အပိုင်း ၁၀
Viewers 15k

Chapter 10


သူက ယခင်ဘဝမှ ကိစ္စအားလုံး နောက်တစ်ကြိမ်ဖြစ်ပျက်လာမည်ကို ကြောက်ရွံ့နေသည်မှာ မှန်ကန်သော်လည်း ရွှယ်ယန်ကို မင့်လွမ်နန်းဆောင်သို့ မဝင်ရောက်ရန် တားမြစ်လိုက်ခြင်းဖြင့် ပြဿနာကို မဖြေရှင်းနိုင်ပေ။ ယခင်ဘဝက ရွှယ်ယန်က သူ့အဖေကြောင့်‌သာ ရက်စက်ကြမ်းတမ်းခဲ့ရပြီး သူတို့ကျွင်းမိသားစု၏အဆုံးသတ်ဖြစ်ခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ ဤကိစ္စကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူတစ်ယောက်ရှိကာ ယခင်ဘဝကဲ့သို့ အခြေအနေမျိုးဖြစ်အောင် တွန်းအားပေးနေသည်ကို သူသိလိုက်သည်။


မင်းသား ၇က ရုတ်တရက် မင်းသား၅ဖြစ်သွားခဲ့ပြီး သူ့မိသားစုကလည်းရွှယ်ယန်နှင့် ရန်ငြိုးရန်စများစတင်ဖြစ်ပေါ်လာခဲ့၍ နောက်ဆုံးတွင်မူ ကျွင်းမိသားစုက ပျက်စီးကိန်းဆိုက်ခဲ့သည်။ အခွင့်ကောင်းယူမည့်လူတစ်ယောက်အတွက်မူ အခြေအနေများက အလွန်ထူးဆန်းသည်။ ထိုတစ်စုံတစ်ယောက်က ခြေလှမ်းတစ်လှမ်းချင်းစီတွင် ကျွင်းမိသားစုကို ချောက်ကမ်းပါးနားရောက်အောင် တွန်းပို့နေပြီး မည်သည့် ခြေရာလက်ရာမှ ချန်မထားခဲ့ပေ။


ဤကိစ္စ၏နောက်ကွယ်မှလူကို ရှာဖွေရန်အတွက် ယခင်ဘဝမှ လမ်းကြောင်းကဲ့သို့ တစ်ပုံစံတည်း လျှောက်လှမ်းရတော့မည်ဖြစ်သည်။ ရန်သူ၏ အကြံအစည်ကို လုံးဝမနှောင့်ယှက်ပဲ သူ့အတွက် ပြောင်းလဲမှုအသစ်များရရှိအောင် ဆောင်ရွက်ရမည်သာဖြစ်သည်။


" မင်းသား၇ကတော့ အဆင်ပြေပါတယ်..."


ကျွင်းဟွိုင်လန်က ကိုယ်လုပ်တော်ရှု့ကို ပြုံးပြလိုက်သည်။


သူက ဝန်မခံချင်သော်လည်း သူ၏အသိစိတ်က ဤရွေးချယ်မှုကို ငြင်းဆန်ရမည့်အကြောင်းပြချက်ကို ရှာမရပေ။  တစ်ခုတည်းသောအကြောင်းပြချက်မှာ ဆောင်းဦးလယ်ပွဲတော်အချိန်တွင်း ယုံလဲ့နန်းဆောင်ရှေ့မှ ကျောက်တုံးလှေကားထစ်များ၏ အေးစက်နေမှုကို သူ မမေ့နိုင်ခြင်းပင်။


–––


နန်းမြို့တော်၏ အနောက်တောင်ဘက်တွင် ‌လူအရောက်အပေါက်နည်းသော နန်းတော်တစ်ခုရှိသည်။ မီးတောက်ကဲ့သို့ ရဲရဲနီနေသည့် မေပယ်ပွင့်များက နန်းတော်ကို ဝန်းရံထားပြီး ကြည့်ရသည်က သက်ဝင်လှုပ်ရှားနေသော်လည်း နန်းတော်ကပင် ခြောက်ကပ် နေခြင်းဖြစ်သည်။ ရိုးရာအရ သုတ်ထားခဲ့သော အနီရောင်ဆေးများကလည်း ခြောက်သွေ့ပြီး ကွာကျနေပြီဖြစ်သည်။


