အပိုင်း ၁၇
Viewers 15k

Chapter 17


ကျွင်းဟွိုင်လန်က သူ့ကိုယ်သူ အတွေးများနေခြင်းဟုသာ ထင်လိုက်သည်။


 " မိသားစုနာမည်က ကျွင်း... ငါ့နာမည်က ကျွင်းဟွိုင်လန်ပါ..."


သူ ပြန်ဖြေလိုက်သည်။


ထို့နောက်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

  

ကျွင်းဟွိုင်လန် တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ကျန့်ကွမ်းသဲ့က ခပ်သုတ်သုတ်လျှောက်လာပြီး ကျင်းပေါင်က သူ့နောက်မှ လိုက်လာသည်။ ကျန်းကွမ်းသဲ့က အိပ်ပျော်နေပုံရသည်။ သူ့အဝတ်အစားများက ဖရိုဖရဲဖြစ်နေပြီး အမြန်ရောက်လာရ၍ ကော်လံကြယ်သီးများကို မှားတပ်ထားသည်။


ကျန့်ကွမ်းသဲ့ အခန်းထဲဝင်လာပြီးနောက် ကျွင်းဟွိုင်လန်ကို ဒူးထောက် အရိာအသေပြုလိုက်သည်။


 " သခင်လေး ကျွန်တော်မျိုးကို ရှာပါသလား..."


သူ့က်ု ကျောပေးထားသည့် ကျွင်းဟွိုင်လန်က တဖြည်းဖြည်း သူ့ဘက်လှည့်လိုက်သည်။


" တကယ်လို့ မင့်လွမ်နန်းဆောင်မှာ မင်းသား၅နေဖို့ အခန်းလွတ်မရှိတော့ဘူးဆိုရင် ငါ့အခန်းကိုဖယ်ပြီး မင်းသား၅ကို အဲ့မှာ နေခိုင်းလိုက်ပါ..."


ထိုစကားများကို ကျန့်ကွမ်းသဲ့ကြားသည့်အခါ ကြောက်လန့်မှုကြောင့် ပခုံးများပင် တဆတ်ဆတ်တုန်လာသည်။


ကြည့်ရတာတော့ ကိုယ်လုပ်တော်ရှု့ကတောင် တစ်ချက်မှမမေးတဲ့ မင်းသား၅ကို ဒီသခင်ငယ်လေးက ညဘက်မှာ ဒီလိုအခြေအနေနဲ့တွေ့တော့ တစ်မျိုးဖြစ်သွားတဲ့ပုံပဲ...


ဒီသခင်လေးက ခစားရလွယ်ပေမယ့် ကိုယ်လုပ်တော်ရဲ့ နှလုံးသားကတော့ ပြတ်သားတယ်...  မင်းသား၅ကို အဆင်မပြေဖြစ်မှာစိုးလို့ တူဖြစ်သူက အဒေါ်ကိုယ်စား ပြဿနာကို ရှင်းပေးချင်တဲ့ပုံပဲ...


ကျန့်ကွမ်းသဲ့က အလျင်အမြန်ပင် အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။


" မင်းသား၅က ဘာများဖြစ်လို့လဲ သခင်လေး... မင့်လွမ်နန်းဆောင်မှာ အခန်းလွတ်အများကြီးရှိပေမယ့် ဒါက ကိုယ်လုပ်တော်ရှု့ရဲ့အမိန့်မို့ ဒီအစေခံက ခိုင်းတဲ့အတိုင်းလုပ်ရတာပါ..."


" အရီးတော်က ဘာပြောလို့လဲ..."

ကျွင်းဟွိုင်လန် မေးလိုက်သည်။


ကျန့်ကွမ်းသဲ့က တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။


" သူက အဲ့လိုကိစ္စတွေကအစ လိုက်ဆုံးဖြတ်နေရမှာ စိတ်မဝင်စားလို့ အပျိုတော်ခေါင်းဆောင် တျန့်ချွေကိုပဲ လုပ်ခိုင်းလိုက်လို့ ပြောပါတယ်..."


