အပိုင်း ၇
Viewers 15k

Chapter 7


သူ့ဘေးမှ ရွှယ်ယွင်ဟွမ်ကို မင်းမျိုးမင်းနွယ်ဝင်များကဝန်းရံနေပြီး စဉ်ဆက်မပြတ်ချီးကျူးနေကြသည်။ မင်းသား ၅ဖြစ်သော ရွှယ်ယန့်ဘေးနားတွင်မူ မည်သုမျှမရှိပဲ ဖြတ်သွားသော မှူးမတ်များ၏ သားများကလည်း သူ့ကိုတစ်ချက်သာစောင်းကြည့်ပြီး ဘာမှမပြောကြပေ။

    

ထိုအချိန်တွင် မင်းသား၂ က ကျယ်လောင်စွာဖြင့် ရွှယ်ယွင်ဟွမ်ဘက်သို့ အော်ပြောလိုက်သည်။

" ဒီနှစ်ရဲ့ ဆောင်းဦးလယ်စားသောက်ပွဲကို ဖျက်သိမ်းရတော့မယ်တဲ့ ဘာလို့လဲသိကြလား..."


ထိုအပြုံးက အခြားလူတစ်ယောက်ကို ဒုက္ခပေးချင်မှုများဖြင့် ပြည့်နေသည်ကို ကျွင်းဟွိင်လန်သိလိုက်သည်။

သူက နိုင်ကွက်ကို ကိုင်ထားတာပဲ...


သူ့အနောက်တွင် ရပ်နေသော မိန်းမစိုးကို ကြည့်ရသည်မှာ ရင်းနှီးနေသည်။ ကျွင်းဟွိုင်လန် အနီးကပ်ကကြည့်လိုက်သည့်အခါ ထိုမိန်းမစိုးက ရွှယ်ယန်ကို အနိုင်ကျင့်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ပြီး ကျောက်စိမ်းမြှားကျိုးသွားရခြင်း၏ လက်သည်လည်းဖြစ်သည်။


ဒါဆိုရင် ဒီကိစ္စကို မင်းသား ၂ က ကြံစည်ထားတာလား...


ကျွင်းဟွိုင်လန် သူ၏ရဲတင်းမှုကို ခဏတာခန့် လေးစားမိသွားသည်။ ပြန်တွေးကြည့်လိုက်သော်အခါ ရွှယ်ယန် နန်းတော်တွင်းသို့ ရောက်လာစဉ်ကလည်း သူ့ကို ရန်စခဲ့ပြီး အားလုံးက အရိုအသေတန်သွားအောင် ပြုလုပ်ခဲ့သူမှာ မင်းသား၂ သာ ဖြစ်သည်။ သူ ပြန်ပြီး မွေးဖွားလာချိန်တွင် မင်းသား၂က ပို၍ ပို၍ ယုံကြည်ချက်ရှ်ိလာခဲ့သည်။


ထိုနေရာမှ မှူးမတ်များနှင့် အခြားမင်းမျိုးမင်းနွယ်များက ထိုသတင်းကို မကြားရသေးသည့်ပုံပေါ်သည်။ သို့ရာတွင် သူတို့ခန်းမဆောင်ထဲကို မျက်စိကစားလိုက်ချိန်တွင် အိုးကိုပစ်ရန် မည်သည့်ကိရိယာများ မထားထားသည်ကို သတိပြုမိသွား၍ စပ်စုစွာဖြင့် မေးမြန်းကြတော့သည်။ 


" ဟုတ်သားပဲ... ဘာကိစ္စကြောင့် မလုပ်ဖြစ်တော့တာလဲ အရှင် မင်းသား..."


မင်းသား၂ က အဓိပ္ပါယ်ပါပါဖြင့် ရယ်လိုက်သည်။


သူက သူ့အမေကဲ့သို့ပင် ရုပ်ရှည်က သာမန်မျှသာဖြစ်သည်။ လေးထောင့်ဆန်ဆန်မျက်နှာမျိုးရှိပြီး သေး‌ငယ်သောမျက်ဝန်းတစ်စုံလည်းရှိသည်။

    

" ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ကျောက်စိမ်းမြှားကို ချိုးလိုက်တာကြောင့်ပေါ့..."


