အပိုင်း ၁၃
Viewers 16k

Chapter 13


သို့သော် သူလှည့်မထွက်သွားမီမှာပင် ရွှယ်ယန်က သူ့ရှေ့ကို လာရပ်လိုက်သည်။ ကျွင်းဟွိုင်လန်က အချိန်မီ မရှောင်လိုက်နိုင်၍ သူနှင့်တိုက်မိသွားကာ ဝတ်ရုံလက်ကို ပင့်တင်ခံလိုက်ရချိန်တွင် ကြောက်မက်ဖွယ်အမာရွတ်ကြီးပေါ်လာပြန်သည်။

 

ကျွင်းဟွိုင်လန်က ဝတ်ရုံကို ပြန်ဆွဲယူလိုက်သည်။ ရွှယ်ယန်က အားအလွန်မသုံးထားသော်လည်း ကျွင်းဟွိုင်လန်က မလှုပ်နိုင်ဖြစ်သွား၍ သူ့လက်ကိုသာကိုင်ခွင့်ပြုလုပ်ရပြီးနောက် လက်ချောင်းသွယ်သွယ်တစ်ချောင်းက သူ့ဒဏ်ရာကိုလာထိနေတော့မည်ကိုသာ မြင်လိုက်ရသည်။


ဒဏ်ရာကို လက်ဖြင့် ဖိခံလိုက်ချိန်တွင် ကျွင်းဟွိုင်လန် သတိလက်လွတ်ဖြစ်သွားပြီး နာကျင်မှုကြောင့် သက်ပြင်းချလိုက်မိသည်။


သူက ဒဏ်ရာ၏အလယ်တည့်တည့်နေရာသို့ အတိအကျထိလိုက်ပြီး အကြိမ်ရေအနည်းငယ် ပွတ်ကြည့်လိုက်သည်။ ကျွင်းဟွိုင်လန် စကားမပြောနိုင်မီမှာပင် ရွှယ်ယန်က မျက်လုံးလန်၍ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေးပင်ပြောလိုက်သည်။


" အဆင်ပြေပါတယ် အရိုးတစ်ချောင်းမှ မကျိုးသွားဘူး..."


  သူဒဏ်ရာရနေတာကို အဲ့လူက ဂရုတစိုက်ကြည့်ပေးနေတယ်တဲ့လား...


ကျွင်းဟွိုင်လန် တစ်ခဏတာခန့် အံ့အားမသင့်ပဲ မနေနိုင်တော့ပေ။ ထို့နောက် အေးစက်နေသောအမူအရာတွင် ရှက်ရွံ့မှုအနည်းငယ်ရောယှက်၍ သူ့လက်မောင်းကိုပြန်ရုတ်လိုက်သည်။ 


ဘာတွေဖြစ်ကုန်တာလဲ...


အစောပိုင်းက ရွှယ်ယန်မဆွဲထားခဲ့ပါက သူ ရေတွင်းထဲသို့ ပြုတ်ကျသွားတော့မည်ဖြစ်သည်။


သူ၏ စိတ်လိုက်မာန်ပါလုပ်မှုကြောင့် ယခင်ဘဝမှရန်သူက သူ့အသက်ကိုပင် ပြန်ကယ်ရသည့်အခြေအနေသို့ ‌မတော်တဆကျရောက်သွားသည်။ ယခင်ဘဝမှ အမုန်းတရားများက ယခုဘဝတွင် မစတင်သေးသော်လည်း ဤဘဝတွင် ထိုလူကို သူကဦးစွာ အသက်ကြွေးတင်သွားမိသည်။

    

ကျွင်းဟွိုင်လန်၏ဘဝတွင် ဤမျှထိ ကျဉ်းထဲကျပ်ထဲမရောက်ခဲ့ဖူးပေ။ လက် အမြန်ပြန်ရုတ်ကာ မျက်လွှာချ၍ ကျေးဇူးတင်စကားကို အေးစက်စက်ပြောလိုက်ပြီးနောက် ဖုရိကိုတစ်ချက်ကြည့်ကာ ထွက်ခွာသွားသည်။


