အပိုင်း ၁၆
Viewers 15k

Chapter 16


ကျွင်းဟွိုင်လန်က ထရပ်လိုက်ပြီး ဝတ်ရုံထူထထဝတ်ကာ အပျိုတော်တစ်ယောက်ကို သူ့အတွက် မီးအိမ်ယူလာခိုင်းလိုက်ပြီး တစ်ယောက်တည်း လမ်းလျှောက်ထွက်သွားလိုက်သည်။


တံခါးကိုတွန်းဖွင့်လိုက်သည်နှင့်‌ အေးစိမ့်စိမ့်လေပွေတစ်ခု ဖြတ်သန်းတိုက်ခတ်သွား၍ ကျွင်းဟွိုင်လန်၏ ဆံပင်ရှည်နှင့် ဝတ်ရုံကိုပါ လှုပ်ခါသွားစေပြီး သူ့တစ်ကိုယ်လုံး ကြက်သီးထလာသည်။

 

" သခင်လေး ညမိုးချုပ်နေပြီ ဘယ်သွားမလို့လဲ..."

စင်္ကြန်တွင်လျှောက်နေသည့် ဖုရိက သူ့ကို အမြန်နှုတ်ဆက်လိုက်သည်။


" အနောက်ပိုင်းခန်းမဆောင်ကို တစ်ချက်သွားကြည့်မလို့... ကိုယ့်ဘာသာသွားမှာ လိုက်လာစရာမလိုဘူး..."


ဖုရိက အနည်းငယ်စိုးရိမ်သွားသော်လည်း နန်းဆောင်ထဲမှ မထွက်သွားကြောင်းသိ၍ ငွေရောင်မီးလင်းဖိုအသေးစားလေးကို ကျွင်းဟွိုင်လန်၏လက်ထဲ ထည့်ပေးလိုက်သည်။


ကျွင်းဟွိုင်လန် ၎င်းကိုကြည့်လိုက်သည့်အခါ လက်ရာမြောက်စွာထွင်းထုထားသည်ကို မြင်လိုက်ရ၍  တစ်ချက်ကြည့်လိုက်ရုံဖြင့် အမျိုးသမီးများသုံးသည့်ပစ္စည်းဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းကို ပြန်ထိုးပေးမည်ဟု ပြင်လိုက်သော်လည်း ဖုရိကမယူပဲ ပြောလိုက်သည်။


" သခင်လေး ယူသွားပါ... အပြင်မှာ အရမ်းအေးတယ် အအေးမိသွားရင် ဘယ်လိုလုပ်မလဲ..."


ကျွင်းဟွိုင်လန်က ရွေးချယ်စရာမရှိတော့၍ မီးအိမ်ကို လက်တစ်ဖက်ထဲတွင် ကိုင်ထားပြီး အခြားတစ်ဖက်က မီးလင်းဖိုပေါက်စလေးကိုကိုင်က အေးစက်စက်ရာသီဥတုထဲတွင် အနောက်ဘက်ခန်းမဆောင်သို့ ထွက်သွားလိုက်သည်။


ကိုယ်လုပ်တော်ရှု့က ပင်မခန်းမဆောင်ထဲတွင် အိပ်မောကျနေပြီဖြစ်၍ မီးအိမ်များကိုငြှိမ်းထား၍ မှောင်မည်းနေသည်။ အနောက်ဘက် ခန်းမဆောင်ဘက်တွင်လည်း မှောင်နေသည်။


ကျွင်းဟွိုင်လန်၏ စိတ်ထဲတွင် တွေးနေမိသည်။

သူ အိပ်သွားတာများလား...


