အပိုင်း ၁၄
Viewers 15k

Chapter 14


ဧကရီကျန်း ပြင်ဆင်ပေးလိုက်သည့် အချိုပွဲများက ကိုယ်လုပ်တော်ရှု့၏အကြိုက်နှင့် ကိုက်ညီလှသော်လည်း ၎င်းက သူမကို ရက်အနည်းငယ်သာ ပျော်ရွှင်စေခဲ့သည်။


ရက်အနည်းငယ်အတွင်းတွင် မင့်လွမ်နန်းဆောင်၏ လေထုအခြေအနေက ရေခဲလုနီးပအခြေအနေပင် ရောက်ရှိသွားခဲ့သည်။


ဧကရာဇ်ထံမှ အမိန့်ပြန်တမ်းကို ရရှိပြီးချိန်မှစ၍ ကိုယ်လုပ်တော်ရှုမှာ နန်းဆောင်အတွင်းတွင် ငိုကြွေးနေခဲ့ပြီး မည်သူမျှ သူမကို ဖျောင်းဖျ၍ မရပေ။ ဧကရာဇ်က သူမကိုတစ်ကြိမ်လာရောက်တွေ့ဆုံခဲ့သော်လည်း သူမက မျက်နှာပင် မြင်ခွင့်မပေးပဲ ဧကရာဇ်ကိုပါ နှင်ထုတ်လိုက်သည်။


ဧကရာဇ်ချင်းဖျင်က စိတ်ရှည်သည်းခံပြီးသာနေသည်။ ကျွင်းဟွိုင်လန် ပြတင်းပေါက်မှ ချောင်းကြည့်လိုက်သည့်အခါ ကိုယ်လုပ်တော်ရှု့က နန်းဆောင်ထဲတွင် ငိုကြွေးနေခဲ့ပြီး ဧကရာဇ်ချင်းဖျင်က ခြံဝင်းထဲတွင် ကူကယ်ရာမဲ့စွာဖြင့် ရပ်နေခဲ့သည်။


အကယ်၍ အတိတ်က ကျွင်းဟွိုင်လန်ဆိုပါက ကိုယ်လုပ်တော်ရှု့အပေါ် ဧကရာဇ်၏အချစ်က အချိန်ကြာမြင့်သည်အထိ မပြောင်းလဲခဲ့ဟု ထင်မိလိမ့်ပေမည်။


သို့ရာတွင် ဧကရာဇ်ချင်းဖျင်က ကိုယ်လုပ်တော်ရှု့ကိုအသုံးချ၍ နတ်ဆိုးကြယ်ကို ဖိနှိပ်ချင်နေကြောင်းကို ကျွင်းဟွိုင်လန်သိသည်။ သူက ကိုယ်လုပ်တော်ရှု့ကို နောက်ကွယ်တွင် အသုံးချနေသော်လည်း အပေါ်ယံတွင်မူ အလွန်ချစ်မြတ်နိုးဟန်ဆောင်နေသည်။


တော်ဝင်မိသားစုက အရက်စက်ဆုံးလူများဖြစ်ကြောင်းကို ကျွင်းဟွိုင်လန် ရှင်းလင်းစွာသိမြင်ခဲ့ပြီဖြစ်သည်။


သူနှင့် ကိုယ်လုပ်တော်ရှု့အကြားမှ ဆက်ဆံရေးက မည်မျှနက်ရှိုင်းစေကာမူ ချင်ထျန်ကျန့်၏ သဘောတူညီမှုနှင့် မယှဉ်နိုင်ပေ။


ဆန့်ကျင်ဘက်အားဖြင့် ကျင်းလင်းဟွမ်မှာမူ ဤရက်ပိုင်း နန်းဆောင်ထဲမှ အခြေအနေကြောင့် အနည်းငယ်ကြောက်လန့်နေသည်။ ကျွင်းဟွိုင်လန်က ဝမ်ဟွားနန်းဆောင်သို့ နေ့စဉ်သွားရောက် စာသင်ကြရ၍ သူမနှင့် ကိုယ်လုပ်တော်ရှု့သာ နန်းဆောင်ထဲတွင် ကျန်ခဲ့သည်။ ကိုယ်လုပ်တော်ရှု့က သူမအပေါ် ဒေါသမထွက်သော်လည်း ကျင်းလင်ဟွမ်က သူမအဒေါ် မပျော်မရွှင်ဖြစ်နေသည်ကို ခံစားမိသည်။


" အရီးတော်ကို ဘယ်သူက မပျော်အောင်လုပ်တာလဲဟင်..."