ဖုရိက သဘောပေါက်သွားပြီး ဒင်ဆမ်းဘူးကိုကိုင်ကာ သူ့နောက်မှ အမြန်လိုက်လာသည်။


တစ်ခဏတွင်းချင်းမှာပင် သူတို့နှစ်ယောက်လုံး မေပယ်တောအုပ်ထဲမှ ပျောက်ကွယ်သွားကြသည်။


ရွှယ်ယန်က သူ့ကျောပြင်ကို ကြည့်နေသည်။


ဒေါင်းပေါက်လေးက ခါးမတ်ကာ ခပ်တည်တည်လျှောက်သွား၍ အထက်စီးဆန်နေသည်ဟု ထင်ရသော်လည်း သူ့ပုံစံက ကိုးရိုးကားယားဖြစ်နေဆဲပင်ဖြစ်၍ ရယ်ချင်စဖွယ်ဖြစ်ကာ ချစ်စရာကောင်းနေသည်။


ရွှယ်ယန်၏ နှုတ်ခမ်းများ အနည်းငယ်ကွေးညွတ်သွားသော်လည်း သူ့အကြည့်များကို ရုတ်သိမ်းလိုက်သည်။


 ထို့နောက် ရေတွင်းဘေးမှ မိန်းမစိုးလေးကို တစ်ချက်ကြည့်လိုက်ကာ ရေပြန်ဖြည့်ရန်ပြင်လိုက်သည်။ မိန်းမစိုးလေးက ကျွင်းဟွိုင်လန်၏စကားများကြောင့် ကြောက်လန့်တုန်ယင်နေခဲ့၍ ခဏတာတွန့်ဆုတ်နေပြီးသည့်နောက်တွင် ရှေ့တိုးလာပြီးနောက် ရွှယ်ယန်ကိုကူညီ၍ ရေဖြည့်ပေးကာ နန်းဆောင်ထဲ တူတူသယ်လာပေးခဲ့သည်။


သို့ရာတွင် မိန်းမစိုးလေးက ကြောက်မက်ဖွယ်မကောင်းဆိုးဝါးတစ်ကောင်နှင့် ရှိနေကဲ့သို့ ရွှယ်ယန့်ကို တစ်ချိန်လုံး မထိရဲပေ။ ရေစည်ကို အမြန်ချပြီးသည့်နောက်တွင် ထွက်ပြေးသွားသည်။


ဤမင်းသားက ကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် နတ်ဆိုးကြယ်တစ်လုံးဖြစ်ကာ တစ်ကိုယ်လုံးတွင် ကံဆိုးမှုများဖြင့်ပြည့်နေ၍ သူ့ကိုထိလိုက်သူတိုင်းလည်း ကံ‌‌ဆိုးမည်ဟု နန်းတော်တွင်းမှ လူအားလုံးက ပြောကြသည်။ အသက်ရှုကျပ်လောက်စရာအစွမ်းက မင်းမျိုးမင်းနွယ်များကိုပင် သတ်ဖြတ်ဖြစ်နိုင်သည်ဖြစ်၍ သူ့ကဲ့သို့သော အစေခံဆိုလျှင် ပြောစရာပင်လိုတော့မည်မဟုတ်ပေ။


ဝေးဝေးနေတာပဲကောင်းလိမ့်မယ်...


ရွှယ်ယန်က ထိုသို့ဆက်ဆံခံနေရသည်များနှင့် အသားကျနေပြီဖြစ်၍ ခန်းမဆောင်ထဲလျှောက်ပြီး သူကိုယ်တိုင် တံခါးပိတ်လိုက်သည်။


ပင်မခန်းမဆောင်ကြီးက ကျယ်ဝန်းလှသည်။ အခန်းရှစ်ခန်းပါဝင်ကာ အရှေ့ဘက်တွင် ဝင်ပေါက်နှစ်ပေါက်ရှိသည်။ သို့ရာတွင် ယခင်နေထိုင်ခဲ့သူ ချန်ထာခဲ့သည့် ပရိဘောဂများသာရှိပြီး ၎င်းတို့ကလည်း ခေတ်နောက်ကျနေပြီဖြစ်သည်။ ပိုးသားလိုက်ကာများ၊ တံခါးပေါက်ဘောင်များနှင့် အခြားပစ္စည်းမျာက သပ်ရပ်နေဆဲဖြစ်သော်လည်း အားလုံးက ပျက်စီးယိုယွင်းနေပြီး အချို့ပစ္စည်း‌များ၏ ထောင့်စွန်းတွင် ခြကိုက်နေသည်များပင်ရှိသည်။