မှူးမတ်များအားလုံးနှင့် သူတို့၏ တပည့်တပန်းများအားလုံး ရုတ်တရက် အုတ်အော်သောင်းနင်းဖြစ်သွားကာ ထိုအကြောင်းများကို စ‌တင်ဆွေးနွေးကြတော့သည်။ ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို မျက်လုံးထောင့်မှကြည့်လိုက်သည့်အခါ သူက ထိုအခြေအနေကို သဘောမပေါက်သေးပဲ နေရာတွင်ထိုင်၍ လက်ဖက်ရည်ကြမ်းကို တည်ငြိမ်စွာသောက်နေသည်ကိုသာ မြင်လိုက်ရသည်။

    

တစ်ယောက်ယောက်က မေးလိုက်သည်။

" ဘယ်လိုလုပ် အဲ့ဒါက ကျိုးသွားရတာလဲ...  အရှင်မင်းကြီးက မင်းသား၂ကို ဒီမြှားတစ်စုံ မပေးခဲ့ဘူးလို့ ကျွန်တော်မျိုးကြားထားပါတယ်..."


နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။

  " မင်းသား ၄ များလား..."


မင်းသား၆က ဧကရီ၏ သားဖြစ်သော်လည်း သူက စာပေလေ့လာသင်ကြားရခြင်းကို မနှစ်သက်ပေ။ သို့ဖြစ်၍ အားလုံးက ချီးမြှင့်ခံရသူမှာ မင်းသား၄ ရွှယ်ယွင်ဟုန်သာ ဖြစ်မည်ဟု ထင်လိုက်ကြခြင်းဖြစ်သည်။

    

သို့ရာတွင် မင်းသား ၄ က ခပ်ဖျော့ဖျော့သာပြုံးလိုက်ပြီးပြောသည်။

" ကျွန်တော်က အဲ့လိုစွမ်းရည်မျိုးရှိမယ်တဲ့လား အားလုံးက အထင်ကြီးနေကြတာပဲ..."

ပြောပြီးသည်နှင့် သူက အစားအသောက်များကိုသာ အာရုံစိုက်နေပြီး ဘာမှ ထပ်မပြောတော့ပေ။


မင်းမျိုးမင်းနွယ်ဝင်များက နောက်တစ်ကြိမ် ဆွေးနွေးကြပြန်သည်။

    

" ဘယ်သူ့လက်ချက်ပါလိမ့်..."


မင်းသား ၂ က အပြုံးတုတစ်ခု ဆင်မြန်းလိုက်သည်။

" ဒီလိုစွမ်းရည်မျိုးရှိတာက‌ ကောင်းကင်က ကြွေကျလာတဲ့ကြယ်တွေပဲလေ..."


ကောင်းကင်ကကြွေကျလာတဲ့ ကြယ်ဆိုပါလား... နန်းတော်တစ်ခုလုံးမှာ ကြယ်ဆိုလို့ နတ်ဆိုးကြယ်တစ်လုံးပဲ ရှိတာလေ...


အားလုံး၏ မျက်လုံးများက ရုတ်တရက် ရွှယ်ယန့်အပေါ် ကျရောက်လာသည်။


ရွှယ်ယန်က သိသိသာသာ မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့ပယင်းရောင်မျက်လုံးများက ဆိတ်ငြိမ်သွားသည့်ပုံပေါ်သည်။


မှူးမတ်များက ချက်ချင်းပင် မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ဖြစ်သွားပြီး အကြည့်လွှဲလိုက်ကြသည်။ သူ့ကို ထပ်ကြည့်ပါက နတ်ဘုရားများ၏ အတိဒုက္ခမိုးကြိုးများ ထိမှန်ကာ အသတ်ခံရတော့မည်ဟုပင် ခံစားမိလိုက်သည်။

    

မင်းသား ၂ က အားရပါးရအော်ရယ်လိုက်သည့်အခါ ကျွင်းအန်းကျယ်ကလည်း ရယ်လိုက်သည်။


ကျွင်းဟွိုင်လန်က စိတ်မသက်မသာဖြစ်သွားပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ အကြည့်လွှဲလိုက်သည်။

  

ထိုအချိန်တွင် လူအုပ်ထဲတွင် ထိုင်နေသော ရွှယ်ယွင်ဟွမ်က မင်းသား ၂၏ လုပ်ကြံဇာတ်ကို ဆက်မကြည့်နိုင်တော့၍ စိတ်မရှည်စွာဖြင့် ထလာသည်။ အနိုင်ကျင့်သူကို လုပ်ချင်ရာလုပ်ခိုင်းလိုက်ပြီး မည်သူ့ကိုမျှ မနှုတ်ဆက်ပဲ ထထွက်လာလိုက်သည်။


သူက ကျွင်းဟွိုင်လန်ဘေးကိုလျှောက်လာပြီး စားပွဲခုံကို ခေါက်လိုက်သည်။


" အပြင်ထွက်ပြီး လေကောင်းလေသန့်သွားရှုရအောင်..."