တစ်နေ့တွင် ကျွင်းဟွိုင်လန် ဝမ်ဟွားနန်းဆောင်မှ ပြန်လာချိန်၌ ကျွင်းလင်ဟွမ်က သူမအစ်ကို ရင်ခွင်ထဲပြေးဝင်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန် သူ့စိတ်ထဲတွင်သာ တွေးလိုက်မိသည်။

သူက ညီမလေးရဲ့အစ်ကိုကြီးနဲ့ရွယ်တူ အကျင့်မကောင်းတဲ့ကောင်တစ်ကောင်ပေါ့ အနာဂတ်မှာလည်း ငါတို့မိသားစုကို အနိုင်ကျင့်တော့မှာ...


သူက ကျွင်းလင်ဟွမ်ကို ဖက်လိုက်ပြီး ပြုံးပြလိုက်သည်။


" ဘယ်သူမှမဟုတ်ဘူး... အဲ့ဒါက လူကြီးတွေရဲ့ကိစ္စလေ... အရီးတော်က တစ်ရက်နှစ်ရက်ဆို ပြန်ကောင်းသွားမှာ..."


ကျွင်းလင်ဟွမ် စိတ်အေးသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။


" အစ်ကိုကြီး မနက်ဖြန်နားလိုက်ပြီး လင်ဟွမ်ကို ဗျတ်စောင်းတီးနည်း သင်ပေးပါလား... အနောက်ဘက် ဥယျာဥ်ထဲက နန်းဆောင်မှာ စားပွဲအကြီးကြီးတစ်လုံးရှိတယ် အဲ့မှာဆို အစ်ကိုကြီးရဲ့ ဗျတ်စောင်းကို ထားလို့ရတယ်...."


" ဒီနေ့ အရီးတော်ကို ဗျက်စောင်းတီးပြတာကို သူက ကောင်း‌ကောင်းမတီးတတ်လို့ဆိုပြီး ရယ်တယ်..."


ကျွင်းဟွိုင်လင် မရယ်ပဲ မနေနိုင်တော့ပေ။

" ရတယ်လေ ဒါဆိုရင် လင်ဟွမ် မနက်ဖြန်ကျရင် နောက်ကျတဲ့အထိ မအိပ်ရဘူးနော်..."


ကျွင်းလင်ဟွမ်က အလျင်အမြန်ပင် ခေါင်းငြိမ့်ပြလိုက်သည်။


ကျွင်းဟွိုင်လင်က ငယ်စဉ်ကတည်းက ဉာဏ်ကောင်းခဲ့သူဖြစ်၍ ကဗျာ၊ စစ်တုရင်၊ ပန်းချီ၊ လက်ရေးလှအားလုံးတွင် မကျွမ်းကျင်သည့်နေရာမရှိပေ။ သူ၏ ဉာဏ်ကောင်းသည့်ဂုဏ်သတင်းက ချန်အန်းတစ်ခွင်တွင် နှစ်အနည်းငယ်ကတည်းက ကျော်ကြားခဲ့ပြီးဖြစ်၍ ကျွင်းလင်ဟွမ်ကို သင်ပေးမည်‌ဆိုလျှင်လည်း ပြဿနာမရှိပေ။


နောက်တစ်နေ့မနက်စောသောတွင် ကျွင်းဟွိုင်လင်က မနက်စောစောအိပ်ရာထပြီး ဖုရိကို ဥယျာဉ်ထဲရှိ နန်းဆောင်တွင် ဗျက်စောင်း သွားထားခိုင်းလိုက်သည်။


ဖုရိ တံခါးဖွင့်လိုက်သည်နှင့် အော်ဟစ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။

 " သခင်လေး နှင်းကျလာပြီ..."


