အပိုင်း ၁၂
Viewers 15k

Chapter 12


ကျွင်းဟွိုင်လန်က ဟာသတစ်ဝက်နှော၍ ပြောလိုက်သည်။


" ဘာလို့မလုပ်ရဲရမှာလဲ... အဲ့ဒီကိုယ်လုပ်တော်ရဲ့ သေသွားတဲ့ဝိညာဉ်က အရမ်းကပ်စေးနဲလို့ ဒန်းပေါ်မှာ ဘယ်သူ့ကိုမှ မထိုင်ခိုင်းတာလား..."


ဖုရိက အာမီတာဘဗုဒ္ဓဟူသော ဘုရားစာများရွတ်ဆိုနေပြီး ဆက်တိုက်ပြောလိုက်သည်။ 

" ကျွန်တော်မျိုး အဲ့လို မပြောရဲပါဘူး..."


ကျွင်းဟွိုင်လန် ပြုံးလိုက်ပြီးနောက် ရှေ့သို့ တည့်တည့်လျှောက်သွားသည်။


နေရာအချို့ကို ဖြတ်သန်းသွားပြီးသည့်အခါ အရောင်တောက်ပနေသည့် မေပယ်ပင်အချို့ကို သူ့ရှေ့တွင် မြင်လိုက်ရသည်။ ဤအချိန်က မေပယ်ပင်များအတွက် အလှပဆုံးရာသီဖြစ်သည်။ သူတို့နှစ်ယောက်ရှေ့မှ မေပယ်ပင်များက မီးတောက်များကဲ့သို့ နီရဲလှပနေ၍ ဖုရိ ရင်သပ်ရှုမောသွားရသည်။


" အရမ်းလှတာပဲ..."

သူ ရေရွတ်ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က ရယ်လိုက်သည်။

" မင်း အခုကျတော့ သရဲမကြောက်တော့ဘူးလား..."

    

ဖုရိက ရှက်သွားသည့်ပုံဖြင့် ပြန်ပြောလိုက်သည်။

" သခင်လေး ကျွန်တော်မျိုးလို နှိမ့်ကျတဲ့လူတွေကို ဟာသမလုပ်ပါနဲ့... "


ထို့နောက် သူတို့နှစ်ယောက်က မေပယ်တောအုပ်လေးထဲ လျှောက်သွားကြသည်။


ထိုအချိန်တွင် အရှေ့ဘက်မှ ရယ်သံများနှင့် စကားပြောဆိုသံများ ကြားလိုက်ရသည်။


ကျွင်းဟွိုင်လန် မော့ကြည့်လိုက်သည့်အခါ မလှမ်းမကန်းတွင် ရယ်မောစနောက်နေကြသည့် အပျိုတော်များကို မြင်လိုက်ရသည်။ မေပယ်တောအုပ်ထဲမှဒန်းလေးက ထိုနေရာတွင်ရှိသည်။


၎င်းက နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်၍ ဆေးရောင်များ ကွာကျနေသည်။ အပျိုတော်လေးတစ်ယောက်က ဒန်းကို ရှေ့နောက်လွှဲကာ စီးနေသည်။ အခြားအပျိုတော်များက မေပယ်တောအုပ်လေးထွတွင် ထိုင်နေကာ ‌ဖရဲစေ့များခွာစားပြီး ရယ်မောလျက် စကားစမြည်ပြောနေကြသည်။


ဘယ်နန်းဆောင်က အပျိုတော်တွေကများ အဲ့လောက် အေးအေးနေနိုင်ကြတာလဲ...

    

 ကျွင်းဟွိုင်လန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ လူသူမရှိတော့သည့် နန်းတော်ကြီးနှင့် မေပယ်ရွက်များပေပွကာ ဖုန်တက်နေသည့် တံခါးမကြီးကိုသာ တွေ့လိုက်ရသော်လည်း ထိုတံခါးကို သော့ခတ်ထားခြင်းမရှိပေ။ 

    

ဒီမှာ တစ်ယောက်ယောက် နေတာများလား... 

