အပိုင်း ၉
Viewers 15k

Chapter 9


ကျွင်းဟွိုင်လန်က သူ၏အသံတုန်ယင်နေသည်ကို မထိန်းချုပ်နိုင်တော့ပေ။


နန်းတွင်းက အရမ်းကြောက်စရာကောင်း

တဲ့နေရာပဲ... ဒီ ညီအစ်ကိုဆိုတဲ့လူတွေက ရွှယ်ယန်ကို ဘာများ ကောင်းပေးကြလို့လဲ...


အကြောင်းရင်းမရှိပဲ အထင်သေးတယ်၊ အရှက်ခွဲတယ်၊ မမျှမတလုပ်တယ် ၊ ခွဲခြဆက်ဆံတယ်...


သူ့ဘေးမှ လင်းဖူက ခပ်ဖွဖွရယ်လိုက်သည်။

" သခင်လေး ကြောက်နေစရာမလိုပါဘူး... အရှင်မင်းကြီးက ... ဘယ်လိုပြောရမလဲ... ဒီလိုရိုက်နှက်နေပေမယ့် သူ့ကိုယ်သူ အပြစ်တင်နေတာပါ..."


ရွှယ်ယန်က အပြစ်ပေးရမည့်လူဟု ကျွင်းဟွိုင်လန်မထင်ပေ။ ဤထူးခြားဆန်းကြယ်သော လူငယ်လေးက နန်းတွင်း၌ လူပုံအလယ်တွင် လှောင်အိမ်ထဲပိတ်ထားသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရသည်။ အားလုံးက သူ့ကို သေစေချင်နေသော်လည်း သူက ခေါင်းမာစွာတောင့်ခံနေပြီး မသေခဲ့ပေ။ ယလုအချိန်တွင်လည်း ဤသို့ နှ်ိပ်စက်ခံနေရခြင်းကို လက်သည်းများဖြင့်သာကုတ်ထားပြီး သူ့ကိုယ်သူ တင်းခံနေသည်။ သူ့ဘေးမှ လူများကလည်း "ငါတို့က အမြဲမှန်ခဲ့တယ် မင်းက မကောင်းဆိုးဝါးတစ်ကောင်ပဲ" ဟူသည့် အကြည့်မျိုးဖြင့် ကြည့်နေကြသည်။


အားလုံး၏ အနိုင်ကျင့်နှိပ်စက်ခြင်းခံနေရသော ဤလူငယ်လေးမှာ  တစ်နေ့တွင် သူ၏လှောင်အိမ်ထဲမှာ ရုန်းထွက်လာကာ မကောင်းဆိုးဝါးအစစ် ဖြစ်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ကို ဤလူများ မသိကြပေ။ အပြစ်ကင်းသောလူအများစုလည်း သေကြေကြရဦးမည်ဖြစ်သည်။


သို့သော်လည်း ထို "အပြစ်ကင်းသူ"များအားလုံးက ဤမြင်ကွင်းကို ရပ်ကြည့်နေခဲ့ကြပြီး လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်ရှားခဲ့ပေ။


အချက်သုံးဆယ်ရိုက်ပြီးနောက်တွင် အဖြူရောင်စကျင်ကျောက်ကြွေပြားက သွေးရွှဲရွှဲစိုနေပြီဖြစ်သည်။


အစောင့်များက တုတ်ကိုပြန်ယူလိုက်ပြီးနောက် ခန်းမထဲပြန်ဝင်သွားပြီး သတင်းပို့လိုက်ကြသည်။ ရွှယ်ယန်တစ်ယောက်တည်းသာ လှေကားထစ်များတွင် ဒူးထောက်လျက် တစ်ယောက်တည်းကျန်တော့သည်။ 


သူ့ဦးခေါင်းက မြေပြင်သို့ ငိုက်စိုက်ကျနေပြီး အပြင်းအထန် ပင့်သက်ရှိုက်နေရသော်လည်း ကျောက်တုံးလှေကားထစ်ပေါ်သို့ လက်တစ်ဖက် လှမ်းတင်လိုက်သည်။ ကျွင်းဟွိုင်လန်က အလိုလိုရှေ့သို့ရောက်သွားပြီး ကူညီရန် ပြင်လိုက်သော်လည်း ရွှယ်ယန်က သူ့လက်တစ်ဖက်ကိုအားပြု၍ နာကျင်မှုကို အန်တုကာ ဖြည်းညင်းစွာ ထလာသည်။


