အပိုင်း ၆
Viewers 15k

Chapter 6


သူ၏ ယခင်ဘဝတွင်မူ အဖျားကြီးနေခဲ့၍ ဤစားသောက်ပွဲကို မတက်ရောက်ခဲ့ရပေ။ စားသောက်ပွဲပြီးနောက်တွင် လင်ဟွမ်က နန်းတော်ထဲတွင် ခဏနေခဲ့ရသော်လည်း သူ့စိတ်ထဲ မထားခဲ့ပေ။

    

ငါ့ညီမက အဲ့အချိန်တုန်းကများ ရွှယ်ယန်ကို ရန်စခဲ့မိတာများလား...


ကျွင်းဟွိုင်လန်က လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။

    

ထိုအချိန်တွင် ကိုယ်လုပ်တော်ရှု့က သူ့ကိုလှမ်းမေးလိုက်သည်။

" လန်အာ... မင်း အရီးတော်နဲ့ နန်းတွင်းထဲမှာ နေချင်လား..."


ကျွင်းဟွိုင်လန်က တုံ့ပြန်သည့်သဘောဖြင့် ‌ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။


သူ၏မှန်းဆချက်က မှန်ကန်သည်ဖြစ်စေ မှားယွင်းသည်ဖြစ်စေ ကျွင်းလင်ဟွမ်ကို ရွှယ်ယန်နှင့် မျက်နှာချင်းဆိုင်ခွင့် ပေးမည်မဟုတ်ပေ။


ယီကျဲယွီက ထပ်ရယ်လိုက်ပြန်သည်။

" ဟုတ်သားပဲ ကိုယ်လုပ်တော်ရှု့မှာသာ ကလေးတွေရှိရင် ပိုပျော်စရာကောင်းမှာပါ ဒါပေမဲ့ ကိုယ့်သွေ့သားရင်းမဟုတ်တော့လည်း ဘာမှမဖြစ်ပါဘူးလေ..."


သူမစကားလုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများရှိနေသော်လည်း ကိုယ်လုပ်တော်ရှု့က ၎င်းကို မဖမ်းဆုပ်လိုက်နိုင်ပေ။ သို့ရာတွင် သူမ၏ စကားများက ဝါဂွမ်းထဲတွင် အပ်ကို မြှုပ်နှံထားသကဲ့သို့ ထူးဆန်းနေသည်။


ထိုအချိန်တွင် မိန်းမစိုးတစ်ယောက်ရောက်လာပြီး မင်းသား ၅ လာနေပြီဖြစ်ကြောင်း လာပြောသည်။


ရွှယ်ယန်က မင်းသား၅ဖြစ်သည်။


နွေးထွေးကာ အေးချမ်းနေသည့် လေထုအခြေအနေက ရုတ်ချည်းအေးစက်ကာ ကိုးရိုးကားယားဖြစ်သွားသည်။ ဧကရာဇ်က ပြုံးနေဆဲဖြစ်ကာ ဧကရီက မျက်လွှာချ၍ လက်ဖက်ရည်ကြမ်းသောက်နေသည်။ ကိုယ်လုပ်တော်များက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း ဘာမှမပြောကြပေ။


အမှန်တွင် အားလုံးက မင်းသား၅ ရောက်လာခြင်းကို မကြားချင်ယောင်ဆောင်နေကြခြင်းသာ။ 


ကျွင်းဟွိုင်လန်က ထူးဆန်းမှုတစ်မျိုးကို ရုတ်ချည်းခံစားလိုက်ရသည်။ သူ့အနားတွင်ရှိသည်က ချစ်ခင်လေးစားဖွယ်ကောင်းသော လူကြီးများဖြစ်သော်လည်း ရွှယ်ယန်၏အမည်ကို ကြားလိုက်ရသည့်တစ်ခဏတွင် အားလုံးက သူမရင်းနှီးသောအသွင်တစ်မျိုးစီဖြစ်သွားကြသည်။


ဒါက ရွှယ်ယန်ရင်ဆိုင်နေရတဲ့ အမှန်တရားပေါ့လေ...


