အပိုင်း ၈
Viewers 16k

Chapter 8


မင်းသား၂က သူ့အနားမှလူများ‌ကြားရလောက်သည့်အသံဖြင့် ပြောလိုက်သည်။


" ယန်ဘုရင်က ဘာလို့ ရန်သူနဲ့ ပူးပေါင်းသွားတယ်ဆိုတာ သိကြရဲ့လား... အဲ့ဒါက တာ့ခ်တွေဆီက နတ်ဆိုးကိုယ်လုပ်တော်နဲ့ အကြောင်းပါခဲ့မိလို့မဟုတ်ဘူး... တော်ဝင်သွေးစစ်စစ်နောက်တစ်ယောက် ရှိနေလို့လည်းဖြစ်နိုင်တယ်... ယန်ဒေသမှာမွေးတဲ့ အရိုင်းအစိုင်းမျိုးစိတ်ပေါ့လေ..."


ထို့နောက်တွင် မှူးမတ်များနှင့် မင်းမျိုးမင်းနွယ်များ၏ တအံ့တဩပြောဆိုသံများကြောင့် သူ့အသံက ချက်ချင်းရပ်တန့်သွားသည်။

    

ထိုစကားကြောင့် ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်မိပြီး ကျွင်းလင်ဟွမ်၏နားရွက်ကို အုပ်ထားလိုက်မည်အပြုတွင် ထိုနေရာမှ ဆူညံသံများကြောင့် လန့်သွားသည်။ မော့ကြည့်လိုက်သည့်အခါ တော်ဝင်မိသားစုအချို့က နေရာအနှံ့ကို ဆုတ်သွားကြပြီး အလယ်တွင် လူနှစ်ယောက်သာကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။


၎င်းက ရွှယ်ယန်နှင့် မင်းသား ၂ ရွှယ်ယွင်စု ဖြစ်သည်။

    

ရွှယ်ယွင်စုက ရွှယ်ယန်ထက် နှစ်နှစ် အသက်ပိုကြီးသော်လည်း အရပ်အမောင်းက အတူတူနီးပါးဖြစ်သည်။ ထိုအချိန်တွင် ရွှယ်ယန်က ရွှယ်ယွင်စုလည်ပင်းကို ကြက်တစ်ကောင်ကိုကိုင်သကဲ့လို့ ညှစ်ထားပြီး သူ့ခန္ဓာကိုယ်ကိုမြှောက်လိုက်သဖြင့် ‌မင်းသား ၂၏ ခြေထောက်က လေပေါ်မြောက်နေသည်။ ထို့နောက် ဘေးနားမှ ပင်စည်တစ်ခုနှင့် ကိုင်ဆောင့်လိုက်သည်။

 

ရွှယ်ယန်၏လက်က သူ့လည်ပင်းကိုညှစ်ထားပြီး တစ်ခုခု ပြောလိုက်ပုံရသည်။ မင်းသား၂က ရုန်းကန်နေပြီး ခေါင်း‌ခါလိုက်သည်။ ထိုအချိန်တွင် သူ့လည်ချောင်းမှ အက်ကွဲကွဲအသံများ ထွက်ပေါ်လာသည်။


သေတော့မှာပဲ...


မှူးမတ်များနှင့် မင်းမျိုးမင်းနွယ်မိသားစုများက အလွန်ကြောက်လန့်လွန်းလှ၍ မည်သူမှ ရှေ့မတိုးလာရဲကြပေ။ ကျွင်းအန်းကျယ်က အလွန်ကြောက်လန့်လွန်း၍ ခြေထောက်များ ပျော့ခွေကာမြေပေါ်လဲကျသွားပြီး တရွတ်တိုက်ကာ နောက်ဆုံးသွားသည်။ သူ့ဘေးမှ မိန်းမစိုးလေးက ယုံလဲ့နန်းတော်ကို သုတ်ခြေတင်ပြေးသွားသည်။

    

ကျွင်းဟွိုင်လန်က အမြန်လက်မြှောက်ပြီး ကျွင်းလင်ဟွမ်၏ မျက်လုံးများကို အုပ်ထားလိုက်သည်။


" ရန်ဖြစ်ကြတာလား..."