ပင်မခန်းမဆောင်ထဲတွင် ဖယောင်းတိုင်တစ်တိုင်သာ ထွန်းညှိထားသည်။ ခေတ်နောက်ကျနေသောအခန်းက ထူးဆန်းပြီး ခြောက်ခြားစရာကောင်းနေသည်။


ကခုန်နေသည့်မီးတောက်နှင့်အတူ ငိုယိုနေသညိ့အသံသဲ့သဲ့ကို ကြားနေရသည်။


အိပ်ခန်း၏ခန်းစီးနောက်မှ ထွက်ပေါ်လာသည့် အက်ရှရှအသံက အနည်းငယ် အားနည်းနေပုံပေါ်သော်လည်း ထည်ဝါမှု ရှိနေဆဲပင်ဖြစ်သည်။ ၎င်းအသံက လျစ်လျူရှု့၍မရနိုင်သော ဖိအားမျိုးကို သယ်ဆောင်လာသည်။


" ငိုလို့ဝသွားရင် ပါးစပ်ပိတ်ထားတော့... အရမ်းနားငြီးတယ်... ယစ်ပူဇော်ရမယ့်စစ်သားတွေက ငါကိုယ်တိုင် ယန်ဒေသက ခေါ်လာခဲ့တဲ့လူတွေ... ငါ့ အမိန့်မရရင် မင်းတို့မိသားစုထဲက လူတစ်ယောက်ကိုမှ မထိဘူး..."


ထိုလူမှာ ရွှယ်ယန်ပင်ဖြစ်သည်။


သူက ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနေပြီး အိပ်ရာပေါ် တွင် လှဲလျောင်းနေသည်။ သူ၏ပခုံးကြွက်သားများက အလွန်သန်မာပြီး ချောမွေ့နေပုံပေါ်ကာ ကျောနောက်ဘက်တွင်လည်း အဖုအထစ်များစွာရှိနေသည်။ သို့သော်လည်း သူ့ကျော‌ဘက်မှ သေလုမျောပါးအရိုက်ခံထားရသော ဒဏ်ရာများက သွေးညှီနံ့များထွက်နေပြီး ဆေးနံ့များ ထုံမွှမ်းနေသည်။


ဧကရာဇ်ချင်းဖျင်က တော်ဝင်သမားတော်ကို မစေလွှတ်ပေးခဲ့၍ ရွှယ်ယန်သုံးထားသည့်ဆေးများမှာ ယန်ဒေသမှ သူကိုယ်တိုင်ယူလာသည်များသာဖြစ်သည်။


ရွှယ်ယန်က ခေါင်းကိုတစ်ဖက်စောင်းလိုက်ကာ မျက်လုံးများကို ချီတာကျားသစ်ကဲ့သို့ မှေးကျဉ်းလိုက်ပြီး ကြမ်းပြင်ပေါ်ဝပ်တွားနေသည့် မိန်းမစိုးလေးကိုကြည့်လိုက်သည်။


မိန်းမစိုးလေးက ကျောက်စိမ်းမြှားကို ကွဲအောင်လုပ်ခဲ့မိသည့်လူပင်ဖြစ်သည်။ သူ့အမည်က ကျင်းပေါင်ဖြစ်သည်။ ယခင်ကမူသူက ယုံလမ်းကြားတွင် တောက်တိုမရသာလုပ်ပေးရသည့် အလုပ်သမားဖြစ်သော်လည်း ယခုအခါတွင်မူ ရွှယ်ယန့်ကို ခစားရန်အတွက် ပို့လွှတ်ခံရခြင်းဖြစ်သည်။

[ T/N - တော်ဝင်နန်းတော်ရှိ ရှည်လျားကျဉ်းမြောင်းသော လမ်းကြားတစ်ခုတွင် တာဝန်မရှိသော အပျိုတော်များရှိပြီး မျက်နှာသာပေးခံရသည့် ကိုယ်လုပ်တော်များကို ခန့်အပ်ထားသည့် နေရာဖြစ်သည်။ ]


အစေခံထက်ဆိုးရွားစွာ ဆက်ဆံခံရသည့်ပြီး မည်သူကမှ မကြိုဆိုကြသည့် လူတစ်ယောက်ထံတွင် သခင်အဖြစ်အမှူထမ်းရခြင်းကို ကျင်းပေါင်က ကံဆိုးသည်ဟု ထင်နေပြီးဖြစ်သည်။ သူ့သခင်က စစ်မှန်သည့်အရောင်များကို ပြသလာပြီး နတ်ဆိုးကဲ့သို့ ကြောက်စရာလူတစ်ယောက်ဖြစ်လာမည်ဟု မထင်ခဲ့ပေ။


