Chapter 18
ကျွင်းဟွိုင်လန်က အနည်းငယ်ခေါင်းကြည်သွားပြီဖြစ်၍ အခန်းထဲမှ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ပြီဖြစ်သည်။
ကိုယ်လုပ်တော်ရှု့၏ မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နေသော်လည်း စိတ်အေးသွားသည့်ပုံပေါ်သည်။ ကြမ်းပြင်တွင် ဒူးထောက်နေသည့် နန်းတွင်းသမားတော်နှင့် တျန့်ချွေတို့က အပြင်ထွက်ရန်ပြင်နေသည်။ ကိုယ်လုပ်တော်ရှု့ သူမစကားကို ပြန်မရုတ်သိမ်းမီတွင် တျန့်ချွေက သူမ အမိန့်ပေးထားသည်ကို သွားလုပ်တော့မည်ဖြစ်သည်။
ကျွင်းဟွိုင်လန်က သူမကို ချက်ချင်းတားလိုက်သည်။
" မမတျန့်ချွေ... ကျွန်တော်ရေဆာတယ်..."
သူက အသံအက်အက်ဖြင့် ပြောလိုက်သည်။
တုံးအချင်ယောင်ဆောင်ရခြင်းကို စက်ဆုပ်ဖွယ်ရာဟု ထင်ခဲ့မိသော်လည်း အမှန်တွင် ၎င်းက အလွန်အသုံးဝင်လှသည်ကို သိလိုက်ရသည်။
တျန့်ချွေက အတားမြစ်ခံလိုက်ရ၍ တစ်ဖက်သို့ ကိုးရိုးကားယားပုံစံဖြင့် လှည့်လာပြီး သူ့ကို လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။
" သခင်လေး နောက်ဆုံးတော့ နိုးလာပြီပဲ အရှင်မက အရမ်းစိုးရိမ်နေတာ..."
" အအေးမိသွားရုံပါ..."
ကျွင်းဟွိုင်လန်က ရေနွေးကြမ်းခွက်တစ်ဝက်လောက်ကို ဖြည်းဖြည်းသောက်လိုက်ပြီးနောက် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
" မမ အခု ဘယ်သွားမလို့လဲ..."
တျန့်ချွေက ပြန်မဖြေသေးပဲ ကိုယ်လုပ်တော်ရှု့ကို ကြည့်လိုက်သည်။
ကျွင်းဟွိုင်လန် အအေးမိသွားခြင်းသာဖြစ်ကြောင်းကို ကိုယ်လုပ်တော်ရှု့ သိပြီးသွားပြီဖြစ်၍ သူမစိတ်အေးသွားပြီဖြစ်သော်လည်း ထိုလျှို့ဝှက်ချက်များအား သူ့ကို ကြားစေချင်သည့်ပုံ မပေါ်ပေ။ သူမ မျက်ရည်များသုတ်ကာ ပြောလိုက်သည်။
" နန်းတွင်းသမားတော်ကို ဆေးဖော်ခိုင်းဖို့အတွက် ခေါ်သွားခိုင်းတာပါ..."
ထို့နောက် သူမက နန်းတွင်းသမားတော်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
" ဘာလို့ အမြန်မသွားသေးတာလဲ..."
နန်းတွင်းသမားတော်က လွတ်ငြိမ်းချမ်းသာခွင့်ရသွားသည့်ပုံဖြင့် အထပ်ထပ်အခါခါ အရိုအသေပြုလိုက်ပြီးနောက် မြေပြင်ပေါ်မှထကာ ထျန့်ချွေကို ပြုံးပြလိုက်သည်။
" အပျိုတော်လေး လမ်းပြပါဦး..."
တျန့်ချွေက လူမသိသူမသိ အံကြိတ်လိုက်ပြီးနောက် သူ့ကို ခေါ်ထုတ်သွားသည်။
ထိုအချိန်တွင် တံခါးဝတွင်ရပ်နေသည့် အပျိုတော်လေးက ပြောလိုက်သည်။
" အရှင်မ ... မင်းသား၅နဲ့ မိန်းမစိုးကျန့်တို့ ရောက်နေပါပြီ..."
ကိုယ်လုပ်တော်ရှု့က မျက်ရည်များသုတ်လိုက်ပြီးနောက် နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။
" ဝင်ခိုင်းလိုက်..."