ရွှယ်ယွင်ဟွမ်က အံ့အားသင့်သွားလွန်း၍ ဘာပြောရမည်ပင် မသိတော့ပေ။


ညအမှောင်ထုထဲတွင် ရွှယ်ယန်၏ မျက်နှာသေကို ကျွင်းဟွိုင်လန် ဘေးတစ်စောင်းမြင်လိုက်ရချိန်တွင် သူ၏ယခင်ဘဝတွင် တွေ့မြင်ခဲ့ရသောအကြည့်နှင့် တူနေသည်ဟု ထင်လိုက်မိသည်။

    

အေးစက်၊ အသက်မဲ့ပြီး သွေးဆာနေတဲ့ ပယင်းရောင်မျက်ဝန်းတွေပဲ...

    

သို့ရာတွင် မင်းသား၂၏ ကြိမ်းမောင်းသံများက သူ့နားထဲအထိ ပဲ့တင်ထပ်လာပြီး ကြည့်နေသူကြောက်လန့်တကြား ရေရွတ်သံများကို ကြားလိုက်ရသည်။

    

သူ ဘာတွေ လုပ်နေတာလဲ... မင်းသား ၂ ကို လည်ပင်းညှစ်သတ်ချင်နေတာနဲ့ စကားတောင် မပြောနိုင်တော့တာလား...


လူအားလုံး၏ ‌အလန့်တကြားအော်ဟစ်သံများက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ရွှယ်ယန်က မင်းသား၂၏ လည်ပင်းကို ညှစ်ထားလျက်နှင့်ပင် သူ့ကို ထိုက်ယဲ့ရေကန်၏ဘေးသို့ ဆွဲခေါ်သွားပြီး သူကိုယ်တိုင်ကလည်း ရေကန်ဘေးတွင် ထိုင်ချလိုက်ကာ မင်းသား၂၏ခေါင်းကို အေးစက်နေသည့်ရေကန်ထဲ နှစ်လိုက်သည်။


သူ့တံတောင်ဆစ်များနှင့် ဒူးများကို မင်းသား၂ပေါ်သို့ ဖိထားပြီး လက်တစ်ဖက်ဖြင့် ခေါင်းကိုရေထဲနစ်ထား၍  အောက်ဘက်မှ မင်းသား၂က လှုပ်မရနိုင်ဖြစ်နေသည်။


ရေကန်ထဲမှ မီးပုံးများ၏ အလင်းရောင်ကြောင့် ကျွင်းဟွိုင်လန်က ရွှယ်ယန့်ပါးစပ်လှုပ်ရှားသွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။


" မင်းကို စကားပြောဖို့ အခွင့်အရေးထပ်ပေးမယ်..."


ရွှယ်ယန် ပြောလိုက်သည်။


ကျွင်းဟွိုင်လန် တွေးကြည့်လိုက်သည့်အခါမှသာ သူက မင်းသား၂ကို ခြောက်လှန့်ရုံမျှသာဖြစ်ကြောင်း သိလိုက်သည်။ သို့ရာတွင် သူ၏ခြောက်လှန့်သောနည်းလမ်းက အလွန်ကြမ်းတမ်းရက်စက်လွန်းကာ လူသတ်ချင်စိတ်များဖြင့်ပြည့်နေ၍ စိတ်ကြီးဝင်နေသည့်  မှူးမတ်များကိုပါ ငြိမ်ကျသွားစေကာ သူတို့အားလုံး၏ မျက်နှာအမူအရာများကပါ ရယ်စရာဖြစ်နေသည်။

    

ရွှယ်ယန်က လက်များကို အနည်းငယ်လျှော့လိုက်သည်ပြီး မင်းသား၂ကို လွှတ်ပေးတော့မည်ကို မြင်လိုက်ရသည်။


ထိုအချိန်တွင် ချပ်ဝတ်တန်ဆာများအပြည့်ဝတ်ဆင်ထားပြီး ဓားရှည်များကို ခါးတွင်ချိတ်ဆွဲထားသည့် ကျင်းဝူ‌ဝေ့အစောင့်များက ရေကန်ဘက်သို့ အမြန်ချီတက်လာကြသည်။ ၎င်းတို့က လူအယောက် ၂၀မှ ၃၀အထိရှိပြီး ခေါင်းဆောင်က ဧကရာဇ်ချင်းဖျင်၏ဘေးမှ သီးသန့်ကိုယ်ရံတော်ဖြစ်သည်။ သူက လမ်းတစ်ဝက်မှာပင် အော်ပြောလိုက်သည်။


" အရှင်မင်းကြီးက လုံးဝမလွှတ်ပေးနဲ့လို့ မိန့်ကြားလိုက်တယ်..."


