Chapter 20
သို့ရာတွင် မင်းသား၂က သူ့ရှေ့တွင် ခက်ထန်စွာရပ်နေသည်မှာ သူငယ်စဉ်ကလေးဘဝက ကြားဖူးခဲ့သည့် လူသားစား တစ္ဆေတစ်ယောက်နှင့် တူနေသည်။ ထို့နောက် သူက ရက်စက်စွာဖြင့် အမိန့်ပေးလိုက်သည်။
" ဒီမင်းသားအတွက် ကျောက်စိမ်းဆွဲသီးကို ပြန်ယူပေးစမ်း..."
သူက လက်စားချေချင်နေသည်ကို ကျင်းပေါင်သိသည်။ ဆောင်ဦးလယ်ပွဲတော်စားသောက်ပွဲအချိန်တွင်းက ရွှယ်ယန်ကသူ့ကို ထိုက်ယဲ့ရေကန်ထဲ နှစ်ခဲ့သည်။ သူက ရွှယ်ယန်ကိုမထိရဲ၍ သူ့အစေခံကို အခွင့်ကောင်းယူနေခြင်းဖြစ်သည်။
သူ့အနောက်တွင်ထိုင်နေသည့် ကျွင်းအန်းကျယ်က ရယ်နေသည်။ ကျောက်တုံးစားပွဲတွင်ထိုင်နေသည့် မင်းသား၄က သူ့ကို တည်ငြိမ်စွာကြည့်နေပြီး အပြုံးမမည်သော အပြုံးတစ်မျိုးဖြင့် ပြုံးပြနေသည်။
ကျင်းပေါင်က တုန်ယင်စွာဖြင့် ဒူးထောက်ချလိုက်သည်။
" အရှင့်သား... ဒီအစေခံက ရေမကူးတတ်ပါဘူး..."
ရွှယ်ယွင်စုက ပြောလိုက်သည်။
" ဒီမင်းသား အမိန့်ပေးတာကို မကြားဘူးလား... အဲ့ဒီ ကျောက်စိမ်းဆွဲသီးကို ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတာ... သခင်က ပျောက်သွားတယ်ဆိုရင် မင်းကိုယ်တိုင်ရှာပေးရမှာ မဟုတ်ဘူးလား... မင်းရဲ့ ခွေးလိုအသက်က ဒီဆွဲသီးထက် တန်ဖိုးကြီးတယ်များထင်နေလား..."
ဤနှစ်ခုကို မည်သို့မှ နှိုင်းယှဉ်၍ မရသော်လည်း ကျင်းပေါင်က ကြောက်လန့်နေသည်။
ကျင်းပေါင်က နောက်လှည့်ပြီး ရွှယ်ယန်ကို အကူအညီတောင်းချင်သော်လည်း အစောင့်နှစ်ယောက်က သူ့ကိုလာချုပ်ထားလိုက်သည်။ ရွှယ်ယွင်စုက အေးစက်စက် ပြုံးပြလိုက်ပြီး လက်ပြလိုက်သည့်အခါ အစောင့်နှစ်ယောက်က ကျင်းပေါင်ကို ကြာကန်အနားသို့ ဆွဲခေါ်သွားသည်။
ကြာကန်က ဆယ်ပေအနက်ရှိပြီး အောက်ခြေတွင်လည်း နုန်းမြေများရှိသည်။ နွေရာသီအချိန်ဖြစ်နေလျှင်ပင် ထိုနေရာသို့ ပြုတ်ကျသွားပါက ကျင်းပေါင် အသက်သေဆုံးနိုင်သည်ဖြစ်ရာ ဆောင်းရာသီတွင်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။
ကျင်းပေါင် အလွန်ကြောက်လန့်လာ၍ မျက်ရည်များစီးကျလာပြီး ရွှယ်ယွင်စုကို အသနားခံပေးရန် တောင်းပန်နေသည်။
သူက ရွှယ်ယန့်ကို စိတ်ထဲတွင်ထည့်မနေတော့ပေ။ သူ့သခင်က မည်မျှ အသည်းမာကြောင်းကို သဘောပေါက်သည့်အပြင် ရွှယ်ယန်၏ ဒဏ်ရာများက ယခုမှ ပြန်ကောင်းလာဆဲသာရှိသေးသည်။
သူက အစေခံတစ်ယောက်အတွက်နဲ့ မင်းသား၂ကို ဘယ်တော့မှ တိုက်ခိုက်မှာမဟုတ်ဘူး...
