အပိုင်း ၁၉
Viewers 15k

Chapter 19


အကယ်၍ သူတို့က ဆွေမျိုးများဖြစ်သွားသည်ဆိုပါက ယခုချိန်မှစ၍ သူတစ်ယောက်တည်း မဟုတ်တော့ပေ။ ဤကဲ့သို့သောခံစားချက်က ရွှယ်ယန့်အတွက် ထူးဆန်းပြီး မရင်းမနှီးဖြစ်နေစေသည်။


ထို့နောက် ကလေးမလေးက မေးလိုက်သည့်အသံကို သူကြားလိုက်ရသည်။


" အိုး ... ဒါဆိုရင် ဟွမ်အာက အစ်ကိုကြီးတစ်ယောက် ထပ်ရတော့မှာပေါ့..."


ကျွင်းဟွိုင်လန်က သူမကို ပြုံးပြလိုက်သည်။

" ဟုတ်တယ် ဒီအစ်ကိုကြီးကလည်း ဟွမ်အာ့ကို အစ်ကိုကြီးလိုပဲ ချစ်မှာပေါ့..."


ပြောနေလျက်နှင့်ပင် နူးညံ့မှုများပြည့်နေသည့် မျက်ဝန်းများဖြင့် ရွှယ်ယန်ကို ပြုံး၍လှမ်းကြည့်ကာ မေးလိုက်သည်။


" ဟုတ်တယ်မလား..."


သု့လေသံထဲတွင် သိမ်မွေ့သည့် ခြိမ်းခြောက်မှုများ ပါဝင်နေသည်။


ရွှယ်ယန့်ထံမှ အဖြေကို သူ မမျှော်လင့်ထားပေ။ ဤလူက အေးစက်၍ မတုန်မလှုပ်တတ်သောအကျင့်စရိုက်ရှိကာ စကားများများမပြောတတ်သူဖြစ်၍ ကျိန်းသေပေါက် ဖြေလိမ့်မည် မဟုတ်ပေ။

 

သူက ရွှယ်ယန့်ကို သူ့သဘောထားကိုသာ သိစေချင်ခြင်းဖြစ်သည်။


ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းကို ဝတ်ရုံပေးခဲ့တယ်... အဲ့ဒါကြောင့်ပဲ ဒီရက်တွေမှာ ဖျားနေခဲ့ရတယ်... ငါ ဖျားနေတုန်းလည်း မင်းနေရထိုင်ရ အဆင်ပြေအောင် လုပ်ပေးခဲ့တယ်... အခုလည်း တစ်ကမ္ဘာလုံးမှာချစ်စရာအကောင်းဆုံးဖြစ်တဲ့ ငါ့ညီမလေးကို မင်းနဲ့တူတူဝေမျှရဦးမယ်...

ကျွင်းဟွိုင်လန် စိတ်ထဲတွင် ထိုသို့သာ တွေးနေလိုက်သည်။


အကယ်၍ ရွှယ်ယန်က လူမဟုတ်ပါက သူ့ဘက်ကလည်း စိတ်ထိန်းနိုင်တော့မည်မဟုတ်ပေ။


သို့သော်လည်း အေးစက်မှု၊ ဆိုးယုတ်မှုနှင့် တွက်ချက်တတ်မှုများဖြင့် ပြည့်နေတတ်သည့် ရွှယ်ယန်၏ မျက်ဝန်းတစ်စုံက ဤအချိန်တွင် အသက်မဲ့နေခဲ့သည်ကို သူ သတိမပြုမိခဲ့ပေ။

  

ရွှယ်ယန်က ကျွင်းဟွိုင်လန်၏ အပြုံးကြောင့် ရုတ်တရက် ‌မိန်းမောမိသွားသည်။

 

ဤတစ်ကြိမ်တွင် ဖြစ်ပေါ်လာသည့်အပြုက သူတစ်ပါးထံမှ ခိုးယူထားမိသည့်အပြုံးမျိုး မဟုတ်တော့ပေ။ 

    

သူ့ရင်ထဲ တင်းကြပ်ပြီး မီးတောက်တစ်ခုလောင်ကျွမ်းလာသည်ဟုပင် ခံစားမိသည်။ သူ ဤမတိုင်း မနေနိုင်တော့ပဲ တစ်စုံတစ်ခု ပြန်ပေးသင့်သည်ဟု ခံစားလာရသည်။ 


သူ တတ်နိုင်တဲ့ဟာတစ်ခုခုကို ပြန်လုပ်ပေးချင်တယ်...