အကယ်၍ သူအိပ်ပျော်သွားပါကလည်း ရှက်နေစရာမလိုတော့၍ စိတ်အေးသွားမိမည်ဖြစ်သည်။ နောက်နေ့မနက်တွင်မှ သူ့ကိုခစားသည့် မိန်းမစိုးလေးကို လိုအပ်သည့်အရာများကိုမေးကာ သူ့အတွက် ဖြည်းဆည့်ပေးပြီး ဤနေရာတွင် ငြိမ်းငြိမ်းနေနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။


ကျွင်းဟွိုင်လန် ထိုနေရာသို့ ပိုနီးကပ်လာလေ အခြေအနေကို ကွဲပြားစွာ မြင်ရလေဖြစ်သည်။ 


ရွှယ်ယန်က အနောက်ဘက်ခန်းမဆောင်၏ ချောင်အကျဆုံးအခန်းတွင် နေထိုင်ခြင်းဖြစ်သည်။ တံခါးများကလည်း တင်းတင်းကျပ်ကျပ် မပိတ်ထားပေ။ ဤနေရာက ယခင်က ဂိုထောင်ငယ်တစ်ခုသာဖြစ်သော်လည်း တံခါးကို အမြဲမပိတ်ထား၍ ပစ္စည်းများ အမြဲတစေ ပျောက်ရှလေ့ရှိ၍ တျန့်ချွေးက ပစ္စည်းအားလုံးကို တစ်နေရာရွှေ့‌ပစ်ပြီး အခန်းလွတ်အတိုင်းသာ ထားခဲ့သည်။


အဝေးမှကြည့်လျှင် အစိမ်းရောင်ကျောက်ပြားခင်းထား၍ တခြားအခန်းများနှင့် တူသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ပြတင်းပေါက်စက္ကူများက ဆုတ်ပြဲနေပြီး လေတဖြူးဖြူးတိုက်နေသည်ကို မြင်တွေ့နိုင်သည်။


ကျင်းပေါင်က ဝတ်ရုံ အလွှာအထပ်ထပ်ကို ဝတ်ဆင်ထားပြီး တံခါးဝတွင်ထိုင်ကာ အိပ်ပျော်နေသည်။ အေးစက်မှုကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက် ငိုက်မျည်းနေ၍ ကျွင်းဟွိုင်လန် ရောက်လာသည်ကို မသိလိုက်ပေ။


ကျွင်းဟွိုင်လန်ကလည်း သူ့ကို မနှိုးတော့ပေ။ အခန်းဝတွင် ခဏရပ်နေပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် အထဲကို လှမ်းကြည့်လိုက်သည်။ အားလုံးအဆင်ပြေပါက သူတိတ်တဆိတ်သာ ပြန်သွားမည်ဖြစ်သည်။


အကယ်၍ ရွှယ်ယန်နှင့် မတွေ့လိုက်ပါက မည်သည့်ကိစ္စမှ ဖြစ်သွားမည်မဟုတ်ပေ။


ထိုသို့တွေးပြီးနောက် ပြတင်းပေါက်ဆီသို့လျှောက်လာကာ လက်သီးဆုပ်အရွယ်ခန့်အထိ ပေါက်နေသည့် အပေါက်ထဲမှနေ၍ အတွင်းသို့ လှမ်းကြည့်လိုက်သည်။ 


ထိုအခါတွင် သူ အံ့အားသင့်သွားတော့သည်။


အခန်းက လုံးဝ မှောင်ပိန်းနေသည်။ လက်ထဲရှိ မီးအိမ်မှတစ်ဆင့် ရွှယ်ယန်က တံခါးနှင့် ပြတင်းပေါက်ကို ကျောပေးထားပြီး မွေ့ရာပင် မရှိသည့် အိပ်ရာပေါ် လှဲနေပြီး ခြုံစရာ စောင်တစ်ထည်ပင် မရှိချေ။ အဝတ်ပါးလေးများ ဝတ်ဆင်ထား၍ လှုပ်ရှားမှု ကင်းမဲ့နေသည်။ အနီးကပ်ကြည့်လိုက်သည့်အခါ ပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ထားပြီး တစ်ခုခုကို သည်းခံထားရသကဲ့သို့ တုန်ယင်နေသည်ကို မြင်နိုင်သည်။

  

သူ့ပုံစံက ထောင့်တစ်နေရာတွင်ကပ်နေသည့် လေလွင့်ခွေးလေးတစ်ကောင်နှင့်တူ၍ အလွန်သနားစရာကောင်းလှသည်။