ကျင်းပေါင်က အသက်ရှင်ရေးကိုသာ‌ အရေးစိုက်သည့် သာမန်လူတစ်ယောက်ဖြစ်သည်။ သူက နန်းတော်ထဲတွင် ရရှိထားသည့် လစာငွေကြေးများကို စုဆောင်းကာ အနားယူချိန်တွင် ဆိုင်ငယ်လေးနှစ်ဆိုင်ဖွင့်ရန် တွေးထားခြင်းဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ဤနတ်ဆိုးကောင်၏ ဖုံးကွယ်ထားသော လက်အောက်ငယ်သားများက သူ့မိသားစုကို ရှာတွေ့သွားခဲ့သည်။ ရွှယ်ယန်က သူ့မိသားစုဖြင့် သူ့ကိုခြိမ်းခြောက်အကျပ်ကိုင်ပြီး သူ့ကိစ္စများကို ဆောင်ရွက်ခိုင်သည်။


ဒီသခင်က သူ့ဘာသူတောင် မကာကွယ်နိုင်တာ ကျင်းပေါင်လိုလူမျိုးကိုသာ သူ့ကိစ္စတွေ ကိုင်တွယ်ခိုင်းရင်တေ့ာ စောစောသေမှာ ကျိန်းသေပေါက်ပဲ... သူ့ကိစ္စကို မလုပ်ပေးရင် တစ်မိသားစုလုံးသေမှာ လုပ်ပေးရင်လည်း ပြစ်ဒဏ်သင့်ပြီး သူက သေရလိမ့်မယ်...


ကျင်းပေါင်က ‌ကြမ်းပြင်တွင် တောင့်တောင့်ကြီးဖြစ်နေပြီး ထပ်မငိုရဲတော့ပေ။ သူ အလွန်တုန်လှုပ်နေလွန်း၍ မူးမေ့လဲမတတ်ပင်ဖြစ်နေသည်။


သူ့ဘဝကြီးက ဘာလို့ ဒီလောက်ခက်ခဲ‌နေရတာလဲ...


ရွှယ်ယန်က သူ့ကို ခဏတာခန့် တည်ငြိမ်စွာကြည့်နေလိုက်သော်လည်း ကျင်းပေါင်က အငိုမရပ်ပေ။ ရွှယ်ယန်က စုပ်သပ်လိုက်ပြီး စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။


" ထပ်ငိုရဲငိုကြည့် မနက်ဖြန် မင်းညီသေလိမ့်မယ်..."


သူ့မိသားစု အသက်ရှင်ဖို့ သူကတစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်နေတာလား...


ကျင်းပေါင် ငိုရှိုက်ချင်လာသော်လည်း ပြန်မျိုချထားလိုက်ရသည်။


" မင်းမှာ ငါခိုင်းတာလုပ်ရုံကလွဲလို့ ရွေးချယ်စရာမရှိဘူး... အဲ့ဒါမှ အသက်နဲ့ကိုယ် အိုးစားမကွဲမှာ..."

ရွှယ်ယန်က ခန္ဓာကိုယ်ကိုမော့လိုက်သော်လည်း သူ့ကျောဘက်မှဒဏ်ရာကို ဖွင့်လိုက်သကဲ့သို့ဖြစ်သွား၍ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားမိသည်။


သူ မျက်မှောင်ကြုတ်လိုက်သည်နှင့် ကျင်းပေါင်က မျက်ရည်များကျလာသည်။


" ကဲ ထားပါတော့..."

ရွှယ်ယန်က စိတ်မရှည်လက်မရှည်ဖြင့် ဆက်ပြောလိုက်သည်။ 


" မင်းက အမှိုက်မှန်းသိပေမယ့် လောလောဆယ်ငါ့မှာ လူသိပ်မရှိဘူး... မင်း အချိန်တစ်ခုအထိတော့ ငါ့ကိစ္စတွေ လုပ်ပေးရမယ် အဲ့ဒါက ဘာမှ အရေးကြီးတာတော့ မဟုတ်ပါဘူး..."

