အပိုင်း ၁၅
Viewers 16k

Chapter 15


    

ရွှယ်ယန်၏ ကျောပြင်တစ်ခုလုံး အကြောင်းပြချက်မဲ့စွာဖြင့် ထုံထိုင်းသွားမိသည်။

    

 

သူ့ကို မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအကြည့်မျိုးဖြင့် မကြည့်ဖူးပေ။ ထိုအကြည့်က သူ့နှလုံးသားကို ရိုက်ခတ်သွားသည်မှာ ထူးဆန်းသော်လည်း သေစေနိုင်လောက်သည့် ဆွဲဆောင်မှုတစ်မျိုးပင်ဖြစ်သည်။ ရွှယ်ယန် ဝန်မခံချင်သော်လည်း သူ့ရင်ထဲမှ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။


သို့သော်လည်း ချက်ချင်းပင် ထိုမျက်ဝန်းများက အံ့အားသင့်မှုနှင့် သံသယများဖြင့်ပြည့်သွားပြီး နူးညံ့သောအပြုံးတစ်ပွင့်က ချက်ချင်းပျောက်ကွယ်သွားသည်။


ရွှယ်ယန်က အခွင့်အရေးရချိန်တွင် ရတနာကိုလာခိုးသည့် သူခိုးနှင့်တူသွားသည် ခဏတာပျော်ရွှင်နေခဲ့ရပြီးသည်နှင့် ပိုင်ရှင်သိသွား၍ ပြန်လည်ချွတ်ခြုံကျသွားသည့်လူတစ်ယောက်ဖြစ်သွားသည်။

    

ရွှယ်ယန် အသိစိတ်ပြန်ဝင်လာချိန်တွင် သူ့ပုံစံက အနည်းငယ်ရယ်စရာကောင်းသည်ဟု ထင်မိသွားသည်။

    

သို့ရာတွင် တစ်ချိန်တည်းမှာပင် ထိုအပြုံးကို လုယက်ချင်စိတ်က မမျှော်လင့်ထားပဲ သူ့နှလုံးသားထဲတွင် ‌ဖြစ်တည်လာသည်။

  

ထိုကဲ့သို့ နူးညံ့ညင်သာသည့်အပြုံးပိုင်ရှင်မျိုးကို ပိုင်ဆိုင်ထားပြီး ကျန်ရှိနေသည့် သူ့ဘဝသက်တမ်းတစ်လျှောက်တွင် သူ့ကို ဤသို့ပြုံးပြနေသည့်လူရှိပါက မည်သို့ဖြစ်နေမည်ကို သိချင်နေမိသည်။


ရွှယ်ယန်၏ကျောပြင်တွင် ယားကျိကျိဖြစ်လာပြန်သည်။


ကျွင်းဟွိင်လန် သူ့ကို အံ့အားသည့်ပုံဖြင့် တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် ဘေးကိုအကြည့်လွှဲလိုက်ပြီး အနားမှ နန်းတွင်းအပျိုတော်ကို တစ်ခုခုလှမ်းပြောလိုက်သည်။

    

ရွှယ်ယန်ကို မင့်လွမ်နန်းဆောင်ထဲ‌ဦးဆောင်ခေါ်သွားသည့် အပျိုတော်က ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင် သူနောက်မှ မပါလာသည်ကိုတွေ့၍ စိတ်မရှည်စွာပြောလိုက်သည်။


" ဘာလုပ်နေတာလဲ မြန်မြန်လိုက်လာခဲ့လေ..."

    

  ရွှယ်ယန်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုအပျိုတော်ကို လှမ်းကြည့်လိုက်သည်။


အပျိုတော်က ထိုနေရာတွင်ရပ်ကာ လက်နှစ်ဖက်ကို ဖိချေ၍ ခြေဆောင့်နေသော်လည်း ပယင်းရောင်မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ချိန်တွင် သူမရင်ထဲတွင် အေးစက်မှုကို ရုတ်ချည်းခံစားလိုက်ရသည်။


၎င်းက သားရဲတစ်ကောင်၏ အကြည့်မျိုးပင်ဖြစ်သည်။


ထို့နောက် ရွှယ်ယန်က သူမနောက်ကို လိုက်လာသည်ကို မြင်လိုက်ရသည်။ သူက ဒဏ်ရာအပြင်းအထန်ရထား၍ အရှိန်က အလွန်နှေးနေသည်။ အပျိုတော်၏အနားသို့ သူရောက်လာသည့်အခါ သူက အနည်းငယ်သတိပေးလိုက်သည်။


" ဒါဆို အဒေါ်ကြီး လမ်းပြပေးဦးလေ..."