ကျွင်းဟွိုင်လန် ကိုယ်တိုင်ပင် မသိပဲ အံကြိတ်ထားလိုက်မိသည်။


ချက်ချင်းပင်  မီးအိမ်ကိုကိုင်၍ ရှေ့တိုးကာ တံခါးကို တွန်းဖွင့်ပြီး အထဲဝင်သွားလိုက်သည်။


အခန်းက အလွန်သေးငယ်၍ ခုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာရှ်ိသည်။ နန်းတော်သို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့်လူများ၏အခန်းကပင် ဤနေရာထက် ပိုသားနားသည်။ ကျွင်းဟွိုင်လန် လမ်းလျှောက်ဝင်လာသည့်အခါ အခန်းထဲက အပြင်ဘက်ထက်ပင် ပိုအေးနေသည်ကို သတိထားမိလိုက်သည်။


သူ ခုတင်ဘက်သို့ ခြေလှမ်းနှစ်လှမ်းခန့် လျှောက်သွားလိုက်သည်။


ရွှယ်ယန်က ငယ်ရွယ်စဉ်တည်းက စစ်မြေပြင်တွင် နေထိုင်ခဲ့ရခြင်းဖြစ်၍ အလွန်အအိပ်ဆတ်သည်။ အိပ်နေစဉ်မှာပင် အသံသေးသေးလေးတစ်ခုကြားသည်နှင့် ချက်ချင်း နိုးလာတတ်သူဖြစ်သည်။ တံခါးဖွင့်လိုက်သည့်အချိန်တည်းက သူ့မျက်လုံးများ အလိုလိုပွင့်သွားပြီး ခေါင်းအုံးအောက်မှ ဓားမြှောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ကာ ကျူးကျော်လာသူ၏ လည်ပင်းကို ဖြတ်ပစ်ရန် ပြင်ဆင်ထားလိုက်သည်။


လိမ္မော်ရောင် မီးရောင်မှိန်မှိန်နှင့်အတူ အရိပ်က နီးကပ်လာသည်။


နောက်အခိုက်အတန့်တွင် ဓားမြှောင်ကိုကိုင်ထားသည့် ရွှယ်ယန်၏လက်များက ထိုနေရာတွင်ပင် တောင့်တင်းသွားသည်။


အဘယ့်ကြောင့်ဆိုသော် လူငွေ့ဖြင့် လွှမ်းခြုံထားသည့် အဖြူရောင်ပိုးထည်ဝတ်ရုံတစ်ထည်ကို သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်သောကြောင့်ဖြစ်သည်။ နူးညံ့သည့်မြေခွေးမွေးများက သူ့ပါးပြင်ကို ထိသွားချိန်တွင်  နွေးထွေးမှုကို ခံစားလိုက်ရသည်။


ရွှယ်ယန် အံ့အားသင့်သွားမိသည်။


ထို့ကြောင့် အသိစိတ်ပြန်ဝင်လာချိန်တွင် လက်မြှောက်၍ နှဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး ယခုပင် ဖြစ်ပျက်သွားသည့်အရာကို ပြန်တွေးနေလိုက်သည်။

   

သူ ဤနေရာတွင် နေထိုင်ရမည်ဖြစ်သော်လည်း အခန်းထဲတွင် မည်သည့်ပစ္စည်းမှ ရှိမနေပေ။ သူက ရာသီဥတုအေးခြင်းကို မကြောက်၍ အအေးဒဏ်ကိုတောင့်ခံနိုင်ပြီး အခြားအရာများကလည်း သူ့အတွက် မနာကျင်စေပေ။