 

အဘယ့်ကြောင့်ဆိုသော် ရွှယ်ယန် ဆယ်စုနှစ်တစ်ခုကျော်ခန့် တွေ့ဆုံခဲ့ရသည့်လူများမှာ စက်ဆုပ်ဖွယ်ရာ အပြုံးတစ်ခုဖြင့်သာ ချဉ်းကပ်လာခြင်းဖြစ်၍ ဤကဲ့သို့ စစ်မှန်ရိုးသားသောအပြုံးက မည်မျှရှားပါးကြောင်းကို သဘောပေါက်နားလည်သည်။


သို့ဖြစ်၍ ရွှယ်ယန်က တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ပြုမူမိသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန်ထိတ်လန့်သွားသည်။

" ဟမ်..."


သူ နားကြားလွဲသည်ဟု ထင်လိုက်မိသော်လည်း နောက်အခိုက်အတန့်တွင် ရွှယ်ယန်က သူ့လက်ကို  ကျွင်းလင်ဟွမ်၏ခေါင်းပေါ်သို့ နေရခက်စွာဖြင့် တင်လိုက်သည်ကို မြင်လိုက်ရသည်။


" အခုကစပြီး ငါက မင်းရဲ့ အစ်ကိုကြီးဖြစ်သွားပြီ..."


သူက မပြုံးပဲ မျက်နှာသေကြီးဖြင့်ဖြစ်ကာ လေသံကလည်း တောင့်တောင့်ကြီးဖြစ်နေသည်။ သို့သော်လည်း သူ့လေသံထဲမှ ကတိပေးမှုတစ်မျိုးကို ကျွင်းဟွိုင်လန်ကြားလိုက်မိသည်။


နားဝင်မချိုတဲ့ ကြင်နာမှုတစ်မျိုးလို့ ပြောရမလားပဲ...


သူ့ရှေ့မှမြင်ကွင်းကို အိပ်မွေ့ချခံရသကဲ့သို့ကြည့်နေပြီး သူ မြင်တွေ့ခဲ့ရသော စာအုပ်ထဲမှ ယခင်ဘဝ၏အကြောင်းအရာများနှင့် မကိုက်ညီတော့သည်ကို မြင်လိုက်ရသည်။

  

သူ တွေဝေမိန်းမောသွားမိသည်။

ဒါဆိုရင် ဒီရက်ပိုင်း သူလုပ်နေတဲ့ကိစ္စတွေက မှန်တယ်ဆိုတဲ့သဘောလား...


ရက်အနည်းငယ်အတွင်းမှာပင် ကျွင်းဟွိုင်လန်၏ ဖျားနာမှုက လုံးဝပျောက်ကင်းသွားသည်။ ကျွင်းဟွိုင်လန်ကို မျက်နှာလုပ်ရန်အတွင် နန်းတွင်းသမားတော်က မင့်လွမ်နန်းဆောင်သို့ လာရောက်ကာ ရွှယ်ယန်၏ကျောမှ ဒဏ်ရာကို ကြည့်ရှု့ပေးခဲ့သည်။ ဒဏ်ရာက ၆၀%ခန့် ကောင်းမွန်သွားပြီဖြစ်ကာ အနာဖေးများပင် ကွာကျလာပြီဖြစ်သည်။ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်လျှင် မြန်မြန်ကောင်းလာမည်ဖြစ်သည်။


ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်က ဝမ်ဟွားနန်းဆောင်တွင် တူတူစာသင်နေကြသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။


သို့သော်လည်း သူက တိတ်ဆိတ်လွန်း၍ ကျွင်းဟွိုင်လန်က သူရှိနေမှန်းပင်မသိပေ။ နောက်တစ်ရက် မနက်စောစောအချိန် စာသင်ရန်လာစဉ် ရွှယ်ယွင်ဟွမ်က သူ့ကိုပြောပြသည့်အခါမှ သိခဲ့သည်။


" ငါလည်း ဒုတိယနေ့အထိ သူရောက်လာတာကို မသိဘူး... ဘာပဲဖြစ်ဖြစ်လေ ဘယ်သူမှ သူ့နားမကပ်ရဲ၊ စကားမပြောရဲဘူးဆိုတော့ ထောင့်မှာပဲ သူ့ဘာသာထိုင်နေတာပေါ့..."