    

နန်းတွင်းအပျိုတော်က အသိစိတ်ပြန်ကပ်လာပြီး အစောပိုင်းက ကြောက်လန့်မှုကို ပုံရိပ်ယောင်တစ်ခုကဲ့သို့ ခံစားလိုက်ရပြီး သူ့ကိုလှမ်းကြည့်လိုက်သည်။

    

အပျိုတော်က စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး တစ်ဖက်သို့လှည့်ကာ အနောက်ဘက်မှ ချောင်အကျဆုံးခန်းမဆောင်ဆီသို့ ရွှယ်ယန့်ကို ခေါ်သွားလိုက်သည်။


ပင်မခန်းမဆောင်ကို ဖြတ်သန်းလာချိန်တွင် အတွင်းမှ ကြွေပန်းအိုးတစ်လုံးကျကွဲသံကို ကြားလိုက်ရသည်။

   

တစ်ဖက်မှ ကျွင်းဟွိင်လန်ကမူ အပျိုတော်နှင့် စကားပြောပြီးသွားသည့်အခါမှသာ ရွှယ်ယန်က ယနေ့တွင် ကိုယ်လုပ်တော်ရှု့၏ နန်းဆောင်သို့ ပြောင်းလာခြင်းဖြစ်ကြောင်း သူသိလိုကသည်။ ကိုယ်လုပ်တော်ရှု့က ဤရက်ပိုင်းအတွင်းတွင် စိတ်ဆိုးဒေါသထွက်နေခဲ့၍ ရွှယ်ယန်စောစီးစွာရောက်လာမည်ကို မသိခဲ့၍ သူလည်း သတိလက်လွတ်နေနေမိခြင်းဖြစ်သည်။


ပြန်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က ထိုနေရာ‌တွင် မရှိတော့ပေ။

    

ရွှယ်ယန်က ဆောင်းဦးအဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲဖြစ်ကြောင်းကို သူတွေ့လိုက်သည်။ အကယ်၍ မင်းသား၅ ပြောင်းရွှေ့လာပါက မင့်လွမ်နန်းဆောင်မှာ သူ၏အဆောင်သစ်ဖြစ်သွားသောကြောင့် သူနေထိုင်ရာကို ရှင်းလင်းပေးရပြီး အဝတ်အစားများနှင့် လိုအပ်သည့်ပစ္စည်းများကို ဝယ်ပေးရမည်ဖြစ်သည်။


သို့ရာတွင် ယနေ့၌ မင့်လွမ်နန်းဆောင်က သူ့ထံသို့ အပျိုတော်တစ်ယောက်သာစေလွှတ်လိုက်ပြီး အားလုံးကလည်း ပုံမှန်အတွင်း အလုပ်ရှုပ်နေကြသည်။ ဤနန်းဆောင်၏ သခင်ကလည်း အခန်းထဲတွင် ဒေါသပေါက်ကွဲနေဆဲဖြစ်သည်။


ကျွင်းဟွိင်လန်၏ရင်ထဲတွင် ရေစိုနေသည့်ဝါဂွမ်းစ ကပ်နေသကဲ့သို့ အနည်းငယ် မသက်မသာဖြစ်လာသည်။

    

ထိုအချိန်တွင် အပျိုတော်က ရှေ့တိုးလာပြီး ပြုံးရယ်လျက်နှင့်ပင် ရေနွေးကြမ်းပူပူနှစ်ခွက်ကို ဆက်သလိုက်သည်။


" ဒီအဆောင်မှာက အရမ်းလေပြင်းတယ် အရှင်တို့နှစ်ယောက် ရေနွေးကြမ်းလေးသောက်ပြီး နွေးနွေးထွေးထွေးဖြစ်အောင် ‌‌ နေကြပါဦး..."

တျန့်ချွေးက ပြောလိုက်သည်။

    

တျန့်ချွေးက ကိုယ်လုပ်တော်ရှု့နှင့်အတူ ကလေးဘဝတည်းက တူတူရှိနေခဲ့သူဖြစ်၍ ကျွင်းဟွိင်လန်က ငယ်စဉ်ကတည်းက သူမကို သဘောတကျရှိသည်။ ရေနွေးခွက်ကို ယူသောက်ပြီးနောက် အေးအေးလူလူပင် မေးလိုက်သည်။


 " တျန့်ချွေးကျဲကျဲ မင်းသား၅က ဒီနေ့ပဲ ပြောင်းလာတာလား..."


