Chapter 11
ကျွင်းဟွိုင်လန်က နတ်များနှင့် သရဲတစ္ဆေများကို ယုံကြည်သူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများ အမှန်တကယ် ရှိမနေခဲ့ပါက ကျွင်းဟွိုင်လန်သည်လည်း ပြန်လည်မွေးဖွားခဲ့မည်မဟုတ်ပေ။ သို့ရာတွင် ရှေ့ပြေးဟောကိန်းကလည်း ဘာမှမဟုတ်သည့်အရာတစ်ခုမှ ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာလှသည်။
မူလအစတည်းက ရွှယ်ယန်က ဧကရာဇ်၏ကြယ်ကို အန္တရာယ်မပြုခဲ့သည့်အပြင် ဆန့်ကျင်ဘက်အားဖြင့် သူ့ထံတွင် မြင့်မြတ်သည့် ကံတရားတစ်မျိုးရှိနေသည်။ ကိုယ်လုပ်တော်ရှု့ကလည်း သူ၏ အတိတ်နိမိတ်မကောင်းသည့်အရှိန်အဝါကို မချိုးဖျက်နိုင်ပဲ နှစ်အနည်းငယ်အတွင်း ကွယ်လွန်သွားမည်ဖြစ်သည်။
အရိပ်ထဲတွင် ပုန်းကွယ်နေသည့်လူတစ်ယောက်က ခြေလှမ်းတစ်လှမ်းစီကို အကွက်ကျကျလုပ်ဆောင်နေပြီး ရွှယ်ယန်ကို ကိုယ်လုပ်တော်ရှု့၏ဘေးသို့ တွန်းပို့နေသည်ဟုပင် ထင်ရသည်။ ၎င်းက ဟောကိန်းအနည်းငယ်သာဖြစ်သော်လည်း ကျွင်းဟွိုင်လန်က ကျွင်းမိသားစုကိုသာမက တော်ဝင်မိသားစုတစ်ခုလုံးကိုပါ လွှမ်းမိုးနေသော လျှို့ဝှက်ပိုက်ကွန်ကြီးကို ရိပ်မိခဲ့သည်။
ကျွင်းဟွိုင်လန်က ထိုအကြောင်းအရာများအားလုံးကို စဉ်းစားတွေးတောနေသည်ကို မျက်နှာထက်တွင် မပေါ်လွင်စေပဲ ခန်းမဆောင်ထဲသို့ဝင်ရောက်လာပြီး ဧကရာဇ်နှင့် ဧကရီကို ဂါရဝပြုလိုက်သည်။
" ထလို့ရပါပြီ..."
ဧကရာဇ်ချင်းဖျင်ဧကရာဇ်က အနည်းငယ်စိတ်ကျေနပ်သွားပုံရပြီး သူတို့နှစ်ယောက်ကို သူ့ဘေးတွင် ထိုင်ခိုင်းလိုက်သည်။ ဧကရီက အပျိုတော်များကို ပိုမိုလတ်ဆတ်သည့် လိုင်ချီးသီးများယူလာရန် အမိန့်ပေးလိုက်သည်။
" ဟွိုင်လင်ကြောင့်နဲ့ ဟွမ်အာလည်း ဒီရက်ပိုင်း စာတွေကြိုးကြိုးစားစားလေ့လာနေပြီပဲ..."
ဧကရာဇ်ချင်းဖျင်က သဘောတူဟန်ဖြင့် ပြောလိုက်သည်။
" ကျွင်းမိသားစုက ကလေးတွေကတော့ အမြဲတမ်းထူးချွန်ကြတာပဲ..."
ကျွင်းဟွိုင်လန်က သူတို့၏ ချီးကျူးစကားများကြောင့် ကျေးဇူးတင်သည့် အမူအရာပြသလိုက်သည်။ တစ်ဖက်တွင်မူ အပျိုတော်များက ပန်းကန်ပြားများ တစ်ချပ်ပြီးတစ်ချပ်ယူလာသည်။ လတ်ဆတ်သောလိုင်ချီးသီးများအပြင် လိုင်ချပိုင်မုန့်များစွာလည်း ပါဝင်သည်။ ချိုအီနေသောလိုင်ချီနံ့များက လေထဲတွင် ပြည့်နေသည်။
" ကျွန်တော်မျိုးမ ဒီနေ့ လိုင်ချီးမုန့်တွေလုပ်ထားခဲ့ပါတယ်... အရသာကတော့ မဆိုးလှပါဘူး... အရှင်မင်းကြီး မြည်းကြည့်ပါဦး..."