ရွှယ်ယွင်စုက သူ၏အော်ဟစ်တောင်းပန်နေသံများကို နားထောင်ပြီးနောက် သူ့မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အပြုံးတစ်ခု ဖြစ်တည်လာသည်။
" ဒီနေ့ ငါ့ရဲ့ ဆွဲသီးက ပြန်မယူလာပေးနိုင်ရင် မင်း ပြန်တက်လာလို့မရဘူး သဘောပေါက်လား... "
ရေကန်နားတွင် လေအေးတစ်ချက်ဝှေ့သွားသည်။ ကျင်းပေါင်က အောက်ခြေကိုပင် မမြင်ရသည့် မည်းမှောင်နေသောရေကန်ကြီးကိုငုံ့ကြည့်လိုက်ပြီးနောက် ကန်၏အစွန်းတွင် ရုန်းကန်နေသည်။
ငြင်းမိရင်လည်း ချက်ချင်းခေါင်းဖြတ်ခံရတော့မှာ ကန်ထဲဆင်းလိုက်ရင်လည်း သေသွားနိုင်တယ်...
အစောင့်နှစ်ယောက်က သူ့ကို ခပ်တင်းတင်းဖိထားပြီး မရုန်းနိုင်အောင်လုပ်လိုက်သည်။ ခက်ခက်ခဲခဲဖြင့် ခေါင်းကိုနောက်လှည့်ကာ တောင်းပန်လိုက်သော်လည်း ရွှယ်ယန်က ဘေးနားတွင် ရပ်နေသည်ကိုသာ မြင်လိုက်ရသည်။
ရွှယ်ယန်၏အကြည့်များက ဘေးတစ်နေရာကိုသာကြည့်နေပြီး အလွန်တည်ငြိမ်နေကာ သူ့ကိုပင် လှမ်းမကြည့်နေပေ။
ကျင်းပေါင်က အရာအားလုံးပြီးဆုံးသွားပြီဟု တွေးနေမိသည်။
ထိုအချိန်တွင် ရွှယ်ယွင်စုက သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
" မင်း ကြောက်နေတာလား... မင်းက ခွေးတစ်ကောင်သာသာပဲကို ဘာများတန်ဖိုးရှိလို့လဲ..."
သူက လူယုတ်မာကဲ့သို့ ပြုံးလိုက်သည်။
ထို့နောက် မင်းသား၂က ရွှယ်ယန်ကို လှမ်းကြည့်လိုက်ပြီး ရန်စသကဲ့သို့ပြုံးလိုက်ကာ ကျင်းပေါင်၏ခေါင်းကိုကိုင်ကာ ရေထဲနှစ်လိုက်သည်။
ရွှယ်ယန်က သူ့ခေါင်းကို ရေထဲနှစ်လိုက်သည့် နေ့ကကဲ့သို့ဖြစ်သည်။
ကျင်းပေါင် ရေမွန်းသွားပြီး အသက်ရှုကျပ်၍ အေးစက်သည့် ခံစားချက်ကြက လွှမ်းခြုံလာ၍ ရုန်းကန်နေရသည်။ ရွှယ်ယွင်စုက ရွှယ်ယန့်နီးနီးအားမရှိ၍ ကျင်းပေါင်က ရံဖန်ရံခါတွင် အသက်ရှုချိန်ရသော်လည်း ခဏအကြာတွင် ရေထဲပြန်နှစ်ခံရပြန်သည်။
ကျင်းပေါင်၏စိတ်ထဲတွင် တွေးနေမိသည်။
ငါတော့ ဒီနေရာမှာပဲ အဆုံးသတ်တော့မယ်ထင်တယ်... မင်းသား၂က နန်းတွင်းရဲ့သခင်ဆိုတော့ အစေခံတစ်ယောက်ကို ရေနစ်သတ်လိုက်တဲ့ကိစ္စက သူ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလိုပဲဖြစ်နေမှာ... ငါက မင်းသား၅ကြောင့် သေသွားမှာဆိုတော့ ငါ့မိသားစုဝင်တွေကို အသက်ချမ်းသာပေးဖို့ပဲ မျှော်လင့်ရတာပဲ...