ပြတင်းပေါက်မှတစ်ဆင့်ကြည့်လိုက်ပါက ခြောက်သွေ့နေသော ခြံဝင်းကို မြင်တွေ့နိုင်ပြီး ခန်းမဆောင်အတွင်းရှိ ကြမ်းပြင်အက်ရာများအကြားတွင်ပါ မြက်ပင် ပေါင်းပင်များဖြင့် ပြည့်နေသည်။


ရွှယ်ယန်က ကြေးမုံဆီသို့ တည့်တည့်လျှောက်သွားပြီး ဝတ်ရုံကိုချွတ်ကာ သွေးများနှင့်ကပ်နေသည့် အဝတ်စများကိုပါ ဆွဲချွတ်လိုက်သည်။ တစ်ဖက်သို့လှည့်၍ မှန်ထဲသို့ ဘေးတစ်စောင်းကြည့်လိုက်သည့်အခါ သွေးများစိုရွှဲ၍ ကြောက်မက်ဖွယ်ကောင်းနေသည့်ကျောပြင်ကို မြင်လိုက်ရသည်။ ထိုဒဏ်ရာများကို ရေစည်ထဲမှ ရေသန့်ဖြင့် တဖြည်းဖြည်းဆေးကြောနေသည်။


ကျောပြင်မှဒဏ်ရာများက ထိရန်ပင်ခက်ခဲလှပြီး သန့်စင်ရသည်မှာလည်း အလုပ်ရှုပ်လှသည်။ လက်မောင်းကို မြှောက်လိုက်ချိန်တွင်လည်း ကျောမှဒဏ်ရာကို ပွင့်အောင်လုပ်သကဲ့သို့ ဖြစ်နေသည်။


ကျင်းပေါင် တံခါးကိုတွန်းဖွင့်၍ ဝင်လာသည့်အခါ ထိုမြင်ကွင်းကို တွေ့လိုက်သည်။


အရပ်ရှည်ရှည် အသားဖြူ‌‌ဖြူကောင်လေးက ကြေးမုံရှေ့တွင် အပေါ်ပိုင်းဗလာဖြင့်ရပ်နေပြီး ခန္ဓာကိုယ်ကိုတစ်ချက်စောင်းထားသည်။ မျက်မှောင်ကြုတ်ထားသည့် စူးရှသောမျက်နှာထားကို မြင်တွေ့နေရပြီး ကြေးမုံကို မတုန်မလှုပ်ပုံစံဖြင့် ကြည့်နေသည်။ ကျောပြင်မှ ဒဏ်ရာများက အလွန်ကြောက်စရာကောင်းနေသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ကြွက်သားများက တောင့်တင်သန်မာပုံပေါ်ကာ ခါးနှင့်ဝမ်းဗိုက်ကြွက်သားများကလည်း အချိအဆစ်ကျ‌နနေသဖြင့် သားရဲတစ်ကောင်က သူ့ဒဏ်ရာကို လျှာဖြင့်လျက်နေသည်နှင့်ပင် တူနေသည်။


တံခါးဖွင့်သံကြားသော်လည်း ရွှယ်ယန်က မျက်လုံးလှန်မကြည့်ပေ။ ပခုံးပေါ်မှ ဒဏ်ရာများကိုသန့်စင်နေလျက် လေသံအေးအေးဖြင့် မေးလိုက်သည်။

" ရှာတွေ့ခဲ့လား..."


သူ၏ ပင်မခန်းမဆောင်ထဲသို့ ဝင်လာသည်မှာ မိန်းမစိုးများအကြားတွင် အနိုင်ကျင့်အခံရဆုံးဖြစ်သည့် ကျင်းပေါင်မှလွဲ၍ မရှိပေ။ မော့မကြည့်ပဲ မည်သူဖြစ်ကြောင်းကို သူသိလိုက်သည်။


ကျင်းပေါင်က တံခါးပိတ်လိုကိပြီး သူ့ရှေ့သို့ တုန်တုန်ယင်ယင်နှင့်ရောက်လာကာ ပြောလိုက်သည်။


" သခင် ခန့်မှန်းတာ မှန်ပါတယ်... ဒီစာကိုပို့လိုက်တာ ရှောင်ဝေ့ကျီပါပဲ..."