ရွှယ်ယွင်ဟွမ် သူ့ကို ယနေ့တွင် ပြောပြခဲ့သည်များကို ကျွင်းဟွိုင်လန် ရုတ်တရက် တွေးမိသွားသည်။


ရွှယ်ယန်က ယန်ဒေသမကျဆုံးမီတွင် ရာပေါင်းများစွာသော မြင်းသည်တော်များကိုဦးဆောင်ကာ တာ့ခ် စစ်တပ်ကို တိုက်ခိုက်ခဲ့ဖူးသည်။ ယန်ဒေသ လုံးဝ ကျဆုံးသွားခဲ့သော်လည်း သူက ခေါင်းမာစွာဖြင့်ပင် အလောင်းပုံများအကြားမှ တိုးထွက်ကာ မရေအတွက်နိုင်သော'လီ' များအထိ ခရီးနှင်ပြီး ချန်အန်းကို ပြန်ရောက်လာခဲ့သည်။

[ T/N - လီက တရုတ်ရိုးရာအတိုင်းအတာ တစ်ခုပါ... တစ်လီကို ၅ရာမီတာဝန်းကျင် ရှိပါတယ်]


ရွှယ်ယန် တစ်ယောက်တည်းထွက်သွားသည်ကို ကျွင်းဟွိုင်လန် ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေခဲ့ရသည်။ သူ့ခြေလှမ်းများက နှေးကွေး၍ ဒယိမ်းဒယိုင်ဖြစ်နေသော်လည်း လူတစ်ယောက်ကမှ သူ့ကို မကူညီကြပေ။ သူ မတည်မငြိမ်ဖြစ်နေသည်ကို အဖြူရောင်စကျင်ကျောက်လက်ရန်းကသာ ထိန်းပေးထားသည်။


ကျွင်းဟွိုင်လန်အသိစိတ် ပြန်ကပ်သွားချိန်တွင် ကတ္တီပါနီရောင်သွေးကွက်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။


သူငယ်စဉ်တည်းက သင်ကြားခဲ့ရသည်များတွင် မကောင်းဆိုးဝါးကဲ့သို့သောလူများက သူတို့ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ပါဝင်သည်။ သို့ရာတွက် မကောင်းဆိုးဝါးကဲ့သို့လူများက အမြဲတစေအထီးကျန်ပြီး နှစ်ပေါင်းများစွာ သနားစရာအခြေအနေဖြင့်နေခဲ့ရကာ ကူညီပေးမည့်လက်တစ်စုံပင် မရှိကြောင်းကိုမူ မည်သူမှ သူ့ကိုမပြောပြခဲ့ပေ။


ရွှယ်ယန်က ထိုသို့ဖြစ်ရခြင်းကို အသားကျနေပြီဖြစ်သည်။


နန်းတွင်းအစောင့်များက ပြစ်ဒဏ်ပေးမှုပြီးဆုံးကြောင်းနှင့် စားသောက်ပွဲကြီးကိုလည်း ရပ်နားလိုက်ပြီဖြစ်ကြောင်းကြေညာလိုက်သည်။ ကိုယ်လုပ်တော်ရှုက သူမ၏ အပျိုတော်ခေါင်းဆောင် တျန့်ချွေးကိုစေလွှတ်ပြီး ကျွင်းဟွိုင်လန်ကို အိမ်တော်အထိ လိုက်ပို့ခိုင်းလိုက်သည်။


ရွှယ်ယွင်ဟွမ်ကလည်း ကျွင်းလင်ဟွမ်ကိုခေါ်၍ ရောက်လာသည်။  ကျွင်းဟွိုင်လန်က နန်းတော်၏မီးရောင်အောက်တွင် နှုတ်ခမ်းများဖြူဖျော့စွာ ရပ်နေသည်ကိုကြည့်ပြီး ရွှယ်ယွင်ဟွမ် ထိတ်လန့်သွားသည်။ သူ အပြေးတစ်ပိုင်းဖြင့် ရောက်လာပြီး မေးလိုက်သည်။


" သူတို့ မင်းကိုပါ ရိုက်သွားတာလား..."