၎င်းက မင့်လွမ်နန်းဆောင်တွင် ဖြစ်လေ့ဖြစ်ထရှိသောကိစ္စပင်ဖြစ်သည်။ ကိုယ်လုပ်တော်ရှုက ပင်ပန်းနွမ်းနယ်ကာ ပျင်းရိနေလျှင် သူမကိစ္စတိုင်းကို တျန့်ချွေကသာ အစစအရာရာလုပ်ဆောင်ပေးနေရ၍ ‌တျန့်ချွေပြောသည်ကို ကိုယ်လုပ်တော်ရှု့ပြောသည်နှင့်ထပ်တူဟု ယုံကြည်ထားကြသည်။


ကျွင်းဟွိုင်လန်၏ရင်ထဲမှ ထူးဆန်းမှုများက တစ်စတစ်စ ကြီးထွားလာသည်။


" မီးလင်းဖိုတစ်ခုသွားယူလိုက်... ပြီးတော့ ဂွမ်းမွေ့ရာနဲ့စောင်တွေပါ ယူလာခဲ့ဦး... နေ့တိုင်းလိုအပ်မည့် အသုံးအဆောင်တွေလည်း ပြင်ဆင်ထားလိုက်... "


ကျွင်းဟွိုင်လန်က သူ့ရင်ထဲမှ ထူးဆန်းမှုများကို ချိုးနှိမ်ထားလိုက်ပြီး ညွှန်ကြားနေသည်။


ကျန့်ကွမ်းသဲ့က အမြန်ခေါင်းငြိမ့်လိုက်သည်။


" နန်းဆောင်ထဲ ပြန်နေရာချထားဖို့ကို မနက်ဖြန်ကျရင် ငါကိုယ်တိုင်အရီးတော်ကို ပြောထားလိုက်မယ်..."

    

ကျန့်ကွမ်းသဲ့က သဘောတူလိုက်သည်။


" ကျေးဇူးကြီးလှပါတယ်သခင်လေး... ဒီအစေခံ တစ်ယောက်ယောက်ကို လိုအပ်တာတွေယူလာခိုင်းဖို့ ပြောလိုက်ပါ့မယ်..."

    

" သွားလို့ရပြီ..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


" တစ်ခါတစ်လေ တျန့်ချွေရဲ့စိတ်က ရှုပ်ထွေးသွားတဲ့ပုံပဲ... ဒါပေမဲ့ မင်းတို့စိတ်တွေကိုတော့ ရှင်းအောင်ထားသင့်တယ်..."


ကျန့်ကွမ်းသဲ့က ထိုနေရာတွင်ပင်ရပ်ပြီး သူဆက်ပြောမည်ကို နားထောင်နေသည်။


" မင်းသား၅ရဲ့ အရေးကိစ္စဆိုတာ တော်ဝင်မိသားစုရဲ့ အတွင်းရေးကိစ္စပဲ... ကိုယ်နဲ့မဆိုင်တဲ့ လွန်လွန်ကြူးကြူးတွေလျှောက်လုပ်ရင် အရိုအသေတန်တာပဲ... ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ပြီး သူ့ကိုဂရုစိုက်ပါ... ကျန်တဲ့ကိစ္စတွေ စိတ်ပူစရာမလိုဘူး သဘောပေါက်လား..."


ကျွင်းဟွိုင်လန် ထိုစကားများကို ပြောလိုက်သည့်အခါ အနောက်တွင်ရပ်နေသည့် ကျင်းပေါင်ပင်လျှင် အံ့အားသင့်သွားသည်။


သူက ရွှယ်ယန်ကို ကြောက်လန့်လွန်း၍ မနာခံ‌ပဲ မနေရဲရခြင်းမှာ သူ့ကို တစ်ဖက်လူက ချုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။  နန်းတွင်းတစ်ခုလုံးတွင်လည်း မည်သူကမျှ ရွှယ်ယန်၏ဘက်ကပြောဆိုပေးခဲ့ခြင်းမရှိပဲ ကျွင်းဟွိုင်လန်ကသာ ပထမဆုံး သူ့ဘက်လိုက်ပေးခဲ့ခြင်းဖြစ်သည်။


ကျင်းပေါင်က ရွှယ်ယန်ကို မသိမသာလှမ်းကြည့်လိုက်သည်။


ရွှယ်ယန်က အခန်းထောင့်တစ်နေရာကို ငေးငိုင်ကြည့်နေ၍ တစ်ခုခုကို တွေးတောနေပုံ ရသည်။ အရောင်ဖျော့ဖျော့နှင့် အေးစက်သည့်မျက်ဝန်းများကို ကျင်းပေါင် အမြဲတမ်းကြောက်ရွံ့ခဲ့သည်။ ၎င်းမျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုများ နက်ရှ်ိုင်းစွာ ပါဝင်နေသည်။