" ဟုတ်ပါတယ်... မင်သား၅ကို ပျိုးထောင်ပေးဖို့အတွက် အရှင်မင်းကြီးက ကိုယ်လုပ်တော်ရှု့ဆီကို လွှတ်လိုက်တာပါ..."


ကျွင်းဟွိင်လန် ထပ်ပြောလိုက်ပြန်သည်။

" ဒါပေမဲ့ သူရောက်လာတာ အရမ်း ရုတ်တရက်ဆန်လွန်းတယ်..."


တျန့်ချွေး ပြုံးလိုက်သည်။

" ကျွန်တော်မျိုးမရဲ့ သခင်မက သူ့ကို သဘောမကျတော့ သူနဲ့ စကားမပြောပေမယ့် အရာအားလုံးကိုတော့ သူ့အတွက်စီစဉ်ပေးထားပါတယ်..."

    

ထိုအကြောင်း ပြောနေစဉ်မှာပင် တျန့်ချွေးက သက်ပြင်းချလိုက်သည်။


" သခင်မက ကလေးတစ်ယောက် အရမ်းလိုချင်ခဲ့တာ... သူမက မင်းသားတစ်ယောက်ကို ခေါ်မွေးစားချင်တယ်ဆိုတုန်းက အစေခံတွေအားလုံး  ဖျောင်းဖျပါတယ် ဒါပေမဲ့ သူမ လက်မခံခဲ့ဘူး... ဒါပေမဲ့ ဧကရာဇ်က သူမကို မင်းသား၅ကို မွေစားခိုင်းလိုက်မယ် မထင်ထားခဲ့ဘူး... မင်းသားက ဒီအရွယ်ရောက်မှ သခင်မကို မယ်တော်လို့ ဘယ်လိုများခေါ်နိုင်မှာလဲ..."


ထို့နောက် သူမ စိုးရိမ်တကြီးဖြင့် သက်ပြင်းချလိုက်ပြန်သည်။


ကျွင်းဟွိင်လန်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။ 


ကိုယ်လုပ်တော်ရှု့ကိုယ်တိုင်က တောင်းဆိုတာကို တျန့်ချွေးက ဖျောင်းဖျပေမေယ့် လက်မခံဘူးပေါ့ ...

    

ဒါပေမဲ့ အဲ့နေ့ညက ကိုယ်လုပ်တော်ရှု့ပြောတော့ တျန့်ချွေးက သူမကို မင်းသားတစ်ယောက်မွေးစားဖို့ အကြံပေးတာတဲ့...

    

 ဒါပေမဲ့ တျန့်ချွေးအခုလိုပြောလိုက်တော့ သူ့စိတ်ထဲက တစ်ခုခုကို ရှင်းသွားသလိုပဲ...

   


.........


ညဘက်တွင် နှင်းကျခြင်းရပ်တန့်သွားသော်လည်း အပြင်ဘက်မှလေထုက အေးစိမ့်စိမ့်ဖြစ်နေဆဲဖြစ်သည်။ အေးစက်စက်လေက နန်းဆောင်ဝင်းထဲမှ နှင်းများကို တိုက်ခတ်နေ၍ ပြတင်းပေါက်စက္ကူများက တရှပ်ရှပ်အသံမြည်နေသည်။ 


မင့်လွမ်နန်းဆောင်၏ ပင်မခန်းမဆောင်က အရှေ့ပိုင်းခန်းမဆောင်နှင့် ဆက်နေကာ အပူပေးစနစ်လည်းရှိ၍ နွေးထွေးနေသည်။ ကျွင်းလင်ဟွမ်က လေတဖြူးဖြူးတိုက်သံများကြောင့် ကြောက်လန့်နေ၍ ကျွင်းဟွိုင်လန်ကိုအဖော်ပြုခိုင်းပြီး သူမကို ပုံပြင်များပြောပြနေစေသည်။


  ကျွင်းဟွိုင်လန်က စိတ်နှင့်လူနှင့်မကပ် ဖြစ်နေမိသည်။


တျန့်ချွေးက ယနေ့ မူမမှန်ဖြစ်နေသည်။ အလေးအနက် စဉ်းစားကြည့်ပြီးသည့်နောက်တွင် စိတ်ထဲ မတည်မငြိမ်ဖြစ်လာမိသည်။