ဘေးနားမှ ရွှယ်ယွင်ဟွမ်က သက်ပြင်းချလိုက်သည်။


" ခမည်းတော်က အဲ့လောက်ထိ လုပ်စရာလိုလို့လား..."


ကျင်းဝူဝေ့အစောင့်များ၏ပုံစံက တစ်စုံတစ်ယောက်က နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသည်ဟု အထင်မှားစရာပင်ဖြစ်နေသည်။ သို့သော်သူတို့က မင်းသားနှစ်ပါးတိုက်ခိုက်နေခြင်းကို ဖြေရှင်းပေးရန်သာ ရောက်လာပုံဖြစ်သည်။ သို့သော်လည်း မင်းသား၂ကို လုပ်ကြံရန်ရောက်လာသည့် လုပ်ကြံသူကို သတ်ဖြတ်တော့မည့်ပုံဖြစ်နေသည်။


ကျွင်းဟွိုင်လန်က တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သွားသည်။


ဧကရာဇ်ချင်းဖျင်က ရွှယ်ယန်ကို မည်သည့်အခါကမှ အမြင်မကြည်ခဲ့သူဖြစ်သည်။ ရွှယ်ယန့်ကို မည်သည့်အခါကမှ သားတစ်ယောက်အဖြစ် သဘောမထားခဲ့သည့်အပြင် ရွှယ်ယန်က ရွှယ်ယွင်စုကို ဤနေရာတွင်ပင် သတ်ပစ်မည်ဟု ယုံကြည်နေခဲ့သည်။


ထိုအခါမှသာ ရွှယ်ယန်က ခေါင်းမော့လိုက်ပြီး ကျင်းဝူဝေ့အစောင့်များကို ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် မထီမဲ့မြင်အမူအရာဖြင့် နှုတ်ခမ်းများမဲ့လိုက်ကာ ‌အားလျှော့ထားသောလက်ကို ရုတ်တရက်ပြန်လည်တင်းကျပ်လိုက်ပြီး ရွှယ်ယွင်စုကို ထိုက်ယဲ့ရေကန်ထဲ ပြန်နှစ်လိုက်ကာ သူ့တစ်ကိုယ်လုံးကိုပင် ရေနစ်လုနီးပါးဖြစ်အောင် လုပ်လိုက်သည်။


အနားမှလူအားလုံး အလွန်ကြောက်လန့်ကုန်သဖြင့် အော်ဟစ်နေကြသည်။

    

ထိုအခါမှ ရွှယ်ယန်က မတ်တပ်ထရပ်လိုက်ပြီး တွန့်ကြေနေသည့် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီး ဘေးနားတွင်ရပ်ကာ ကျင်းဝူဝေ့အစောင့်များက ရေထဲမှ မင်းသား၂ကို ကယ်တင်လိုက်သည်ကို အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။ ထို့နောက်တွင် သူ့ကို ဖမ်းချုပ်ကြပြီး ရုန်းကန်မည်စိုး၍ လက်နှစ်ဖက်လုံးကို ကြိုးတုပ်ထားလိုက်သည်။


ရွှယ်ယန်က ထွက်ပြေးရန်လည်း မကြိုးစားပေ။


ကျွင်းဟွိုင်လန်၏ ရင်ထဲတွင် အနည်းငယ်နာကျင်သွားမိပြီး ကျွင်းလင်ဟွမ်ကို ရင်ခွင်ထဲထည့်လိုက်ပြီး ရွှယ်ယွင်ဟွမ်ကို ပြောလိုက်သည်။


" သွားရအောင်..."


ရွှယ်ယွင်ဟွမ်က ထပ်ခါထပ်ခါ ခေါင်းငြိမ့်နေပြီး ကျွင်းဟွိုင်လန်က လမ်းတစ်လျှောက်တွင် ကျွင်းလင်ဟွမ်ကို ချော့နေသည့်အခါ မိန်းမစိုးနှစ်ယောက် အချေအတင်စကားများကြကာ ရန်ဖြစ်ကြခြင်းဖြစ်သည်ဟု ‌ကူပြောပေးခဲ့သည်။