ကျွင်းဟွိုင်လန်၏ စိတ်ထဲတွင် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

    

ထိုအချိန်တွင် အပျိုတော်တစ်ယောက်က သူ့ကိုမြင်သွားပြီး ဘေးနားမှ သူမအဖော်များကို တွန်းလိုက်သည်။ အပျိုတော်လေးများက အလျင်အမြန်ထလိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် သူ့ကို ဦးညွတ်လိုက်ကြသည်။

" အရှင့်သားကို ဂါရဝပြုပါတယ်..."


ကျွင်းဟွိုင်လန်က နန်းဆောင်ဟောင်းကြီးကိုကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။

" ကျွန်တော်က မင်းသားမဟုတ်ပါဘူး... ဒီတိုင်း..."


ထိုအချိန်တွင် လေတိုက်ခတ်သွား၍ သစ်ရွက်များ၏ တရှပ်ရှပ်အသံနှင့်အတူ ဆေးများကွာကျနေသည့် အနီရောင်တံခါးကြီးကို အတွင်းမှ ဖွင့်လိုက်သည့်အသံကို ကြားလိုက်ရသည်။

    

ရွှယ်ယန်တစ်ယောက်တည်း အပြင်ထွက်လာသည်ကို မြင်သည့်အခါ ကျွင်းဟွိုင်လန်အံ့အားသင့်သွားမိသည်။

    

 သူက သစ်သားစည်တစ်ခုကိုသယ်လာပြီးနောက် ရေတွင်းနားသို့ လျှောက်သွားသည်။ ရေတွင်းဘေးနားတွင် ‌မိန်းမစိုးတစ်ယောက်က ထိုင်နေသည်။ ရွှယ်ယန့်ကိုမြင်သော်လည်း သူ့ကို ကူညီပေးရမည့်အစား သူ့ကိုဝင်တိုက်သွားမည်စိုး၍ ဘေးနားသို့ရွှေ့သွားသည်။


ရွှယ်ယန်က သူ့ကို သတိမထားမိပဲ ရေတွင်းဆီသို့ တဖြည်းဖြည်းလျှောက်သွားကာ ‌သစ်သားစည်ကို အောက်ချလိုက်သည်။ သူ ခါးကုန်းလိုက်ချိန်တွင် သူ့ဝတ်ရုံပေါ်မှ အနီရင့်ရောင်သွေးကွက်များကို ကျွင်းဟွိုင်လန် မြင်လိုက်ရသည်။


ကျွင်းဟွိုင်လန်၏ စိတ်ထဲတွင် ယုံလဲ့ခန်းမဆောင်ရှေ့မှ မြင်ကွင်းများက ရုတ်တရက်ပေါ်လာသည်။    

   

ထိုနေ့မှစ၍ ရေတွက်ပါက ယခုဆိုလျှင် ရက်အနည်းငယ်ကြာသွားပြီဖြစ်သည်။ ထိုကြိမ်တုတ်က လူ့အရိုးများကို ကျိုးစေနိုင်သည်အထိ ကြီးလွန်းသည်။ အကယ်၍ ကံကောင်း၍ ရွှယ်ယန်၏ အရိုးနှင့် ကြွက်သားများကို မကျိုးစေခဲ့ပါကလည်း အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။

    

ရွှယ်ယန်က စည်ထဲသို့ ရေဖြည့်လိုက်ပြီးနောက် ရေပုံးကို ခါလိုက်သည်။ ရေပုံးကို ကြိုးဖြင့် ရေတွင်းအောက်သို့ ဆွဲချနေစဉ်တွင် သူ့နောက်ကျောကြွက်သားလိုင်းများကို ရှင်းလင်းစွာမြင်လိုက်ရသည်။

    