ရွှယ်ယန်က ဒဏ်ရာကို သန့်စင်ပြီးသွားပြီဖြစ်၍ ‌စားပွဲပေါ်မှ ဆေးမှုန့်ကို ယူလိုက်ပြီး ကျောတွင်လိမ်းလိုက်သည်။ ဤဆေးမှုန့်ကို နယ်စပ်မှ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဆေးစွမ်းက အံ့အားသင့်ဖွယ်ရာဖြစ်သော်လည်း ဆေးကအလွန်ပြင်းလှ၍ ဒဏ်ရာပေါ်သို့ လိမ်းချိန်တွင် စူးခနဲနာကျင်မှုမျိုးကို ဖြစ်စေသည်။

13.2


ဒဏ်ရာကို ဆေးလိမ်းပြီးသည်နှင့် ရွှယ်ယန်က သွားဖိကြိတ်ပြီး သက်ပြင်းရှိုက်လိုက်သည်။ ထို့နောက် မေးလိုက်သည်။


" သူက အဲ့စာကို ဘယ်နေရာက ပို့နေတာလဲ..."


ကျင်းပေါင်က ချွေးသုတ်လိုက်ကာ ဂရုတစိုက် ပြန်ဖြေသည်။


" သူ နန်းတော်ထဲကို လိုအပ်တဲ့ပစ္စည်းတွေလာယူပြီးတော့ အရှေ့ဘက်ကိုသွားတာကို ‌ဒီအစေခံ တွေ့ပါတယ်...  နေရာက အရမ်းဝေးတော့ အသွားအပြန်ဆို နှစ်ရှီချန်လောက် ကြာမှာဆိုမို့ ကျွန်တော်မျိုး လိုက်မသွားရဲတာပါ..."

[ T/N - နှစ်ရှီချန်= နှစ်နာရီ ]


" အရှေ့ပိုင်းမှာက ပြည်ထဲရေးကိစ္စစီမံတဲ့ အဆောင်တော်တွေရှိတာလေ..."


ရွှယ်ယန်က ခေါင်းစောင်းလိုက်ပြီး ကြေးမုံကိုကြည့်ကာ ဒဏ်ရာကို ဆေးထည့်နေသည်။


" အဲ့ကနေ နှစ်ရှီချန်ဆိုရင်  အရှေ့ဘက်တံခါးကို ရောက်မှာ ကွက်တိပဲ..."


ထိုနာမည်ကိုကြားသည့်အခါ ကျင်းပေါင်၏ပခုံးများပင် တုန်ယင်လာသည်။


အရှေ့ဘက်တံခါးဆိုရင် တုန်းကျီရှိတဲ့နေရာလား... အဲ့ဒါဆို သူနောက်ကလိုက်ခဲ့တဲ့သူက တုန်းချန်ကများလား...


တုန်းချန်မှ လူများမှာ ရက်စက်ကြမ်းကြုတ်ကြပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်ကြကာ လူတစ်ယောက်၏ဘဝကို သေဆုံးခြင်းထက်ပို၍ ဆိုးရွားစွာ အသက်ရှင်‌ေအာင် ပြုလုပ်တတ်သည့် ပုန်းလျှိုးကွယ်လျှိုးနည်းလမ်းများစွာရှိသည်။ အကယ်၍ သူတို့နောက်သို့ နောက်ယောင်ခံလာသည့်လူကိုတွေ့ပါက မသေမချင်းမနှိပ်စက်တတ်ကြသည်။


ရွှယ်ယန်က မျက်လွှာချထားလျက်နှင့်ပင် ဆေးထည့်နေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

" တုန်းချန်ကလူ တစ်ယောက်ယောက်များလား... သူတို့က နန်းတော်က ကိစ္စတွေကိုလည်း မထိန်းချုပ်နိုင်ကြပါဘူး ငါ့ကိုဘာလို့ စောင့်ကြည့်နေပါလိမ့်..."