10.2


ကျင်းပေါင်က ပြေးစရာလမ်းမရှိတော့ပေ။ သူ့ရင်ထဲတွင် ညည်းတွားနေရုံသာ တတ်နိုင်တော့သည်။


" သခင် ကျွန်တော်မျိုးကို အမိန့်ပေးပါတော့..."


ရွှယ်ယန်က ဖြည်းညင်းစွာပြောလိုက်သည်။


" ငါ နန်းတော်ထဲမှာ အရှက်ခွဲခံရတိုင်း တစ်ယောက်ယောက်က စာပို့တယ်... အဲ့ဒီစာပို့တဲ့လူက ဘယ်သူလဲဆို‌တာ ရှာလိုက်..."


ဤကိစ္စကို မခက်ခဲလှဟု ကျင်းပေါင်က တွေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် နန်းတွင်းထဲမှ အဆက်အသွယ် အတော်များများရှိသဖြင့် ‌စောင့်ကြည့်ရန် လုံလောက်သည်။


ကျင်းပေါင် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး အမြန်ထလာသည်။ သူက ကြောက်တတ်သော်လည်း လိမ္မာပါးနပ်သူဖြစ်သည်။ ယခုအခါတွင် သူ့မိသားစုတစ်စုလုံးက အခြားလူလက်ထဲ ကျရောက်နေပြီဖြစ်၍ ပိုမိုအာရုံစိုက် လုပ်ဆောင်ရတော့မည်ဖြစ်သည်။


" ဒါဆိုရင် ဒီအစေခံ သွားဆောင်ရွက်လိုက်ပါမယ်..."


" နေဦး..."

ရွှယ်ယန်က မျက်ခုံးများတွန့်ချိုးပြီး အေးစက်စွာပြောလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ငတုံးကောင်ဟု တွေးလိုက်မိသည်။


ကျင်းပေါင်က ချက်ချင်းအေးခဲသွားပြီး မလှုပ်ရှားရဲတော့ပေ။


" မင်း အရင်က နေသလို နောက်လည်း အဲ့ပုံစံအတိုင်းပဲ ဆက်နေပါ... ခိုင်း‌တာကိုပဲလုပ် မခိုင်းရင်မလုပ်နဲ့..."


ရွှယ်ယန်က မနည်းစိတ်ထိန်းထားပြီး သူ့ကို သတိပေးလိုက်သည်။


ကျင်းပေါင်က ခေါင်းငြိမ့်ပြီးရင်း ငြိမ့်နေသည်။


" အခု ထွက်သွားတော့ ..."

ရွှယ်ယန်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။


.....


 ကျွင်းဟွိုင်လန်နှင့် ကျွင်းလင်ဟွမ်တို့က မင့်လွမ်နန်းဆောင်သို့ ပြောင်းရွှေ့လာကြသည်။ ကိုယ်လုပ်တော်ရှု့က သူ့ကို စာလေ့လာရန်နောက်ကျမည်စိုး၍ အခြားမင်းသားများနှင့်အတူ ဝမ်ဟွားခန်းမဆောင်တွင် အတူတကွ ပညာသင်ကြားစေခဲ့သည်။ 


မူလက ဝမ်ဟွားနန်းဆောင်သို့ သွားရောက်စာသင်ကြားရသည်ကို ကွပ်မျက်ရန်ခေါ်သွားသကဲ့သို့ အကြောက်အကန်ငြင်းဆန်နေခဲ့သော ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန် သူနှင့်အတူ စာသင်တော့မည်ကို သိပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အနေဖြင့် စာသင်ရန် စိတ်ပါလာခဲ့သည်။ ပထမဆုံးနေ့မှာပင် ကျွင်းဟွိုင်လန်နှင့်တူတူသွားရန်အတွက် မင့်လွမ်နန်းဆောင်သို့ရောက်လာပြီး အော်ခေါ်ခဲ့သည်။


နေ့တိုင်း ကျွင်းဟွိုင်လန်ကို သွားကြိုရန်အတွက် နန်းဆောင်မှ စောစီးစွာထွက်သွားလေ့ရှိသည်။