ဧကရီက ပြုရယ်လျက်နှင့်ပင် ဧကရာဇ်ချင်းဖျင်ကို မုန့်တစ်စိတ်ကျွေးလိုက်သည်။
" ဟွိုင်လန်... မင်းအရီးတော်ကလည်း ချိုတဲ့မုန့်လေးတွေဆိုသိပ်ကြိုက်တာ နောက်မှ သူမအတွက်ယူသွားဦး..."
ကျွင်းဟွိုင်လန်က ဦးညွှတ်လိုက်ပြီး ဧကရီကို ကျေးဇူးတင်လိုက်သည်။
သူ့ဘေးမှ ရွှယ်ယွင်ဟွမ်မှာမူ အစားတွင်သာ စိတ်နှစ်ထားသည်။ သို့ရာတွင် ဧကရာဇ်ချင်းဖျင်က ဧကရီ၏လက်ထဲမှ မုန့်ကိုမယူသည်ကို ကျွင်းဟွိုင်လန် သတိထားမိသည်။ ထို့နောက် သူက ကျွင်းဟွိုင်လန်ကိုကြည့်ပြီး မေးလိုက်သည်။
" ဟွိုင်လန် ကိုယ်တော်မင်းအတွက် ကစားဖော်တစ်ယောက် ရွေးထားပေးတယ်... မင်း ဆန္ဒရှိရဲ့လား..."
သူက ဆယ်ကျော်သက်လေ ဘာကိစ္စ ကစားဖော်လိုမှာလဲ...
ဧကရာဇ်က အစောပိုင်းမှဆွေးနွေးမှုကို မကျေနပ်၍ စကားလွှဲလိုက်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။ သူက ဧကရီ၏စကားကိုနားထောင်မည်ဟုပြောလိုက်သော်လည်း ကျွင်းဟွိုင်လန်၏ပါးစပ်ကိုငှားကာ ကိုယ်လုပ်တော်ရှု့ဆီသို့ စကားပါးလိုခြင်းဖြစ်သည်။
ကျွင်းဟွိုင်လန် မပြောနိုင်မီမှာပင် ရွှယ်ယွင်ဟွမ်က ဖြတ်ပြောလိုက်သည်။ သူ၏ တစ်ဝက်တစ်ပျက်ခွာထားသော လိုင်ချီးသီးကို ပန်းကန်ပြားပေါ် ပြန်ပစ်ချလိုက်ကာ ပြောလိုက်သည်။
" ခမည်းတော်... ဟွိုင်လန်က သားနဲ့ ကစားနေပြီးပြီလေ..."
ဧကရာဇ်ချင်းဖျင်က သူ၏ငတုံးသားတော်ကိုကြည့်ကာ ဘာမှ မတုံ့ပြန်လိုက်ပဲ ကျွင်းဟွိုင်လန်ကိုသာ ဆက်ပြောလိုက်သည်။
" မင်းရဲ့အရီးတော်က ကလေးချစ်တာ ကိုယ်တော်သိပါတယ်... ကိုယ်တော်လည်း သူမကို ကလေးတစ်ယောကမွေးစားပြီးပြုစုစေချင်တယ် ဒါပေမဲ့သူက စိတ်မရှည်ဘူး... နည်းနည်းအသက်ကြီးနေတဲ့ကလေးတစ်ယောက်ကို မွေးစားရင်တော့ ကိုယ်တော်တို့လည်း သိပ်မစိုးရိမ်ရတော့ဘူးပေါ့..."
