ ပို့ပစ်ရန် ဆင်ခြေရှာမရတော့ပေ။


သို့ဖြစ်၍ ရွှယ်ယန်က နန်းတွင်း၌သာနေရသည်။ 


သူ ပထမဆုံးအကြိမ် ပြန်ရောက်လာစဉ်က ဧကရာဇ်က မင်းသားများကိုစမ်းသပ်ခဲ့ပြီး အနိုင်ရသူအတွက်ဆုလဒ်က ကျောက်စိမ်းမြှားဖြစ်သည်။ မူလတွင် မင်းသားလေးယောက်လုံးက တိုင်းရေးပြည်ရေးနှင့် စစ်ရေးကိုပါ ကျွမ်းကျင်စွာကိုင်တွယ်နိုင်ကြ၍ အောင်ပွဲက သူတို့လက်ထဲတွင်သာရှိသော်လည်း ရွှယ်ယန်ကလည်း ခေသူမဟုတ်ပေ။ ရွှယ်ယန်က အသက် ၁၃နှစ်အရွယ်တည်းက စစ်မြေပြင်သို့ သွားရောက်ခဲ့သူဖြစ်သည်။ နှစ်စတွင် ရာနှင့်ချီသော မြင်းသည်တော်များကို ခေါ်ဆောင်သွားပြီး စစ်သားပေါင်းသောင်းချီသော တာ့ခ်စစ်တပ်များနှင့် တစ်လတိုင်တိုင် ရင်ဆိုင်ခဲ့သည်။ သို့ဖြစ်၍ သူက လွယ်လွယ်ကူကူအနိုင်ရခဲ့ပြီး ကျောက်စိမ်းမြှားကို ရရှိခဲ့သည်။


ထိုအချိန်တွင် ဧကရာဇ်နှင့် ကိုယ်လုပ်တော်များမှအစ အခြားမင်းသားများအားလုံး မျက်နှာပျက်ယွင်းကုန်ကြသည်။


ရက်အနည်းငယ်အကြာတွင် ဒုတိယမင်းသားက ရွှယ်ယန်ကို ရန်စပြီး သူ့‌နှုတ်ခမ်းနှင့် မျက်နှာများ ဖူးယောင်ညိုမည်းလာသည်အထိ ရိုက်နှက်ခဲ့သည်။


ရန်စခဲ့သူက ဒုတိယမင်းသားဖြစ်သော်လည်း ရွှယ်ယန်တစ်ယောက်တည်းကသာ အပြစ်ပေးခံခဲ့ရသည်။ ဧကရာဇ်ကသူ့ကို သူ့မယ်တော် ကိုယ်လုပ်တော်၏ ကဗျည်းတိုင်ရှေ့တွင် ဒူးထောက်ခိုင်းထားခဲ့သည်။


ထို့နောက်တွင် နတ်ဆိုးကြယ်ဖြစ်သော ရွှယ်ယန်ကို မည်သူမဆို အနိုင်ကျင့်၍ရကာ အရှင်မင်းကြီးကလည်း သူ့ဘက်မှ မည်သည့်အခါမှ ရပ်တည်ပေးတော့မည်မဟုတ်ကြောင်း နန်းတွင်းထဲမှ လူအားလုံး သဘောပေါက်သွားကြသည်။

    

ထိုအကြောင်းကို ပြောနေစဉ်မှာပင် ရွှယ်ယွင်ဟွမ်က သက်ပြင်းချလိုက်ပြီး မနာလိုသံတစ်ဝက်ဖြင့် ပြောလိုက်သည်။ 


" သူက သိုင်းပညာအရမ်းတော်တာတော့ နှမြောစရာပဲ..."