ထိုအချိန်တွင် ကျင်းပေါင်က ရေထဲမှတစ်ဆင့် ရွှယ်ယန်၏အသံကို ဝိုးတဝါးကြားလိုက်ရသည်။
" သူ့ကိုလွှတ်လိုက်..."
သူ မသေခင် ထင်ယောင်ထင်မှားဖြစ်နေတာများလား...
ထို့နောက်တွင် ကျင်းပေါင်၏ခေါင်းကိုဖိထားသည့်လက်ကိုလွှတ်လိုက်သည်ကို ခံစားမိသွားသည်။ ခေါင်းထောင်ကြည့်လိုက်သည့်အခါ ရွှယ်ယန်က ဂရုမစိုက်သည့်မျက်နှာဘေးဖြင့် မနက်ခင်းနေရောင်ဖျော့ဖျော့အောက်တွင် ရပ်နေပြီး သူ့ဝတ်ရုံကို တဖြည်းဖြည်းချွတ်နေသည်ကို မြင်လိုက်ရသည်။
အစောင့်နှစ်ယောက်က ကျင်းပေါင်ကို ချုပ်ထားဆဲဖြစ်သည်။
ထို့နောက် ရွှယ်ယန်က ရွှယ်ယွင်စုကို လှမ်းကြည့်နေသည်ကို ကျင်းပေါင် မြင်လိုက်ရသည်။
" ငါပြောတာ မကြားဘူးလား... သူ့ကိုလွှတ်လိုက် ငါရှာမယ်..."
ရွှယ်ယန်က ရေကန်အစွန်းထိလျှောက်သွားကာ အမူအရာတစ်ချက်မပျက်ပဲ ရေထဲသို့ခုန်ချသွားသည်ကို ရွှယ်ယွင်စုက အပြုံးတစ်ဝက်ဖြင့်ဘေးတွင်ရပ်ကြည့်နေသည်။ ကန်ရေပြင်ကပင် ငြိမ်သက်သွားပြီဖြစ်သည်။
ရွှယ်ယွင်စု၏ ရင်ထဲတွင် ပျော်ပြ၍ မရနိုင်သည့် သာယာမှုတစ်မျိုးကို ခံစားမိနေသည်။
ဤသို့ဖြစ်မည်ဟု သူမျှော်လင့်ထားပြီးဖြစ်သည်။ ရွှယ်ယန်က သူ့လက်အောက်မှ အမှိုက်တစ်ခုသာဖြစ်သည်။
ယနေ့တွင်လည်း သူက ရွှယ်ယန်ကို ပညာပြရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
ဤမျှနက်သည့် ကန်ရေထဲမှ ကျောက်စိမ်းဆွဲသီးကို ရွှယ်ယန်ရှာတွေ့နိုင်မည်ဟု သူ မထင်ပေ။
အကယ်၍ ရွှယ်ယန်က ဘာမှမလုပ်ပဲနေပါက သူ့ကိုပါးရိုက်ပစ်ရန် ကြံစည်ထားခြင်းဖြစ်သည်။ အစေခံက သူ့မျက်စိရှေ့တွင် ရေနစ်နေသော်လည်း သူက ဘာမှလုပ်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ဤသို့လုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
နန်းတော်ထဲမှ ဘယ်သူက သူ့ကို ပြောရဲမှာလဲ... တကယ်လို့ ရွှယ်ယန်က သူ့ကို တစ်ခုခုလုပ်ရဲမယ်ဆိုရင်လည်း ခမည်းတော်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပဲ... ဒီတစ်ခါထပ်ရိုက်ခံရရင်တော့ သေဖို့ပဲ ကျန်တော့တယ်...
ရွှယ်ယွင်စု၏စိတ်ထဲတွင် ကျေနပ်အားရနေမိသည်။ သူ့စိတ်ထဲတွင် ရွှယ်ယန်က သူနင်းချေပစ်ရမည့် အမှိုက်တစ်ခုထက် မပိုပေ။
20.2
သူ့ဘေးမှ ကျင်းပေါင်က အံ့အားသင့်နေသည်။ စိတ်နှင့်လူ ပြန်ကပ်သွားချိန်တွင် မျက်ရည်များစီးကျလာပြီး ရေကန်ဘေးနားတွင်ထိုင်ကာ ရေကန်တွင်းကို ကြည့်နေသည်။
သူက ကိုယ့်အသက်ကိုယ်မပိုင်တဲ့ အစေခံပဲကို သူ့ကြောင့် သူ့သခင် ဒုက္ခရောက်ရပြီ...