8.2


 လူအနည်းငယ်က ယုံလဲ့ခန်းမဆောင်၏အဝင်ဝသို့ ရောက်သည့်အခါ ရွှယ်ယန်က အထဲသို့ရောက်နေနှင့်ကြောင်း သူတို့မြင်လိုက်ရသည်။ ဧကရာဇ်ချင်းဖျင်က ခုံတွင်ထိုင်နေကာ အလွန်ဒေါသထွက်နေ၍ တစ်ဦးတစ်ယောက်မှ မလှုပ်ရှားရဲကြသည့်အပြင် တစ်ယောက်မှလည်း ခန်းမဆောင်ထဲသို့လည်း မဝင်ရဲကြပေ။


ခန်းမဆောင်ထဲတွင်မူ ကြောက်လန့်တုန်လှုပ်‌သွားပြီး ထိုက်ယဲ့ရေကန်၏ အအေးဓာတ်ကြောင့်သတိလစ်သွားသည့်  မင်းသား၂ကို ဘေးမှအခန်းတွင် နန်းတွင်းသမားတော်က ကုသပေးနေသည်။ ဘေးနားတွင် သူ၏မယ်တော်ဖြစ်သူ ကျန်းကွေ့ပီမှာ ငိုကြွေးလွန်း၍ သတိလစ်မတတ်ပင်ဖြစ်နေသည်။

  

" မင်း ကိုယ့်အစ်ကိုရင်းကိုတောင် သတ်ဖို့ကြိုးစားလိမ့်မယ်လို့ ကိုယ်တော် မထင်ခဲ့မိဘူး..."


ဧကရာဇ်ချင်းဖျင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

  

" ရွှယ်ယန် ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေတောင်မှ ဒီလိုမပြုမူဘူး... မင်းမှာ လူစိတ်ရောရှိသေးရဲ့လား..."


ထိုစကားများက ကျွင်းဟွိုင်လန်၏နားထဲတွင်မူ အလွန်ပြင်းထန်သည်ဟု ထင်သွားမိသည်။ မျက်လွှာချလိုက်ပြီး ကြောက်နေသည့် ကျွင်းလင်ဟွမ်၏ နားရွက်များကို အုပ်ထားလိုက်သည်။


ထို့နောက် ဧကရာဇ်ချင်းဖျင်က အမိန့်ချမှတ်လိုက်သည်။


" ဒီ စိတ်ဓာတ်မကောင်းတဲ့သားတော်ကို ခန်းမဆောင်အပြင်ဘက်မှာတင် ကြိမ်ဒဏ်အချက်သုံးဆယ်ပေးဖို့ ခေါ်သွားစမ်း... ငါကိုယ်တိုင်ရေမယ်..."

    

 ဘေးနားမှ မိဖုရားကြီးက တိုးတိုးပြောလိုက်သည်။

" အရှင်မင်းကြီး..."


" သူ့ကို ရိုက်စမ်း... သေသွားတယ်ဆိုရင် ငါသူ့ကို သားတစ်ယောက်လို ဆက်ဆံပေးမယ်..."


မန်ချူးမင်းဆက်၏ တိုင်းပြည်ရေးနှင့် စစ်ရေးကိစ္စထဲတွင် ဘုရင့်မောင်းမဆောင်ထဲမှ ကိုယ်လုပ်တော်များက ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။


အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေမှုမျိုးကို ကျွင်းဟွိုင်လန် သည်းမခံနိုင်တော့ပေ။ မင်းသား ၂ကသာ ရွှယ်ယန်ကို စတင်အရှက်ခွဲခြင်းဖြစ်ပြီး ရွှယ်ယန်ကလည်း သူ့ကို မလုပ်ကြံသည့်အကြောင်းကို ဧကရာဇ်ချင်းဖျင်ကို သူပြောပြချင်နေသည်။


သို့သော် သူသတိလက်လွတ်နေမိသွားသည်။ 


ဧကရာဇ်ချင်းဖျင်က ခေါင်းမော့လိုက်ပြီး မှူးမတ်များ၏ သားသမီးများ၏ မရင်းနှီးသောမျက်နှာများအကြားတွင် ကျွင်းဟွိုင်လန်ကို ချက်ချင်းတွေ့လိုက်သည်။


" ဟွိုင်လန် ဒီနားကိုလာဦး... သူ့ကို ဘေးနားကနေ 'ချန်တိ' ကို ရွတ်ပြလိုက်... လူတွေက ဘယ်လိုပြုမူတယ်ဆိုတာ သင်ပေးလိုက်စမ်းပါ..."