သူတို့နှစ်ယောက်လုံး အခန်းထဲ ဝင်လာကြသည်။
" မနေ့ညက ဘယ်လိုဖြစ်တာလဲ..."
သူမ မေးလိုက်သည်။
ရွှယ်ယန်က ဘာမှမပြောသည့်အပြင် သူ့ဘေးနားတွင်ရပ်နေသည့် ကျန့်ကွမ်းသဲ့ကလည်း ဘာမှမပြောရဲပေ။ ခဏအကြာတွင် ကိုယ်လုပ်တော်ရှု့က စိတ်မရှည်တော့၍ စားပွဲပေါ်တွင် အလှတင်ထားသည့် သစ်သီးနှင့် ကျန့်ကွမ်းသဲ့ကို ပစ်ပေါက်လိုက်သည်။
" နင်တို့ အ'နေတာလား..."
ကျွင်းဟွိုင်လန်က အနည်းငယ်စိုးရိမ်သွား၍ လည်ချောင်းများခြောက်ကပ်နေသည်ကိုမေ့ကာ စကားပြောရန် ပြင်လိုက်၍ ချောင်းထပ်ဆိုးတော့သည်။ ဤတစ်ကြိမ်က ဟန်ဆောင်ခြင်းမဟုတ်သော်လည်း မျက်နှာများနီရဲ၍ မျက်ရည်များဝဲလာသည်။
ကိုယ်လုပ်တော်ရှု့က သူ့ဘက်ပြန်လှည့်လာသည်။
အကြည့်လွှဲထားသည့် အေးစက်စက် ပယင်းရောင်မျက်ဝန်းတစ်စုံက သူ့အပေါ် သို့ မသိမသာကျရောက်လာသည်။
ထို့နောက် ကျွင်းဟွိုင်လန်က ချောင်းဆိုးနေရာမှ ခဏရပ်သွားပြီး ကိုယ်လုပ်တော်ရှု့ကို နှစ်သိမ့်ရန်အတွက် ပြုံးပြလိုက်သည်။
" အရီးတော် ကျွန်တော်အဆင်ပြေပါတယ်... လည်ချောင်းယားသွားလို့ပါ..."
ကိုယ်လုပ်တော်ရှု့က နန်းတွင်းသူတစ်ယောကို အမြန်ခေါ်လိုက်သည်။
" နန်းတွင်းသမားတော် ဆေးဖော်ပြီးသွားရင် နန်းဆောင်က မထွက်သွားခင် ဆေးတစ်ဖုံ လာပို့ထားခဲ့ဖို့ပြောလိုက်..."
ကျွင်းဟွိုင်လန် မော့ကြည့်လိုက်သည့်အခါတွင် မျက်ဝန်းထဲမှ မျက်ရည်များက မပျောက်သေးပေ။ သူ ရွှယ်ယန့်ကိုကြည့်ကာ ပြောလိုက်သည်။
" ငါ မင်းကိုမြင်မှသတိရတယ်... မနေ့က ငါ့ဝတ်ရုံ မင်းဆီမှာ ထားခဲ့မိတယ်... တကယ်လို့ အဆင်ပြေရင် ပြန်ယူလာပေးပါဦး..."
ဝတ်ရုံတစ်ထည်က တန်ဖိုးမရှိသော်လည်း ကျွင်းဟွိုင်လန်က စကားစပေးလိုက်ပြီး ကိုယ်လုပ်တော်ရှု့ကို မိန်းမစိုးကျန့် မပြောရဲသည်ကို ပြောပေးလိုက်သည်။
ကိုယ်လုပ်တော်ရှု့က မေးလာသည်။
" ဘာဝတ်ရုံလဲ..."
ကျွင်းဟွိုင်လန် ပြုံးပြပြီး အေးအေးလူလူပင် ပြောလိုက်သည်။
" မနေ့က မင်းသား၅ကိုကြည့်ရာ နည်းနည်းနေမကောင်းတဲ့ပုံပေါ်လို့ ကျွန်တော်သွားကြည့်လိုက်တာ သူ့အခန်းထဲမှာ အပူပေးစနစ် ပျက်နေတဲ့အပြင် မီးလင်းဖိုလည်းမရှိဘူး... အိပ်ရာပေါ်မှ မွေ့ရာတောင် မပြင်ပေးထားဘူးလေ ... အဲ့ဒါကြောင့် ကျွန်တော် မင်းသား၅ကို ဝတ်ရုံခဏငှားပေးလိုက်တာ..."