တုန်းချန်အကြောင်းကို သူတစ်စွန်းတစ်စသိသည်။ ၎င်းကို ထိုက်ကျုမင်းဆက်ရှိစဉ်က တည်ထောင်ခဲ့ပြီး ဧကရာဇ်၏ နားနှင့် မျက်လုံးများဖြစ်ကာ အမတ်များကိုထောက်လှမ်းရန်အတွက် ဤလူများကို အသုံးချလေ့ရှိကြသည်။ သို့ရာတွင် ယခုလက်ရှိဧကရာဇ်ချင်းဖျင်က သူတို့ကို မယုံကြည်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့ဘေးနားတွင်ခစားနေသည့် မိန်းမစိုးလင်းဖူက အမြင်စူးရှသည်။ တုန်းချန်မှပိုင်ဆိုင်သည့်လူများအားလုံးကို လင်းဖူက သူ့လက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။


မိန်းမစိုးနှစ်ယောက်ကြားက အတိုက်အခိုက်တွေကြောင့် တုန်းချန်က တောင့်မခံနိုင်တော့တာများလား... အဲ့ဒါကြောင့်မို့ သူတို့ရဲ့နောက်ခံအင်အားအတွက် မင်းသားတစ်ယောက်ကို ရှာချင်နေတာများလား... ဒါမှမဟုတ် စစ်တုရင်ရုပ်တစ်ခုကို လိုချင်နေတာလား...


အဘယ့်ကြောင့်ဆိုသော် တုန်းချန်က နာမည်ဆိုးဖြင့် ကျော်ကြားခြင်းဖြစ်ကာ ထိုနေရာမှလူများက ကြင်နာမှုမရှိကြပေ။ အကယ်၍ ဘိုးဘေးများကြောင့်သာ မဟုတ်ပါက ၎င်းတို့အားလုံး လမ်းဘေးကြွက်သာသာအဆင့်မှ တက်လာမည်မဟုတ်ပေ။ သာမန်မင်းသားများကို သူတို့က သဘောမကျကြပဲ တော်ဝင်သွေးစစ်စစ်ဖြစ်သော်လည်း အမည်ခံသာဖြစ်သည့် မင်းသားမျိုးကိုသာ အသုံးချချင်ကြခြင်းဖြစ်သည်။


အကယ်၍ သူ့ကို ထောက်ပံ့ပေးမည်ဆိုပါက ဤစစ်တုရင်အရုပ်ကို နောက်ခံအဖြစ် အသုံးပြုကြမည်ဖြစ်သည်။ ထိုအခါတွင် ‌တုန်းချန်က မိန်းမစိုးများနှင့် အမတ်များအကြား ညှပ်မနေတော့ပဲ ဧကရာဇ်နှင့် ပိုမိုနီးစပ်ခွင့်ရနိုင်သည်။


အကယ်၍ သူ၏ ခန့်မှန်းချက် မှန်ကန်ပါက ထိုနေရာမှလူများမှာ စွန့်စားရမည့်လုပ်ရပ်ကိုပြုလုပ်ရန် ကြံစည်နေကြခြင်းဖြစ်သည်။ ယခုအခါတွင် သူတို့က ဤမင်းသား၏တန်ဖိုးနှင့် အသုံးကျမှုများကိုပါ အကဲဖြတ်စောင့်ကြည့်နေကြပြီဖြစ်သည်။

 

အဘယ့်ကြောင့်ဆိုသော် မည်သည့်နေရာတွင်မဆို အနိုင်ကျင့်ခံနေရမည့်ခွေးတစ်ကောင်က သူတို့ကိုမှီခို ယုံကြည်ပြီး သံသယဝင်မည်မဟုတ်သောကြောင့်ပင်။


ရွှယ်ယန်က သူ့နှုတ်ခမ်းများကို မဲ့လိုက်သည်။


နန်းတော်ရှိလူများက မည်သူ့ကိုမဆို  ရွံရှာစက်ဆုပ်ကြပြီး တောက်ပသောဘက်တွင်သာ နေထိုင်လိုလေ့ရှိသည်။ ၎င်းတို့ကို လှုံ့ဆော်ရန် နည်းလမ်းများ ရှာဖွေခြင်းဖြင့်သာ ၎င်းတို့၏ နှလုံးသားထဲမှ မနာလိုမှုများကို ထုတ်ဖော်ပြီး အခြားသူများအား ပြသနိုင်မည်ဖြစ်သည်။