သို့သော်လည်း သူက အမှောင်ထုကို ကြောက်သည်ကို မည်သူမှ မသိပေ။


ရက်ထပ်နှစ်တစ်နှစ်၏ ဆယ့်နှစ်လမြောက် လအစတွင် သူက ယန်ယွင်သံမဏိမြင်းစစ်သည်အဖွဲ့ကို ဦးဆောင်၍ ဂိတ်တံခါးဝကို တစ်လခန့် ကာကွယ်ခဲ့ရသည်။ ထို့နောက်တွင် ယန်ယွင်သံမဏိမြင်းစစ်သည်အဖွဲ့မှ လက်ရွေးစင်များကို ချန်ထားရစ်ခဲ့ကာ ပိုမိုဘေးကင်းသည့်နေရာသို့ ရွှေ့ခဲ့သည်။ နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့သည့်အချိန်မှာ လက်ချောင်းကိုပင် မမြင်ရလောက်အောင် မှောင်မိုက်နေသည့် ညအချိန်တွင်ဖြစ်သည်။


သူက လူသေများအကြားတွင် နစ်နေခဲ့ပြီး သူ မြင်တွေ့သမျှ အရာတိုင်းမှာ သူနှင့် တစ်ချိန်က ရင်းနှီးခဲ့သော်လည်း မမှတ်မိနိုင်လောက်အောင် ပုံပျက်နေခဲ့သည့် အလောင်းများဖြစ်သည်။

[ T/N - ရွှယ်ယန်က လူသေတွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ထားတဲ့အောက်မှာ ရောက်နေခဲ့လို့ အသက်ရှင်ခဲ့တာပါ ] 


ထိုလူများက သူတို့အသက်ဖြင့် သူ့ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။


ယန်ဘုရင်၏ နောက်ဆုံးကိုယ်ရံတော်ကလည်း သူ့ဘေးတွင်ရှိနေပြီး သွေးများစိုရွှဲနေကာ နောက်ဆုံးထွက်သက်သာ ကျန်ရှိတော့သည်။ ထိုလူက သူ့ကို အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားပြီး ထိပ်ဆုံးမှအာဏာကို ရယူကာ  ယန်ဒေသကို ပြန်တည်ထောင်ပြီး ယန်ဘုရင်ကို လက်စားချေရန် အထပ်ထပ် ပြောခဲ့သည်။


သူက  အမှောင်ထုများ လွှမ်းမိုးထားသည့် အလောင်းပုံထဲတွင် တစ်ညလုံးမြုပ်နေခဲ့ပြီး မည်သည့်အရာကိုမှ မမြင်ခဲ့ရပေ။


အာရုဏ်တက်ချိန်သို့ရောက်မှသာ အစောင့်တစ်ယောက်က သူ့နောက်ဆုံးလက်ကျန်ခွန်အားကိုသုံးပြီး သူ့ကို ထိုနေရာအတွင်းမှ ဆွဲထုတ်ပေးခဲ့ကာ လွတ်မြောက်စေခဲ့သည်။ ထိုအချိန်တွင် တာ့ခ်များ၏ အဓိက အင်အားစုက တပ်ဆုတ်သွားပြီဖြစ်၍ ထိုနေရာတွင်သာ မသဂြိုဟ်ရသေးသည့် အလောင်းများဖြင့် တစ်ယောက်တည်း ကျန်နေခဲ့ရသည်။


နောက်ဆုံးတွင် အလင်းရောင်တစ်ခု ရောက်လာခဲ့သည်။


လူပေါင်းမည်မျှကို သေဆုံးခဲ့သည်ကိုပင် သူ မသိရှိတော့ပေ။

16.2


ထိုအချိန်ကတည်းက အမှောင်ထုကို ကြောက်ရွံ့ခဲ့ပြီး မည်သည့်အချိန်တွင်မဆို အလင်းရောင်တစ်ခု ရှိနေသရွေ့ အရာအားလုံးကို သူသည်းခံနိုင်ခဲ့သည်။


သို့ရာတွင် ယနေ့ညတွင်မူ တိမ်မည်းများစွာက လကိုဖုံးလွှမ်းနေ၍ အလင်းရောင် လုံးဝမရှိပေ။ ကျင်းပေါင်ကို သူ ဖယောင်းတိုင်တစ်တိုင်သွားရှာခိုင်းသော်လည်း မည်သူကမျှ ကျင်းပေါင်ကို အဖက်မလုပ်ပေ။


ရွှယ်ယန်က အမှောင်ထုထဲတွင် အိပ်ပျော်အောင် ကြိုးစားလိုက်ရသည်။ အသက်ရှုကြပ်လောက်ဖွယ်ရာ အမှောင်ထုက သူ့အိမ်မက်ထဲတွင် ဒီရေကဲ့သို့ ဝင်ရောက်လာခဲ့ပြီး သူ့ကို နစ်မြှုပ်သွားစေခဲ့သည်။


တစ်စုံတစ်ယောက် ရောက်မလာခင်အထိပေါ့...