သို့ရာတွင် ဝတ်ရုံက သွေးများဖြင့်စိုရွှဲနေ၍ မူလက အနက်ရောင်ဖြစ်နေသည့်ဝတ်ရုံက ပို၍ အရောင်ရင့်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒဏ်ရာက ကွဲသွားပြီဖြစ်ကြောင်း သိနိုင်သည်။ သူ့အနားမှ အပျိုတော်နှင့် မိန်းမစိုးများက သူ့ကို မမြင်ချင်ယောင်ဆောင်နေကြပြီး လုပ်စရာရှိသည်ကိုသာ လုပ်နေကြသည်။ တချို့အပျိုတော်များကလည်း ကျွင်းဟွိုင်လန်ကိုသာ ကြည့်နေသည်။


မည်သူကမျှ သူ၏ဒဏ်ရာပြင်းထန်နေသည်ကို ဂရုမစိုက်ကြသည့်အပြင် သူ့ကိုလည်း ဤနန်းဆောင်၏ အရှင်သခင်ဟု မသတ်မှတ်ကြပေ။ အကယ်၍ သူတို့ရှေ့တွင် ရွှယ်ယန်အစား ခြေထောက်ကျိုးနေသည့် ခွေးတစ်ကောင်ရှိနေလျှင်ပင် ဤလူများအားလုံးက လျစ်လျှူရှူ့ကြမည်မဟုတ်ပေ။


သူ့ခွန်အားကိုသုံး၍ ရေပုံးကို ဆွဲလိုက်ချိန်တိုင်းတွင် ကျောဘက်မှ ဒဏ်ရာပွင့်သွား၍ သွေးများစိမ့်ထွက်လာကာ သူ့ပခုံးနှင့် ကျောပြင်ကလည်း အနည်းငယ်တုန်ယင်သွားသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသည်။


ရုတ်တရက် လက်ချော်သွား၍ ရေပုံးက ပြုတ်ကျသွား၍ ဝုန်းခနဲအသံ ထွက်ပေါ်လာသည်။


ကျွင်းဟွိုင်လန် လန့်သွားမိသည်။

    

သူ အသိစိတ်ပြန်ဝင်လာချိန်တွင် သူက ရွှယ်ယန်၏ရှေ့သို့ရောက်သွားပြီး သူ့လက်ထဲမှ ရေစည်၏ သစ်သားလက်ကိုင်ကိုကိုင်ထားပြီးနေပြီဖြစ်သည်။


ကျွင်းဟွိုင်လန် ခဏတာထိတ်လန့်သွားသော်လည်း သူ့ကိုယ်သူ ဘာလုပ်မိနေကြောင်း သတိရသွားသည်။


ငါ ဘာတွေ လုပ်လိုက်ပါလိမ့်...


အရင်ဘဝတုန်းက ဘယ်လောက်ပဲ မုန်းတီးခဲ့တဲ့သူဖြစ်နေပါစေ ရွှယ်ယန်ရဲ့ အခုလို အခက်အခဲဖြစ်နေတဲ့ပုံ မြင်လိုက်ရတော့ မကူညီပဲ မနေနိုင်ဖြစ်သွားမိတာများလား...

    

သူ မျက်လွှာချ၍ လက်ကိုင်ကို ကိုင်ထားသည့် ရွှယ်ယန်၏လက်ကိုငုံ့ကြည့်လိုက်မိသည်။ လက်ခုံပေါ်မှ အကြောများက ထင်းနေသော်လည်း သဘာဝမဆန်စွာ ဖြူဖျော့နေသည်။

    

ကျွင်းဟွိုင်လန်က သူ့ရင်ထဲမှ ကြင်နာမှုကို ဝန်မခံချင်ခဲ့ပေ။

ဒီလို စိတ်လိုက်မာန်ပါအပြုအမူမျိုး ဘယ်တော့မှ မလုပ်တော့ဘူး...

    

" ဖယ်လိုက်စမ်း..."