ပြောပြီးသည်နှင့် ရွှယ်ယွင်ဟွမ်၏အာရုံက သူ့မြင်းဆီသို့သာ ပြန်ရောက်သွားခဲ့ပြီး ရွှယ်ယန်ကို မေ့သွားခဲ့သည်။


ကျွင်းဟွိုင်လန်က အနည်းငယ်ငြိမ်သက်နေခဲ့သည်ကို သူ သတိမပြုမိခဲ့ပေ။


ကျွင်းဟွိုင်လန် ယုံလဲ့ခန်းမဆောင်သို့ရောက်လာပြီး စားသောက်ပွဲတွင် ဝင်ထိုင်လိုက်ချိန်အထိ အချို့အတွေးများက သူ့စိတ်ထဲတွင် ရစ်ဝဲနေဆဲဖြစ်သည်။


ရွှယ်ယန်က အလွန်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါးဖြစ်နေခဲ့ရခြင်းမှာ ကံတရားကြောင့်မဟုတ်ပဲ ပတ်ဝန်းကျင်၏ရိုက်ခတ်မှုကြောင့်ဖြစ်ကြောင်း သိသာထင်ရှား‌နေသည်ဟု တွေးခဲ့သည်။


 ကံတရားက သူ့ကို နတ်ဆိုးကြယ်ဟု သတ်မှတ်လိုက်သည်နှင့် လူတိုင်းကသူ့ကို နတ်ဆိုးကြယ်ဟု ဆက်ဆံကြတော့သည်။ အချိန်ကြာမြင့်လာသည့်အခါ သူက ကံတရား၏ အသွင်သဏ္ဍာန်အတိုင်း အမှန်တကယ်ဖြစ်လာခဲ့သည်။


 ဒါပေမဲ့... အခုတော့ တကယ့်နတ်ဆိုးကြယ်အဖြစ် မကြီးပြင်းလာသေးတာ သိသာတယ်...


ကျွင်းဟွိုင်လန်က သူ့အတွေးများကြောင့် ထိတ်လန့်သွားရပြီးမှသာ အသိစိတ်ပြန်ကပ်လာသည်။

  

စကားအနည်းငယ်ကြောင့်နဲ့ သူ့ရန်သူကို သနားညှာတာလိုက်ရမယ်တဲ့လား... ငါက သူ့ကိုသနားရင် ကျွင်းမိသားစုကိုရော ဘယ်သူသနားမှာလဲ...


ကျွင်းဟွိုင်လန်က ရေနွေးကြမ်းတစ်ငုံသောက်လိုက်ပြီး သူ့ကိုယ်သူ သတိပေးနေသည်။

ရွှယ်ယန်လုပ်ခဲ့တဲ့ကိစ္စတွေက သူနဲ့ ဘာမှမဆိုင်ဘူး... သူလုပ်စရာရှိတဲ့ကိစ္စက သူ့ညီမလေးနဲ့ တစ်မိသားစုလုံး ဘေးကင်းဖို့ပဲ...

    

သို့ရာတွင် သူ့မိသားစုက သူကလေးဘဝတည်းက စည်းချက်ညီခဲ့ပြီး သူ့ညီအစ်က်ိုမောင်နှမများအားလုံးကလည်း အလေးစားခံရသူများဖြစ်ကာ သူကလည်း ကောင်းမွန်စွာ ပညာသင်ကြားခဲ့ရသည်ကို ကျွင်းဟွိုင်လန် သဘောမပေါက်ခဲ့မိပေ။ ရွှယ်ယန်၏ အတွေ့အကြုံက သူ့အတွက် အခြားသူ၏ ဇာတ်လမ်းမျှသာဖြစ်သော်လည်း ၎င်းက သူ့အတွက် သစ္စာဖောက်ခြင်းနှင့် ခွဲခွာခြင်း၏ အမှောင်ထုကို ပြသနေသည် 


သူ ဝန်မခံချင်သော်လည်း တစ်စုံတစ်ယောက်က ရွံ့ဗွက်အိုင်ထဲတွင် မွေးဖွားလာခဲ့ပြီး တစ်လောကလုံး၏ သစ္စာဖောက်ခံရသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။