( T/N - ချန်တိဆိုတာ တရုတ်ဂန္ဓဝင်ကဗျာတစ်ပုဒ်ဖြစ်ပြီး ကွန်ဖြူရှပ်ရေးထားခဲ့တဲ့ ကဗျာတွေထဲမှာ ရှေးအကျဆုံးတစ်ပုဒ်ပါ )


ကျွင်းဟွိုင်လန် ခဏတာ ထိတ်လန့်သွားပြီး ဧကရာဇ်ချင်းဖျင်ကို မော့ကြည့်လိုက်သည်။


 ဧကရာဇ်ချင်းဖျင်ကလည်း မင်းမျိုးနွယ်မိသားစုမှ ကလေးများကိုခေါ်ကာ မျက်နှာဖြတ်ရိုက်ခြင်းဟုပင် ဆိုရပေမည်။ မင်းသားနှစ်ပါးက ထိုနေရာတွင်ရန်ဖြစ်နေပြီး တစ်ယောက်က ဒဏ်ရာရသွားသော်လည်း မင်းမျိုးနွယ်ဝင်များက ဘာမှ ဝင်မလုပ်ကြ၍ ဧကရာဇ်ချင်းဖျင် ဒေါသထွက်သည်မှာလည်း သဘာဝကျပေသည်။

    

သူက အမတ်များ၏ မိသားစုဝင်များနှင့် မင်းမျိုးနွယ်ဝင်များကိုကြည့်လိုက်ပြီး ဤကဲ့သို့သောအချိန်မျိုးအတွက် ‌ချမ်းသားကြွယ်ဝသည့် မင်းမျိုးနွယ်မိသားစုမှ ရာထူးနိမ့်လူတစ်ယောက်က အကောင်းဆုံး ရွေးချယ်မှုဖြင်မည်ဟု တွေးလိုက်မိသည်။


" ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်..."


ကျွင်းဟွိုင်လန်မှာ သူ့ကိုယ်သူ လဲမကျသွားစေရန် ထိန်းထားလိုက်ရပြီး အရိုအသေပြုနေစဥ်တွင် ကျွင်းလင်ဟွမ်ကို ရွှယ်ယွင်ဟွမ်ဘေးသို့ တိတ်တဆိတ်တွန်းပို့လိုက်သည်။


ရွှယ်ယွင်ဟွမ်က သဘောပေါက်သွားပြီး ကျွင်းလင်ဟွမ်ကို သူ့ဘေးနားတွင် ခေါ်ထားပေးလိုက်သည်။

    

ကျွင်းဟွိုင်လန်က ရွှယ်ယန်ကိုဆွဲခေါ်သွားသည့် အစောင့်နှစ်ယောက်၏နောက်မှ လိုက်လာသည့်အခါ လူအုပ်ကြီးက ဘေးသို့ ရှဲသွားသည်။ သူတို့အားလုံးက နေ့အချိန်ကဲ့သို့ မီးများ လင်းထိန်အောင်ထွန်းထားသော နန်းဆောင်ရှေ့ထိလျှောက်လာသည်။ ဒဏ်ပေးမည့် ပစ္စည်းကိရိယာများကို အပြင်ဘက်တွင် ပြင်ဆင်ထားပြီးပြီဖြစ်သည်။ ရွှယ်ယန်က ဒူးထောက်နေရပြီး ဘေးမှ အစောင့်ကဧရာမတုတ်ကြီးကို ကိုင်ထားသည်။


ရွှယ်ယန်က ခေါင်းမမော့ထားသော်လည်း သူ၏ ဖျော့စင်းရှည်လျားသောနှာတံနဲ့ ကော့ညွတ်နေသည့် မျက်တောင်များကို ကျွင်းဟွိုင်လန် လှမ်းမြင်လိုက်ရသည်။


" သခင်လေး အရှင်မင်းကြီးက စလို့ရပြီလို့ မိန့်လိုက်ပါတယ်..."

လင်းဖူက သူတို့နောက်မှလိုက်လာပြီးပြောလိုက်သည်။


သူက ခေါင်းမော့ပြီး အစောင့်များကို ခေါင်းငြိမ့်ပြလိုက်သည်။


( ချယ်ရီပင်ကြီးက ပန်းတွေကလည်း ရက်ရောစွာ မဖူးပွင့်တော့ပြီ )

ကျွင်းဟွိုင်လန်က တွန့်ဆုတ်စွာဖြင့် ရေရွတ်နေသည်။ သူ့ကဗျာရွတ်သံက မှောင်မိုက်နေသည့် ညအချိန်တွင် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

[ T/N - ကျွင်းဟွိုင်လန်ရွတ်ပြနေတာက ကွန်ဖြူးရှပ် ရေးထားတဲ့ ချန်ထိဆိုတာကဗျာထဲက စာသားတွေပါ သူက ညီအစ်ကို အချင်းချင်းစည်းလုံးခြင်းခွန်အားအကြောင်း ဖွဲ့နွဲ့ထားတာပါ... ကဗျာစာသားတွေကို ရောကုန်မှာစိုးလို့ ကွင်းစကွင်းပိတ်ထဲ ထည့်ရေးပေးပါ့မယ်...)