 

ရွှယ်ယန်က မသိမသာလက်မြှောက်လိုက်ပြီး သူ့လည်ပင်းနားမှ နူးညံ့သည့် သားမွေးကို ပွတ်သပ်လိုက်သည်။ နွေးထွေးသောဝတ်ရုံက မြက်ပင်နှင့် သစ်ပင်ရနံ့ဖျော့ဖျော့များပါရှိနေပြီး ယန်ဒေသမှ အေးစက်သည့်ရာသီဥတုကိုပင် တောင့်ခံနိုင်မည့်ပုံပေါ်သည်။


 အေးစက်စက်နှင့် ခံ့ညားသောလူငယ်လေးက စားပွဲပေါ်တွင် မီးအိမ်ကို တင်ထားခဲ့ပြီး တစ်ဖက်သို့လှည့်သွားသည်ကို မြင်လိုက်ရသည်။

  

နွေးထွေးနူးညံ့သောအဝါရောင် အလင်းရောင်လေးက သူ့အိမ်မက်ထဲမှ အမှောင်ထုကို ကွယ်ပျောက်သွားစေခဲ့ပြီး သူ့ကို အသက်ရှုကျပ်နေစေသည့် သွေးနံ့များကိုပါ ယူဆောင်သွားခဲ့သည်။


ကျွင်းဟွိုင်လန် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် ရွှယ်ယန်က ခုတင်ပေါ်တွင် အံ့အားသင့်နေသည့် အမူအရာဖြင့် ထိုင်နေပြီး ဝတ်ရုံကို ခြုံထားသည်ကို မြင်လိုက်ရသည်။ သူ၏ပယင်းရောင်မျက်ဝန်းများက စားပွဲပေါ်မှ မီးအိမ်ကို စိုက်ကြည့်နေသည်။


 ၎င်းက သူ၏အမြဲတစေ တိတ်ဆိတ်နေတတ်သည့်အမူအရာနှင့် ကွာခြားလှပြီး သူ့ယခင်ဘဝမှ ပုံစံနှင့်လည်း လုံးဝကွဲပြားနေသည်။

 

ကျွင်းဟွိုင်လန် မမျှော်လင့်ထားပဲ ရယ်ချင်စိတ်ပေါက်လာသည်။


သူက နှိမ့်ချခံရသည်များကို မတုံ့ပြန်သော်လည်း အားလုံးထံမှ ညှာတာမှုကိုတောင်းဆိုနေမည့် တုံးအသောကောင်လေး မဟုတ်ပေ။ အကယ်၍ အနာဂတ်တွင် မင်းဆိုးမင်းညစ်တစ်ယောက်ဖြစ်သွားခဲ့ပါကလည်း သူ့မိသားစုဝင်များကို အပြစ်ပေးနိုင်မည့်သူ ဟုတ်မဟုတ်ပင် သေချာမဝေခွဲတတ်တော့ပေ။

    

အပြင်ဘက်မှ တိုက်ခတ်လာသည့် အေးစိမ့်စိမ့်လေများကြောင့် ရွှယ်ယန်က တုန်ယင်နေသည်။ ကျွင်းဟွိုင်လန် ရှေ့တိုးလာပြီး သူဘလက်ထဲမှ မီးလင်းဖိုပေါက်စလေးကို ရွှယ်ယန်၏လက်ထဲ ထိုးထည့်ပေးလိုက်သည်။