လူများက အသက်ကြီးလာလေ ကံတရားကို ပိုမိုယုံကြည်လာကြလေဖြစ်သည်။ ကံတရားဟူသောအရာကလည်း အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ ၎င်းကို ထိကိုင်၍မရ မြင်တွေ့နိုင်ခြင်းလည်း မရှိသော်လည်း ထိုအရာ အမှန်တကယ်ဖြစ်လာပြီး ပြောင်းလဲမှုများယူဆောင်လာမည်ကို အားလုံးက ကြောက်ရွံ့ကြသည်။


" ဝင်ခွင့်ပြုလိုက်လေ..."

ဧကရာဇ်ချင်းဖျင်က အေးအေးလူလူပင်ပြောလိုက်သည်။


ထို့နောက် ရွှယ်ယန်ကို မိန်းမစိုးတစ်ယောက်က ဦးဆောင်၍ ခေါ်လာသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။ သူက ရှေ့တည့်တည့်သို့လျှောက်လာကာ ဧကရာဇ်ချင်းဖျက်ကို အရိုအသေပြုလိုက်သည်။ 


ဧကရာဇ်က သူ့ကို ဘာမှပြောခွင့်မပေးပဲ တဲ့တိုးသာ မေးလိုက်သည်။

" မြှားက ဘယ်ရောက်သွားတာလဲ..."


ဆောင်းဦးလယ်ပွဲတော်တိုင်းတွင် မင်းမျိုးမင်းနွယ်မိသားစုမှ သားတပည့်များက မြှားအစုံကိုသုံး၍ နန်းတွင်းစားသောက်ပွဲမှ အိုးကို မြှားဖြင့် ပစ်ပြရသည်။ အစပိုင်းတွင်မူ ဧကရာဇ်ချင်းဖျင်က အခြားမင်းသားများကို ထိုမြှားကိုချီးမြှင့်ပြီး စာပေသင်ကြားမှု၏ အရေးပါမှုကို သိရှိအောင်ပြသလိုသော်လည်း သူတို့အားလုံးက မကြိုးစားခဲ့ကြပေ။ သို့ရာတွင်  မြှားပသ်ရသော ဓလေ့ထုံးစံကိုမူ ပြောင်းလဲ၍မ‌ရပေ။


မြှားက ကျိုးပဲ့သွားပြီဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။

  

အကြောင်းရင်းအချို့ကြောင့် ရွှယ်ယန်၏နောက်မှ မိန်းမစိုးလေးကို သူလှမ်းကြည့်လိုက်မိသည်။ ယခုအခါတွင် သူ့မျက်နှာက ဖြူဖျော့နေပြီး ခြေထောက်များလည်း တုန်ယင်နေသည်။ သူသည်လည်း ကံ‌မကောင်းဟု ဆိုရပေမည်။ သူက ရွှယ်ယန်ကိုခစားရန်အတွက် ပို့လွှတ်ခြင်းခံရသော်လည်း ရွှယ်ယန်ကိုအနိုင်ကျင့်သူများက သူ့ကိုပါ အနိုင်ကျင့်ကြသည်။


ရွှယ်ယန်က မင်းသားတစ်ပါးဖြစ်သော်လည်း အခြားလူများနှင့် ကွာခြားသူဖြစ်၍ သူ့ဘဝက မုန်ညင်းပင်ကဲ့သို့ဖြစ်နေသည်။


ထိုမြင်ကွင်းကို ကျွင်းဟွိုင်လန်က မြင်ခဲ့၍ ယခုအချိန်တွင် သူ အမှန်တရားကို ထုတ်မပြောလိုက်ပါက အပြစ်ကင်းသောအသက်တစ်ချောင်းကို သတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။


သူ စိတ်မတည်မငြိမ်ဖြစ်ပြီး လက်သီးကိုတင်းတင်းဆုပ်ထားသည်မှာ လက်သည်းများကပင် အသားထဲ စိုက်ဝင်နေသည်။


 တကယ်လို့ အခုနေ ကြင်နာမှုရှိရှိနဲ့ ကူညီလိုက်မယ်ဆိုရင် သူက အရင်ဘဝက ရွှယ်ယန်ကြောင့် အကောက်ကြံခံခဲ့ရတဲ့ မိသားစုဝင်တွေအားလုံးကို အရှက်ရစေလိမ့်မယ်...