ရွှယ်ယွင်ဟွမ်ပြောလိုက်သည်။

    

ထိုစကားများ ကြားသည့်အခါတွင် ကျွင်းဟွိုင်လန်က ဘာမှမပြောပေ။


သူတို့ စာသင်ရန်ထွက်လာချိန်၌ မင့်လွမ်နန်းဆောင်၏ အနောက်ဘက်ခန်းမဆောင်များတွင် လူတစ်ယောက်မှ ရှိမနေပေ။ ဤရက်အနည်းငယ်အတွင်း အနောက်ဘက်နန်းဆောင်မှ အပူပေးစနစ်ကိုလည်း ပြန်လည်ပြင်ဆင်ထားခဲ့ပြီး ရွှယ်ယန့်ကိုလည်း နန်းဆောင်၏အလယ်တွင် အခန်းတစ်ခန်းပေးထားခဲ့သည်။

    

သို့သော်လည်း သန့်ရှင်းရေးလုပ်ချိန်များမှလွဲ၍ အစေခံများက လာရောက်ကြခြင်းမရှိ၍ ထိုနေရာက ခြောက်ကပ်နေဆဲဖြစ်သည်။

    

လူအုပ်ကြီးက သူ့ထံတွင် ပုလိပ်ရောဂါရှိသကဲ့သို့ သူနှင့် ခပ်ခွာခွာနေကြဆဲဖြစ်သည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန့်နေရာကို လှည့်မကြည့်ပဲ မနေနိုင်ဖြစ်နေသည်။

 

" မင်း ဘာတွေကြည့်နေတာလဲ..."


ရွှယ်ယွင်ဟွမ်ကလည်း သူကြည့်နေသည့်နေရာကို လိုက်ကြည့်သည်။ စိတ်ဝင်စားစရာကောင်းသည်ကိုမတွေ့၍  ကျွင်းဟွိုင်လန်ကို ပြန်ကြည့်လိုက်သည့်အခါ မျက်တွင်းများကျနေသည်ကို မြင်လိုက်ရသည်။


" မင်း ညဘက်တွေ အိပ်မပျော်ဘူးလား..."

ရွှယ်ယွင်ဟွမ် မေးလိုက်သည်။


ရွှယ်ယန် ‌ပြောင်းရွှေ့လာသည့်နေ့မှစ၍ ကျွင်းဟွိုင်လန် ကောင်းကောင်းအိပ်မရပေ။ တစ်ညလုံး အိမ်မက်ဆိုးများ ဆက်တိုက်မက်နေခဲ့သော်လည်း မနက်မိုးလင်းလာချိန်တွင် အားလုံးကို မေ့သွားခဲ့သည်။

 

ကျွင်းဟွိုင်လန်က အဘယ့်ကြောင့်အိပ်မပျော်သည်ကို အမှန်တိုင်းမပြောပဲ ပြုံးပြလိုက်သည်။

19.2


" ငါ ဒီရက်တွေမှာ ဖျားနေတာဆိုတော့ အိပ်ရတာ အဆင်မပြေဖြစ်နေတာ..."


ရွှယ်ယွင်ဟွမ် ခေါင်းငြိမ့်ပြလိုက်သည်။ သူက ခေါင်းအစခြေအဆုံး အစေခံများကသာ ကိစ္စအဝဝကို ဆောင်ရွက်ပေးရသည့် မင်းသားဖြစ်သောကြောင့် ဆေးပညာဗဟုသုတမရှိသဖြင့် ရိုးသားစွာ ပြန်ပြောလိုက်သည်။


" ဒါဆိုရင်တော့ အခုရက်ပိုင်း ကောင်းကောင်းနားပေါ့..."


ကျွင်းဟွိုင်လန်က အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်လိုက်သည်။


    ——

    

ရွှယ်ယန်က မနက်စောစောထွက်လာ၍ ဝမ်ဟွားနန်းဆောင်သို့ရောက်ချိန်တွင် အနည်းငယ်မှောင်နေဆဲဖြစ်သည်။


စစ်တပ်ထဲတွင် စစ်သားများနှင့်အတူ နေခဲ့ရစဉ်က အရုဏ်မတက်မီ အမြဲတမ်းအိပ်ရာထရ၍ အလေ့အကျင့်ဖြစ်နေသည်။ နန်းတော်ထဲရောက်လာသော်လည်း ထိုအကျင့်က မပြောင်းလဲသွားပေ။

  

သို့သော်လည်း သူ ဤမျှအထိ စောစောထွက်လာရန်မလိုပေ။ 


သူစောစီးစွာ ထွက်လာရသည့်အကြောင်းရင်းကို ရှင်းပြရန် အနည်းငယ်ခက်ခဲလှသည်။

    