ဘုန်း...


အသားကို ကြိမ်တုတ်ဖြင့်ထိသံက လေထဲတွင် ပဲ့တင်ထပ်လာသည်။ ကျွင်းဟွိုင်လန်၏ ပခုံးများပင်လှုပ်သွားပြီး အသံကလည်း တုန်ယင်လာသည်။

( ကမ္ဘာပေါ်မှ ရှိသမျှလူတွေထဲမှာ ညီအစ်ကိုတွေနဲ့ တူညီတာ ဘာမှမရှိနိုင်တော့ချေဘူး )


ရွှယ်ယန်မှာ သူနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး တစ်ချက်မျှ မယိုင်သွားပေ။ ခိုင်မြဲစွာဒူးထောက်နေပြီး လုံးဝမလှုပ်ရှားပေ။ ကျွင်းဟွိုင်လန်မှာ တစ်ခုခုကြောင့် အပြစ်ပေးခံရရန်မဆိုထားနှင့် ဤသို့အရိုက်နှက်ခံရသူ၏ဘေးတွင်ပင် တစ်ကြိမ်တစ်ခါမှ နီးကပ်စွာ မနေခဲ့ဖူးပေ။


သူက စိတ်မကောင်းဖြစ်နေပုံဖြင့် လင်းဖူကို လှမ်းကြည့်လိုက်သော်လည်း သူ၏အမူအရာက မပြောင်းလဲပဲ ပြောလိုက်သေးသည်။


" သခင်လေး ကျေးဇူးပြုပြီး ဆက်ရွတ်နေပါ..."


( သေခြင်းတရားနဲ့ သင်္ဂြိုဟ်ခြင်းဆိုင်ရာ ကြောက်မက်ဖွယ်အချိန်အခါများမှာလည်း ကြင်သနားတတ်သူဟာ ညီအစ်ကိုများသာပဲ...)


ရိုက်နှက်နေသံများက ကျွင်းဟွိုင်လန်၏နားထဲ ပဲ့တင်ထပ်နေသည်။ သူက အနီးဆုံးနေရာတွင် ရှိနေသူဖြစ်၍ အသားများ ဆုတ်ပြဲသွားသံကို ကြားနေရပြီး ကြိမ်တုတ်ကို မြှောက်လိုက်ချိန်တွင်လည်း သွေးချင်းချင်းနီနေသည်ကို မြင်လိုက်ရသည်။


ကြိမ်တုတ်၏အောက်မှ လူငယ်လေးမှာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ ကျွင်းဟွိုင်လန်က ရံဖန်ရံခါတွင်သာ အံကြိတ်ထားလိုက်သံသဲ့သဲ့ကို ကြားရသည်။ သူ အတတ်နိုင်ဆုံး တောင့်ခံထားသော်လည်း ပင့်သက်ရှိုက်နေရသည်။ ရွှယ်ယန်မှာ မုန်တိုင်းတိုက်ခတ်နေချိန်တွင် ကမ္ဘာမြေကြီးကို နူးညံ့သည့် အမြစ်များဖြင့် ကပ်တွယ်ထားသော ပေါင်းပင်လေးတစ်ပင်ကဲ့သို့ ရိုက်နှက်ခြင်းကို ကြံ့ကြံ့ခံနေသည်။


သွေးနံ့များက ကျွင်းဟွိုင်လန်၏ နှာသီးဖျားအထိ ရောက်လာသည်။ ၎င်းက ဆောင်ဦးလယ်ပွဲတော်မှ လမုန့်များ၏ရနံ့ဖြင့် ရောနှောနေသည်။


( ဘဝရဲ့ အနိမ့်အမြင့်အချိန်တွေမှာလည်း တစ်ဦးကိုတစ်ဦးရှာဖွေတတ်ကြတာ ညီအစ်ကိုတွေပါပဲ...)


xxxxxxxx