သို့သော် ယခုအချိန်တွင်မူ ထိုမျက်ဝန်းများက မကောင်းဆိုးဝါးဆန်သည့်အတွေးများရှိမနေပဲ ရှုပ်ထွေးနေသည့် ခံစားချက်အချို့သာရှိနေသည်။


ကျန့်ကွမ်းသဲ့မှာမူ အမိန့်ရပြီးချိန်တည်းက အပါးခိုမနေရဲပဲ အပြင်သို့ပြေးထွက်သွားကာ မိန်းမစိုးငယ်လေးများအား ဂိုထောင်သို့သွားခိုင်းကာ လိုအပ်သည့်ပစ္စည်းများကို ချက်ချင်းယူခိုင်းလိုက်သည်။ ရွှယ်ယန်၏အခန်းမှာ တစ်ခဏတာခန့် သက်ဝင်လှုပ်ရှားသွားသည်။ မိန်းမစိုးများက ဝင်လိုက်ထွက်လိုက်ဖြင့် အချိန်တိုအတွင်းတွင် အခန်းထဲ လိုအပ်သည့် ပစ္စည်းများ ဖြည့်ပေးသွားကာ သူ့အတွက် အိပ်ရာကိုလည်းပြင်ဆင်ပေးသွားသည်။


ရွှယ်ယန်ကို စတင်ခစားရသည့်အချိန်မှစ၍ ကျင်းပေါင်က ထိုသို့သောမြင်ကွင်းမျိုးကို တစ်ကြိမ်မှ မမြင်တွေ့ခဲ့ဖူးပေ။ သူ ဘာလုပ်ရမည်မသိ၍ ဘေးနားတွင်သာရပ်ပြီး အခြားမိန်းမစိုးများ အလုပ်ရှုပ်နေသည်ကို ကြည့်နေသည်။

     

ထိုအချိန်တွင် ဘေးနားတွင်ရပ်နေသည့် ကျွင်းဟွိုင်လန်က သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။


မျက်ဝန်းများက မည်းနက်သန့်စင်နေကာ မျက်လုထောင့်စွန်းများက ကော့ညျွတ်နေပြီး အလွန်တည်ငြိမ်သည့်ပုံပေါ်နေသည်။

 

ကျင်းပေါင် ခဏတာ အံ့အားသင့်သွားပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။

17.2


သူက ‌ဘေးနားမှာ ငတုံးတစ်ယောက်လိုရပ်နေတာကို သခင်လေးတွေ့သွားတာပဲ... မကောင်းတော့ဘူး အရင်ဆုံးဒူးထောက်ပြီး တောင်းပန်ရတော့မယ်...


 သူ့ ဒူးများ မကွေးညွတ်မီမှာပင် သခင်လေးက အကြည့်လွှဲကာ ကျန့်ကွမ်းသဲ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

    

" မိန်းမစိုးကျန့်..."

သူက ခေါင်းမော့ကာ ကျင်းပေါင်ကိုညွှန်ပြလိုက်သည်။ 


" သူ့မှာလည်း ဆောင်းတွင်းအဝတ်အစားတွေ မရှိသေးဘူး... ညဆိုရင် အခန်းရှေ့မှာနေရတာ အရမ်းအေးတယ်... သူ့ကိုအဝတ်တစ်စုံလောက် အရင်ပြင်ပေးလိုက် တခြားလိုတာတွေတော့ မနက်ဖြန်မှ ဝယ်ပေးလိုက်တော့..."


ကျန့်ကွမ်းသဲ့က အမြန်ဆောင်ရွက်ပေးလိုက်သည်။


ထို့နောက် ကျွင်းဟွိုင်လန်က နေရာတွင်သာရပ်နေပြီး ဝင်ထွက်သွားလာနေသည့် မိန်းမစိုးများကို ကြည့်‌နေသည်။ 


ကျင်းပေါင်၏စိတ်ထဲတွင် မူးနောက်နောက်ဖြစ်လာသည်။

    

  သူ့ကို မဆူရုံတင်မကဘူး အဝတ်အစားတွေပါ ပေးဦးမှာလား...