သူက မော့မကြည့်ပဲ အေးစက်စွာပြောလိုက်သည်။


သူအချိန်အတော်ကြာမတွေ့ခဲ့ရသည့်သခင်လေးက ဤကဲ့သို့သော ချောင်ကျကျနေရာတွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

    

ဒီသခင်လေးက စိမ်းပြာရောင်ဝတ်ရုံတွေဝတ်ရတာ တော်တော်သဘောကျတဲ့ပုံပဲ... 

ယနေ့တွင် ကျွင်းဟွိုင်လန်က ခရုခွံစိမ်းရောင်ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသဖြင့် သူ၏ နူးညံ့ပြီး ထီမထင်သောအကျင့်စရိုက်နှင့် လိုက်ဖက်နေသည်။


သူ့မျက်နှာ တစ်ဖက်သို့လှည့်လိုက်သည့်အခါ အမူအရာက အေးစက်၍ လေသံက ခက်ထန်နေသည်။ သူက ဤနေရာသို့ ကူညီရန်ရောက်လာသော်လည်း မကူညီချင်သည့်ပုံစံ ပြသရမည်ဖြစ်သည်။


ထိုလူက သူ့ကိုလာကူညီလိမ့်မည်ဟု ရွှယ်ယန်မထင်မှတ်ထားခဲ့ပေ။


 သုက အနာပြည်မတည်သွားရန်အတွက် ရေနှင့်သန့်စင်ရမည်ဖြစ်၍ ရေလာခပ်ခြင်းဖြစ်သည်။ ဤအခြေအနေမျှ နာကျင်မှုက သူ့အတွက်ဘာမှမဟုတ်သည့်အပြင် လုံးဝမလှုပ်နိုင်သည့် အခြေအနေမျိုးလည်းမဟုတ်ပေ။ သူက ဤကိစ္စမျိုးကို တစ်ယောက်တည်းလုပ်ရခြင်းအား အသားကျနေပြီဖြစ်၍ အသေးအဖွဲ့ကိစ္စမျိုးအတွက် ဟန်ဆောင်ပန်ဆောင်ဖြင့်လည်း တခြားလူကို အကူအညီမတောင်းချင်ပေ။

  

အနာ ထပ်ပြဲသွားမှသာ လုပ်ရကိုင်ရ ခက်ခဲသွားပြီး ပတ်တီးပြန်စည်းရမည်ဖြစ်၍ အနည်းငယ် အလုပ်ရှုပ်သွားမည်ဖြစ်သည်။


အစားကြူးတဲ့ ဆန်မုန့်လုံးလိုသခင်လေးက သူ့ကို စာနာထောက်ထားပြီး လာကူညီမယ်လို့ တကယ်ကို မထင်ထားခဲ့တာ...


သူက အနည်းငယ်စိတ်ထားကောင်းသည်ဟု ထင်လိုက်မိ၍ သူ့မျက်ဝန်းထဲတွင် စိတ်ဝင်စားသည့်အမူအရာများဖြင့်ပြည့်သွားပြီး လွှတ်ပေးလိုက်သည်။

12.2


ရေပုံးအလေးကြီးက ဟန်ချက်မညီဖြစ်ကာ ချက်ချင်းပင် ချော်ကျသွားသည်။ ကျွင်းဟွိုင်လန်က ယခင်တည်းက လေးလေးလံလံအရာများကို သယ်နေကျမဟုတ်၍ ရုတ်တရက် မထိန်းနိုင်ဖြစ်သွားသည်။ သူ့လက်ထဲမှ သစ်သားလက်ကိုင်ကလည်း အကြိမ်ပေါင်းများစွာ လည်နေပြီးသည့်နောက် ရေတွင်းထဲကျသွားသည်။


ကျွင်းဟွိုင်လန် လန့်သွားပြီး အော်ရန်ပင်‌သတိမရတော့ပေ။ အလွန်မှောင်မည်းကာ အဆုံးမရှိသည့် ရေတွင်းထဲကျသွားတော့မည်ထင်၍ ကြက်သီးများထလာသည်။