အကယ်၍ ကျွင်းဟွိုင်လန်က အစောပိုင်းမှ သူတို့၏ဆွေးနွေးမှုကို မကြားခဲ့ပါက ထိုစကားများကို အနည်းငယ်ယုံကြည်လိုက်မိမည်သာ။ သို့သော် ယခုအခါတွင် ဧကရာဇ်က သူတော်ကောင်းယောင်ဆောင်နေသည်ဟု ခံစားလိုက်မိသည်။
သူက ရွှယ်ယန်၏ နတ်ဆိုးအရှိန်အဝါကိုထိန်းချုပ်ရန် ဧကရာဇ်ချင်းဖျင်က၏ မောင်းမဆောင်ထဲမှ ကိုယ်လုပ်တော်ရှု့ကို အားကိုးခြင်းနေခြင်းသာဖြစ်သည်။ သို့သော် မျိုးဆက်သစ်လူငယ်များအတွက် အတုအယောင် မြင့်မြတ်သောအကြောင်းပြချက်များကို ဖန်တီးရန် သူ့တွင် သတ္တိရှိသေးသည်။
ကျွင်းဟွိုင်လန်က ဧကရာဇ်ကို သိသိသာသာ မဖီဆန်ရဲပေ။ ဧကရာဇ် ဆုံးဖြတ်ချက်ချပြီးသည့်ကိစ္စဟူပါက သူသာမက ဧကရီသည်လည်း သူ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ပေ။
ကျွင်းဟွိုင်လန်က ပြုံးပြပြီးနောက် ဧကရာဇ်ကို ပြန်ဖြေလိုက်သည်။
" ဒါဆိုရင်တော့ ဝမ်းမြောက်စရာပါပဲမင်းကြီး... မင်းကြီးက သူမအတွက် အရမ်းစဉ်းစားပေးတော့ ကျွန်တော်မျိုးရဲ့အရီးတော်ကလည်း အရမ်းဝမ်းသာသွားမှာပါ..."
ဘေးနားတွင်ထိုင်နေသည့် ဧကရီကျန်းက သက်ပြင်းမချပဲမနေနိုင်တော့ပေ။
ကျွင်းဟွိုင်လန်၏စကားများကို ကြားရသည့်အခါ ဧကရာဇ်ချင်းဖျင်က ဝမ်းသာသွားသည်။ နန်းဆောင်တွင် ကြာကြာမနေတော့ပဲ ရေနွေးကြမ်းတစ်ဝက်ကိုသောက်ပြီးနောက် ထွက်သွားသည်။
ခန်းမဆောင်ထဲမှလူအားလုံးက သူ့ကို လိုက်ပို့ကြသည်။
ခန်းမဆောင်၏ အပြင်ဘက်တွင်မူ ဧကရာဇ်၏ ဝေါယာဉ်တော်က ရပ်နေပြီးပြီဖြစ်သည်။ အကြီးတန်းမိန်းမစိုးလင်းဖူက ဧကရာဇ်ဝေါယာဉ်ပေါ်တက်သည်ကို ကူညီပေးနေစဉ်တွင် စိတ်မချမ်းမသာဖြင့်ပြောသည်ကို ကြားလိုက်ရသည်။
" ဧကရီက ဒီကိစ္စကို သဘောမတူချင်တဲ့ပုံပဲ..."
လင်းဖူက သူပြောချင်သည်ကို ချက်ချင်းသဘောပေါက်သွားသဖြင့် ဖော်လံဖားသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
" ဧကရီအရှင်မက နန်းဆောင်ထဲမှာပဲ နေထိုင်နေရတော့ အရေးကြီးတဲ့ ကိစ္စတွေကို မသိပဲ အရှင်မင်းကြီးရဲ့ ရှေ့ကိုကြိုတင်တွေးတောတတ်တာတွေကို နားမလည်လို့ဖြစ်မှာပါ..."
ဧကရာဇ်ချင်းဖျင်က အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ ပြောပြီးသည်နှင့် လင်းဖူက ဝေါယာဉ်ထမ်းသမားများကို ဝေါယာဉ်ကိုမ'၍ ထွက်ခွာခိုင်းလိုက်ပြီး ဘေးမှလိုက်သွားသည်။
ဧကရာဇ်ချင်းဖျင်က ခေါင်းကိုလက်တစ်ဖက်ဖြင့်ထောက်ထားပြီး မျက်လုံးမှိတ်လျက်နှင့်ပင် ဝေါယာဉ်ပေါ်သို့ လိုက်ပါသွားသည်။
11.2