နန်းတွင်းထဲက ဘယ်သူမှ ရန်စလို့မရတဲ့ သခင်လေးက တကယ်တော့ ဒုက္ခရောက်နေတဲ့လူတိုင်းကို ဆင်းရဲဒုက္ခတွေက ကယ်တင်ပေးနေတဲ့ နတ်သားလေးပါလား...

    

——

    

ကျွင်းဟွိုင်လန်က ကျင်းပေါင်ကို ကူညီပေးခဲ့သော်လည်း ထို့အတွက်သူ ထည့်မတွေးခဲ့မိပေ။


ကျွင်းဟွိုင်လန်က ထိုညက အောက်ခံဝတ်ရုံတစ်ထည်သာအချိန်ကြာမြင့်စွာ ဝတ်ဆင်ထားခဲ့၍ သူ့အခန်းထဲ ပြန်ရောက်ချိန်တွင် အေးခဲလုမတတ်ဖြစ်နေပြီဖြစ်သည်။

   

၎င်းက မပြင်းထန်ဟု ကျွင်းဟွိုင်လန်ထင်ခဲ့သော်လည်း ထိုညတစ်ညလုံး အိမ်မက်ဆိုးများမက်ခဲ့သည်။ နောက်တနေ့ မနက်တွင် အဖျားကြီးနေခဲ့ပြီးနောက် သူမက်ခဲ့သည့် အိမ်မက်ဆိုးများကိုပင် မေ့နေခဲ့သည်။

    

ဖျားနေ‌စဉ်အတောအတွင်း  သူ့တစ်ကိုယ်လုံးကို အထကျန်မှုများဖြင့် လွှမ်းခြုံထားခံခဲ့ရသည်ကိုသာ မှုန်ပျပျမှတ်မိတော့သည်။

    

ဖုရိ အလွန်ကြောက်လန့်သွား၍ နန်းဆောင်မှ အပျိုတော်များကို နန်းတွင်းသမားတော် မြန်မြန်သွားပင့်ခိုင်းလိုက်သည်။ မင့်လွမ်နန်းဆောင်မှ လူအားလုံး တစ်မနက်လုံး ပြေးလွှားနေခဲ့ရပြီး သူတို့အားလုံး သိခဲ့သည့်အကြောင်းတစ်ခုလည်းရှိသေးသည်။


သခင်လေးက ယမန်နေ့ညက မင်းသား၅ကို သွားတွေ့ခဲ့ပြီး နောက်တစ်နေ့မနက်တွင် ဖျား‌နာသွား၍၎င်းကို ကံဆိုးမှုဟုသာ ထင်နေကြသည်။


ယမန်နေ့ညက ရွှယ်ယန်၏ အခန်းထဲတွင် ရှိနေခဲ့ကြသည့် မိန်းမစိုးများအားလုံး ကြောက်လန့်ကုန်ကြသည်။ သခင်လေးက အားလုံးအတွက် အဖိုးတန်လေးဖြစ်၍ ရွှယ်ယန်ကို အပြစ်ကျူးလွန်မိခဲ့လျှင်ပင် သူ့အသက်ကို ဆုံးရှုံးမည့်သူမဟုတ်ပေ။


အချို့လူများက တိတ်တဆိတ်ကာကွယ်ခြင်းများပြုလုပ်လာသည်။ အဆောင်လက်ဖွဲ့များကို မီးရှို့၍ ရေထဲနစ်ကာ လက်များကို ဆေးကြောသန့်စင်ကြသည်။


ကျွင်းဟွိုင်လန်အိပ်ပျော်နေရာမှနိုးလာချိန်တွင် ကိုယ်လုပ်တော်ရှု့က ခုတင်အစွန်းတွင် ထိုင်ငိုနေသည်။


" ဘယ်လိုလေအေးမျိုးက လန်အာရဲ့ကိုယ်ထဲရောက်သွားလို့ ညဘက်ကြီး ရွှယ်ယန်ရဲ့အခန်းထဲရောက်သွားပြီးမှ အကြောင်းအရင်းမရှိ နေမကောင်းဖြစ်ရတာလဲ..."


သူက နန်းတွင်းသမားတော်ကို ငိုယို၍ပြောနေသည်ကို ကျွင်းဟွိုင်လန် ကြားလိုကိသည်။ 


" အသုံးမဝင်ပါဘူး...  ချင်ထျန်ကျန့်ဆီသွားပြီး တာအိုဆရာတစ်ယောက် ပင့်ခိုင်းရမယ်..."