သူက မင်းသား၂ကို အသုံးချကာ ဤသို့ခါးသီးလှသောအစီအစဉ်ကို ပြုလုပ်ခဲ့၍ ငါးကြီးတစ်ကောင် ဖမ်းမိသွားသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုငါးကြီးက သတိဝီရိယရှိလွန်း၍ ငါးစာကို မဟပ်မိပဲ ဘေးနားတစ်ဝိုက်တွင်သာ ကူးခတ်နေသည်။ သို့ဖြစ်၍ ငါးစာပိုချလိုက်ပြီး ရွှယ်ယန်ကိုယ်တိုင်က သနားစရာအကောင်းဆုံးအခြေအနေရောက်သည်ဟု ထင်သွားစေအောင် ပြုလုပ်ရမည်ဖြစ်ပြီး ထိုအခွင့်အရေးကို အခွင့်ကောင်းယူရမည်ဖြစ်သည်။

  

အဲ့အချိန်ကျရင်တော့ ဘယ်သူက အသုံးချခံရတယ်ဆိုတာကို သိသွားမှာပါ...


" ခုနောက်ပိုင်း တုန်းချန်မှာ ဘာတွေဖြစ်‌နေလဲ..."

ရွှယ်ယန်မေးလိုက်သည်။


ကျင်းပေါင်က အချိန်အတော်ကြာသည်အထိ မလှုပ်ရှားပေ။ ရွှယ်ယန် မျက်မှောင်ကြုတ်ပြီး မျက်ခုံးပင့်လိုက်သည်။ ကြေးမုံမှတစ်ဆင့်မြင်ရသော ဒူးထောက်နေသည့် ကျင်းပေါင်မှာ စိတ်ဓာတ်ကျကာ ကူကယ်ရာမဲ့နေပုံပေါ်သည်။


ရွှယ်ယန် ခဏတာ ဆွံ့အသွားမိသည်။


တစ်ချက်ကြည့်ရုံဖြင့် ထိုမိန်းမစိုးလေးကြောက်နေကြောင်း သူသိလိုက်သည်။


ရွှယ်ယန်အကြည့်လွှဲလိုက်ပြီးနောက် သူ့ဒဏ်ရာကိုသာ အာရုံစိုက်နေလိုက်သည်။


" နန်းတော်ကလည်း လင်းဖူရဲ့နေရာဖြစ်နေတယ် တုန်းချန်ကိုလည်း ဘယ်သူမှဝင်မရတဲ့ အခြေအနေဆိုတော့ စာပို့တဲ့သူက သူတို့လူထဲက ရာထူးနိမ့်တဲ့သူ တစ်ယောက်ယောက်ပဲ... သူ မင်းကို ရှာမတွေ့ရင်လည်း သူ့အသက်ဆုံးရှုံးရမှာ..."


ကျင်းပေါင်က စိတ်ဓာတ်ကျနေရာမှ ရွှင်လန်းလာပြီး သူ့မျက်နှာက ပြန်လည်အသက်ဝင်လာသည်။


" ဒါပေမဲ့ မင်းသူ့ကို ဆက်ပြီးစောင့်ကြည့်နေရဦးမှာပဲ..."


ရွှယ်ယန် နှုတ်ခမ်းတွန့်ကွေးကာ ဂရုမစိုက်သည့်အမူအရာဖြင့် ပြောလိုက်သည်။


" ရာထူးငယ်ပေမယ့်လည်း သူက မင်းထက် ပိုဉာဏ်ကောင်းနေနိုင်တယ် တစ်ချက် သတိလွတ်သွားတာနဲ့ တုန်းချန်ကလူတွေက မင်းကို သဲလွန်စတောင်မချန်ပဲ ရှင်းသွားလိမ့်မယ်..."


" သခင် ကျွန်တော်မျိုးကို ကယ်ပါဦး..."


ကျင်းပေါင်က ကြောက်လန့်မှုကြောင့် အော်ဟစ်လိုက်သည်။


ရွှယ်ယန်က ပြန်မလှည့်ကြည့်ပဲ ဆေးပုလင်းကို စားပွဲပေါ်တင်လိုကိသည်။


" ငါ ပြောတဲ့အတိုင်းလုပ်ရင် မင်း မသေစေရဘူး..."


xxxxxxx