ကျွင်းဟွိုင်လန်က မည်သည့်အချိန်တွင် နေပြန်ကောင်းလာပြီး စာအတူတူပြန်သင်နိုင်တော့မည်ကို မသိ၍ မနက်စောစောထွက်သွားကာ သူနှင့်မတွေ့ရန်ပြုလုပ်နေခြင်းကို ဝန်မခံချင်မိပေ။


သူက ကျွင်းဟွိုင်လန်ကို ရှောင်နေခြင်းသာ။

    

ထိုနေ့က ဦးနှောက်ထဲတွင် ပူထူသွားခဲ့၍ တစ်ဖက်လူ၏စကားများကို သဘောတူမိကာ ကိုယ့်သဘောနှင့်ကိုယ် ကတိများပေးခဲ့မိသည်။ သူ့အခန်းသို့ပြန်ရောက်လာပြီး နိုးလာသည့်အခါတွင် ၎င်းကို အလွန်ရယ်ရသည့်ကိစ္စဟု ထင်လိုက်မိသည်။


သူက ဤနေရာတွင် အံဝင်ခွင်ကျဖြစ်အောင် နေနိုင်မည့်သူမဟုတ်ဟု တွေးနေမိသည်။

 

သူက စက်ဆုပ်စရာကောင်း၍ ကံဆိုးမှုများကို ယူဆောင်လာတတ်သူဖြစ်သည်ကို မည်သည့်အခါကမှ မငြင်းဆိုခဲ့ပေ။


မည်သို့ပင်ဖြစ်စေ သူက လူတစ်ဦးတစ်ယောက်ထံတွင်လည်း အကြွေးတင်နေသူမဟုတ်၍ အခြားလူများဆီမှလည်း တစ်စုံတစ်ရာကို တောင်းဆိုခဲ့ဖူးသည့်လူ မဟုတ်ပေ။ သူက ဝန်ထုပ်ဝန်ပိုးမရှိသော နတ်ဆိုးကြယ်ဖြစ်သည်။


ထို့ပြင် မည်သည့်အရာမှ မပိုင်ဆိုင်ကြသည့်လူများမှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။


သို့သော် ယခုအခါတွင်မူ တစ်စုံတစ်ယောက်က လက်ဦးမှုယူပြီး သူ့အပေါ် ကောင်းပေးနေခဲ့သည်။ သူ့စိတ်ထဲတွင် အနည်းငယ် ဗလာကျင်းသွားမိသည်။


အဘယ့်ကြောင့်ဆိုသော် ကံကြမ္မာကြောင့် တစ်ယောက်တည်း အထီးကျန်စွာနေရမည့်သူများအတွက် နွေးထွေးမှုဟူသည့်အရာက မသင့်လျော်သကဲ့သို့ လိုအပ်ခြင်းလည်း မရှိပေ။ သူက အမြဲတစ်ယောက်တည်းနေခဲ့ရသူဖြစ်၍ အသားကျနေပြီဟုလည်း ဆိုနိုင်သည်။

    

သို့ဖြစ်၍ ထိုရက်အနည်းငယ်အတွင်းတွင် ပထမဦးဆုံးအနေဖြင့် အနည်းငယ်ဒွိဟဖြစ်သွားခဲ့၍ တစ်ဖက်လူကို ရှောင်နေခဲ့ပြီး သူ့ကိုမည်သူမျှ ဂရုမစိုက်သည့် သက်တောင့်သက်ရာဘဝလေးထဲတွင်သာ ပြန်နေခဲ့သည်။


သို့ရာတွင် ကျင်းပေါင်က သူတွေးတောနေသည်များကို မသိပေ။ သူက ‌ရွှယ်ယန့်နောက်မှ လိုက်လာခဲ့ပြီး ‌ အလွန်အိပ်ငိုက်နေလွန်း၍ ခြေနှစ်လှမ်း လှမ်းပြီးတိုင်း သမ်းဝေနေခဲ့သည်။

    

သူတို့နှစ်ယောက် ဝမ်ဟွားနန်းဆောင်သို့သွားရာလမ်းအတိုင်း လျှောက်လာချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်။


" ဟေး ဟိုနားကအစေခံ... ဒီကိုလာခဲ့ဦး..."