ရွှယ်ယန် ချန်အန်းသို့ ရောက်လာပြီးချိန်မှစ၍ သူ့ရင်ထဲတွင် လေးလံနေခဲ့သည်။ ပုရောဟိတ်ကြီးက ဧကရာဇ်၏ ကြယ်တာရာဇာတာခွင်က ထွန်းတောက်နေပြီး နတ်ဆိုးကြယ်၏ လွှမ်းမိုးမှုကို မခံရနိုင်သည့်အကြောင်းပြောပြသော်လည်း သူ့စိတ်ထဲတွင် စိတ်ချလက်ချ မနေနိုင်ပေ။ ပုရောဟိတ်က သူ့ကို လွန်ခဲ့သည့်နှစ်ရက်က နည်းလမ်းတစ်ခုအကြောင်း ပြောပြခဲ့သည့်အခါမှသာ သူ စိတ်အေးလက်အေးနေနိုင်တော့သည်။
တာအိုဆရာကမူ နတ်ဆိုးကြယ်က ယင်ဓာတ်ဖြင့် လိုလျောညီထွေရှိလှ၍ ယန်ဓာတ်နှင့်သာ ဖိနှိပ်နိုင်သည်ဟုပြောသည်။ နန်းတွင်းထဲတွင် ယန်စွမ်းအင်က အလွန်သန်မာလှသည်။ အချိန်အတော်ကြာတွက်ချက်ပြီးသည့်နောက်တွင် ၎င်းကိုဖိနှိပ်နိုင်ချေအမြင့်ဆုံးက မင့်လွမ်နန်းဆောင်နေရာဟု လျှောက်တင်လိုက်သည်။
[ T/N - ယင်က တရုတ်စကြဝဠာဗေဒမှာဆို အမှောင်ထု၊ အမျိုးသမီး၊ မတုန်လှုပ်မှုဆိုတဲ့ ရှု့ထောင့်ဖြစိပြီး ယန်ကတော့ အလင်းရောင်၊ အမျိုးသား၊ ဖျတ်လတ်မှုဆိုတဲ့ ရှု့ထောင်အမြင်မျိုးပါ ]
ထို့အပြင် ဤရက်ပိုင်းအတွင်းတွင် ကိုယ်လုပ်တော်ရှု့ကလည်း ကလေးတစ်ယောက်မွေးစားရန်အတွက် သူ့ကိုနားပူနားဆာလုပ်နေခဲ့သည်။
ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပဲမလား...
ဧကရာဇ်ချင်းဖျင်က ယခုလက်ရှိကိစ္စကို ယာယီဖြေရှင်းမှုပြုလုပ်နိုင်သွားပြီဖြစ်၍ ထပ်မံမတွေးတောတော့ပဲ အနားယူလိုက်သည်။
ညီလာခံအမတ်များက သူ့ကို အယူမသည်းပဲ ထိုသို့သောရှေ့ဖြစ်ဟောကိန်းများကို မယုံကြည်ရန် အမြဲပြောလေ့ရှိသည်။ သို့ရာတွင် ဧကရာဇ်ချင်းဖျင်၏ ရင်ထဲတွင်မူ ရှေ့ဖြစ်ဟောကိန်းများကသာ ယုံကြည်ရပြီး မယုံကြည်သင့်သည်မှာ အမတ်များဖြစ်ကြောင်းကိုသိသည်။
မှူးမတ်တစ်ယောက်ချင်းစီက သူတို့ဘဝရှင်သန်ရေးအတွက်သာ ညီလာခံတွင် ရုန်းကန်နေကြပြီး သူတို့အားလုံးက တစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်များ လုပ်တတ်ကြသည်။ နဂါးပလ္လင်ပေါ်မှကြည့်လျှင် ကောင်းကင်ဘုံအောက်မှ အရာအားလုံးက သူ့ကိုမှီခိုနေသည်ဟု ထင်ရသော်လည်း ကောင်းကင်ဘုံအောက်မှလူအားလုံးကလည်း သူ့ကို လုပ်ကြံချင်နေကြသူများဖြစ်သည်။
တာအိုဆရာဖြစ်သည့် ပုရောဟိတ်ကြီးကသာ သူ့ကို စောဒကမတက်ပဲ ရိုးဖြောင့်မှုဖြင့် ချဉ်းကပ်နေခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးတွင် သူယုံကြည်နိုင်သည်က တာအိုဆရာတစ်ယောက်တည်းသာရှိသည်။
ဧကရာဇ်ထွက်ခွာသွားပြီးသည့်နောက်တွင် ဧကရီက ကျွင်းဟွိုင်လန်ကို တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေခဲ့သည်။ ခဏအကြာမှသာ သူပြောလိုက်သည်။
" မင်းရဲ့အရီးတော်က မာနကြီးပြီး အထက်စီးဆန်ဆန်ပဲနေတတ်တာ ဧကရာဇ်ရဲ့အမိန့်ပြန်တမ်းကိုကြားရရင် သူမ ဝမ်းသာမှာမဟုတ်ဘူး... မင်းကပဲ သူ့ကို ဖျောင်းဖျပေးပါဦး..."