ကိုယ်လုပ်တော်ရှု့၏ အကျင့်စရိုက်အရဆိုလျှင် သူမက အထက်စီးဆန်ကာ မာနကြီးသော်လည်း သူမက အရှက်ရဖွယ်ကိစ္စမျိုးကို ပြုလုပ်တတ်သူ မဟုတ်ပေ။ သူမက ကိစ္စကြီးငယ်မှန်သမျှတွင် ဝင်ပါခဲပြီး တျန့်ချွေးကိုသာ လက်လွှဲထားသည်က များသည်။


တျန့်ချွေးက မဟုတ်မမှန်ကိစ္စတွေလုပ်ထားပြီး ကိုယ်လုပ်တော်ရှု့လုပ်တာလို့ ခေါင်းစဉ်တပ်လိုက်ရင် ဘယ်လိုလုပ်မလဲ...


အဲ့ဒါဆိုရင် တျန့်ချွေးက တခြားလူတွေနဲ့ ရန်ငြှိုးဖွဲ့ထားမိပေမယ့် တခြားလူတွေအကုန်လုံးက ကိုယ်လုပ်တော်ရှု့ လက်ချက်ကြောင့်လို့ပဲထင်ပြီး သူမကို မုန်းနေကြမှာပဲ...


ယခင်ဘဝက ကိုယ်လုပ်တော်ရှု့၏ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးခဲ့ရပုံကို ပြန်တွေးကြည့်မိသည့်အခါ ကျွင်းဟွိုင်လန်၏ စိတ်ထဲတွင် အနည်းငယ် ဆောက်တည်ရာမရဖြစ်လာသည်။

15.2


ထို့အပြင် ယနေ့တွင် ရာသီဥတုအလွန်အေးလွန်းလှသည်။ သူတို့၏အခန်းများကို အပူပေးထားသော်လည်း တံခါးကြားမှတိုက်ခတ်လာသည့် လေအေးများက အရိုးထဲထိအောင် အေးစိမ့်နေစေသည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန်ဝတ်ဆင်ထားသော အဝတ်ပါးလေးနှင့် သူ့နောက်မှ မိန်းမစိုးလေးကိုင်ထားသည့် အထုပ်ကို မျက်လုံးထဲမှ မထွက်နိုင်ဖြစ်နေသည်။


ကျွင်းဟွိုင်လန်က သူ့ရင်ထဲတွင် ချီတုံချတုံဖြစ်နေမိသည်။


ထိုအချိန်တွင် ကျွင်းလင်ဟွမ်က သူ့လက်မောင်းကိုခါ၍ မေးလာသည်။


" ကိုကြီး ပြီးတော့ ဘာဆက်ဖြစ်လဲ..."


ကျွင်းဟွိုင်လန် ထိတ်လန့်သွားမိသည်။

" ဟမ်..."


ကျွင်းလင်ဟွမ်က ထပ်မေးသည်။

" ပညာရှင်လေးက စာမေးပွဲသွားဖြေတဲ့လမ်းမှာ မြွေမိစ္ဆာကြီးနဲ့တွေ့တယ် ... ပြီးတော့ရော..."


ထိုအခါမှသာ သူက ပုံပြင်ပြောနေရာမှ  တစ်ဝက်တစ်ပျက်နှင့် ရပ်ထားမိကြောင်း ကျွင်းဟွိုင်လန်သဘောပေါက်သွားသည်။


သူက နူးညံ့သောလေသံဖြင့် တောင်းပန်လိုက်သည်။


" တောင်းပန်ပါတယ်... အစ်ကိုကြီး ဒီနေ့ စိတ်နဲ့လူနဲ့ မကပ်လို့ပါ..."


ကျွင်းလင်ဟွမ်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။


" ကိုကြီး ဘာတွေစဉ်းစားနေတာလဲ..."