" နှင်းကျနေတာလား..."


ကျွင်းဟွိုင်လင်က အနည်းငယ်အံ့အားသင့်သွားပြီး တံခါးနားသို့ရောက်လာသည်။ အပြင်ဘက်တွင် တောက်ပကာ နေသာနေသာ်လည်း နှင်းကျနေသည်။ ယခုအခါတွင် ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဥယျာဉ်ထဲတွင် သစ်ရွက်များ ကြွေနေဆဲဖြစ်သည်။ ဤအချိန်တွင် နှင်းအလွှာတစ်ထပ် ဖုံးလွှမ်း‌ စုပုံနေပြီး အစိမ်းရောင် ကြွေပြားများနှင့် မြေပြင်ပေါ်တွင် ဖြူဆွတ်ဆွတ်ဆွတ်များ ဖုံးလွှမ်းနေသည်။

 

လေထဲတွင်လည်း နှင်းရနံ့များဖြင့်ပြည့်နေသည်။ ကျွင်းဟွိုင်လန် အသက်ပြင်းပြင်းရှုလိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

   

အသက်တဖြည်းဖြည်းကြီးလာတော့ ဒီနှစ်ဆောင်းရာသီက စောစောရောက်လာတယ်ဆို‌တာတောင် မေ့နေမိတယ်...


ကျင်းလင်ဟွမ် အအေးမိမည်စိုး၍ ကျွင်းဟွိုင်လန်က သူမကို နန်းဆောင်တွင်းတွင်သာ နေစေပြီး နောက်နေ့မနက်မှ သင်ပေးချင်သည်။ သို့ရာတွင် ကျွင်းလင်ဟွမ်က ခေါင်းမာနေကာ နှင်းများကျဆင်းလာသည်ကိုမြင်သည့်အခါ ပို၍စိတ်လှုပ်ရှားလာပြီး ကျင်းလင်ဟွမ်နှင့်အတူ ဥယျာဉ်ထဲတွင် ဗျပ်စောင်းတီး သင်ချင်နေသည်။


ကျင်းဟွိုင်လန်က ရွေးချယ်စရာမရှိတော့၍ အပျိုတော်တစ်ယောက်အား စွပ်ပြုတ်ပူပူတစ်ခွက် ပြင်ခိုင်းလိုက်ကာ သူမကို သောက်စေလိုက်ပြီး မြေခွေးမွေးဝတ်ရုံတစ်ထည် ခြုံပေးလိုက်သည်။

    

သူတို့နှစ်ယောက်လုံး နန်းဆောင်ထဲတွင် ထိုင်လိုက်ပြီးချိန်တွင် ကျွင်းလင်ဟွမ်က ခေါင်းမော့၍ အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။

" အရမ်းလှတာပဲ..."

    

ကျင်းဟွိုင်လန်က သူမကြည့်နေသည်ကို လှမ်းကြည့်လိုက်သည့်အခါ နန်းဆောင်၏ ရွှေရောင်တံစက်မြိဆတ်များနှငိ့ ပိတ်ကျဲလိုက်ကာများ လေနှင့်အတူတဖျတ်ဖျတ်လွင့်နေသည်ကို မြင်လိုက်ရသည်။


ကျင်းဟွိုင်လန်က စိတ်ထဲတွင် ဖျတ်ခနဲတွေးလိုက်မိသည်။

ဒီလိုအချိန်မျိုးဆိုရင် မေပယ်တောအုပ်လေးရော ဘယ်လိုပုံစံဖြစ်နေမလဲမသိဘူး...