ထိုအချိန်တွင် သူ့လက်မောင်းကို ကြွက်သားအနည်းငယ်နှင့် လက်‌တစ်ဖက်ကလှမ်းကိုင်ကာ ပြုတ်မကျအောင် ပြန်ဆွဲတင်ပေးလိုက်သည်။


အသိစိတ်ပြန်ဝင်လာချိန်တွင် သေခြင်းတရားကြောင့်ဖြစ်ပေါ်လာမည့် ကြောက်ရွံ့မှုက ပျောက်ကွယ်သွားခဲ့သည်။ သူ့လက်မောင်းနှင့် တံတောင်ဆစ်ကို ရေတွင်းနံရံနှင့် ရိုက်မိသွားခဲ့၍ နာကျင်လာသည်။


ဖုရိ အော်ဟစ်ကာ ရှေ့သို့ပြေးလာသည်။ ရွှယ်ယန်က ကျွင်းဟွိုင်လန်၏ လက်မောင်းကို လွယ်လွယ်ကူကူပင်ဆွဲလိုက်ကာ သူ့ကိုရေတွင်းနှင့်ဝေးရာခေါ်သွားပြီး လွှတ်ပေးလိုက်သည်။


" သခင်လေး အဆင်ပြေရဲ့လား... တစ်ခုခုနဲ့ တိုက်မိသွားသေးလား..."


ဖုရိက အမြန်ပြေးလာပြီး လာကြည့်သည်။ သူရောက်လာချိန်တွင် ကျွင်းဟွိုင်လန်၏ လက်မောင်းကို ကိုင်လိုက်သည့်အခါ  နာကျင်စွာညည်းညူလိုက်ပြီး အနောက်ဆုတ်သွားသည်။


 ဖုရိ သူ့အင်္ကျီလက်ကို အမြန်ဆွဲတင်ကြည့်လိုက်သည်။


ကြောက်စရာကောင်းသော ဒဏ်ရာကြီးက ဖြူဖွေးသေးသွယ်သည့် လက်မောင်းလေးအထက်တွင် ပေါ်လာသည်။ ရေတွင်းအစွန်းနှင့် ခပ်ပြင်းပြင်းပွတ်မိသွား၍ အသားများပဲ့သွားကာ သွေးစလေးများပင် စိမ့်ထွက်နေသည်။


ဖုရိအော်မိသွားသည်။


ဘေးနားမှ ရွှယ်ယန်က မသိမသာ မျက်ခုံးပင့်ကြည့်လိုက်သည်။


ဒီသခင်လေးက အသားအရည်က နူးညံ့လွန်းတော့ နည်းနည်းလေးထိလိုက်တာနဲ့ပဲ ဒဏ်ရာအကြီးကြီးဖြစ်သွားတာလား...

 

သူ့အသားလေးကလည်း ကြွေထက်တောင်နူးညံ့နေသေးတယ်...


ထို့နောက်တွင် သခင်လေးက ရှက်ရွံ့ဟန်ဖြင့် အင်္ကျီလက်ကို ပြန်ဆွဲချလိုက်ပြီး အနာကို အုပ်ထားလိုက်သည်။


ထို့နောကိ အေးစက်သည့်မျက်နှာထားဖြင့် ဘေးနားမှ မိန်းမစိုးကို ပြောလိုက်သည်။


" မင်းတို့ ကန်းနေကြတာလား... နန်းတော်က မင်းတို့ကို လစာငွေတွေပေးထားတာ ဒီလိုထိုင်ပြီး အချောင်ခိုနေဖို့ပဲလား..."