ထိုအချိန်တွင် မိန်းမစိုးတစ်ယောက်က သူ့အနားသို့ရောက်လာပြီး အရိုအသေပြုလိုက်သည်။ ဤမိန်းမစိုးက သူ့ကို ပျော်ရွှင်ဝမ်းမြောင်စွာဖြင့် ပြုံးပြနေသည်။


ကျွင်းဟွိုင်လန်က ဧကရာဇ်၏အနားတွင်ခစားရသော လင်းဖူဖြစ်ကြောင်း အမှတ်ရသွားသည်။


" မိန်းမစိုးဖူပါလား...

ကျွင်းဟွိုင်လန်က ခေါင်းမော့၍ သူ့ကိုနှုတ်ဆက်လိုက်သည်။


လင်းဖူက သူ့ကို ပြန်ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက ကိုယ်လုပ်တော်အနည်းငယ်နဲ့အတူ အနောက်ဘက်မှာ လက်ဖက်ရည်သုံးဆောင်နေပါတယ် အဲ့ဒီမှာ သခင်မကျွင်းလည်းရှိတယ်... အရှင်မင်းကြီးက သခင်လေးကိုပါ အခေါ်လွှတ်လိုက်ပါတယ်..."

5.2


ကျွင်းဟွိုင်လန်က ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး သူ့နောက်မှ လိုက်သွားသည်။


ယုံလဲ့ခန်းမဆောင်ဘေးတွင် စက်ဝိုင်းခြမ်းပုံ နေရာတစ်ခုရှိသည်။ ထိုနေရာက ဧကရာဇ်နှင့် ကိုယ်လုပ်တော်များ စားသောက်ပွဲကျင်းပနေစဉ်တွင် အနားယူသည့်နေရာဖြစ်ပြီး သာမန်မှူးမတ်များက ခွင့်ပြုမိန့်မရှိပဲ ဝင်ခွင့်မရှိပေ။

    

ယပ်တောင် ၁၆ချောင်းကိုရေးဆွဲထားသည့် ရွှေရောင်ဧရာမပန်းချီကားချပ်ကြီးကို ကျော်လွန်ပြီးသည့်အခါ ကျွင်းဟွိုင်လန်က အကာအရံများနောက်တွင် ထိုင်နေကြသည့် လူအုပ်စုတစ်စုကို မြင်တွေ့လိုက်သည်။


  ဧကရာဇ်ချင်းဖျင်က ခန်းမဆောင်ထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ သူက အသက်ငါးဆယ်ပြည့်လုနီးပြီဖြစ်သော်လည်း ခန္ဓာကိုယ်က သန်မာနေဆဲဖြစ်ကာ မျက်နှာတွင်လည်း ငယ်ရွယ်စဉ်ကကဲ့သို့ ချောမောခံ့ညားမှုမျိုး ရှိနေဆဲပင်ဖြစ်သည်။ ‌သူ့ဘေးနားက ဧကရီကျန်းက ရှန်းမိသားစု၏ မိတ်ဆွေဖြစ်သည်။ သူမက ကျက်သရေရှိကာ ထည်ဝါပြီး သိမ်မွေ့သူတစ်ယောက်ဖြစ်သည်။ ကျွင်းဟွိုင်လန် ဝင်လာသည်ကို တွေ့သောအခါ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။


ဘေးနှစ်ဖက်လုံးတွင် ထိုင်နေကြသော ကိုယ်လုပ်တော်များစွာရှိကာ ၎င်းတို့အားလုံးက လှပစွာ ဝတ်ဆင်ထားကြသည်။ ကျွင်းလင်ဟွမ်က ကိုယ်‌လုပ်တော်ရှု့၏ ရင်ခွင်ထဲတွင် ထိုင်နေကာ သစ်သီးတစ်စိတ်ကို စားရန်ကိုင်ထားသည်။


ကျွင်းဟွိုင်လန်ရောက်ရှိလာသည့်အခါ ဧကရာဇ်ချင်းဖျင်က ပြုံး၍ ပြောလိုက်သည်။


" ဟွိုင်လန် ရောက်လာပြီလား... ဒီနားလာပါဦး မင်းဘယ်လောက်တောငိ အရပ်ရှည်လာလဲဆိုတာ ကြည့်ရအောင်..."