    

 ပယင်းရောင်မျက်ဝန်းတစ်စုံက သူ့စိတ်ထဲတွင် အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာသည်။ သူ့လက်ကို စောင်းကြိုးပေါ်တွင်သာ တင်ထားလိုက်ပြီးနောက် မျက်စိရှေ့တွင် ရှိမနေသည်များအား တွေးတောခြင်းကို ရပ်တန့်လိုက်သည်။


ကျွင်းလင်ဟွမ်က နှင်းကျသည့်နေ့ရက်များကို သဘောကျသော်လည်း သူမက အအေးဒဏ်မခံနိုင်၍ အနည်းငယ်သင်ပေးပြီးသည့်အခါ သူမလက်များကိုပင် မထုတ်နိုင်တော့ပေ။ သူမက မပြန်ချင်သေး၍ ဘေးနားမှ ကျင်းဟွိုင်လန်ကိုဖက်ထားပြီး သူမအတွက် ဗျပ်စောင်းတီးပြခိုင်းလိုက်သည်။


ကျင်းဟွိုင်လန်က သူ့ညီမလေး၏ တောင်းဆိုချက်များကို မည်သည့်အခါကမှ မရပ်တန့်ခဲ့ပေ။


သို့ဖြစ်၍ ရွှယ်ယန်က မင့်လွမ်နန်းဆောင်ဂိတ်ဝသို့ ရောက်ရှိလာချိန်တွင် ဗျပ်စောင်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။


လွန်ခဲ့သည့် ဆယ်ရက်က သူ့ကို ကိုယ်လုပ်တော်ရှု့က မွေးစားလိုက်ပြီဖြစ်၍ သူမ၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ရမည်ဖြစ်ကြောင့် မင်းကြီး၏ အမိန့်ပြန်တမ်း ရောက်ရှိလာခဲ့သည်။ ရွှယ်ယန်က ဤကိစ္စကို ရေးကြီးခွင်ကျယ် တွေးမနေပေ။ ကိုယ်လုပ်တော်ရှု့က နန်းတွင်းထဲမှ တစ်စုံတစ်ယောက်ကို စော်ကားမိ၍ နတ်ဆိုးကြယ်ဖြစ်သည့် ရွှယ်ယန်ကို သူမ၏နန်းဆောင်သို့ပို့ကာ သူမကို စိတ်မသက်မသာဖြစ်အောင် ပြုလုပ်လိုက်ခြင်းဟာ ထင်လိုက်သည်။


ဧကရာဇ်ချင်းဖျင်၏ အမိန့်ပြန်တမ်းတွင် သူ့ကို ဟန်ဆောင်ပန်ဆောင်ဂရုစိုက်သည့် စကားလုံးအနည်းငယ်သာ ပါဝင်ခဲ့သည်။ သူ့ကျောမှ ဒဏ်ရာကို သက်သာပျောက်ကင်းအောင် ကုသပြီးမှသာ ကိုယ်‌လုပ်တော်ရှု့၏နန်းဆောင်သို့ ရွှေ့ပြောင်းလာခဲ့ရန် မှာကြားလိုက်သည်။


ကိုယ်လုပ်တော်ရှု့က နန်းတွင်းထဲတွင် ပြဿနာများစွာရှာထားမည်ဖြစ်ကြောင်း ရွှယ်ယန်သိလိုက်သည်။ ထိုသို့မဟုတ်လျှင် ဧကရာဇ်က သူ့ကို ဤမျှဂရုစိုက်ပြနေပြီး သူ့နန်းဆောင်တွင် ရှေးဦးစွာ ကုသမှုခံယူခိုင်းမည်မဟုတ်ပေ။

14.2


ရွှယ်ယန် အနည်းငယ်‌တွေးတောလိုက်ပြီးနောက် ဤဦးနှောက်မရှိသည့် ကိုယ်လုပ်တော်က သူ့ကို ကူညီနိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။ သူ့ဒဏ်ရာများကို ရက်အနည်းငယ်အတွင်း ကုသပြီးနောက် ယနေ့တွင် အထုပ်အပိုးများကို ကျင်းပေါင်အားသယ်ဆောင်ခိုင်းလိုက်ပြီး မင့်လွမ်ခန်းမဆောင်မှ နေထိုင်ရာအသစ်သို့ ခေါ်ဆောင်သွားမည့်လူများနောက်သို့ ‌လိုက်လာသည်။