သူက မြင့်မြတ်ပြီး ကျက်သရေရှိသည့် ဖြစ်တည်မှုတစ်မျိုးဖြစ်သည့်အတွက် သူစိတ်ဆိုးနေချိန်၌ပင် သူ့ပုံစံက တော်ဝင်ဆန်၍ အေးစက်နေ၍ မိန်းမစိုးလေးက ကြောက်လန့်တုန်ယင်နေပြီး သူ့ရှေ့တွင် ဒူးထောက်ကာ ကြောက်လန့်တကြား တောင်းပန်နေသည်။


သို့ရာတွင် ဒေါင်းပေါက်လေးက အသိစိတ်ပြန်ဝင်သွားပုံရပြီး သူ၏အမြီးများကို ခါယမ်းနေကာ ခေါင်းမော့၍ သူ၏အထင်အမြင်သေးသည့်အမူအရာကို ပြသလာ၍ ရွှယ်ယန် အနည်းငယ်မျှ အံ့အားသင့်သွားပုံရသည်။


သက်ရှိအရာအားလုံးက အရုပ်ဆိုးအကျည်းတန်ကြသည်ဟု သူ့စိတ်ထဲ အမြဲယုံကြည်ထားခဲ့သည်။ သူတို့အားလုံးကို လူ့အရေပြားဖြင့် ဖုံးလွှမ်းထားသော်လည်း အားလုံးကို သရဲတစ္ဆေများသာဟု ထင်ခဲ့သည်။


သူ့ဘဝတွင် ပထမဦးဆုံးအနေဖြင့် အတော်အတန် စိတ်ဝင်စားစရာကောင်းပြီး မျက်စိပသာဒဖြစ်သည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်ဟု ခံစားမိသည်။ သူ့ပုံစံလေးက ချစ်စရာလည်းကောင်းသည်။


  ဒေါင်းပေါက်လေးတစ်ကောင်က အမြီးကိုလှုပ်ခါနေသည်နှင့်တူ၍ သူ့နှလုံးသားထဲ၌ပင် အနည်းငယ် ယားကျိကျိဖြစ်သွားမိသည်။


တဒင်္ဂ ခံစားချက်လေးပဲများလား...


တစ်ဖက်မှ ကျွင်းဟွိုင်လန်မှာ အေးစက်တည်ကြည်သောအမူအရာဖြင့် ထိုနေရာတွင် ရပ်နေသော်လည်း သူ့စိတ်ထဲတွင် အလွန်ရှက်နေပြီဖြစ်သည်။


ယခင်ဘဝမှရန်သူကို သူ့သဘောဖြင့်သူ စိတ်လိုက်မာန်ပါ ကူညီပေးခဲ့မိသည်။ သို့သော်လည်း ကူညီသည်က မအောင်မြင်သည့်အပြင် သူပါ ဒုက္ခရောက်မလိုဖြစ်သွား၍ ယခင်ဘဝက သူ့ကိုသတ်ခဲ့သည့်ရန်သူက သူ့အသက်ကို ပြန်ကယ်လိုက်ရသည်။


ဒါ သူ့အတွက် တော်တော်ရှက်စရာကောင်းတာပဲ...


ကျွင်းဟွိုင်လန် မနည်းစိတ်တည်ငြိမ်အောင် နေလိုက်ရပြီး အသိစိတ်ဝင်သွားပြီး မြေပေါ်တွက်ဒူးထောက်ကာ အသနားခံပေးကန်အတွင် သူ့ကိုတောင်းပန်နေကြသည့် အပျိုတော်များ မိန်းမစိုးများကို ကြည့်လိုက်သည်။


" ငါက မင်းသားမဟုတ်ပေမယ့် ဒီနေရာမှာသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် မင်းတို့အားလုံး လွတ်မှာမဟုတ်ဘူး...ပြီးတော့ မင်းသား ၅က မျက်နှာသာပေးခံရတဲ့သူ မဟုတ်ပေမယ့် ဒီနေ့ သူသာ တစ်ခုခုဖြစ်သွားရင် မင်းတို့အားလုံး နက်ဖြန်မနက်အထိ အသက်ရှင်ခွင့်ရမယ် ထင်နေလား..."