သူမက စကားဆုံးသည်နှင့် တျန့်ချွေးကိုခေါ်လိုက်သည်။


" ဒီကလေးလေးက ဘာကိစ္စနဲ့ အဲ့ကောင်လေးဆီကို သွားရတာလဲ... အခုပဲ ချင်ထျန်ကျန့်ဆီကိုသွားပြီး မင့်လွမ်နန်းဆောင်ကို ပယောဂချွတ်ခိုင်းလိုက်... အနောက်ဘက်နန်းဆောင်ထဲကတစ်ယောက်ကိုလည်း သူလာခဲ့တဲ့နေရာကိုပဲ ပြန်မောင်းထုတ်လိုက်..."


 ကျွင်းဟွိုင်လန် ထိုစကားများကို ကြားလိုက်ရသည့်အခါ ဖရိုဖရဲဖြစ်နေသည့်စိတ်က တဖြည်းဖြည်းပြန်လည်ရှင်းလင်းလာသည်။


ယမန်နေ့ညက သူလုပ်ဆောင်ခဲ့သည်များက ရွှယ်ယန်နှင့် ကိုယ်လုပ်တော်ရှု့အကြားမှ ရန်ငြှိုးရန်စဖြစ်‌စေသည်များကို ပျောက်ကွယ်အောင်လုပ်ရန်ဖြစ်သော်လည်း အခြေအနေများက ပိုမိုဆိုးရွားသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


ကိုယ်လုပ်တော်ရှု့က သမားတော်ကို ပြောနေသည်။


" ဒီလောက်အစွမ်းလေးနဲ့ နန်းတွင်းထဲမှာ အရုပ်ဆိုးအကျည်းတန်အောင်လာလုပ်နေတယ်... သူ ဘာလုပ်ချင်နေတယ်ဆိုတာ ငါအကုန်သိတယ်... အခုပဲ အထုတ်ပြင်ပြီး ဒီကနေ မြန်မြန်ထွက်သွားခိုင်းလိုက်တော့..."


ကျွင်းဟွိုင်လန်က တွေးတောနေရန်အချိန်ပင် မရှိတော့ပေ။ သို့ဖြစ်၍ ကိုယ်လုပ်တော်ရှု့၏အင်္ကျီလက်ဖျားကို အမြန်ဆွဲထားလိုက်သည်။


" ဟွိုင်လန် နိုးလာပြီလား..."


ကိုယ်လုပ်တော်ရှု့က သူ့နဖူးကို စမ်းကြည့်လိုက်သည်။

 

ကိုယ်လုပ်တော်ရှု့၏ လက်များက အေးစက်နေ၍ ကျွင်းဟွိုင်လန် နိုးနိုးကြားကြားဖြစ်သွားသည်။ တစ်ယောက်ယောက်က သူမကို အသုံးချ၍ ရွှယ်ယန်ကို ဆိုးရွားစွာဆက်ဆံနေသည့်အကြောင်း ပြောပြချင်သော်လည်း သူ့မျက်လုံးများဖွင့်လိုက်ချိန်၌ ဘေးနားတွင်ရပ်နေသည့် တျန့်ချွေးကို မြင်လိုက်ရသည်။


သူက ခြုံပုတ်ကိုရိုက်၍ မြွေကိုထွက်ပြေးသွားအောင် မပြုလုပ်ချင်ပေ။ ဤကိစ္စက သူ့မှန်းဆချက်များသာဖြစ်ပြီး တျန့်ချွေး၏နောက်တွင် သူမကို ညွှန်ကြားနေသည့်လူဖြစ်ကြောင်း ရှိနိုင်သေးသည်။


သို့ရာတွင်လည်း သူက ကိုယ်လုပ်တော်ရှု့ကို စိတ်လိုက်မာန်ပါ မလုပ်‌စေချင်ပေ။ အနာဂတ်တွင် ရွှယ်ယန်က သူမကို သေချာပေါက် လက်စားချေလိမ့်မည်ဖြစ်သည်။ တစ်ဖက်လူက ယနေ့ကိစ္စကိုအကြောင်းပြု၍ ကျွင်းမိသားစုကို မည်သည့်အချိန်တွင် လက်စားချေမည်ကို သူ မသိနိုင်ပေ။

 

ဒါပေမဲ့ ဒီကိစ္စကို တျန့်ချွေး သံသယမဝင်အောင်ပြောပြီး အခြေအနေတွေကိုလည်း ပြန်ကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ...