မနက်အစောပိုင်းသာရှိသေးသော်လည်း နန်းဆောင်တွင် နှင်းများဖြင့် ပြည့်နေသည်။ ထိုအချိန်တွင် ကြမ်းပြင်ကြွေပြားများပေါ်မှ အဖြူရောင်စကျင်ကျောက်များပေါ်တွင်လည်း နှင်းများဖြင့် စုပုံနေသည်။ ရွှယ်ယန်က နန်းဆောင်၏လမ်းအတိုင်း တိတ်ဆိတ်စွာ လျှောက်လာပြီး နှင်းများပေါ် နင်းလိုက်သည်။


ယနေ့တွင် ရာသီဥတုကအလွန်ပင် အေးစိမ့်စိမ့်ဖြစ်နေသည်။ ရွှယ်ယန့်တွင် ဆောင်းရာသီအဝတ်အစားများမပါပဲ ဝတ်ရုံပါးတစ်ထည်သာဝတ်ဆင်ထားသည်။ ကျင်းပေါင်က သူ့နောက်မှလိုက်လာပြီး ဆောင်းဦးတွင် ဝတ်သည့်ဝတ်ရုံကို ဆင်မြန်းပေးထားသော်လည်း အေး၍ တုန်ယင်နေဆဲဖြစ်သည်။


" သခင် မအေးဘူးလား..."

ကျင်းပေါင်က အသံတိုးတိုးဖြင့်မေးလိုက်သည်။

    

ရွှယ်ယန်က သူကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောပေ။

    

သူက ချန်အန်းထက် ဆောင်းရာသီအဝင်စောသည့် ယန်ဒေသတွင် ကလေးဘဝတည်းက နေထိုင်ခဲ့ရသည်။ ယန်ဒေသ‌၏မြေက ကျက်တီးမြေဆန်သော်လည်း စစ်သားများစွာနှင့် မြင်းများစွာကို ပြုစုပျိုးထောင်ပေးသည့်နေရာဖြစ်သည်။ ဆောင်းရာသီတွင်မူ အအေးဒဏ်ကို အန်တုရန်အတွက် ဆောင်းတွင်းဝတ် အဝတ်အထည်များမရှိပေ။


သူ ၇နှစ် ၈နှစ်အရွယ်တည်းက ယန်ဘုရင်က သူ့ကို စစ်စခန်းတွင် ပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ သူ့အတွက်စားနပ်ရိက္ခာနှင့် အဝတ်အစားစရိတ်ကလည်း သာမာန်စစ်သားများနှင့် မကွာခြားသည့်အတွက် နှင်းကိုက်ခံရသည့် ဆောင်းတွင်းပေါင်းများစွာကို မည်မျှပင် ဖြတ်သန်းခဲ့ရသည်ကို မေ့နေပြီဖြစ်သည်။


သူ စစ်စခန်းထဲသို့ စတင်ရောက်ရှိလာသည့်နှစ်က သူကိုယ်တိုင်က နတ်ဆိုးကြယ်ဖြစ်သည်ဟူ‌သော ကောလဟာလက ပျံ့နှံ့သွားခဲ့သည်။ စစ်စခန်းသို့ ရောက်ရောက်ချင်းပထမနေ့တွင်ပင် စစ်သားအချို့က သူ့ကို နှင်းထဲတွင် ကန်ကျောက်ထိုးကြိတ်ခဲ့၍ အလွန်အေးခဲသွားခဲ့ပြီး နာကျင်မှုကို မခံစားရတော့သည်အထိ ထုံကျင်သွားကာ သတိလစ်သွားခဲ့သည်။

  

သို့ရာတွင် သူ ဤအခြေအနေကို နှစ်အနည်း

ငယ်ပင် မခံစားခဲ့ရပါပေ။ နောက်ပိုင်းတွင် စစ်တပ်ထဲမှ မည်သူကမျှ သူ့ကို မရိုက်နှက်နိုင်တော့ပဲ သူ့ထက်ရက်စက်ကြမ်းကြုတ်သည့်လူလည်း မရှိတော့ပေ။ သူက အေးစက်သည့်သံချပ်ကာဝတ်စုံကို ဆောင်းတွင်းတစ်ချိန်လုံး ဝတ်ထားရသော်လည်း အေးစက်ခြင်းကို မခံစားရတော့ပေ။