ဧကရီကျန်းကလည်း နူးညံ့စွာပြောလိုက်သည်။

" သူ တော်တော်လေး အရပ်ရှည်လာတာပဲ... သူက ဟွမ်အာထက်တောင် နည်းနည်းပိုထွားလာသလိုပဲ..."


ဧကရာဇ်ကို မြင်လိုက်ရသည့်အခါ ကျွင်းဟွိုင်လန်၏ရင်ထဲတွင် ခံစားချက်များရောထွေးလာသည်။


ဧကရာဇ်ချင်းဖျင်က ကျွင်းဟွိုင်လန်ကို ငယ်စဉ်တည်းက ကြင်ကြင်နာနာ တယုတယဖြင့် ဆက်ဆံခဲ့ပြီး ဧကရာဇ်ကလည်း သူလေးစားရသော အကြီးအကဲတစ်ယောက်ဖြစ်သည်။


 သို့သော်လည်း ယခင်ဘဝတွင်မူ ဟာသဆန်ဆန် ဗေဒင်နက္ခတ်တစ်ခုကြောင့် သူက ကျွင်းလင်ဟွမ်ကို နန်းတွင်းထဲခေါ်ယူလက်ထပ်ခဲ့ပြီး ထိုကိစ္စကြောင့် ကျွင်းဟွိုင်လန်က ရင်ကွဲနာကျခဲ့ရသည်။


ကျွင်းလင်ဟွမ်က ဤပြဿနာမှ လွတ်မြောက်ခဲ့သော်လည်း တခြားမီးတွင်းတစ်ခုထဲသို့ ခုန်ချမိခဲ့သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။


 သို့ရာတွင် ကျွင်းဟွိုင်လန်က ဘဝသစ်တစ်ခုတွင် နေထိုင်နေပြီဖြစ်ပြီး ပျော်ရွှင်မှုနှင့် ဒေါသဖြစ်မှုတို့ကို မဖုံးကွယ်ထားနိုင်သည့်လူငယ်လေး မဟုတ်တော့ပေ။ သူရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လူအတော်များများကို ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

 

နှုတ်ဆက်ပြီးသည့်အခါ သူ့ဘေးမှ ကိုယ်လုပ်တော်ရှု့ကရယ်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။


" လန်အာ ဒီနားလာပါဦး... မင်းကို မတွေ့ရတာ လပေါင်းများစွာရှိပြီ တစ်ချက်လောက်ကြည့်ပါရစေဦး..."


ကိုယ်လုပ်တော်ရှု့က ကျွင်းဟွိုင်လန်၏အဒေါ်ဖြစ်ကာ သူ့ဖခင်၏ ညမအရင်း ကျွင်းယောင်ဟွားဖြစ်သည်။ ကိုယ်လုပ်တော်ရှု့က အသက် ၂၆နှစ်သာရှိသေးပြီး လှပစွာကြီးပြင်းလာခဲ့သည့် မိန်းမပျိုတစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် သူမက အနီရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းအထက်တွင်လည်း ပိုးနီရောင် ဆံညှပ်တစ်ခုဆင်မြန်းထားသည်။