ကျွင်းဟွိုင်လန်က လက်တုံ့ပြန်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဧကရီက မေတ္တာကရုဏာတရားကြီးမားသူဖြစ်သော်လည်း ရွှယ်ယန်၏ သတ်ဖြတ်ခြင်းကံကြမ္မာကို ကြောက်ရွံ့၍ သူနှင့် ခပ်ခွာခွာသာ နေခဲ့သည်။ သူမစိတ်ထဲတွင်မူ ရွှယ်ယန်ကို ကိုယ်လုပ်တော်ရှု့လက်ထဲထည့်ပေးရန် အလျင်စလိုပြုလုပ်ခြင်းက နတ်ဆိုးကို မဖိနှိပ်ပေးနိုင်သည့်အပြင် ကပ်ဆိုးတစ်ခုကို ဖိတ်ခေါ်သကဲ့သို့ဖြစ်လာမည်ဟု ထင်နေသည်။
ထို့အပြင် ကိုယ်လုပ်တော်ရှု့ကလည်း မည်သည့်အရာကိုမှ ကြာရှည်စွာသည်းညည်းခံတတ်သည့်လူမျိုး မဟုတ်ပေ။
သူမက ဧကရာဇ်ကို ဆက်လက်ဖျောင်းဖျမည်ဆိုပါက သူတို့ကြားမှဆက်ဆံရေးက ကောင်းမွန်လာတော့မည်မဟုတ်ပေ။ ဤကဲ့သို့ ရှေ့ဖြစ်ဟောကိန်းများနှင့် ပတ်သက်လာပါက ဧကရာဇ်ချင်းဖျင်ကို မည်သူမျှ မတားမြစ်နိုင်ပေ။
သူမထံတွင် ရွေးချယ်စရာမရှိတော့ပေ။
ကျွင်းဟွိုင်လန်က သူမ၏သဘောထားကို နားလည်သည်။ သို့ရာတွင်လည်း နားမလည်ဟန်ဆောင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သစ်သီးစားပြီးချိန်တွင်လည်း ဧကရီက သူ့ကို နေ့လည်စာများပြင်ပေးလိုက်သည်။ အပျိုတော်များကို အလွှာသုံးထပ်ဒင်ဆမ်းဘူးများပြင်ခိုင်းလိုက်ပြီး ဖုရိကိုသယ်ဆောင်သွားခိုင်းရန် ညွှန်ကြားလိုက်သည်။
ဤသို့ဖြင့် ကျွင်းဟွိုင်လန်ပြန်သွားသည်။
နေ့လည်ခင်းတွင်မူ အပူချိန်က အလွန်ပြင်းထန်ပြီး ဆောင်းဦးနှောင်းပိုင်းလေများက အေးစိမ့်စိမ့်မဟုတ်တော့ပေ။ ရှီဖုန်းနန်းဆောင်မှ သူ့နှင့်အတူ ပြန်လာသည့် မိန်းမစိုးလေးက အလွန်စကားများသည်။ အရှေ့ဘက်ဥယျာဉ်တွင် ရော်ရွက်ဝါများပြည့်နေသည်ကို မြင်သည့်အခါ နန်းတော်၏ အနောက်မြောက်ဘက်တွင်လည်း လှပသည့်မေပယ်ရွက်များရှိကြောင်း ကျွင်းဟွိုင်လန်ကို ပြောပြနေသည်။ ထိုနေရာတွင် မည်သူမျှ မနေထိုင်ကတည်းက ဤလှပသောမြင်ကွင်းလေးမှာ အလဟဿဖြစ်သွားသည်ဟုလည်း ပြောနေသည်။
ကျွင်းဟွိုင်လန်လည်း ထိုနေရာကိုသိသည်။ သူ ၇နှစ် ၈နှစ်အရွယ်က ဆောင်းဦးအချိန်တွင် နန်းတော်ထဲသို့တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးပြီး ရွှယ်ယွင်ဟွမ်က မေပယ်ရွက်များ တူတူကြည့်ရန်အတွက် သူ့ကိုခေါ်သွားပေးခဲ့ဖူးသည်။ မေပယ်ပင်ရှိသောတောအုပ်လေးက ချောင်ကျပြီး ထိုအနီးနားတွင် ကိုယ်လုပ်တော်တစ်ယောက် နေထိုင်သည်။ ထိုသစ်ပင်များအကြားတွင် တစ်စုံတစ်ယောက်က အမြဲတမ်းဒန်းစီးနေလေ့ရှိသည်။