အေးစက်မှု၊ တစ်လောကလုံးထံမှ စက်ဆုပ်ခြင်းခံရမှုနှင့် ငြင်းပယ်ခံရမှုဟူသည့် နာကျင်မှုများက အလွန်များပြားလာသည့်အခါ နောက်ဆုံးတွင် ထုံကျဉ်သွားစေနိုင်သည်။

 

ရွှယ်ယန် ဘာမှပြန်မဖြေသည့်အခါ ကျင်းပေါင်လည်း စကားဆက်မပြောရဲတော့ပေ။


သူက တစ်မိသားစုလုံး၏အသက်နှင့် ခြိမ်းခြောက်ခံထားရသည့်အပြင် ရွှယ်ယန်လုပ်ဆောင်ခိုင်းသည့်ကိစ္စ‌များကြောင့် ရွှယ်ယန်က မည်မျှကြောက်စရာကောင်းသည့်လူဖြစ်ကြောင်း သူသိသည်။ သို့ရာတွင် သူ့အကြောင်းကို ပိုသိလာသည့်အခါ သူ့သခင်က သူစိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းကြောင်းကို သူသဘောပေါက်သွားသည်။


အမှောင်ထဲမှာနေပြီး နာကျင်မှုရော ရာသီဥတုအေးတာကိုရော မကြောက်တဲ့လူကို ကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းနေပြီကို တခြားလူတွေကိုပါ မရက်စက်လို့မရဘူးလား...


ကျင်းပေါင်က သူ့စကားကိုသာနားထောင်ပြီး က်ိုယ့်အသက်ကိုကယ်တင်ရုံမှလွဲ၍ လုပ်စရာမရှိပေ။

    

သူတို့ရှေ့မှလျှောက်နေသည့် အပျိုတော်များကို မင့်လွမ်နန်းဆောင်မှ စေလွှတ်လိုက်သူများဖြစ်သည်။ သူမက နန်းတွင်းအပျိုတော်တစ်ယောက်သာဖြစ်သော်လည်း ထူထဲ၍ ကျက်သရေရှိသော ဆောင်းရာသီဝတ်ပိုးသားဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ သူမဆံပင်က လေနှင့်အတူ လွင့်နေသည်။ သူမခေါင်းကို မလှည့်ထားသော်လည်း ကျောပြင်ကိုကြည့်ရုံဖြင့်  မာန်မာနကြီးမှုကို ပေါ်လွင်စေနိုင်သည်။


သူမက ရွှယ်ယန်ကို မင့်လွန်နန်းဆောင်သို့ ခေါ်သွားရန် အပြင်ဘက်၌ လျှောက်နေစဉ်တွင် ဗျပ်စောင်းတီးသံကို ကြားလိုက်ရသည်။

    

 ၎င်းက အလွန်ကြည်လင်သိမ်မွေ့ပြီး နားဝင်ချိုလှကာ ကောင်းကင်ပေါ်မှ နတ်သမီးတစ်ပါး၏ ရှေးဟောင်းတေးသံသာတစ်ပုဒ်ကဲ့သို့ ထင်ရသည်။ အပျိုတော်က ထိုတေးသံကိုကြားသည့်အခါ ခေါင်းမော့၍ လှည့်ကြည့်လိုက်ပြီး သူမ၏အမူအရာက ဂုဏ်မောက်နေသည့်ပုံစံဖြစ်သွားသည်။


" သခင်လေး ဗျပ်စောင်းတီးနေတာပဲ... သခင်လေးက မယ်တော့်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်လို့ အရှင့်သား ဒီမှာနေမယ်ဆိုရင် သူ့ကို ပြဿနာမရှာမိအောင် သတိထားပေးပါ... မဟုတ်ရင် အရှင့်သားရဲ့မယ်တော်က အလွတ်ပေးမှာမဟုတ်ဘူး..."