ထိုသို့ပြုလုပ်လိုက်ချိန်တွင် ရွှယ်ယန်၏ လက်ဖျားများကို သူ ထိလိုက်မိသည်။ လက်ဖျားများက ရေခဲတမျှ အေးစက်နေသည်။

  

သူ စကားပြောမည့်အချိန်တွင် တံခါးဝမှ ကျင်းပေါင်က နိုးလာသည်။ သူ့သခင်၏ အခန်းတံခါးပွင့်နေပြီး အထဲတွင် မီးထွန်းထားသည်ကို မြင်လိုက်သောအခါ ကြောက်လန့်တကြားပြေးဝင်လာသည်။


အခန်းထဲ ဝင်လိုက်သည်နှင့် အရပ်ရှည်ရှည်နှင့် ခံ့ညားသောလူငယ်လေးက ထိုနေရာတွင်ရပ်နေပြီး သူ့ကိုလှည့်ကြည့်နေသည်။ သူ အချိန်အတော်ကြာ အံ့အားသင့်နေပြီးသည့် နောက်တွင်မှ ဤသခင်လေးက ယနေ့ ဥယျာဉ်ထဲတွင် ဗျပ်စောင်းတီးနေသည့် နတ်သားကဲ့သို့သခင်လေးဖြစ်ကြောင်း မှတ်မိသွားသည်။ 


ဒီသခင်လေးက ကိုယ်လုပ်တော်ရှု့ရဲ့ မိသားစုဝင်မို့ လွယ်လွယ်ရန်စလို့ ရတဲ့သူမဟုတ်ဘူးလို့ ပြောထားတာမလား...


သူ့သခင်က ဒီသခင်လေးကို ရန်သွားစတာများလား...


ကျင်းပေါင်က အလွန်ကြောက်လန့်သွား၍ ဒူးထောက်ပြီး ကြမ်းပြင်နှင့်ဦးခေါင်းထိမတတ်ငုံ့ကာ တောင်းပန်တော့မည့်အချိန်တွင် လူငယ်လေးက ကြည်လင်လှသည့်အသံဖြင့်  စကားပြောလိုက်သည်။


" ကျန့်ကွမ်းသဲ့ကို သွားခေါ်..."

  

ကျင်းပေါင် တစ်ကိုယ်လုံးတောင့်တင်းသွား၍ ခေါင်းပင် ပြန်မလှည့်နိုင်တော့ပေ။


ကျန့်ကွမ်းသဲ့ဆိုပါလား... ကျန့်ကွမ်းသဲ့က ဘယ်သူလဲ...


ကိုယ်လုပ်တော်ရှု့ရဲ့နန်းဆောင်မှာ တာဝန်ကျတဲ့ မိန်းမစိုးကျန့်လား...


ခုနက  မိန်းမစိုးကျန့်ရဲ့အခန်းကိုသွား‌ပြီး ဖယောင်းတိုင်တောင်းတုန်းက အခန်းထဲတောင် ဝင်ခွင့်မရခဲ့ဘူးလေ... သူက တံခါးဝမှာတင် အတားခံလိုက်ရပေမယ့် အထဲကို လှမ်းကြည့်လိုက်တော့ မိန်းမစိုးကျန့်က အထဲမှာ‌ထိုင်နေပြီး သူ့ဘေးက မိန်းမစိုးလေးက သူ့ကို ယပ်ခတ်ပေးနေတယ်... သူ့ပုံစံက မျက်နှာသာပေးခံတဲ့ ကိုယ်လုပ်တော်ရဲ့အနားမှာနေတဲ့ နာမည်ကြီးလူတစ်ယောက်လိုပဲ... 

   

 ကျင်းပေါင် အလွန်ကြောက်လန့်လွန်း၍ ခြေထောက်များပင် ပျော့ခွေမတတ်ဖြစ်လာသည်။


ကျွင်းဟွိုင်လန်က ခဏအကြာထိစောင့်နေသော်လည်း ပြန်ဖြေသံမကြားရ၍ သူ မကြားလိုက်သည်ဟုထင်ပြီး နွေးထွေးသောအသံဖြင့် ထပ်ပြောပြလိုက်သည်။


" ကျန့်ကွမ်းသဲ့က ညာဘက်ခြမ်းက အလယ်ကျတဲ့အခန်းမှာနေတာ... သူ့ကိုသွားခေါ်ပြီး ငါခေါ်နေတယ်လို့ပြောလိုက်..."