မင်းသားများက စာအုပ်ကြီးလေးအုပ်နှင့် ဂန္ဓဝင်စာပေငါးအုပ်ကို သင်ကြားရသည်။ မနက်ပိုင်းတွင် စာပေသင်ကြားရပြီး နေ့ခင်းပိုင်းတွင် သိုင်းပညာသင်ယူရသည်။ ယခင်ဘဝတွင်တည်းက ကျွင်းဟွိုင်လန်က ဤစာပေများကို ကျက်မှတ်ထားခဲ့သူဖြစ်၍ ယခုအခါပြန်လည်သင်ကြားရချိန်တွင်လည်း အားစိုက်ထုတ်စရာမလိုတော့ပေ။ သို့ဖြစ်၍ ဧကရီ၏အမိန့်ကိုနာခံပြီး ရွှယ်ယွင်ဟွမ်ကို စာလေ့လာချင်စိတ်ပေါ်လာအောင် ဘေးနားမှ တွန်းအားပေးနေရသည်။

[ T/N - စာအုပ်ကြီးလေးအုပ်နှင့် ဂန္ဓဝင်စာပေငါးအုပ်က ကွန်ဖြူးရှပ်ရဲ့ အခြေခံစာအုပ်တွေဖြစ်ပြီး ရှေးခေတ်တရုတ်ပြည်က နန်းတွင်းစာမေးပွဲတွေမှာ အဓိကမေးလေ့ရှိပါတယ် ]


အေးချမ်းငြိမ်သက်စွာဖြင့် ရက်ပေါင်းများစွာကုန်ဆုံးသွားသည်။ သို့သော်လည်း ဝမ်ဟွားခန်းမဆောင်၏ထောင့်တစ်နေရာတွင်မူ တစ်ချိန်လုံး လစ်လပ်နေသည့် ခုံတစ်လုံးရှိနေသည်။


လဝက်ခန့်ကြာသောအခါ လင်းနန်ပြည်နယ်မှ လိုင်ချီးသီးများ၏ရာသီရောက်လာ၍ ၎င်းတို့ကို အမြန်ဆုံးမြင်းများဖြင့် နန်းမြို့တော်သို့ ပို့ဆောင်လိုက်ကြသည်။ သို့ဖြစ်၍ ထိုနေ့ရက်များမှာ မင်းသားများအတွက် အနားယူရမည့်နေ့ရက်များ ဖြစ်သွားသည်။ မနက်ပိုင်းတွင်သာ စာပေသင်ကြားရပြီး နေ့ခင်းပိုင်းတွင် သက်တောင့်သက်သာနေနိုင်ကြသည်။

[ T/N - လင်းနန်က တရုတ်ပြည်တောင်ပိုင်းကို ရှေးခေတ်ကခေါ်တဲ့ အသုံးအနှုန်းမျိုးပါ ]


ကိုယ်လုပ်တော်ရှု့က မျက်နှာ‌သာပေးခံရသူဖြစ်၍ နန်းတော်တစ်ခုလုံးတွင် လိုင်ချီးသီး အများဆုံး ရရှိသူဖြစ်သည်။ သို့သော်လည်း ဧကရီက လူအချို့ကို ဝမ်ဟွားခန်းမဆောင်သို့ စေလွှတ်လိုက်ပြီး ကျွင်းဟွိုင်နန်ကို သစ်သီးတူတူစားကြရန် ဖိတ်လိုက်သည်။


ဧကရီက သူ့ကို ကျေးဇူးတင်ချင်နေခြင်းသာဖြစ်ကြောင်း  ကျွင်းဟွိုင်နန်သိလိုက်သည်။ ဤရက်များအတွင်းတွင် ရွှယ်ယွင်ဟွမ်က အိမ်စာများကောင်းကောင်းလုပ်ထားပြီး တော်ဝင်ဆရာများထံမှ ချီးကျူးခံရသည့်အကြောင်းကို သူမနားထဲရောက်ပုံရသည်။


သို့ဖြစ်၍  ကျွင်းဟွိုင်နန်က မငြင်းဆန်တော့ပဲ အတန်းပြီးသည်နှင့် ရွှယ်ယွင်ဟွမ်နှင့်အတူ ဧကရီ၏ နန်းဆောင်သို့ တူတူထွက်သွားလိုက်သည်။


ရှီဖုန်း‌နန်းဆောင်၏ အတွင်းပိုင်းတွင် စည်ကားလျက်ရှိနေသည်။ ဧကရီ၏ အပျိုတော်ခေါင်းဆောင်က တံခါးဝတွင်စောင့်ဆိုင်းနေပြီး သူတို့နှစ်ဦးရောက်လာချိန်တွင် ပြောလိုက်သည်။

" အရှင်မင်းကြီးလည်း ရောက်နေပါတယ်..."