ကျွင်းဟွိုင်လန်က သွေးစက်များကို ကြည့်လိုက်မိပြန်သည်။ နန်းတွင်းမှ မိန်းမစိုးများက ရေပုံးများယူလာပြီး လှေကားထစ်မှ သွေးများကို ဆေးကြောနေပြီဖြစ်သည်။ ‌လတ်ဆတ်သည့်ရေဖြင့် ဆေးချလိုက်သည့်အခါ သွေးများက ချက်ချင်းပျောက်ကွယ်သွားသည်။


ကျွင်းဟွိုင်လန်စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး တိတ်ဆိတ်စွာပြောလိုက်သည်။

" အဆင်ပြေပါတယ်..."


ရွှယ်ယွင်ဟွမ်က သူ့ကိုစိတ်မချသဖြင့် မောင်နှမနှစ်ယောက်ကို ကိုယ်လုပ်တော်ရှု့၏ မင့်လွမ်နန်းဆောင်သို့ သူကိုယ်တိုင်လိုက်ပို့ပေးလိုက်သည်။ ယနေ့တွင် ကြီးမားသောအဖြစ်အပျက်ကြီး ဖြစ်ခဲ့သော်လည်း ကျွင်းဟွိုင်လန်နှင့် ကျွင်းလင်ဟွမ်က နန်းတော်သို့ ပြောင်းရွှေ့လာရမည်သာဖြစ်သည်။


ခမ်းနားကြီးကျယ်သည့် မင့်လွမ်နန်းဆောင်က အနီးတွင်သာရှိ၍ သူတို့အားလုံး လျင်မြန်စွာ ရောက်သွားကြသည်။


ကျွင်းဟွိုင်လန်က နန်းဆောင်ထဲဝင်လာချိန်တွင် တန်ဖိုးကြီးမားသော ကျောက်စိမ်းနှင့် ရွှေငွေလက်ဝတ်ရတနာပေါင်းများစွာကို နေရာတိုင်းတွင် မြင်တွေ့လိုက်ရသည်။ ထိပ်ရှိ ချိတ်တန်းများကိုပင် ရတနာများ ထွင်းထုထားပြီး ရွှေဖြင့် အနားသတ်ထားသည်။ ပန်းဥယျာဉ်လေး၏ဘေးတွင် မင့်လွမ်နန်းဆောင်၏ အဓိကခန်းမရှိသည်။ ခန်းမလေးခုကို စင်္ကြန်လမ်းများဖြင့် ချိတ်ဆက်ထားသည်။


ရွှယ်ယွင်ဟွမ်ထွက်သွားသည့်အခါ ကျွင်းဟွိုင်လန်နှင့် ကျွင်းလင်ဟွမ်တို့နှစ်ယောက်က အရှေ့ဘက်ခန်းမဆောင်သို့ သွားကြသည်။ ဤခန်းမဆောင်က နေထွက်ရာဘက်ကို မျက်နှာမူထားသည့် ပင်မခန်းမနှင့် အနီးဆုံးဖြစ်သည်။ ဆောင်းရာသီတွင်မူ တိလုံက ခန်းမဆောင်နှစ်ခုကို ချိတ်ဆက်ပေးထားသည်။

[ T/N - တိလုံဆိုတာ နန်းမြို့တော်မှာပဲ အသုံးပြုတဲ့ မြေအောက်အပူပေးစနစ်ကို ဆိုလိုတာပါ... ဒါပေမဲ့ လိုအပ်တဲ့ရင်းမြစ်နဲ့  အရင်းအနှီးပမာဏကြောင့် ဧကရာဇ်နဲ့ ဧကရီရဲ့ နန်းဆောင်လိုနေရာမျိုးတွေမှာပဲ ဆောက်ထားတာမျိုးပါ ]


ညနက်‌နေပြီဖြစ်၍ ကျွင်းလင်ဟွမ်က လမ်းလျှောက်ရင်း အိပ်ငိုက်နေပြီဖြစ်သည်။ သူတို့ အခန်းထဲ ရောက်သွားသည်နှင့် သူမက အိပ်ငိုက်နေပြီဖြစ်သည်။ ကျွင်းဟွိုင်လန်က သူမအိပ်ရန် ပြင်ဆင်ပေးလိုက်ပြီးနောက် သူ့အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။

9.2


အပျိုတော်များက သူ့ကို ကိုယ်လက်သန့်စင်ခြင်းနှင့် ဝတ်ရုံလဲလှယ်ရာတွင် ကူညီပေးပြီးနောက် ပြန်သွားကြသည်။ ကျွင်းဟွိုင်လန်က အိပ်မပျော်သေးပေ။ မီးအိမ်ထွန်းထားလိုက်ပြီး ပြတင်းပေါက်နားတွင်ထိုင်နေကာ လမင်းကြီးကို ငေးငိုင်ကြည့်နေလိုက်သည်။