    

 ကျင်းပေါင် ရွှယ်ယန့်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ 


ရွှယ်ယန်က အသိစိတ်ပြန်ဝင်လာပြီဖြစ်၍ ကျင်းပေါင် ကို တစ်ချက်ကြည့်လိုက်သည်။ ကျင်းပေါင် ကြောက်လန့်မှုကြောင့် အလျင်အမြန်ပြေးထွက်သွားပြီး ကြက်သီးထရန်ပင် သတိမရတော့ပေ။

    

ကျွင်းဟွိုင်လန်က ကျင်းပေါင်ထွက်သွားသည်ကို ကြည့်နေပြီးနောက် ရွှယ်ယန့်ဘက်သို့ လှည့်လိုက်သည်။


" မင်း အခုကစပြီး အရီးတော်ရဲ့ သားတော်ဖြစ်သွားပြီဆိုတဲ့အကြောင်း ကြားတယ်..."


ရွှယ်ယန်က သူ့နှုတ်ခမ်းမှ ပွင့်ဟလာမည့် အခြားစကားလုံးများကို စောင့်ဆိုင်းနေသည်။


ကျွင်းဟွိုင်လန်က ဆက်ပြောသည်။


" မင်းကို ဆိုးဆိုးရွားရွားဆက်ဆံတာတွေက အရီးတော်ရဲ့လက်ချက် မဟုတ်ပါဘူး... မင်း ဒီနေ့ကစပြီး မင့်လွမ်နန်းဆောင်ရဲ့ သခင်ဖြစ်သွားပြီပဲ... ကိစ္စတစ်ခုခုရှိရင် အရီးတော်ကို သွားပြောပြလို့ရတယ်..."


သူ ခဏရပ်သွားပြီးနောက် နေရခက်စွာဖြင့် ဆက်ပြောလိုက်သည်။

" ဒါမှမဟုတ် ငါ့ကိုလာရှာရင်လည်းရတယ်..."

    

သူ့ စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်နေသည်။

ငါက ရွှယ်ယန့်ရဲ့ သနားစရာဘဝကို စိတ်မကောင်းဖြစ်နေတာမဟုတ်ဘူး အဲ့ကိစ္စက ငါနဲ့လည်း ဘာမှမဆိုင်ဘူးလေ...  ဒီကိစ္စတွေက ကျွင်းမိသားစုနဲ့ မသက်ဆိုင်လို့ အကြောင်းအရင်းနဲ့ အပြစ်မတင်အောင် လုပ်ပေးနေတာ...


ခဏအကြာတွင် ရွှယ်ယန်က ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။

" ငါ အခုထိ မင်းနာမည်ကို မသိသေးဘူး..."


သူ့တစ်ကိုယ်လုံးကို ကျွင်းဟွိုင်လန်၏ဝတ်ရုံဖြင့် လွှမ်းခြုံထား၍ ဖြူဖွေးဖွေးသားမွေးများက သူ့မျက်နှာ‌ဘေးသို့ လာထိနေ၍ သူ့ပုံစံက လူကောင်းတစ်ယောက်အတိုင်းပင်ဖြစ်သည်။


သို့ရာတွင် သူ့မျက်လုံးများက မီးအလင်းရောင်ကြောင့် သို့မဟုတ် တခြားအကြောင်းတစ်ခုကြောင့်သော်လည်းကောင်း တစ်မျိုးတစ်မည်ဖြစ်နေသည်။ ထိုမျက်ဝန်းများက ကျွင်းဟွိုင်လန်ကိုကြည့်နေချိန်တွင် ယဉ်ပါးရန်ခက်ခဲပြီး အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နေသော သားရဲတစ်ကောင်နှင့်တူနေသည်။


Xxxxxxxx