ဒန်းက ထိုနေရာတွင် ရှိမရှိကို သူမသိတော့ပေ။ သို့ရာတွင် ရှိနေသေးသည်ဆိုပါက လင်ဟွမ်ကစားရန်အတွက် ခေါ်သွားပေးချင်နေသည်။
ကျွင်းဟွိုင်လန် နေ့လည်စာ မစားမီတွင် လမ်းလျှောက်ချင်စိတ်ဖြစ်ပေါ်လာသည်။ မိန်းမစိုးလေးပြောပြခဲ့သည့် မေပယ်တောအုပ်ကို သူအလွန်စိတ်ဝင်စားနေပြီဖြစ်၍ ထိုနေရာကိုသွားကြည့်ရန် တွေးလိုက်သည်။ မိန်းမစိုးလေးညွှန်ပြသည့် အရပ်မျက်နှာအတိုင်း ဦးတည်သွားလိုက်ပြီး ရင်းနှီးနေသော ပတ်ဝန်းကျင်ကို မြင်ရသည်အထိ လျှောက်သွားလိုက်သည်။ ခဏခန့်လျှောက်ပြီးသည့်အခါ မလှမ်းမကမ်းတွင် မေပယ်တောအုပ်များအကြားမှ နန်းဆောင်တစ်ခုကို တွေ့လိုက်ရသည်။
နန်းဆောင်က သုံးထပ်မြင့်ပြီး တံစက်မြိတ်ထောင့်များတွင် ရွှေရောင်ခေါင်းလောင်းများ ချိတ်ဆွဲထားသည်။ အဝေးမှကြည့်လျှင်ပင် ၎င်းက အလွန် အသေးစိတ်ဆန်လှသည်။ နန်းတော်ပတ်ပတ်လည်တွင် မြေပြင်ကို ဝန်းရံနေသည့် အနီရောင်မေပယ်ပင်များကို မှိန်ပျပျ မြင်တွေ့ရသည်။
၆နှစ် ၇နှစ်ခန့် ကြာမြင့်သွားပြီဖြစ်ကာနန်းတော်ကလည်း ပြင်ဆင်မွမ်းမံခြင်းမရှိ၍ မှုန်မှိုင်းမှိုင်းဖြစ်နေသည်။ ကျွင်းဟွိုင်လန်က ထိုနေရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွား၍ ပြုံးလိုက်သည်။
" အဲ့ဒီမှာပဲ..."
ထို့နောက် သူ အပြေးတစ်ပိုင်းသွားလိုက်သည်။
ဖုရိက ဒင်ဆမ်းဘူးကို မ'ပြီး သူ့နောက်မှလိုက်လာသည်။
" သခင်လေးက တော်တော်ဉာဏ်ကောင်းတာပဲ..."
ဖုရိပြောလိုက်သည်။
" ဒီနေရာက အရမ်းလှတာကို ဘာလို့ မပြုမပြင်ပဲ ထားထားခဲ့တာလဲမသိဘူး လူလည်းမနေတော့ဘူးထင်တယ်..."
" ငါကြားတာတော့ ဒီမှာနေတဲ့ကိုယ်လုပ်တော်က ပုံမှန်မဟုတ်ပဲ သေသွားခဲ့တာ... အဲ့နောက်ပိုင်း သရဲခြောက်လို့ ဘယ်သူမှ မနေရဲကြတော့ဘူး..."
ကျွင်းဟွိုင်လန်ပြောလိုက်သည်။
ဖုရိ ကြက်သီးထသွားသည်။
" ဒါဆိုရင် သခင်လေးရော အဲ့ကိုယ်လုပ်တော်ရဲ့ ဒန်းပေါ်မှ ထိုင်ရဲလား..."
ကျွင်းဟွိုင်လန်က တစ်ကြိမ်သေဆုံးခဲ့ပြီးသူဖြစ်၍ သရဲ တစ္ဆေများကို မကြောက်တော့ပေ။ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ဖုရိကကြောက်လွန်း၍ ဒင်ဆမ်းဘူးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။
ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။
နေစရာမရှိတဲ့ သရဲမတစ်ကောင်ကတောင် သူ့ကို ဒီ လောက်ခြောက်လှန့်နိုင်မယ်ဆိုရင်... တကယ်လို့ သူ ကျွင်းဟွိုင်လန်က သေပြီးမှ နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာတာကိုသိရင် ဘယ်လောက်များကြောက်သွားလိမ့်မလဲ...
xxxxxxxxx