ထိုအချိန်တွင် သူ ရွှယ်ယန်၏အသံကို ကြားလိုက်ရသည်။


လူပျိုပေါက်လေးတစ်ယောက်၏ သိမ်မွေ့တိုးညှင်းသောအသံက ရှင်းလင်းပြတ်သားနေကာ မမျှော်လင့်ထားပဲ ကြားရသူတိုင်းကို နားဝင်ချိုစေသည်။


" ကျွန်တော်မျိုး မတော်တဆ မြှားကို ဖျက်ဆီးမိသွားပါတယ်... အဲ့ဒါက တခြားလူတွေနဲ့ မဆိုင်ပါဘူး... ဧကရာဇ် ကျွန်တော်မျိုးကိုပဲ အပြစ်ပေးပါ..."


ချက်ချင်းပင် ခန်းမဆောင်ထဲမှလေထုက သိပ်သည်းလာသည်။

6.2


ဧကရာဇ်ချင်းဖျင်က မျက်မှောင်ကြုတ်လိုက်ပြီး မူလက ဘာသိဘာသာဖြစ်နေသည့်လေသံမှ စိတ်မကြည်သည့်လေသံမျိုးဖြစ်သွားသည်။


" ဘာပြောလိုက်တာလဲ... ပျက်စီးသွားတယ်ဟုတ်လား..."


ရွှယ်ယန်က ထိုနေရာတွင်ပင် ဒူးထောက်‌နေပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

" မှန်လှပါ..."


ရွှယ်ယန်က မျက်လွှာချထားခြင်းဖြစ်၍ ကျွင်းဟွိုင်လန်က သူ့အကြည့်များနှင့် အပြုအမူများကို မမြင်ရပေ။ ခန်းအဆောင်ထဲမှ လူအားလုံးက ရွှယ်ယန်ကို ထူးခြားသည့်အမူအရာများဖြင့်ကြည့်နေပြီး သူနှင့် မျက်နှာချင်းဆိုင်မှ ကိုယ်လုပ်တော်များက ပါးစပ်ကို လက်ကိုင်ပဝါများဖြင့်အုပ်ကာ တီးတိုးပြောနေကြခြင်းကို မြင်လိုက်သည်။

    

ရွှယ်ယန်ကတော့ သတိမပြုမိတဲ့ပုံပဲ...


" အဲ့ဒီကျောက်စိမ်းမြှားရဲ့ မူလအစကို မင်းသိလား..."

   ဧကရာဇ်ချင်းဖျင်က စူးစူးရှရှလေသံမျိုးဖြင့် ပြောလိုက်သည်။


" ဒီမြှားပုံစံကို ထိုက်ကျုက မင်းဆက်တည်ထောက်ပြီးတဲ့နောက်ပိုင်းမှ အထူးတလည်ပြုလုပ်ထားချဲ့တာ... ထိုက်ကျူက ကမ္ဘာကြီးကို သူတိုက်ခိုက်ခဲ့တဲ့လက်နက်ကို ပုံစံတူလုပ်ထားတာမို့ နောက်ထပ်တစ်စုံမရှိတော့ဘူး... အဲ့ဒါက ပျက်စီးသွားပြီလို့ မင်းကပြောချင်တာလား..." 


ဧကရာဇ်က စကားဆုံးသည်နှင့် ခုံလကတင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၍ ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားရသည်။

   

သူ့ဘေးတွင်ထိုင်နေသည့် မိဖုရားကျန်းသည်ပင် စိုးရိမ်တကြီးဖြစ်သွားပုံပေါ်ပြီး စကားမပြောရဲတော့ပေ။


ရွှယ်ယန်က ဘာမှမပြောပေ။

    

 ကျွင်းဟွိုင်လန်က သူနှင့်ဓားလွယ်ခုတ်နေရာနောက်တွင် ထိုင်နေ၍ ရွှယ်ယန်၏အရပ်ရှည်ရှည်နှင့် ဖြောင့်တန်းနေသောကျောပြင်ကို မြင်လိုက်ရသည်။ သူက ၁၅နှစ်သားအရွယ်သာရှိသေးသော်လည်း သူ့ဘက်မှ ရပ်တည်ပေးမည့်သူတစ်ယောက်မှ မရှိသည့်အပြင် သနားစဖွယ်အခြေအနေဖြစ်နေသည်။ သို့ရာတွင် သူ့ကို မထိန်းချုပ်နိုင်သည့်စွမ်းအင်တစ်မျိုးရှိနေပြီး ကျောက်တုံးအက်ရာကြားတွင် ပေါက်ရောက်နေသည့် ပေါင်းပင်ကဲ့သို့ ကြမ်းတမ်းကာ အရိုင်းဆန်နေသည်။