ကျွင်းဟွိုင်လန်ငုံ့ကြည့်လိုက်သည့်အခါ သူမ၏ ကြည်လင်နေသည့် မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွား၍ သူ၏စိုးရိမ်ပူပန်မှုကို မထိန်းချုပ်ထားနိုင်ပေ။ သူ့ရင်ထဲတွင် ခါးသက်လာမိသည်။ ယခင်ဘဝက ကျွင်းလင်ဟွမ်ကြုံတွေ့ခံစားခဲ့ရသည့် အရှက်တကွဲဖြစ်မှုများအတွက်လည်း သူ စိတ်မကောင်းဖြစ်သွားသည်။


သူ တီးတိုးပြောလိုက်သည်။


" အစ်ကိုကြီးက ဒီနေ့ ရှီပြန့်နန်း‌‌ဆောင်ကိုရောက်လာတဲ့ အစ်ကိုကြီးကို သွားကြည့်မလားလို့ စဉ်းစားနေတာ..."


ကျွင်းလင်ဟွမ်ကလည်း လုပ်သင့်လုပ်ထိုက်သည့် ကိစ္စတစ်ခုဟု ထင်သွားပုံရသည်။


" ဒါဆို သွားကြမယ်လေ... အနောက်ဘက် ခန်းမဆောင်က အပူပေးစနစ်ပျက်သွားတယ်လို့ အခန်းတွေထဲမှာ အရမ်းအေးနေတယ်လို့ နန်းဆောင်က မမတွေ လွန်ခဲ့တဲ့နှစ်ရက်က ပြောနေတာကိုကြားတယ်... သူတို့ အဲ့နှစ်ရက်မှာ သန့်ရှင်းရေးသွားလုပ်တော့ လက်တွေမှာ နှင်းကိုက်နာတွေ ဖြစ်ကုန်တယ်တဲ့...


ကျွင်းဟွိုင်လန်က တီးတိုးပြောလိုက်သည်။

" ဒါပေမဲ့ သူက လူဆိုးကြီးနော်..."


ကျွင်းလင်ဟွမ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ 

" သူ ဘာတွေ လုပ်ခဲ့လို့လဲ..."


ကျွင်းဟွိုင်လန် မည်သို့ပြန်ဖြေရမည်မသိ ဖြစ်သွားသည်။ သူ ခဏတာ ရပ်နေပြီးမှ အမှန်တိုင်း ပြန်ဖြေလိုက်သည်။


" သူ အခုတော့ ဘာမှ မလုပ်သေးပေမယ့် နောက်ကျ လုပ်လိမ့်မယ်..."

  

ထို့နောက် သူထပ်ပြောလိုက်ပြန်သည်။

" အရမ်း အရမ်း ဆိုးတာကိုလုပ်မှာနော်..."


ကျွင်းလင်ဟွမ်က ကျွင်းဟွိုင်လန်၏စကားများကို မည်သည့်အခါကမှ သံသယမဖြစ်ခဲ့ဖူးပေ။ သူမက "အိုး" ဟုသာ သံရှည်ဆွဲနေပြီး လေးလေးနက်နက် တွေးတောနေပုံပေါ်သည်။


အချိန်အတန်ကြာသည်အထိ တွေးတောနေသော်လည်း သူမ သဘောမပေါက်သေးပေ။


" ကိုကြီး... သူက မွေးတည်းက လူဆိုးမဟုတ်ဘူးဆိုရင် ဘာလို့ လူဆိုးဖြစ်သွားမှာလဲ..."


ဤကမ္ဘာမှလူအားလုံးက သူ့ကို ဇာတာကြောင့်သာ ကြောက်လန့်နေကြပြီး သူ့ကို သေစေချင်နေကြ၍ ရင့်သီးခက်ထန်စွာ ဆက်ဆံနေကြခြင်းဖြစ်သည်။


ကျွင်းဟွိုင်လန်ဘာမှ မပြောနိုင်တော့ပေ။


အချိန်ကြာသည်အထိ ကျွင်းလင်ဟွမ်၏ မေးခွန်းကိုမဖြေပဲ သူကသာ မေးလိုက်သည်။


" လင်ဟွမ်... သူက အနာဂတ်ကျရင် အစ်ကိုကြီးနဲ့ ရန်ငြှိုးရှ်ိလာမယ့်သူဆိုရင်ရော ဘယ်လိုလုပ်မလဲ..."

   

ကျွင်းလင်ဟွမ်ကလည်း ထိုမေးခွန်းကို အချိန်အတော်ကြာသည်အထိ မဖြေနိုင်ပေ။


" သူနဲ့ ရန်ငြှိုးမရှိအောင် ‌ နေလို့မရဘူးလား..."


" ဒါပေမဲ့ အစ်ကိုကြီးက လက်စားချေဖို့လိုသေးတယ်..."