တစ်စုံတစ်ယောက်က နှိပ်စက်ခံနေရသည်ကို သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ခြင်းကြောင့် ကြမ်းပြင်တွင် စိုရွှဲနေသည့် သွေးကွက်များ၏ပုံရိပ်က သူ့စိတ်ထဲတွင် ထင်ကျန်ရစ်နေဆဲဖြစ်သည်။ သူစ ယခင်ဘဝမှ ရန်ငြိုးရန်စများကို ဤသို့ သနားစရာကောင်းပြီး အထီးကျန်နေသောလူနှင့် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို‌ မသိတော့ပေ။


သူ့စိတ်ထဲ တည်ငြိမ်အောင်ကြိုးစားရမည်ဟု ထင်လိုက်သည်။


ထိုအချိန်တွင် တစ်ယောက်ယောက်က တံခါးလာခေါက်သည်။ ကိုယ်လုပ်တော်ရှု့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အပျိုတော်တစ်ယောက်က အသံတိုးတိုးဖြင့် အကြောင်းကြားလိုက်သည်။


ကျွင်းဟွိုင်လန်က သူမကိုကြိုဆိုရန် ထလာလိုက်သည်။ ကိုယ်လုပ်တော်ရှု့က သူမ၏ အဆင်တန်ဆာများကို ဖယ်ရှားထားလိုက်ပြီး မြေခွေးမွေးပိုးဝတ်ရုံရှည် ညအိပ်ဝတ်ရုံကို ဆင်မြန်းထားပြီဖြစ်သည်။ 


" မင်းလည်း အိပ်မပျော်ဘူးပေါ့... ဒီနေ့ တော်တော်ကြောက်သွားလား..."

ကိုယ်လုပ်တော်ရှု့က သူ့ဘေးမှ ပြတင်းပေါက်နားတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။


" အရှင်ကတော့ တကယ်ပါပဲ... ရွှယ်ယန်ကို သင်ခန်းစာပေးချင်တာနဲ့ မင်းကို ဝင်ပါခိုင်းရတယ်လို့..."


သူ့‌အဒေါ်က လှပကာ တစ်ခါတစ်ရံတွင် ဆရာလုပ်တတ်သူဖြစ်သော်လည်း အကြံသမားမဟုတ်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။ သူမက အလွန်ပင် အယုံလွယ်တတ်သည်။ သူမ ဧကရာဇ်၏ မျက်နှာသာပေးခြင်းကို ခံရသည်မှာ သူမမိသားစု၏ ထောက်ပံ့ခြင်းနှင့် ဧကရီ၏ ကာကွယ်မှုကြောင့်သာမဟုတ်ပဲ သူမက ကြားသမျှ အရာအားလုံးကို ယုံကြည်တတ်သောကြောင့်ပင်။ ဧကရာဇ်အတွက်မူ သူမက အရူးလုပ်ရလွယ်သူတစ်ယောက်ဖြစ်သည်။


ကျွင်းဟွိုင်လန်ကလည်း ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

" ကျွန်တော် နည်းနည်းတော့ လန့်သွားမိပါတယ်..."


သူ ကြောက်လန့်သွားခြင်းမှာ ရွှယ်ယန့်ကို အပြင်းအထန်ရိုက်နှက်နေကြခြင်းကြောင့်မဟုတ်ပဲ ယခင်ဘဝက မမြင်ခဲ့ရသော လူသားများ၏ စိတ်နေသဘောထားများကြောင့်ဖြစ်သည်။ 


ကိုယ်လုပ်တော်ရှု့က သူ့ဆံပင်ကိုသပ်ပေးပြီး ပြောလိုက်သည်။


" ဘာမှမဖြစ်တော့ပါဘူး... အရီးတော်ရဲ့ နန်းဆောင်ထဲမှာဆို ဘာကိုမှ ကြောက်စရာမလိုဘူး..."


ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြီး ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။


" နန်းတွင်းရေးကိစ္စထဲမှာ ပါဝင်ပတ်သက်မိကြတဲ့လူတွေက သာမန်မိသားစုတွင်းက မိသားစုဝင်တွေထက် ပိုရှုပ်ထွေးတယ်... မင်းက နေတတ်ထိုင်တတ်တဲ့ ကလေးတစ်ယောက်ဆိုတော့ စိတ်ပူစရာတော့မလိုပါဘူး... ဒီအဒေါ်မှာ ကလေးတစ်ယောက်မှ မရှိတာတော့ စိတ်မကောင်းစရာပဲ... မဟုတ်ရင် မင်းတို့မောင်နှမကိုပါ ဒီကိစ္စထဲဝင်ပါခိုင်းပြီး အိမ်နဲ့ဝေးတဲ့ နန်းတော်ထဲမှာ နေခိုင်းရမှာ မဟုတ်ဘူး..."


သူမ မျက်လွှာချပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်သည်။

" ယီကျဲယွီဆိုတဲ့ မိန်းမပြောတဲ့စကားတွေက စက်ဆုပ်စရာဆိုပေမယ့် သူမ မမှားပါဘူး..."


ကျွင်းဟွိုင်လန် အံ့အားသင့်သွားမိသည်။ ယနေ့တွင် ယီကျဲယွီက ယုံလဲ့ခန်းမဆောင်တွင်ပြောခဲ့သည်ကို ပြန်အမှတ်ရသွားမိသည်။ သူမက ' ကိုယ့်သွေးသားရင်းမဟုတ်တော့လည်း ဘာမှမဖြစ်ပါဘူးလေ' ဟူ၍ပင် ပြောခဲ့သည်။


ကျွင်းဟွိုင်လန်က ထိုအချိန်တည်းက သူမစကားများတွင် ကွဲပြားသော အဓိပ္ပါယ်တစ်မျိုးပါဝင်မည်ဟု တွက်ဆခဲ့မိသည်။ မောင်းမဆောင်ထဲမှလူများက စကားကို လှည့်ပတ်ပြောတတ်သူများဖြစ်၍ သူ ထိုအချိန်က အလေးအနက်မတွေးမိခဲ့ပေ။ ယခုအခါတွင် ကိုယ်လုပ်တော်ရှု့ ပြန်ပြောပြသည့်အခါမှ သူသဘောပေါက်သွားသည်။


ထိုစကားလုံးများက အမှတ်တမဲ့ပြောလိုက်သည်ဟုထင်ရသော်လည်း ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းဖြစ်သည်။ သူမ သွေးသားရင်းမဟုတ်သော တခြားကိုယ်လုပ်တော်၏သားကိုလည်း သားအရင်းအဖြစ်မွေးနိုင်ကြောင်း သတိပေးလိုက်ခြင်းပင်။


ယခင်ဘဝက ကျွင်းဟွိုင်လန်မှာ နန်းတွင်းမှ အရေးကိစ္စများကို အလေးအနက်မထားခဲ့ပေ။ ဤနှစ်တွင် ကိုယ်လုပ်တော်ရှု့က အမှန်တကယ်ပင် အခြားကိုယ်လုပ်တော်တစ်ယောက်၏သားကို မွေးစားခဲ့ပေသည်။ သို့ရာတွင် ကိုယ်လုပ်တော်ရှု့က မကျေမနပ်ဖြစ်ပြီး များမကြာမီအချိန်မှာပင် ထိုမင်းသားကို ပြန်ပို့လိုက်သည်။


ကျွင်းဟွိုင်လန်က သူမပြောသည်ကို သဘောမပေါက်ဟန်ဆောင်ကာ ပြောလိုက်သည်။


" ဒါဆိုရင် အရီးတော် ပြောချင်တာက..."


ကိုယ်လုပ်တော်ရှု့က တွန့်ဆုတ်နေသည်။

" အရီးတော်လည်း ဧကရာဇ်သဘောကိုမေးပြီး နန်းတော်ထဲမှာ မင်းသားတစ်ပါးကို ပြုစုစောင့်ရှောက်ပေးမလို့လေ... အရီးတော်လည်း တစ်နေ့ကျရင် အသက်ကြီးလာမှာဆိုတော့ မှီခိုစရာ သားတစ်ယောက်တော့ လိုလာမှာပဲလေ..."


" မင်းရဲ့ တျန့်ချွေးကျဲကျဲကလည်း ဒီကိစ္စကို အကြံပေးတယ်..." 