ကျွင်းဟွိုင်လန်က သူနှင့်အတူ ထွက်သွားချင်သော်လည်း ကျွင်းလင်ဟွမ်က စားမပြီးသေး၍ သူမကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။


ထိုအချိန်တွင် မင်းသား ၄ ရွှယ်ယွင်ဟုန်က နေရာမှထလာကာ နွေးထွေးသော အမူအရာဖြင့်ပြောလိုက်သည်။


" ညီတော် ၆ အစ်ကိုတော် မင်းနဲ့တူတူသွားပေးမယ်လေ... ခုန်းမင် မီးပုံးလွှတ်ချိန်တော်ရောက်နေပြီ ခဏနေရင် မင်းသားတွေအားလုံးလည်း ထိုက်ယဲ့ရေကန်ကို သွားတော့မှာပဲ... ငါတို့ သူ့ကိုအဲ့မှာစောင့်နေတာပေါ့..."


ကျွင်းဟွိုင်လန်က သူ့ကိုမည်သို့မျှသဘောမထားသော်လည်း ရိုင်းပြသွားမည်စိုး၍ ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။


" မင်းသားနှစ်ပါး ကျွန်တော်မျိုးကို စောင့်ပေးကြပါဦး... အနှောင့်အယှက် ပေးမိပါပြီ..."


ရွှယ်ယွင်ဟွမ်က မင်းသား ၂၏ ကလေးဆန်ဆန်အပြုအမူများနှင့်ဝေးရာတွင် နေလို၍ ရွှယ်ယွင်ဟုန်ပြောသည်ကို မငြင်းတော့ပဲ တူတူထွက်သွားလိုက်သည်။

    

ထိုအခါ ကျွင်းလင်ဟွမ်က အစ်ကိုဖြစ်သူကို သူမက နှောင့်နှေးအောင် ပြုလုပ်မိသသည်သု တွေးလိုက်မိသည်။ သူမလက်ထဲတွင် ကိုင်ထားသည့်မုန့်ကို ပါးစပ်ထဲ အမြန်ထည့်ကာ ပလုပ်ပလောင်းဖြင့် ပြောလိုက်သည်။


" ဟွမ်အာစားလို့ ပြီးတော့မှာနော်..."


ကျွင်းဟွိုင်လန်က သူမ အမူအရာကို သဘောတကျဖြစ်သွားသော်လည်း နင်သွားမည်စိုး၍ ရေနွေးကြမ်းခွက်ကို အမြန်ယူပေးလိုက်ပြီး ဖြေးဖြေးစားရန် ပြောလိုက်သည်။


 " ဘာမှ မဖြစ်ပါဘူး... ဖြည်းဖြည်းစား နင်သွားဦးမယ်..."


ထို့နောက် သူမနောက်ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။ သူက ကျွင်းလင်ဟွမ်ထက် ဆယ်နှစ်ခန့်ကြီးပြီး သူ၏ အစ်ကို၂ကလည်း အိမ်နှင့် ဝေးကွာနေသူဖြစ်သည်။ ကလေးဘဝတည်းက သူ့ညီမလေးကို ဂရုစိုက်ပြုစုခဲ့ရ၍ ဤအပြုအမူများနှင့် အသားကျနေပြီဖြစ်သည်။


သို့ရာတွင် သူ သတိမပြုလိုက်မိသည်မှာ ထိုမြင်ကွင်းကို ပယင်းရောင်မျက်ဝန်းတစ်စုံက စောင့်ကြည့်နေခဲ့သည်။

 