    

ရွှယ်ယန်မော့ကြည့်လိုက်သည့်အခါ ဝမ်ဟွားခန်းမဆောင်၏ရှေ့မှ ကြာကန်တွင် ထိုင်နေကြသည့် လူအနည်းငယ်ကို တွေ့လိုက်ရသည်။ ၎င်းတို့က မင်းသား၂ ၊ ကျွင်းအန်းကျယ်နှင့် မင်းသား၄တို့ဖြစ်သည်။

    

လှမ်းခေါ်လိုက်သူက မင်းသား၂ဖြစ်သည်။ သူက ထိုနေရာတွင်ရပ်နေပြီး ရွှယ်ယန်တို့ဘက်ကို မျက်နှာမူထားသည်။ သို့သော် သူက ရွှယ်ယန်ကို လှမ်းစကားပြောနေခြင်းမဟုတ်ပဲ ကျင်းပေါင်ကို ခေါ်လိုက်ခြင်းဖြစ်သည်။


ရွှယ်ယန်၏ မျက်လုံးများက စူးရှ၍ ထိုနေရာတွင် မင်းသား၂ထိုင်နေသည်ကို သူမြင်သည်။ သူ့ပုံစံက ရန်လိုနေသော်လည်း ရွှယ်ယန်၏မျက်စိကို‌ပင် စေ့စေ့မကြည့်ရဲပေ။

    

ဘယ်လို တုံးအတဲ့နည်းလမ်းတွေကိုသုံးပြီး ပြဿနာရှာဦးမှာလဲ...


ရွှယ်ယန်က ထိုအမှိုက်ကောင်ကို စိတ်ထဲတွင်သာ လှောင်ပြောင်လိုက်ကာ သူ့ဘေးမှ ကျင်းပေါင်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။


" မင်းကို ခေါ်နေတယ်..."


ရွှယ်ယန့်အသံကို ကြားလိုက်သည့်အခါမှ ကျင်းပေါင်က ပခုံးဆတ်ခနဲတွန့်ကာ လန့်နိုးလာသကဲ့သို့ဖြစ်သွားသည်။ ရွှယ်ယန်က သူ့ကို အမိန့်ပေးမည်ဟု ထင်လိုက်သော်လည်း သူက ကြာကန်ဘက်သို့ မေးငေါ့ပြနေသည်။


ကျင်းပေါင် ကြည့်လိုက်သည့်အချိန်မှာပင် ထိုနေရာမှ ခပ်ကျယ်ကျယ်အော်သံတစ်ခု ကြားလိုက်ရသည်။ 


" နန်းတော်ထဲက ဘယ်အစေခံကများ ဒီလို နှေးတိနှေးတုံ့လုပ်နေရဲလို့လဲ... ဒီမင်းသားက မင်းကိုခေါ်နေတာမကြားဘူးလား..."


ကျင်းပေါင် အလွန်ကြောက်လန့်သွား၍ တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်နေပြီး ရွှယ်ယန့်ကို အကူအညီတောင်းဟန်ဖြင့် လှမ်းကြည့်လိုက်သည်။


နန်းတော်အတွင်းမှ သခင်များအားလုံးကို သူ မလေးမစားမဆက်ဆံရဲပေ။ သူတို့ကို ကောင်းကောင်း မခစားပါက ခေါင်းပြတ်သွားမည်သာဖြစ်သည်။

    

မနက်ခင်းနေရောင်ဖျော့ဖျော့အောက်တွင် ရွှယ်ယန်၏ မျက်လုံးများက မင်းသား၂အပေါ်တွင်သာ ရှိနေသည်။  သူက အေးစက်စက်ပုံစံဖြင့် နှုတ်ခမ်းအနည်းငယ်တွန့်လိုက်ပြီး လှောင်ပြောင်အထင်သေးစွာ ပြုံးလိုက်သည်။


" သူ ဘာလုပ်မယ်ဆိုတာ သွားကြည့်လိုက်စမ်း..."