ထို့နောက် သူက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။
" ကျွန်တော်လည်း အဲ့လောက်လေးနဲ့ အအေးမိသွားမယ် မထင်ထားဘူး..."
ကိုယ်လုပ်တော်ရှု့က မျက်မှောင်ကြုတ်ပြီး ကျန့်ကွမ်းသဲ့ကို ကြည့်လိုက်သည်။
" မင်း ဘယ်လိုတွေ စီစဉ်ထားတာလဲ..."
ကိုယ်လုပ်တော်ရှု့၏အသံက အေးစက်နေသည်။
သူမက ဧကရာဇ်၏အမိန့်ပြန်တမ်းကို ရရှိခဲ့သော်လည်း စိတ်ထဲတွင် သဘောမပေါက်နိုင်ဖြစ်ခဲ့သည်။ သူမ ရက်အနည်းငယ်ခန့် စိတ်ဆိုးဒေါသထွက်နေခဲ့၍ ဤကိစ္စကိုစီမံရန် အစေခံများအား လက်လွှဲထားပေးခဲ့ခြင်းဖြစ်သည်။
သူမ ဤကလေးကို မနှစ်သက်သော်လည်း အနိုင်ကျင့်နှိပ်စက်မည်ဟူသည့် သဘောမဟုတ်ပေ။
သူ့ကို သဘောမကျတာနဲ့ပဲ ဆောင်းတွင်းမှာ အဝတ်ပါးလေးတွေဝတ်ခိုင်းပြီး သူ့နန်းဆောင်မှာ အိပ်ရာခင်းတောင် မခင်းထားပေးတာမျိုးတော့ မလုပ်ပါဘူး... ဒါ တော်တော်ဆိုးဝါးတဲ့ ကိစ္စပဲ သူမ ဘယ်တော့မှ အဲ့လို မလုပ်ဘူး...
ကျန့်ကွမ်းသဲ့က ရင်ထဲတွင် ခါးသီးနေပြီး အလျင်အမြန်ပြောလိုက်သည်။
" အဲ့ဒါက ဒီအစေခံရဲ့ ပေါ့လျော့မှုကြောင့်ပါ... ဒီအစေခံက မင်းသား၅ နေဖို့ အစအဆုံး ပြန်စီစဉ်လိုက်ပါ့မယ်... အရှင်မ စိတ်ချလက်ချနေပါ အစေခံတွေအားလုံးက သေချာစီစဉ်ပေးမှာပါ..."
ကျွင်းဟွိုင်လန်က ထပ်ပြောလိုက်သည်။
" သူ့အတွက် အဝတ်အစားတွေပါ ပြင်ဆင်ပေးပါဦး... အရှင့်သားက အဝတ်တွေ အများကြီး ယူလာပုံမရဘူး ဆောင်းတွင်းဝတ်အဝတ်အစားတွေ များများပြင်ပေးလိုက်ပါ..."
ကျန့်ကွမ်းသဲ့က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
ရွှယ်ယန်က အပြင်လူတစ်ယောက်ကဲ့သို့ပင် ဘေးနားတွင် ရပ်ရုံသာရပ်နေပြီး ဘာမှဝင်မပြောပေ။ ထိုလူများ၏ စကားဝိုင်းက သူနှင့်မဆိုင်သကဲ့သို့ စကားတစ်ခွန်းမှ မဟပေ။
သို့ရာတွင် သူအားလုံးကိုကြားသည်။
18.2
ကျွင်းမိသားစု၏ သခင်လေးက မြေခွေးပေါက်စလေးနှင့်တူသည်။ စကားအနည်းငယ်ဖြင့် လူအားလုံးကို သူ့အကွက်ထဲဝင်သွားအောင် လုပ်နိုင်သည်။
သူ၏ ရည်ရွယ်ချက်ကလည်း ယခင်က တစ်ကြိမ်တစ်ခါမှ မရင်းနှီးခဲ့ဖူးသည့် လူတစ်ယောက်အတွက် အကျိုးအမြတ်ရအောင်လုပ်ပေးရန်ဖြစ်သည်။
ရွှယ်ယန်က ဤကိစ္စများကို တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးပေ။ သူ့ကို မည်သူမျှ အရေးမစိုက်လျှင်လည်း ဆောင်းရာသီတွင် အေးစက်စိုစွတ်သည့်နေရာတွင် နေရခြင်းက သူ့အတွက် ဘာမှမဟုတ်ပေ။ ယမန်နေ့ညအဖြစ်အပျက် လုံးဝဥသုန်ပင် မတော်တဆဖြစ်သည်။ သူကိုယ်တိုင် ဖယောင်းတိုင်ကို သွားရှာမည်ဆိုလျှင်လည်း အချိန်ကြာမည်မဟုတ်ပေ။