ကျွင်းဟွိုင်လန် ရှေ့တိုးလာပြီးနောက် ကိုယ်လုပ်တော်ရှု့၏ဘေးတွင် ထိုင်လိုက်သည်။


ဧကရာဇ်ချင်းဖျင်နှင့် ကိုယ်လုပ်တော်ရှု့က သူ့ကိုချီးမွမ်းသည့်စကားလုံးများသာ ပြောနေကြပြီး ဧကရီကလည်း သဘောတူနေသည်။ ကိုယ်လုပ်တော်ရှု့က မျက်နှာသာပေးခံရသူဖြစ်ကာ သူမ၏ စိတ်နေစိတ်ထားကလည်း ကောင်းမွန်သောကြောင့် ဧကရာဇ်ကို ရယ်မောပျော်ရွှင်နေအောင် လုပ်ပေးနိုင်သည်။

   

ကိုယ်လုပ်တော်ရှု့၏ မျက်နှာချင်းဆို‌င်တွင်ထိုင်နေသည့် ကိုယ်လုပ်တော်က ရိုးရိုးရှင်းရှင်းနန်းတွင်းဝတ်စုံကို လှပစွာဝတ်ဆင်ထားသည်။ သူမက မင်းသား၄၏ အမေရင်း ယီကျဲယွီဖြစ်သည်။ သူမကလည်း မင်းမျိုးနွယ်မိသားစုထဲမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူမ မိသားစုက မျိုးရိုးစဉ်ဆက်အလိုက်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော်လည်း သူမနေရာက သာမန်ကာလျှံကာပင်ဖြစ်သည်။ ဤနှစ်ပိုင်းများတွင် သူမအဖေက ရာထူးအမြင့်ပိုင်းသို့ ရောက်ရှိလာပြီး သူမအစ်ကို‌ကလည်း တိုက်ပွဲများတွင် အောင်နိုင်ခဲ့ပြီးသည့်အခါမှ ရှုမိသားစုကလည်း ညီလာခံတွင် နေရာရလာခဲ့ပြီး ယီကျဲယွီကလည်း နေရာပေးခံလာရကာ ဤနှစ်ပိုင်းများတွင် မျက်နှာသာပေးခံခလာရခြင်းဖြစ်သည်။


အားလုံးက စကားစမြည်ပြောနေစဉ်တွင် ယီကျဲယွီက အပြုံးနုနုလေးနှင့် ပြောလိုက်သည်။


" ဟွိုင်လန်က တကယ့်ကျောက်စိမ်းတုံးလေးပဲ... လူတိုင်းက မင်းကို ချစ်ကြတယ်... ကိုယ်လုပ်တော်ရှု့ကလည်း ကျွင်းအိမ်တော်ကပဲဆိုတော့ မင်းကြီးအတွက် ကလေးတစ်ယောက်မွေးပေးမယ်ဆိုရင် သူက ဟွိုင်လန်လေးလိုပဲ အရမ်းချောမောခံ့ညားနေမှာ..."


ကိုယ်လုပ်တော်ရှု့မှာ မူလက ပြုံးနေသော်လည်း ထိုစကားများကိုကြားသည့်အခါ သူမအပြုံးများ ပျောက်ကွယ်သွားသည်။


သူမက နန်းတွင်းသို့ရောက်သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပြီး အလွန်နာမည်ကြီးလှသော်လည်း သားသမီးတစ်ယောက်မှ မမွေးဖွားနိုင်သေးပေ။


ယီကျဲယွီက ခုနစ်လက်မခန့်ရှိသောမြွေတစ်ကောင်ကို တုတ်ဖြင့် ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ ဤအမျိုးသမီးက တမင်သက်သက်ပြောသည်ကို ကိုယ်လုပ်တော်ရှု့ကသဘောပေါက်၍ သူမကို ဓားတစ်စင်းကဲ့သို့ စူးစူးရှရှကြည့်လိုက်သော်လည်း သူမ၏ သိမ်မွေ့နူးညံ့သောပုံစံကိုသာ မြင်လိုက်ရသည်။


ဧကရီမှာမူ ဆန့်ကျင်ဘက်အနေဖြင့် သူမမိတ်ဆွေ၏ ယောင်းမလေးကို အလွန်ဂရုစိုက်ပြီး ပြုံးပြကာပြောလိုက်သည်။


" သားသမီးတို့ မြေးတို့ဆိုတာ ကံတရားအတိုင်းပဲလေ အတင်းဖိအားပေးဖို့မှ မလိုတာ..."