ကျွင်းလင်ဟွမ်ဗိုက်ပြည့်သွားသည့်အခါ မှူးမတ်အတော်များများ၏နေရာကလည်း လွတ်နေပြီးဖြစ်ကာ မင်းသားများ၏ နေရာတွင်လည်း တစ်ယောက်မှ မရှိတော့ပေ။ ကလေးများအတွက်မူ စားသောက်ပွဲများက ပျင်းစရာကောင်းလှသည်။ ဆောင်းဦးလယ်ပွဲတော်၏ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းမှာ ထိုက်ယဲ့ရေကန်သို့သွားပြီး မီးပုံးလွှတ်ရခြင်းပင်ဖြစ်သည်။

7.2


ကျွင်းလင်ဟွမ်ကလည်း ထိုနေရာသို့သွားချင်သည်။ သူမ ဗိုက်ပြည့်သွားသည့်အခါ ကျွင်းဟွိုင်လန်က သူမကိုခေါ်၍ ထိုက်ယဲ့ရေကန်ဘက်သို့ ထွက်လာခဲ့သည်။


အေးစက်သောညတစ်ည၍ မောင်နှမနှစ်ယောက်က ဝတ်ရုံရှည်များ ဝတ်ဆင်ထားခဲ့သည်။ နန်းတွင်းတွင် ထွန်းထားသည့် မီးတိုင်းလျှောက်သွားစဉ်တွင် သူတို့ဝတ်ရုံများ လေထဲလွင့်နေသည်မှာ ပန်းချီကားတစ်ချပ်နှင့်ပင် တူလှသည်။

    

အမွေးတိုင်တစ်တိုင်ကုန်သည့်အချိန်တွင် သူတို့နှစ်ယောက် ထိုက်ယဲ့ရေကန်သို့ ရောက်လာသည်။


ထိုအချိန်တွင် ထိုက်ယဲ့ရေကန်၌ လူများစွာရောက်ရှိနေပြီဖြစ်သည်။ လပြည့်ဝန်းကြီးက နက်ပြာရောင်ကောင်းကင်ယံတွင် တည်ရှိနေပြီး ကောင်းကင်ယံသို့ လွှတ်တင်လိုက်သည့် ခုန်းမင်မီးပုံများက ထိုက်ယဲ့ကန်ရေပြင်တွင် အလင်းပြန်နေသည်။  ကျွင်းဟွိုင်လန်က ရေကန်ဘေးနားသို့ ကပ်သွားလိုက်သည်။


  ကျွင်းဟွိုင်လန်တို့ ရေကန်နားရောက်သွားချိန်တွင် ထိုနေရာ၌ လူတစ်အုပ်စုက ရှိနေပြီး မင်းသား ၂၏ အသံကိုလည်း ကြားလိုက်ရသည်။  


" ညီတော် ၅ မဟုတ်ဘူးလား... ဒီနားလာပြီး အစ်ကိုတော်တွေနဲ့အတူ မီးပုံးလာထွန်းလေ..."

    

 ထိုအသံက ခနဲ့တဲ့တဲ့ပုံစံဖြစ်နေကာ နားကန်းနေသည်ကကြားလျှင်ပင် သူက ပြဿနာရှာချင်နေသူဖြစ်ကြောင်း သိနိုင်သည်။


ထိုလူ၏လေသံက ညင်သာသော်လည်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်တော့မည်ကို ကျွင်းဟွိုင်လန်သိလိုက်သည်။

   


ထိုနေရာတွင် ရွှယ်ယန်ရှိနေ၍ ကျွင်းဟွိုင်လန်က မသွားချင်ဖြစ်နေသည်။


သို့ရာတွင် ကျွင်းလင်ဟွမ်က ရွှယ်ယွင်ဟွမ်ကို ဖတ်ခနဲမြင်လိုက်သည်။ ကျွင်းဟွိုင်လန်ပြန်ဖြေမည်ကို မစောင့်တော့ပဲ သူမက သူ့ကိုဆွဲခေါ်သွားတော့သည်။


" ကိုကြီး... ဟိုကိုကြည့်လိုက် အစ်ကိုကြီးမင်းသား၆က ဟိုနားမှာရပ်နေတယ်..."