သို့ရာတွင် ဤသခင်လေးကိုယ်တိုင်က သူ့ကို စိုးရိမ်ပူပန်နေသည်။ သူကိုယ်တိုင်က ဖျားနာနေသော်လည်း အခြားလူများ၏အကျိုးအတွက် တိုက်ခိုက်ပေးနေသည်။
ရွှယ်ယန်၏ နှလုံးသားထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်ခု ဖြစ်တည်လာသည်။ ၎င်းက အချိန်အတော်ကြာအေးစက်ခဲ့သည့် ကိုယ်တွင်းအင်္ဂါတစ်ခုက ပူနွေးပြီး ထုံကျင်လာသည်။ နှလုံးသားထဲတွင် နွေးထွေးပြီး အသက်ဝင်သည်ဟု ခံစားလာရသည်။
သူ့ကို ယမန်နေ့ညက ခြုံပေးခဲ့သည့်ဝတ်ရုံကို ရုတ်တရက်သတိရသွားသည်။ ၎င်းက နွေးထွေးကာသစ်ပင်နံ့တစ်မျိုးရနေသည်။
သူက အေးစက်သောညများတွင် အချိန်အတော်ကြာနေရသည်ကို အသားကျခဲ့ပြီးဖြစ်သည်။ သူက အအေးဒဏ်ကို မကြောက်သော်လည်း နွေးထွေးမှုကို မနှစ်သက်ခြင်းမဟုတ်ပေ။
နွေးထွေးမှုဟုသည့်အရာကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရခြင်းသာဖြစ်သည်။
ပုံမှန်အချိန်တွင် တည်ငြိမ်နေလေ့ရှိသောသူ့စိတ်က ရုတ်ချည်း ကမောက်ကမဖြစ်လာသည်။ ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်လိုက်သည့်အခါ သူက အားနည်းဖျော့တော့စွာဖြင့် လှဲလျောင်းနေပြီး ရေနွေးကြမ်းကို နည်းနည်းချင်းသောက်နေသည်။ မကြာခဏချောင်းဆိုးနေပြီး နဖူးတွင်လည်း ချွေးသီးချွေးပေါက်အလွှာတစ်ထပ်က စိုရွှဲနေသည်။
ရွှယ်ယန်၏စိတ်ထဲတွင် နိုးကြားသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျွင်းဟွိုင်လန်က အအေးမိသွားသည်ဟုသာ အခိုင်အမာပြောဆိုနေသော်လည်း ရွှယ်ယန်က သူကိုယ်တိုင်က မွေးဖွားလာချိန်တည်းက အခြားလူများကိုကံဆိုးမှုများ သယ်ဆောင်လာပေးခဲ့သည့် နတ်ဆိုးကြယ်ဖြစ်နေကြောင်းကို မမေ့ခဲ့ပေ။ ကျွင်းဟွိုင်လန်၏ ဖျားနာခြင်းက သူ့ကြောင့်ဖြစ်ခြင်း ဟုတ်မဟုတ်ကိုလည်း အတပ်မသိနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူ့ပတ်ဝန်းကျင်မှလူများက ကံဆိုးမှုများဖြင့် ရစ်ပတ်ခံရပြီး မည်သူတစ်ဦးတစ်ယောက်မှ အဆုံးသတ်မကောင်းခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။
သူက ပုံမှန်လူများနှင့် ကွဲပြားသူဖြစ်သည်။ ဤကဲ့သို့သော တိုက်ဆိုင်သည့်နွေးထွေးမှုမျိုးကို သူ မတွေးတောနေသင့်ပေ။
သူ နိုးထလာနိုင်မှဖြစ်မယ်... ဒါက သူနဲ့တန်တဲ့အရာမှ မဟုတ်တာ...