ကျွင်းဟွိုင်လန် သူမကိုကျေးဇူးတင်လိုက်ပြီး ရွှယ်ယွင်ဟွမ်နှင့်အတူ ရှီဖုန်းနန်းဆောင်၏ ပင်မခန်းမဆောင်သို့ ဝင်လာလိုက်သည်။


ဧကရာဇ်ချင်းဖျင်က ဧကရီကျန်းနှင့် စကားစမြည်ပြောနေပြီး လေထုအခြေအနေက အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေသည်။ ကျွင်းဟွိုင်လန်က ဧကရီတွန့်ဆုတ်စွာဖြင့် စကားပြောနေချိန်တွင် အခန်းထဲ ဝင်လာလိုက်သည်။


" အကုန်ပြီးဆုံးသွားပြီဆို မင်းသား၅ကလည်း အရွယ်ရောက်နေပြီ ကိုယ်လုပ်တော်ရှု့ကလည်း ငယ်သေးတယ်ဆိုတော့ သူသဘောမတူမှာ ကျွန်တော်မျိုးမ စိတ်ပူမိတယ်..."


မင်းသား၅တဲ့လား... 

ထိုစကားများကို ကြားလိုက်ချိန်တွင် ကျွင်းဟွိုင်လန်က ဆက်မသွားတော့ပဲ ရပ်လိုက်မိသည်။


ဧကရာဇ်ချင်းဖျင်က သဘောမကျဟန်ဖြင့် ပြောလိုက်သည်။

" ကိုယ်လုပ်တော်ရှု့တစ်ယောက်တည်းကပဲ ရွှယ်ယန်ရဲ့ နတ်ဆိုးအရှိန်အဝါကို ထိန်းချုပ်နိုင်မှာ..."


ဧကရီက ညင်သာစွာဖြင့်သာ ပြန်ဖြေလိုက်သည်။

" ဒါပေမဲ့ ပရောဟိတ်ဆရာကြီးရဲ့ လျှောက်တင်ချက်က မှန်းဆချက်တစ်ခုသာသာလို့ပဲ ပြောလို့ရပါတယ် မျက်စိစုံမှိတ်ပြီး မယုံသင့်ပါဘူး..."


အပျိုတော်ခေါင်းဆောင်က အခန်းအပြင်မှနေ၍ လျှောက်တင်လိုက်သည်။


" အရှင်မင်းကြီးနဲ့ ဧကရီကိုလျှောက်တင်ပါတယ် မင်းသား၆နဲ့ သခင်လေးကျွင်း ရောက်ရှိလာကြောင်းပါ..."


သူတို့နှစ်ယောက်က ဆွေးနွေးနေကြသည့်အကြောင်းအရာကို ချက်ချင်းရပ်တန့်ပစ်လိုက်သည်။ ဧကရာဇ်ချင်းဖျင်က ဘာမှဆက်မပြောတော့၍ ဧကရီကျန်းကသာ ပြန်ဖြေလိုက်သည်။

" ဝင်ခွင့်ပြုလိုက်လေ... တစ်မနက်ခင်းလုံး စာသင်နေရတာ ပင်ပန်းနေကြမှာပေါ့..."


ရွှယ်ယွင်ဟွမ်က သူ့ခမည်းတော်နှင့်မယ်တော် ဆွေးနွေးနေကြသည့် အကြောင်းအရာကို အာရုံမစိုက်ပေ။ သူ့အာရုံက စားပွဲခုံပေါ်မှ အရောင်တလက်လက်တောက်နေသော လိုင်ချီးသီးများအပေါ်တွင်သာ ရှိနေသည်။ 


ကျွင်းဟွိုင်လန်က သူ့နောက်မှ ဝင်လာသည်။


ဧကရီရဲ့ အပြောအရဆိုရင် ပုရောဟိတ်ဆရာကြီးရဲ့ ရှေ့ပြေးဟောကိန်းကြောင့် ဧကရာဇ်က ကိုယ်လုပ်တော်ရှု့ကို ရွှယ်ယန့်ကို မွေးစားစေချင်နေတာများလား...


xxxxxxxxx