ကျွင်းဟွိုင်လန် ပြောလိုက်သည်။


ကျွင်းလင်ဟွမ်က ရယ်လိုက်သည်။

" ကိုကြီးပြောတော့ သူက အနာဂတ်ရောက်မှ လူဆိုးဖြစ်မှာဆို... အဲ့ဒီအချိန်ကျမှ လက်စားချေကြမယ်လေ..."


ကျွင်းဟွိုင်လန် ကြောင်အသွားမိသည်။


ကျွင်းလင်ဟွမ်ပြောသည်က မှန်ကန်ကြောင်း သူဝန်ခံရလိမ့်မည်။ ရွှယ်ယန်က ယခင်ဘဝတွင် မည်မျှဆိုးယုတ်ခဲ့စေကာမူ ယခုဘဝတွင် ဘာမှမလုပ်ရသေးပေ။


ကျွင်းလင်ဟွမ်က ရုတ်တရက် သူ့အင်္ကျီစကို လာဆွဲသည်။

 

" ကိုကြီး လက်စားချေရမယ့်အစား လင်ဟွမ်က ကိုကြီးကို ဘေးကင်းကင်းပဲ နေစေချင်တာ... သူက လူဆိုးဆိုရင် သူ့ကို ရန်သွားမစပဲနေကြ‌မယ်လေ နော်..."


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် လွန်ဆွဲနေမိသည်။


ထို့နောက် ကျွင်းလင်ဟွမ်က နှုတ်ခမ်းစူကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။


" ကိုကြီးက လူဆိုးတွေနဲ့ ရန်ဖြစ်မလို့လား... အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ..."


ကျွင်းဟွိုင်လန်၏ရင်ထဲတွင် ကပ်ညိနေသည့် တစ်စုံတစ်ရာက အရည်ပျော်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။


အတိတ်က ကိစ္စအားလုံး မဖြစ်ပျက်သေးသည်မှာလည်း အမှန်ဖြစ်သည်။


အကယ်၍ သူ့အကျင့်စရိုက်နှင့်သွေဖယ်ပြီး ရွှယ်ယန့်ကို အမြဲဆန့်ကျင်၍ သူ့ကို အေးစက်စက်မျက်လုံးများနှင့် အနိုင်ကျင့်မိပါက ရွှယ်ယန်နှင့် သူ့အကြားတွင် ရန်ငြှိုးရန်စများ ရှိလာနိုင်သည်။ အကယ်၍ ရွှယ်ယန်က ယခင်ဘဝကအတိုင်း ကြီးပြင်းလာပါက သူတို့၏ကျွင်းမိသားစုလည်း ကပ်ဆိုးကြီးကို ရင်ဆိုင်ရမည်ဖြစ်သည်။


ယခင်ဘဝမှ ဖြစ်ပျက်ခဲ့သည်များ၏ သက်ရောက်မှုကြောင့် ဤဘဝတွင် သူ့မိသားစုကို ကာကွယ်ခြင်းက အရေးကြီးဆုံးအရာဟု သတ်မှတ်ထားလိုက်သည်။

    

အကယ်၍ ကိုယ်လုပ်တော်ရှု့က ရွှယ်ယန်ကို မမျှမတဆက်ဆံနေသည်ကို ‌လိုက်လျောထားမိပါက အဆုံးတွင် ရွှယ်ယန်က ကိုယ်လုပ်တော်ရှု့ကိုမုန်းတီးသွားမည်ဖြစ်သည်။ အကယ်၍ ကိုယ်လုပ်တော်ရှု့၏ ယခင်ဘဝမှ သေဆုံးမှုက ရွှယ်ယန်နှင့် သက်ဆိုင်နေပါက ဤဘဝတွင်လည်း ရွှယ်ယန် အနှိပ်စက်ခံ‌နေရသည်ကို ကြားဝင်ခြင်းမရှိပါက အနာဂတ်တွင် ကိုယ်လုပ်တော်ရှု့က မလွဲမသွေ သေဆုံးရလိမ့်ဖြစ်သည်။


ကျွင်းဟွိုင်လန် မတ်တပ်ရပ်လိုက်သည်။


" ဒါဆိုရင် လင်ဟွမ်က အစ်ကိုကြီးကို ဒီမှာစောင့်နေလေ... အစ်ကိုကြီး သွားကြည့်လိုက်မယ်..."


ကျွင်းလင်ဟွမ်က နာခံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


Xxxxxxxx