——
ကျွင်းဟွိုင်လန် ရက်အနည်းငယ်ခန့် ဖျားနာနေခဲ့ပြီး နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့ရာတွင် သူအိပ်စက်ချိန်တွင် အိမ်မက်ဆိုးများမက်နေဆဲဖြစ်သည်။ အိမ်မက်ထဲတွင်မူ သူက သူကိုယ်တိုင်မဟုတ်ပဲ အခြားတစ်ယောက်ဖြစ်နေခဲ့သည်။ သူ နိုးထလာချိန်တိုင်းတွင် ချွေးများစိုရွှဲနေခဲ့သော်လည်း အိမ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိပေ။
ကျွင်းဟွိုင်လန် ဤအကြောင်းကို မည်သူကိုမှ မပြောရဲပေ။
သူက ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်၍ ရွှယ်ယန်က သူ့အနားမှလူများကို သတ်ပစ်သည်ဟူသော ကောလဟာလများကို မယုံကြည်ပေ။ အကယ်၍ ရွှယ်ယန်က နတ်ဆိုးကြယ်ဖြစ်နေလျှင်လည်း သူ့အနားမှ လူများကို ရက်ရက်စက်စက်သတ်ပစ်ခြင်းမှာ ထိုသို့အကြောင်းဖန်လာသောကြောင့်သာ ဖြစ်လိမ့်မည်။
အိမ်မက်ဆိုးမက်သည့်ကိစ္စက ရွှယ်ယန်နှင့် ဘာမှမဆိုင်ပေ။ ကျွင်းဟွိုင်လန် သက်လာလုနီးပါးဖြစ်မှသာ ကျင်းလင်ဟွမ်က သူ့အခန်းထဲ ဝင်ခွင့်ရသည်။
ကျွင်းလင်ဟွမ်၏ မျက်လုံးများက နီရဲနေပြီး သူမ အခန်းထဲရောက်လာသည်နှင့် ငိုတော့မည်ပုံဖြစ်နေသည်။ ကျွင်းဟွိုင်လန် လန့်သွား၍ သူမကို အမြန်ချော့ရတော့သည်။
သူမအစ်ကို နေကောင်းကြောင်း အတည်ပြုပြီးသည့်အခါမှသာ ကျွင်းလင်ဟွမ်က စိတ်သက်သာရာရသွားပြီး လွန်ခဲ့သည့်ရက်များမှ အသေးအမွှားကိစ္စလေးများအကြောင်း ကျွင်းဟွိုင်လန်ကို ပြောပြနေသည့်
ကျွင်းဟွိုင်လန်က နေရာတွင်ထိုင်ကာ ကျွင်းလင်ဟွမ်ပြောနေသည်များကို နားထောင်ပြီး မပြုံးပဲ မနေနိုင်တော့ပေ။
ယခင်ဘဝနှင့် နှိုင်းစာပါက ယခုချိန်တွင် အရာအားလုံးက ပိုမိုကောင်းမွန်လာသည်ဟု သူတွေးနေမိသည်။ ယခုအခါတွင် ရွှယ်ယန်က သူ့ကို ကျေးဇူးကျွေးတင်နေပြီဖြစ်ကာ ကိုယ်လုပ်တော်ရှု့ကလည်း သူ့ကို မနှိပ်စက်တော့ပဲ ခွင့်လွှတ်ပေးခဲ့သည်။ သူ မည်မျှ ရိုင်းစိုင်းသည်ဖြစ်စေ ယခင်ဘဝက ပြုလုပ်ခဲ့သည့်အရာများကို လုပ်နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ဖုရိ တံခါးဝသို့ရောက်လာသည်။
" သခင်လေး မင်းသား၅ ကြွလာပါတယ်..."
ရွှယ်ယန်လား...
ကျွင်းဟွိုင်လန်ကြောင်အသွားပြီးနောက် ကျွင်းလင်ဟွမ်ကို ပုန်းနေခိုင်းရန် တွေးမိသွားသည်။
သို့သော် အသိစိတ်ပြန်ဝင်လာချိန်တွင် သူ့အကြံက အလွန်တုံးအသည်ဟု ခံစားလိုက်ရသည်။ နန်းဆောင်တစ်ခုထဲတွင် နေနေသရွေ့ ရွှယ်ယန်နှင့် ကျွင်းလင်ဟွမ် မတွေ့ရန်က မဖြစ်နိုင်ပေ။
သို့သော်လည်း ဤဘဝတွင် သူတို့နှစ်ယောက်က တစ်ကြိမ်တစ်ခါမှ မတွေ့ရန် မျှော်လင့်နေခဲ့မိသည်။
" ကျေးဇူးပြုပြီး ဝင်ခဲ့ပါ..."