ရွှယ်ယွင်ဟွမ်၏နောက်မှ မိန်းမစိုးလေးများက လှပ၍ အထက်တန်းဆန်သောမီးအိမ်များကို လက်ထဲတွင်ကိုင်ထားသဖြင့် ကျွင်းလင်ဟွမ်၏အကြည့်ကို ဖမ်းစားထားသည်။ ထိုအချိန်တွင် ရွှယ်ယွင်ဟွမ်က စိတ်မရှည်လက်မရှည်ဖြင့် လှည့်ကြည့်လိုက်သည့်အခါ ကျွင်းဟွိုင်လန်ကို တွေ့လိုက်သည်။


" ဟွိုင်လန်..."

အော်ခေါ်လိုက်ပြီးနောက် မင်းသား ၂ကို တစ်ချက်ကြည့်ကာ မိန်းမစိုးများကို စိတ်မရှည်ပုံဖြင့် ပြောလိုက်သည်။


" ဒီကိုလာဦး... မီးပုံးတွေအားလုံးယူထားပြီး သခင်မလေးကျွင်းအတွက် ရွေးပေးထားလိုက်..."

ပြောပြီးသည်နှင့် လူအုပ်ထဲမှထွက်ကာ ကျွင်းဟွိုင်လန်ဆီသို့ တည့်တည့်ပင် သွားလိုက်သည်။


အမတ်ကြီးများအိမ်တော်မှ သခင်လေးများက သူ့နောက်လိုက်မည်အပြုတွင် ရွှယ်ယွင်ဟွမ်က သူတို့ကို အညှာအတာမဲ့စွာ တွန်းလွှတ်လိုက်သည်။


  " မလိုက်ကြနဲ့... ဒီမင်းသားလည်း အေးအေးဆေးဆေး နေချင်သေးတယ်..."


ရွှယ်ယွင်ဟွမ်က နတ်ဆိုးကြယ်ကို သဘောမကျသော်လည်း သူ့ကို ပြဿနာမရှာချင်ပေ။ မင်းသား ၂ ပြဿနာရှာနေသည်ကိုကြည့်ကာ မီးပုံးများကိုထွန်းရန် စိတ်မပါတော့ပေ။

  

မိန်းမစိုးငယ်လေးတစ်အုပ်စုက သူတို့နောက်မှလိုက်လာကာ ကျွင်းလင်ဟွမ်အတွက် မီးပုံးမျိုးစုံယူလာပေးကြသည်။ အချို့မိန်းမစိုးလေးများက စုတ်တံများယူလာပြီး မီးပုံများပေါ်တွင် ဆုတောင်းစာများ ရေးကြသည်။


လူအနည်းငယ်က ထိုနေရာနှင့် မဝေးလှသည့်နေရာတွင်ရှိနေ၍ လူအုပ်ထံမှ ဆူညံသံများကို ကြားနေရသော်လည်း ထိူအသံများကြောင့် သူတို့က အနှောင့်အယှက်မဖြစ်ကြပေ။ မီးပုံးမှ မီးရောင်စုံများကို မြင်သည့်အခါ ကျင်းလင်ဟွမ်၏မျက်လုံးများအရောင်လက်သွားပြီး တစ်ခုပြီးတစ်ခုကို ရွေးချယ်နေသည်။


သူ့ဘေးမှ ရွှယ်ယွင်ဟွမ်က ပြုံးလိုက်သည်။


 " ညီမလေးဟွမ်အာ... လောဘကြီးလို့မရဘူးလေ... ဆောင်းလလယ်ပွဲတော်ညမှာ မီးပုံးတစ်ခုပဲ လွှတ်လို့ရတယ်... အများကြီးလွှတ်မယ်ဆိုရင် ဆုတောင်းမပြည့်တော့ဘူးနော်..."


ကျွင်းလင်ဟွမ်က နောင်တရစွာဖြင့် နှာမှုတ်လိုက်ပြီး မီးပုံနှစ်ခုအကြား မည်သည်ကို ရွေးချယ်ရမည်ကိုမသိ၍ ဗျာများနေသည်။


ကျွင်းဟွိုင်လန်က သူမဘေးနားတွင် ရပ်နေလျက် နူးညံ့ညင်သာသည့်မျက်ဝန်းများဖြင့်ကြည့်နေသည်။ ရွှယ်ယွင်ဟွမ်ကလည်း သူ့ဘေးနားရောက်လာပြီး သူမကို ကြည့်နေသည်။ ခဏအကြာတွင် ကျွင်းဟွိုင်လန် ၏ ပခုံးကို တံတောင်ဆစ်ဖြင့်ထောက်ကာ သက်ပြင်းချလိုက်သည်။


" မင်း ညီမလေးကို ဘယ်လိုများပြုစုစောင့်ရှောက်ခဲ့လဲ အရမ်းနာကျင်ရမှာပဲ..."