ကျွင်းဟွိုင်လန်၏ခေါင်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။

  

သုက မင်းမျိုးမင်းနွယ်နှင့် မှူးမတ်များအကြား နေခဲ့ရသူဖြစ်၍ အားနည်းချင်ယောင်ဆောင်ပြီး အကျိုးအမြတ်ရယူတတ်သော လူမျိုးများနှင့်လည်း ကြုံတွေ့ခဲ့ဖူးသည်။ သေးငယ်သောကိစ္စလေးနှင့် မျက်ရည်ကျပြလိုက်ပါက လူအများက သနားကြင်နာကြပြီး အာရုံလွှဲပြီးသားလည်း ဖြစ်သွားနိုင်သည်။


ကျွင်းဟွိုင်လန်က ထိုသို့သောလူမျိုးကို အစက်ဆုပ်ဆုံးဖြစ်သည်။


သို့သော် ယခုချိန်တွင်မူ ရွေးချယ်စရာမရှိတော့၍ အားနည်းစွာဖြင့် ချောင်းနှစ်ချက်ဆိုးလိုက်ပြီး နီရဲကာမျက်ရည်ဝဲနေသည့် မျက်လုံးများကို ဖွင့်လိုက်ကာ  အသံအင်အက်နှင့် တုန်ယင်စွာပြောလိုက်သည်။


" အရီးတော် အဲ့ဒီနေရာက တော်တော်အေးတယ်.."


ကိုယ်လုပ်တော်ရှု့က အမြန်မေးလိုက်သည်။

" ဘယ်နေရာက အေးတာလဲ..."


ကျွင်းဟွိုင်လန်က သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည့် ရှက်ရွံ့မှုနှင့် စက်ဆုပ်မှုများကို ထိန်းထားလိုက်ပြီး မကျေမနပ်ဖြစ်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။


 " အနောက်ဘက်ခန်းမဆောင်နေရာ... အဲ့ဒီမှာ မီးလင်းဖိုတောင်မရှိဘူး... ကျွန်တော် အဲ့နေရာမှာ အချိန်တော်တော်ကြာတဲ့အထိ ရပ်နေခဲ့ပြီးမှ ပြန်လာတော့ အအေးမိသွားတာပါ... အိမ်မက်ထဲမှာလည်း အခန်းတစ်ခုထဲမှာ ပိတ်မိနေပြီး ပြန်ထွက်စရာတံခါး ရှာမတွေ့ဘူး... အရမ်းအေးတာပဲ..."


 ထိုစကားများကြောင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့်နန်းတွင်းသမားတော်က ရာထူးဖြုတ်ချခံရလုနီးပါးမှကယ်တင်ရာ ရသွား၍ အမြန်လျှောက်တင်လိုက်သည်။


" အဲ့ဒါကြောင့်ဖြစ်ပါလိမ့်မယ် အရှင်မ... အနောက်ဘက်နန်းဆောင်မှာက အပူပေးစနစ်မရှိတော့ အေးစက်ပြီး စိုစွတ်စွတ် ဖြစ်နေတာပါ...မနေ့ညတုန်းကလည်း လေအေးတွေတိုက်တော့ သခင်လေး ဖျားသွားတာအဲ့ဒါကြောင့်ပါ..."

 

ထိုအချိန်တွင် ရွှယ်ယန့်ကို အရှေ့ခန်းမဆောင်မှ မိန်းမစိုးတစ်ယောက်‌က မနက်စောစောလာခေါ်၍ သူက တံခါးမှ ဝင်လာနေချိန်ဖြစ်သည်။


ရွှေနှင့် ကျောက်စိမ်းများ အလွှာအထပ်ထပ်ဖြင့်ပြည့်နေသောအခန်းထဲမှ ပိုးလိုက်ကာ၏နောက်တွင်ရှိနေသော ကျွင်းဟွိုင်လန်၏ နီရဲနေသောမျက်လုံးများနှင့် နွမ်းနယ်နေပုံက သူ့မျက်လုံးထဲ ရောင်ပြန်ဟပ်သွားသည်။


Xxxxxxx