ရေကန်မျက်နှာပြင်ပေါ်မှ အက်ကွဲနေသည့်ရေခဲပြင်ကိုကြည့်ကာ သူ့အမြင်အာရုံများ ဝေဝါးလာသည်။ ရံဖန်ရံခါတွင် ရေကန်မျက်နှာပြင်ပေါ်သို့ ပူစီဖောင်းများတက်လာ၍ ရေကန်ထဲရှိလူက လှုပ်ရှားနေကြောင်း ပြသနေသည်။
ဘယ်လိုလုပ်ရမလဲ...
ကျင်းပေါင်၏မျက်နှာတစ်ပြင်လုံး မျက်ရည်များဖြင့် ပြည့်လာသည်။
ထိုအချိန်တွင် မနီးမဝေးမှ ထွက်ပေါ်လာသည့်ခြေသံများကို ကြားလိုက်ရသည်။ တစ်ယောက်ယောက်လာနေသည်ကို ကျင်းပေါင် ကြားလိုက်ရသည့်အခါ အမြန် ခေါင်းမော့ကြည့်လိုက်သည်။ ၎င်းက နန်းတွင်းအစေခံများ ဝန်းရံနေသည့် တော်ဝင်မျိုးနွယ်နှစ်ယောက်ပင်ဖြစ်သည်။
၎င်းတို့ထဲမှတစ်ယောက်က မီးခိုးပြာရောင်ဝတ်ရုံနှင့်အတူ အနီရင့်ရောင်သားမွေးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အဝေးတွင် ရှိနေသော်လည်း နတ်သားလေးကဲ့သို့သွင်ပြင်မျိုးကို ကျင်းပေါင်တစ်ချင်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
သူပဲ... ကိုယ်လုပ်တော်ရှု့ရဲ့ နန်းဆောင်က နတ်ဘုရားလိုစိတ်ထားရှိတဲ့ မင်းသားလေး...
ကျင်းပေါင်က ရွှယ်ယန်၏အသက်ကို ကယ်တင်ပြီး ကျေးဇူးပြန်ဆပ်ချင်နေသည်။ မည်သူမျှ သူ့ကို သတိမထားမိချိန်တွင် အားကုန်သုံး၍ အမြန်ပြေးသွားပြီး သူ့ရှေ့မှလူရှေ့ရောက်သောအခါ ဒူးထောက်လိုက်သည်။
" အရှင့်သား ဒီကို ရောက်လာပြီပဲ... မင်းသား ၅ကို ကယ်တင်ပေးပါဦး သူရေနစ်ပါတော့မယ်..."
ကျင်းပေါင်ငိုယိုနေလျက် ပြောလိုက်သည်။
[ T/N - ကျွင်းဟွိုင်လန်ကို အားလုံးက မင်းသား၊ ဆက်ခံသူ၊ သခင်လေး ၊ အရှင့်သား အဲ့လိုမျိုး သုံးနှုန်းကြပါတယ် ... ဒါပေမဲ့ သခင်လေးလို့ ခေါ်ကြတာများပါတယ် တစ်ခါတစ်ရံ မင်းသားလို့ခေါ်လို့ ရွှယ်မင်းသားတွေနဲ့ ရောသွားမှာစိုးလို့ပါ ]
——
ကျွင်းဟွိုင်လန်က ဝမ်ဟွားခန်းမဆောင်ဆီသို့ လျှောက်လာပြီး ရွှယ်ယွင်ဟွမ်၏ စကားများကို နားထောင်နေစဉ်တွင် ပြဿနာတက်နေပုံရသည့် လူတစ်ယောက်က အမြန်ပြေးထွက်လာကာ သူ့ရှေ့တွင် ဒူးထောက်ဦးညွတ်လိုက်ပြီး အသက်ကို ကယ်တင်ပေးရန် တောင်းဆိုနေသည်။
ကျွင်းဟွိုင်လန် သတိထားကြည့်လိုက်သည့်အခါမှသာ ထိူက ကျင်းပေါင်ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့အဝတ်အစားနှင့်ဆံပင်မျက ဖရိုဖရဲဖြစ်နေပြီး ခေါင်းနဲ့ကြမ်းပြင်ကိုအဆင်မပြတ်တိုက်ကာ သူ့ကိုတောင်းပန်နေသည်။
" ဘာဖြစ်တာလဲ..."