ကျွင်းဟွိုင်လန် လည်ချောင်းရှင်းပြီး နွေးထွေးစွာပြောလိုက်သည်။
ထို့နောက် ရွှယ်ယန်က အခန်းထဲဝင်လာသည်။ သူ့ကိုယ်ပေါ်မှ ဝတ်ရုံကအသစ်ဖြစ်နေ၍ ကျန့်ကွမ်းသဲ့က ဝတ်ကျေတန်းကျေသာ မလုပ်ဆောင်ထားကြောင်းသိလိုက်သည်။
သူ့လက်ထဲတွင် ကျွင်းဟွိုင်လန်၏ဝတ်ရုံကို ကိုင်ထားသည်။
" ဝတ်ရုံပြန်ပို့ပေးဖို့ ရောက်လာတာလား..."
ကျွင်းဟွိုင်လန် အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုနေ့က ဝတ်ရုံအကြောင်းပြောခဲ့သည်မှာ ဆင်ခြေတစ်ခုသာဖြစ်၍ ဝတ်ရုံအကြောင်းကို လုံးဝမေ့နေခဲ့သည်။
ရွှယ်ယန်က ခေါင်းငြိမ့်ပြလိုက်သည်။
ဖုရိက ဝတ်ရုံကို လာယူမည်ပြင်သော်လည်း ကျွင်းဟွိုင်လန်က ရှေ့သို့လျှောက်လာပြီး သူ့လက်ထဲမှ ဝတ်ရုံကို ယူလိုက်သည်။
" ဒီထိလာလိုက်ရတာ အလုပ်ရှုပ်သွားပြီ..."
" ကိုကြီး... ဒါ ဟိုတစ်ရက်က ဒီကိုပြောင်းလာတဲ့ အစ်ကိုကြီးလား..."
ကျွင်းလင်ဟွမ်က ရွှယ်ယန့်ကိုကြည့်ကာ မေးလိုက်သည်။
ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် သတိပေးချက်ခေါင်းလောင်းများစွာ မြည်ဟည်းလာသည်။
ဝတ်ရုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ကျွင်းလင်ဟွမ်ကိုကြည့်ကာ အံကြိတ်ထားမိသော်လည်း နူးညံ့စွာပြုံးပြလိုက်သည်။
ကျွင်းလင်ဟွမ်၏ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။
" ဟုတ်တယ်... နောက်ဆိုရင် ဒီအစ်ကိုကြီးက အရီးတော်ရဲ့ သားဖြစ်တော့မှာဆိုတော့ ဟွမ်အာရဲ့ အစ်ကိုဝမ်းကွဲပေါ့... အခု ဟွမ်အာ့မှာ အစ်ကိုတစ်ယောက် ထပ်ရသွားပြီ... ဒီအစ်ကိုကြီးကလည်း ဟွမ်အာ့အစ်ကိုပဲ..."
ကျွင်းဟွိုင်လန်က "အစ်ကိုကြီး" ဟူသော စကားလုံးကို ဖိပြောလိုက်သည်။
သူတို့က ဤသို့တော်စပ်ခဲ့သော်လည်း ရွှယ်ယန်က သူ့"ညီမ" ကိုပင် ညစ်ညမ်းသည့်အတွေးများ တွေးနေခဲ့ခြင်းကို မယုံကြည်နိုင်သေးပေ။
အကယ်၍ ထိုသို့သောအတွေးများ ရှိနေဆဲဖြစ်ပါက ရွှယ်ယန်က လူတစ်ယောက် မဟုတ်တော့သည်ဖြစ်၍ သူနှင့် အသေအကြေ တိုက်ခိုက်ပစ်မည်ဖြစ်သည်။
တစ်ဖက်တွင်မူ ရွှယ်ယန်က အံ့အားသင့်နေသည်။
ကျွင်းဟွိုင်လန်၏ သဘာဝဆန်ပြီး နူးညံ့ညင်သာသောအပြုံး၊ သူပြောလိုက်သည့်စကားလုံးများက သူ့အနားတွင် မျဉ်းတစ်မျဉ်းဆွဲကာ စက်ဝိုင်းထဲထည့်သွင်းလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
Xxxxxxxxx