ကိုယ်လုပ်တော်ရှု့က မနေနိုင်ပဲ ခါးသက်စွာပြန်ပြောလိုက်သည်။


" ဒီကိုယ်လုပ်တော်က အဲ့လိုကံတရားမျိုးမရှိပါဘူး ဧကရီရယ်.... ကျွန်တော်မျိုးမက သားသမီးမြေးမြစ်တွေရဲ့ ကောင်းချီးပေးခံရပြီး ပျော်ရွှင်ဖို့ ကံဇာတာ ပါမလာဘူးထင်ပါတယ်..."


သူ့ရင်ခွင်ထဲထိုင်နေသည့် ကျွင်းလင်ဟွမ်က သူမ၏လှပသောအဒေါ်က မပျော်မရွှင်ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သို့ဖြစ်၍ ရက်ရောတတ်သည့်သူမက အစောပိုင်းက မြည်းစမ်းထားသည့် အကောင်းဆုံးမုန့်တစ်ခုကိုအမြန်ယူလိုက်ပြီး ကိုယ်လုပ်တော်ရှု့၏ပါးစပ်ထဲ ထည့်လိုက်သည်။


" အရီးတော် ဒါစားကြည့်..."

သူမက အစားပုတ်သော ကလေးတစ်ယောက်၏အသံဖြင့် ပြောလိုက်သည်။


ဧကရာဇ်ချင်းဖျင်က ကိုယ်လုပ်တော်ရှု့ကို မျက်နှာသာပေးသူဖြစ်၍ သူမ မပျော်မရွှင်ဖြစ်သွားသည်ကို မြင်သည့်အခါ ပြောလိုက်သည်။


" မင်းက ဘာလို့ မပျော်ရွှင်နိုင်ရမှာလဲ... မင်း ကလေးချစ်တယ်ဆိုရင် လင်ဟွမ်နဲ့ ဟွိုင်လန်ကို နန်းတော်ထဲ လာနေခိုင်းလိုက်ရင် ရတာပဲ..."


ကိုယ်လုပ်တော်ရှု့၏မျက်လုံးများ အရောင်လက်သွားသည်။


" အရှင် တကယ်ပြောတာလားဟင်..."


ဧကရာဇ်ချင်းဖျင်က ပြုံးလိုက်သည်။

" တကယ်ပေါ့..."


ထို့နောက် သူက ဧကရီကို ထပ်ကြည့်လိုက်သည်။

" ဧကရီရော ဘယ်လိုထင်လဲ..."

  

" ကိုယ်လုပ်တော်ရှု့ ပျော်သလိုပဲစီစဉ်ပေးလိုက်ပါ... ဟွမ်အာကလည်း ဟွိုင်လန်နဲ့ ခင်နေတယ်ဆိုပေမယ့် သူက စာသင်ကြားရတာ မနှစ်သက်ဘူးလေ... ဟွိုင်လန်က သူ့ကို ဆွဲခေါ်ပြီး စာလေ့လာအောင်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ..."

( T/N - ဒီနေရာက ဟွမ်အာက ဧကရီရဲ့သား မင်းသား၆ကို ပြောတာပါ ... လင်ဟွမ်ရဲ့ နာမည်က ဟွမ်ကို ချစ်စနိုးခေါ်လိုက်တာမဟုတ်ပါဘူး လူတွေများတော့ ရှုပ်နေမှာစိုးလို့ပါ T T ) 


ကိုယ်လုပ်တော်ရှု့၏ဘေးတွင် ထိုင်နေသော ကျွင်းဟွိုင်လန်က တောင့်တင်းအေးခဲသွားသည်။


သူ့ပုံစံက တစ်ခုခုကို သိနေပုံဖြစ်သည်။


xxxxxx