ကျွင်းဟွိုင်လန်၏ စကားများက မှန်ကန်ပေသည်။ ဧကရာဇ်က ရွှယ်ယန်ကို မမြင်မတွေ့ချင်သည်အထိ ဖြစ်နေသော်လည်း သူက တရားဝင်မင်းသားတစ်ပါးဖြစ်နေသေးသည်။ အကယ်၍ သူ သေဆုံးသွားခြင်း သို့မဟုတ် ခြေလက်များကျိုး၍ ဒုက္ခိတဖြစ်သွားခြင်း တစ်ခုခု‌ဖြစ်ခဲ့ပါက ဧကရာဇ်က အရေးမစိုက်လျှင်ပင် မှူးမတ်များနှင့် ပြည်သူများက ငြိမ်ခံနေမည်မဟုတ်ပေ။


ရွှယ်ယန်၏ ဘဝက အလွန်ခက်ခဲသော်လည်း သူမည်မျှကြိုးပမ်းသည်ဖြစ်စေ သေသွား၍လည်းမရပေ။


ထိုစကားများကြောင့် ဒူးထောက်နေသူအားလုံး တသိမ့်သိမ့် တုန်သွားကြသည်။ ကျွင်းဟွိုင်လန်က ၎င်းတို့ပုံစံကို ရယ်စရာကောင်းသည်ဟုထင်၍ ဆက်ပြောသည်။


" ဧကရာဇ်နဲ့ မင်းသား၅ရဲ့အကြားက ကိစ္စတွေက တော်ဝင်မိသားစုရဲ့ ပြဿနာပဲ မင်းတို့နဲ့ဘာဆိုင်လို့လဲ..."


မြေပြင်တွင် ဒူးထောက်နေကြသည့် နန်းတွင်းအစေခံအားလုံးမှာ စိတ်ကြီးဝင်မှုများပျောက်ဆုံးသွားကာ ‌မြေကြီးနှင့်ခေါင်းထိမတတ်သာ ဦးညွတ်နေကြတော့သည်။


ကျွင်းဟွိုင်လန်က သူတို့အားလုံးကို ပြဿနာမရှာချင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ရွှယ်ယန်က မကြာမီအချိန်၌ ကိုယ်လုပ်တော်ရှု့၏ နန်းဆောင်သို့ ရွှေ့ပြောင်းရတော့မည်ဖြစ်၍ နောက်ကွယ်မှလူကို ရှာဖွေရန်သာ လိုတော့သည်။


ထိုလူများအားလုံးကို နန်း‌တွင်းဆေးကုသခန်းသို့ အမြန်သွား၍ သမားတော်တစ်ယောက် ပင့်ခိုင်းလိုက်ပြီး ကျန်ရှိနေသူများကို အနာကို ရေဖြင့်သန့်စင်ပေးရန် အမိန့်ပေးလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ပြန်သွားရန်ပြင်နေသည်။


သို့သော် မထင်မှတ်စွာဖြင့် ရွှယ်ယန်၏မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။


ပယင်းရောင်မျက်ခွံများက အရောင်ဖျော့တော့နေသော်လည်း အဆုံးမရှိပေ။


 ယခုလေးတင် သူ့ကို ကူညီရန်ကြိုးစားသော်လည်း အဆင်မပြေဖြစ်ကာ ရေတွင်းထဲပါ ခြေချော်ကျမတတ်ဖြစ်သွားသည့်အဖြစ်ကို ကျွင်းဟွိုင်လန် ပြန်တွေးမိသွားသည်။ထို့ကြောင့် သူရှက်ရွံ့စွာဖြင့် ယနေ့ကိစ္စကို မဖြစ်သကဲ့သို့ သဘောထား၍ အမြန်ထွက်သွားရန်ပြင်လိုက်သည်။


xxxxxx