ကျွင်းဟွိုင်လန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။


" မင်း ဘာကိုမေးတာလဲ..."


ရွှယ်ယွင်ဟွမ်က ခဏတာ အံအားသင့်သွားပြီးမှ ကျွင်းဟွိုင်လန်၏အကြည့်များကို သဘောပေါက်သွားသည်။ သူ ခုန်ပေါက်ပြီး ရယ်မိလုမတတ်ပင်ဖြစ်သွားတော့သည်။


" ငါ့ကို ဘာများထင်နေတာလဲ... မင်း ညီမလေး ချစ်စရာကောင်းလွန်းလို့ ငါက ချီးကျူးနေတာလေ... ကဲ... ငါတို့ ဘယ်သွားကြမလဲ..."


သူတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ်ဖြစ်သော်လည်း ကျွင်းလင်ဟွမ်က ၆နှစ်သာရှိသေး၍ ကလေးအရွယ်ဖြစ်သည်။ သူ့သူငယ်ချင်းက သူ့ကို ညစ်ပတ်သည့်လူဟု ထင်သွားလိမ့်မည်ဟု ရွှယ်ယွင်ဟွမ် မထင်ခဲ့မိပေ။


ကျွင်းဟွိုင်လန်က သူ့ကို သတိပေးလိုက်သေးသည်။


" မင်း မဟုတ်တာတွေ မတွေးရင်ကောင်းမယ်..."

    

ရွှယ်ယွင်ဟွမ် စိတ်ဆိုးသွားပြီး သူ့ကို ထရိုက်မည်ပြင်လိုက်သည်။


" ရွေးလိုက်ပြီ..."


ကျွင်းလင်ဟွမ်က နောက်ဆုံးတွင် မီးပုံးတစ်ခုရွေးပြီး၍ သူ့အစ်ကိုနှစ်ယောက်ကို ပြလိုက်သည်။

    

ထိုအချိန်မှာပင် မလှမ်းမကန်းမှ မင်းသား၂ ၏ အသံက ကျွင်းဟွိုင်လန်၏ နားထဲ ရှင်းလင်းစွာဝင်ရောက်လာသည်။

    

" မင်းက တောထဲမှာ နှစ်နည်းနည်းလောက် နေလာပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တယ်ထင်နေလား... မင်းက ယန်ဘုရင်ကို နည်းလမ်းပြသပေးခဲ့တယ်ဆိုပေမယ့် ယန်ဒေသက နောက်ဆုံးတော့ ရန်သူနဲ့ပြီးပေါင်းပြီး သစ္စာဖောက်သွားလို့ အရှုံးပေးလိုက်ရတာပဲလေ... အဲ့အကြောင်းကို ခေါင်းထဲရှိတယ်ဆိုရင် ကောင်းကောင်းတိုက်ခိုက်တတ်ဖို့ပဲ သင်ယူနေစမ်းပါ..."

    

အခြားလူများ၏ လှောင်ပြောင်သံသဲ့သဲ့ကလည်း ထွက်ပေါ်လာသည်။


ရယ်သံများက စိတ်မချမ်းမြေ့ဖွယ်ဖြစ်၍ ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်မိသွားသည်။

    

" ဝေးဝေးသွားနေရအောင်..."


သူ စိတ် မသက်မသာဖြစ်လာ၍ ထိုနေရာကို တစ်ချက်လှမ်းကြည့်ပြီး ရွှယ်ယွင်ဟွမ်ကို ပြောလိုက်သည်။

    

ထိုအချိန်မှာပင် မင်းသား၂၏အသံက သူ့နားထဲ ဝင်လာပြန်သည်။


" ရန်သူကို ဘယ်တော့မှ လက်နက်မကျဘူးတဲ့ ဟုတ်လား... ဟာသပဲ... ငါမင်းကို ပြောပြဦးမယ်... ယန်ဘုရင်က တိုင်းပြည်ရဲ့သူခိုးဆိုတာ လူတိုင်းသိတယ်ကွ..."


xxxxxxxx