 

အနာဂတ်တွင် အပြစ်မဲ့သူများကို သတ်ဖြတ်တော့မည့်မင်းဆိုးမင်းညစ်က ဘာမဟုတ်သည့် မိန်းမစိုးတစ်ယောက်၏အပြစ်ကို ကိုယ်စားခံပေးလိုက်မည်ဟု မထင်ခဲ့မိပေ။

   

 ဧကရာဇ်ချင်းဖျင်က သူ၏တောင်းပန်မှုနှင့် တုံ့ပြန်မှုကို စောင့်ဆိုင်းမနေတော့ပေ။ သူ ငုံ့ကြည့်လိုက်သည့်အခါ လူငယ်လေး၏ နက်မှောင်နေသည့်ဆံပင်များကိုသာ မြင်တွေ့လိုက်ရသည်။ သူ့ပုံစံက ဧကရာဇ်၏ဒေါသကို လုံးဝ ဂရုမစိုက်သည့်ပုံဖြစ်နေသည်။


ဧကရာဇ်ချင်းဖျင်က ဒေါသပိုထွက်လာသည်။

" မင်းမှာ နောင်တရစိတ်လေးတောင် မရှိဘူးလား... တော်ဝင်လက်ဆောင်ပဏ္ဍာကို စိတ်ရှိတိုင်း ဖျက်ဆီးတယ်... ဘိုးဘေးတွေကို အရိုအသေတန်တယ်... ငါကိုယ်တော် ဒီနေ့ မင်းကို အပြစ်ပေးမှရမယ်..."


ထို့နောက်တွင် ဧကရာဇ် ချင်းဖျင်က မိန့်ဆိုလိုက်သည်။ 

" စားသောက်ပွဲကြီးပြီးရင်... ငါမင်းကို ကြိမ်ဒဏ်အချက် ၂၀ပေးမယ်... ဒါမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ရင်တော့ မင်းကို ပေ့ါလျှော့ပေးတော့မှာ မဟုတ်ဘူး..."


ခန်းမဆောင်ထဲမှ လူအားလုံးက အကြည့်ချင်းဖလှယ်ကုန်ကြသည်။

    

နန်း‌တွင်းတွင် ကြိမ်ဒဏ်ပေးသောတုတ်က အလွန်လေးလံလွန်းလှ၍ အရွယ်ရောက်ပြီးယောက်ျားသတစ်ယောက်သည်ပင် ၁၅ချက်ခန့်အထိသာ ခံနိုင်သည်။ ကြိမ်ဒဏ်အချက် ၂၀က အလွန်ပြင်းထန်သည့် ဒဏ်ပေးမှုဟု ပြောနိုင်နေပြီဖြစ်သည်။ ဧကရာဇ်အနားမှ မိနိးမစိုးများ အမှားပြုလုပ်မိလျှင်ပင် ထိုသို့သောကြိမ်ဒဏ်ပေးခံရခြင်းက ရှားပါးလွန်းလှသည်။

    

သို့ရာတွင် အနားမှကိုယ်လုပ်တော်များ၏ အကြည့်များက အနည်းငယ်ကွဲပြားသွားသော်လည်း သူတို့အများစုမှာ စိတ်လှုပ်တရှားဖြစ်သွားကြပုံပေါ်သည်။


ဘေးနားတွင်ထိုင်နေသည့် မိဖုရားက ရပ်ကြည့်မနေနိုင်တော့ပဲ ဧကရာဇ်ကို ဖြောင်းဖျရန် တွေးလိုက်သည်။ သို့ရာတွင် ဧကရာဇ်၏ မျက်နှာထက်မှ ဒေါသတကြီးဖြစ်နေသောအကြည့်ကြောင့် သူမ ဘာမှဝင်မပြောရဲတော့ပေ။

    

" သားတော် အမိန့်ကို နာခံပါတယ်..."