ကိုယ်လုပ်တော်ရှု့က မဟုတ်မမှန်ကြံစည်နေခြင်းမဟုတ်ပဲ အမြဲတစေ တျန့်ချွေး၏ အကြံများကို နားထောင်လေ့ရှိသည်ကို ကျွင်းဟွိုင်လန်သိသည်။ သူက အမှန်တကယ်ပင် နားမလည်ဟန်ဆောင်လိုက်ပြီး " အိုး " ဟုသာပြောလိုက်သည်။ စိတ်ထဲတွင်မူ အကြံထုတ်နေပြီဖြစ်သည်။


နန်းတော်ထဲတွင် မွေးမိခင်ရင်းမရှိတော့သည့် မင်းသား သို့မဟုတ်အမေရင်းက အဆင့်နိမ့်နေသည့်မင်းသားက များများစားစားမရှိပေ။ လက်ရှိအချိန်တွင် ရွှယ်ယန်နှင့် မင်းသား ၇သာ ရှိသည်။ မင်းသား ၇က မွေးကင်းစအရွယ်သာရှိ‌၍ နို့မပြတ်သေးသည့်ကလေးတစ်ယောက်ဖြစ်သည်။ သူ့မိခင်ကလည်း အဆင့်နိမ့်သော နန်းတွင်းအပျိုတော်တစ်ယောက်ဖြစ်သည်။ မင်းသား၇က အရာအားလုံးကိုက်ညီနေ၍ ကိုယ်လုပ်တော်ရှုက သူ့ကို ငြင်းဆိုလိမ့်မည်မဟုတ်ပေ။


ဒါမှမဟုတ် အရင်ဘဝကလိုမျိုးပဲ ရွှယ်ယန်ကိုပဲ မွေးစားလိုက်မှာများလား...


ရွှယ်ယန့်အကြောင်းတွေးလိုက်သည်နှင့် သူ့မျက်လုံးထဲတွင် ကတ္တီပါနီရောင်သွေးကွက်များကို ပြန်လည်မြင်ယောက်လာပြန်သည်။ သူ့ခေါင်းထဲမှ ထိုပုံရိပ်ကို ချက်ချင်းဖယ်ထုတ်လိုက်သည်။


စိတ်နှင့်လူ ပြန်ကပ်သွားချိန်တွင် တစ်ခုခုထူးဆန်းနေသည်ကို ခံစားမိသွားသည်။

ဒါက အဓိပ္ပါယ်မှမရှိတာ...


ဤကိစ္စကို မဆုံးဖြတ်မီတွင် သူ၏အလိုလိုသိစိတ်ကြောင့် ကိုယ်လုပ်တော်ရှု့ကို တားမြစ်ရန် တွေးလိုက်သည်။ ရွှယ်ယန်က အလွန် အန္တရာယ်များသည့်လူဖြစ်ကာ ဧကရာဇ်၏မုန်းတီးခြင်းခံရသူဖြစ်သည်။ ထိုကဲ့သို့သောလူမျိုးက ကိုယ်လုပ်တော်ရှု့၏ဘေးတွင်ရှိပါက သူမကို ဘေးဒုက္ခသာဖြစ်စေပြီး ကောင်းကျိုးဖြစ်ထွန်းနိုင်မည်မဟုတ်ပေ။


အဲ့ဒီ အန္တရာယ်ရှိတဲ့ကိစ္စကို အသာထားလိုက်ဦး အရင်ဘဝတုန်းက ကိုယ်လုပ်တော်ရှုရဲ့နန်းဆောင်မှာ ကျွင်းလင်ဟွမ်ရှိနေတုန်း ရွှယ်ယန်ကလည်း ဒီနန်းဆောင်ကို ရောက်လာခဲ့တာလေ... အဲ့အချိန်တုန်းက သူ့ညီမက ရွှယ်ယန်ကို ဒုက္ခပေးခဲ့တာလည်းဖြစ်နိုင်တယ်...


ကိုယ်လုပ်တော်ရှုက ဤကိစ္စကို‌ တွေးတောနေဆဲဖြစ်ပြီး သူ့ကို ပြောလိုက်သည်။ 

" မင်းသား ၇ကတော့ မဆိုးပါဘူး... သူက ငယ်ငယ်လေးရှိသေးတာ သူ့အမေကလည်း သူ့ကို စောင့်ရှောက်နိုင်စွမ်းမရှိဘူး... မင်းရောဘယ်လိုထင်လဲ လန်အာ..."


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က ကိုယ်လုပ်တော်ရှု့ကို လက်လျှော့ရန်အတွက် ပြောခွင့်မရ‌ခဲ့ပေ။


xxxxx