ကျင်းပေါင်၏ စိတ်ထဲတွင် ကူကယ်ရာမဲ့သွားမိသည်။ သူ့သခင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် မကာကွယ်နိုင်သည့်လူတစ်ယောက်ပင်ဖြစ်သည်ကို သူမေ့သွားမိသည်။

    

ကျင်းပေါင် တုန်တုန်ယင်ယင်ဖြင့်ပင် လျှောက်သွားလိုက်သည်။


ရွှယ်ယန်က မည်သို့မျှ မတုံ့ပြန်သည့်အခါ မင်းသား၂ စိတ်အေးသွားသည်။

    

ဤနန်းတွင်းထဲတွင်ရွှယ်ယန်က သူ့ခမည်းတော်ဖြစ်သည့် ဧကရာဇ်မှ မကြိုဆိုချင်ဆုံးလူဖြစ်၍ မင်းသား၂က သူ့ကိုယ်သူ လုံခြုံသည်ဟု ခံစားလိုက်မိသည်။ ရွှယ်ယန်က သူ့ကိုမည်မျှ ကိုယ်ထိလက်ရောက်စော်ကားပါစေ နောက်ဆုံးအကျိုးဆက်ကို ခံစားရမည့်သူက ရွှယ်ယန်သာဖြစ်သည်။

    

 သို့သော် သူ၏ အရောင်ဖျော့ဖျော့မျက်လုံးများက ဝံပုလွေတစ်ကောင်နှင့်တူသည်။ သူက ဘာမှမပိုင်ဆိုင်ထားသည့် သနားစရာလူတစ်ယောက်ဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်သည့်စွမ်းအင်များရှိနေ၍ သူ့ကို မြင်တွေ့လိုက်ချိန်တိုင်း ကြောက်လန့်သည့်စိတ်များဖြစ်ပေါ်လာစေသည်။

    

သို့ဖြစ်၍ ရွှယ်ယွင်စုက ဤတစ်ကြိမ်တွင် ရွှယ်ယန်က ဘာမှမဟုတ်သည့်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သူကိုယ်တိုင်ကလည်း ရွှယ်ယန့်ကိုမကြောက်ရွံ့ကြောင်း သက်သေပြရန် အခွင့်အရေးကို ရှာတွေ့လိုက်သည်။


  နတ်ဆိုးကဲ့သို့‌ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည့် မိန်းမတစ်ယောက်က အအေးနန်းဆောင်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးသည့်နောက်တွင် ရွှယ်ယန့်ကိုမွေးဖွားပြီးနောက် သေဆုံးခဲ့ရသည်။

ဒီရွှယ်ယန်ဆိုတဲ့ကောင်က အခုတော့ ရက်စက်သလို ဘာလိုနဲ့ အနှေးနဲ့အမြန်တော့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး...


သူက ထိုနေရာတွင်ပင်ရပ်နေပြီး ရွှယ်ယန်၏ဘေးမှ အစေခံ သူ့ဆီလာနေသည်ကို မောက်မာစွာကြည့်နေသည်။

    

မင်းသား၂ လှမ်းခေါ်လိုက်၍ ကျင်းပေါင်က ခြေလှမ်းခပ်စိတ်စိတ်လှမ်းလာသည်။ မင်းသား၂နှင့် ခြေသုံးလှမ်းအကွာခန့်ရောက်၍ ဒူးထောက်ပြီး ဂါရဝပြုဆော့မည့်အချိန်တွင် မင်းသား၂က လက်မြှောက်လိုက်သည်ကို သူမြင်လိုက်ပြီး သူ့ကျောက်စိမ်းလည်ဆွဲကို ရေကန်ထဲ လွှင့်ပစ်လိုက်သည်ကို မြင်လိုက်ရသည်။


ယခုအခါတွင် နှင်းအနည်းငယ်သာကျနေသေးသော်လည်း ဆောင်းရာသီအချိန်ဖြစ်၍ ရေကန်ထဲတွင် ‌ပါးလွှာသည့် ရေခဲလွှာတစ်လွှာရှိနေသည်။ ကျောက်စိမ်းလည်ဆွဲက ရေကန်၏အောက်ခြေသို့ ကျသွားခဲ့သည်။


ကျင်းပေါင် အသိစိတ်ပြန်မဝင်မီမှာပင် ရွှယ်ယွင်စုက ရှေ့သို့ခြေနှစ်လှမ်းတိုးလာပြီး အားအပြည့်ဖြင့် သူ့ကိုတစ်ချက်ကန်ပစ်လိုက်သည်။

    

" ခွေးလိုကျွန်... မင်းဘာလို့ ငါ့လည်ဆွဲကို ရေကန်ထဲ ပစ်ချတာလဲ..."


ကျင်းပေါင် မြေပြင်ပေါ်လဲကျသွားပြီး အံ့ဩလွန်း၍ ဘာပြောရမည် မသိတော့ပေ။


မင်းသား၂ က သူ့ဘာသာသူပစ်ချလိုက်တာ ဒီလောက်သိသာနေတာကို...


Xxxxxxxxxx