ရွှယ်ယန် ဦးညွှတ်လိုက်သည်။


ဘေးနားမှ ယီကျဲယွီက သူမနှုတ်ခမ်းကို ပဝါဖြင့်အုပ်ထားပြီး တည်ကြည်စွာပြောလိုက်သည်။

" အမိန့်ကိုနာခံလေ သားတော်ရဲ့... မင်းရဲ့ ခမည်းတော်ကို စိတ်မချမ်းမသာ‌ဖြစ်အောင်မလုပ်နဲ့... ယန်ခရိုင်မှာနေတာထက်စာရင် နန်းတော်က ပိုကောင်းတာပဲ မင်းပိုပြီး သတိထားတာကောင်းမယ်.. စည်းမျဉ်းတွေကိုလိုက်နာပါ...အနာဂတ်မှာ တူညီတဲ့အမှားမျိုး ထပ်မလုပ်နဲ့တော့..."

    

ထိုစကားလုံးများက အနည်းငယ်ပြင်းထန်လွန်းသည်ဟု ကျွင်းဟိုင်လန်ထင်လိုက်မိရ ရွှယ်ယန်ကို လှမ်းမကြည့်ပဲ မနေရဲတော့ပေ။


အကယ်၍ သူက နန်းတော်တွင်းမှ အခြားမင်းသားများကဲ့သို့သော အခြေအနေမျိုးဆိုပါက ရန်ငြိုးမထားပဲ ချက်ချင်းလက်စားချေ၍ရနိုင်သည်။ သို့သော်လည်း သူက အားလုံးနင်းချေ၍ရနိုင်သော ပုံရိပ်တစ်ခုဖြစ်နေ၍ မလူးသာမလွန့်သာဖြစ်နေသည်။

    

အားနည်းတဲ့လူတွေကို အနိုင်ကျင့်တာ လူကြီးလူကောင်းဆန်တဲ့သူတွေရဲ့ လုပ်ရပ်မှ မဟုတ်တာ...


ထိုအချိန်တွင် ရွှယ်ယန် မတ်တပ်ထရပ်လိုက်၍ ကျွင်းဟိုင်လန်နှင့် အကြည့်ချင်းဆုံသွားသည်။


သူ ခဏတာ အံ့အားသင့်သွားမိသော်လည်း အပြစ်မကင်းမှုကြောင့် ကတိုက်ကရိုက်ပင် အကြည့်လွှဲလိုက်မိသည်။

    

သူ သတိမပြုလိုက်မိသော်လည်း ရွှယ်ယန်၏အကြည့်များက သူ့ထံတွင် ခဏတာရပ်တန့်သွားခဲ့ပြီး နှုတ်ခမ်းများ တွန့်ကွေးလိုက်ကာ ရန်စနေသည့်ပုံဖြစ်ပေါ်သွားသည်။

 

လောကကြီးအကြောင်း ဘာမှမသိတဲ့ သခင်လေးပဲ...

သူ့စိတ်ထဲတွင် အထင်သေးစွာဖြင့် ထိုသို့တွေးလိုက်သည်။

    

ပြန်ထွက်သွားချိန်တွင်လည်း ရွှယ်ယန်က မာနကြီးသောဒေါင်းတစ်ကောင်ကဲ့သို့ကောင်လေးကို ကြည့်သွားသည်။

    

သူမွေးလာချိန်မှစ၍ လူတိုင်းက သူ့ကိုစက်ဆုပ်ကြသည်ကို ရွှယ်ယန်သိသည်။ အားလုံးက သူ့ကို မတူညီသောအမြင်များဖြင့် ကြည့်ကြသော်လည်း ထိုအကြည့်များထဲတွင် ကောင်းမွန်သည့် ခံစားချက်များ မပါဝင်ပေ။

    

သို့ရာတွင် သူ့ရှေ့မှ သခင်ငယ်လေး၏ မျက်ဝန်းများက ရှုပ်ထွေးနေသော်လည်း ရက်စက်မှုများပြည့်နေခြင်းမဟုတ်ပဲ သနား၍ လိပ်ပြာမသန့်သည့် အကြည့်မျိုးများဖြစ်သည်။


သူ ခုနက မကူညီလိုက်ရလို့ ခုမှ နောင်တရနေတာများလား...


ချန်အန်းမှာရှိတဲ့ အာဏာရှိလူတန်းစားတွေရဲ့ သားသမီးတွေက လူမဆန်ကြပေမယ့် သူတော်ကောင်းယောင်ဆောင်တဲ့နေရာမှာတော့ အတော်ဆုံးပဲလေ... ဒါပေမဲ့ သူအခုတွေ့နေရတဲ့ကောင်လေးက နူးညံ့တဲ့နှလုံးသားရှိပြီး အစားကြီးတဲ့ ဆန်ဖက်ထုပ်လေးများလား...