သူမက သူ့ရှေ့မှလူကို မင်းသားတစ်ယောက်ကဲ့သို့ သဘောမထားပဲ သူမလက်အောက်မှ အစေခံကဲ့သိုသဘောထားနေပုံရသည်။


ရွှယ်ယန်က စကားတစ်ခွန်းမှမပြောသော်လည်း သူ့နောက်မှ ကျင်းပေါင်ကမူ ခေါင်းတွင်တွင်ငြိမ့်ပြလိုက်သည်။

    

အပျိုတော်က ခေါင်းမော့၍ အထင်သေးဟန်ဖြင့် နှာမှုတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ မင့်လွမ်နန်းဆောင်ထဲ ဝင်သွားလိုက်သည်။

    

ကျင်းပေါင်က အထုပ်ကို လက်တစ်ဖက်ထဲတွင် ကိုင်ထားလိုက်ပြီး ရွှယ်ယန့်အတွက် တံခါးဖွင့်ပေးလိုက်သည်။ 


ရွှယ်ယန်က ခြေထောက်တစ်ဖက်လှမ်းကာ မင့်လွမ်နန်းဆောင်ထဲ ဝင်သွားလိုက်သည်။


နန်းဆောင်ထဲရောက်လာသည်နှင့် ဗျပ်စောင်းတီးသံက နွေဦးရာသီတွင် တောင်ပေါ်၌စီးဆင်းနေသည့် ချောင်းသဖွယ် ပို၍ပြတ်သားလာပြီး သူ့ဘေးကိုပါဖြတ်သန်းစီးဆင်းသွားကာ သူ့နားရွက်တစ်ဝိုက်တွင် ရစ်ပတ်နေ၍ အနည်းငယ် ယားကျိကျိဖြစ်စေသည်။

    

ရွှယ်ယန် ထိုအရပ်မျက်နှာဘက်ကို ကြည့်လိုက်သည်။


ရွှယ်ယန်က မထိတ်လန့်သော်လည်း အံ့အားသင့်သွားမိသည်။


အဲ့ဒါက သခင်လေးလား...


နှင်းများအကြားတွင် သူက ရွှေရောင်အနားသတ်များကွပ်ထားသည့် အဆောင်ငယ်လေးထဲတွင် ထိုင်နေသည်။ သူက ယနေ့တွင် လည်ပင်းနေရာ၌ သားမွေးကပ်ထားကာ စွတ်စွတ်ဖြူနေသည့် ဝတ်ရုံကို ဝတ်ဆင်ထား၍ သူ့ကိုကြည့်ရသည်မှာ အလွန်နွေးထွေးနေသည့်ပုံပေါ်သည်။


သူ့ဘေးမှ ကလေးမလေးက အလိုလိုက်ခံထားရသောပုံစံပြုမူကာ သူ့ကိုမှီ၍ ထိုင်နေသည်။ ရာသီဥတုအေးစက်မှုကြောင့် လက်ဆစ်နေရာတွင် နီရဲနေသော လက်ချောင်းသွယ်သွယ်လေးများက စောင်းကြိုးကို ညင်သာစွာတီးခတ်နေသည်။ သူက မျက်လွှာချထားပြီး ထိုကလေးမလေးကို သူတစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သည့် အပြုံးမျိုးဖြင့်ကြည့်နေသည်။


နူးညံ့ပြီး အလိုလိုက်ခြင်းတို့ဖြင့် ပြည့်နေသည်။


ထိုအချိန်တွင် သခင်လေးက အမှတ်တမဲ့ ခေါင်းမော့ကြည့်လိုက်သောအခါ သူနှင့် အကြည့်ချင်းဆုံသွားသည်။


သူက မပြုံးပြနေသော်လည်း သူ့မျက်ဝန်းထဲမှအပြုံးက ရွှယ်ယန်၏မျက်ဝန်းထဲတွင် ရောက်ပြန်ဟပ်လာ၍ ရွှယ်ယန့်ကို ပြုံးပြနေသကဲ့သို့ ထင်ရစေသည်။


နူးညံ့နွေးထွေးပြီး နက်ရှိုင်းမှုများ ရောယှက်နေသည့်အပြင် မမြင်ရသောနွေးထွေးမှုတစ်ခုက ရွှယ်ယန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။


xxxxxx