သူ့အကြည့်တွေက လှသားပဲ...


အစောပိုင်းကကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် အမူအရာမျိုး မဟုတ်တော့ပဲ သူ့မျက်ခုံးများက အနည်းငယ်ဖြေလျော့သွားကာ အကြည့်များက ငြင်သာလာသည်။မူလက အေးစက်၍ မြင့်မြတ်ပုံဖြစ်နေခဲ့သောသူက ထိုကောင်လေးနှင့် အကြည့်ချင်းမဆုံမိအောင် နေလိုက်သည်။

    

ရွှယ်ယန်က တစ်ဖက်သို့လှည့်ပြီး ပြန်ထွက်သွားသည်။


ယခုအခါတွင် သူက နန်းမြို့တော်တွင် ရှိနေချိန်ဖြစ်၍ လုပ်ကိုင်စရာကိစ္စများ အလွန်များပြားပြီး အချိန်ဖြုန်းမနေနိုင်ပေ။ အကယ်၍ သူက ယန်ခရိုင်တွင်ဆိုပါက ထိုဒေါင်းပေါက်လေးကို ကျိန်းသေပေါက် အနိုင်ကျင့်ကာ အနာဂတ်တွင်လည်း သူနှင့် မကြာခဏတွေ့ရအောင် ကြံစည်ပြီး မပုန်းနိုင်အောင်လုပ်ပစ်မည်ဖြစ်သည်။

    

 ——

   

ဆောင်းဦးလယ်ပွဲတော်စားသောက်ပွဲကြီးက အတော်အသင့် သက်ဝင်လှုပ်ရှားလှသည်။ မင်းသားများနှင့် မှူးမတ်များက ပျော်ရွှင်စွာစားသောက်နေကြသည်။ တူရိယာသံများအကြားတွင် အကမယ်များကလည်း လှပစွာကခုန်ကာ မွှေးပျံ့သောရနံ့များကို သယ်‌ဆောင်လာပေးသည်။


ကျွင်းဟွိုင်လန်က သူ့မိဘများနှင့် တူတူထိုင်နေခြင်းမဟုတ်ပဲ ကျွင်းလင်ဟွမ်ကို တစ်ယောက်တည်း ဂရုစိုက်ပေးနေသည်။ ကံကောင်းသည်မှာ သူ့ညီမလေးက လိမ္မာသူဖြစ်၍ မင်းသားများ၏ လှုပ်ရှားမှုကို အေးအေးဆေးဆေး အကဲခတ်နေနိုင်သည်။


မြို့စားမင်းယုံနင်က မြို့စားများထဲတွင် အကြီးဆုံးဖြစ်သည်။ သူ့ဘေးတွင်မူ မင်းသားများထိုင်နေသည်။ ယခုအခါ ဧကရာဇ်တွင် သားခုနစ်ယောက်ရှိသော်လည်း မင်းသား ၃က ဒဏ်ရာကြောင့် ဖျားနာပြီး သေဆုံးသွားခဲ့ကာ မင်းသား ၇ ကလည်း ငယ်ရွယ်သေးသည်ဖြစ်၍ နေရာတွင်ထိုင်နေသည့်မင်းသား ၅ယောက်သာရှိသည်။


အကြီးဆုံးမင်းသားက အသက်နှစ်ဆယ်ကျော်ပြီဖြစ်ကာ ညီလာခံတွင်ပင် ဝင်ရောက်အမှုထမ်းနေ၍ မှူးမတ်များစွာက သူ့ကိုဝန်းရံ သောက်စားနေကြသည် ။ ဒုတိယမင်းသားက သူ့ဘေးတွင် ထိုင်နေရာမှ ကျွင်းအန်းကျယ်ဘက်သို့ရောက်သွားပြီး သူတို့နှစ်ယောက်က တစ်ခုခုကို တီးတိုးပြောဆိုနေကြသည်။ မင်းသား၄ က ယီကျဲယွီ၏သားဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ ချောမောခံ့ညားသည့် လူကြီးလူကောင်းတစ်ယောက်နှင့်တူသည်။ သူက စကားအလွန်မပြောသော်လည်း လူအများကို နွေးဦးလေပြည်တစ်ခုကို ရှုရှိုက်လိုက်ရသကဲ့သို့ ခံစားချက်မျိုး ပေးနိုင်သည်။ 


xxxxxxx