ကျွင်းဟွိုင်လန် ဖုရိကို တစ်ချက်ကြည့်လိုက်သည့်အခါ သူက ရှေ့တိုးသွားပြီး ကျင်းပေါင်ကို ထူပေးရန် ပြင်လိုက်သည်။
ကျင်းပေါင်က မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး လုံးဝမလှုပ်ပေ။
" အရှင့်သား... မင်းသား၅ကို ကယ်ပေးပါဦး... ဒီအစေခံကိုကယ်ဖို့အတွက်နဲ့ မင်းသား၅က ကြာကန်ထဲ ခုန်ချသွားပါတယ်... မြန်မြန်ကယ်ပေးပါ..."
ကျင်းပေါင်က ငိုကြွေးလျက်နှင့်ပြောနေ၍ ကျွင်းဟွိုင်လန်က သူပြောသည်များကို ပီပီသသ မကြားရပေ။
ရွှယ်ယန်က ကြာကန်ထဲခုန်ချသွားတယ်... ဘာကြောင့်လဲ...
ယခုချိန်က ဆောင်းရာသီအစပိုင်းသာရှိသေးသော်လည်း ရေကန်က ရေခဲစပြုနေပြီဖြစ်၍ ပြုတ်ကျသွားပါက အရိုးထဲစိမ့်နေအောင်ပင် အေးနိုင်သည်။ ကျွင်းဟွိုင်လန်က သူပြောသည်များကိုကြားပြီးနောက် အနောက်တွင်ရပ်နေသည့် မင့်လွမ်နန်းဆောင်မှလူများကို ကြာကန်ထဲမှလူကို ကယ်တင်ရန် အမိန့်ပေးလိုက်သည်။
ထိုအမိန့်ပေးလိုက်စဉ်တွင် သူ့ရင်ထဲ၌ ကမောက်ကမဖြစ်သွားသည်။
ငါ တော်တော် ကြင်နာနေတာပဲ... ဘာလို့ သူ့ကို ရေနစ်အောင်မထားလိုက်တာလဲ... သူ ဒီနေ့သေသွားရင် အနာဂတ်အတွက် စိုးရိမ်နေစရာ မလိုတော့ဘူးလေ...
သူ့စိတ်ထဲတွင်သာ တွေးနေလိုက်သည်။
သူ့စိတ်ထဲ မပျော်မရွှင်ဖြစ်သွားမိသော်လည်း ကိုယ့်ကိုကိုယ် ဖျောင်းဖျလိုက်ရသည်။
ပထမဆုံး ကျွင်းမိသားစုကို ပျက်စီးစေခဲ့တာ ရွှယ်ယန်တစ်ယောက်တည်းကြောင့်မဟုတ်ပဲ နောက်ကွယ်က တခြားအကြောင်းတွေလည်း ပါသေးတယ် ရွှယ်ယန်က ဓားရဲ့ အလင်းဘက်ခြမ်းလို့ ပြောနိုင်တယ်... ဒုတိယအနေနဲ့ ရွှယ်ယန်က အရမ်း အသက်ပြင်းတဲ့လူ... ကြာကန်လေးတစ်ကန်လောက်ကတော့ နတ်ဆိကြယ်ကို သတ်နိုင်မှာမဟုတ်ဘူး...
ကျွင်းဟွိုင်လန် ထိုသို့တွေးလိုက်ပြီးနောက် ရှေ့သို့အမြန်လှမ်းလိုက်ပြီး အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ သူ့နောက်မှ ရွှယ်ယွင်ဟွမ်က လိုက်လာပြီး ရွှယ်ယန်၏ နတ်ဆိုးဝိညာဉ်ကို သွားမထိရန် သတိပေးလိုက်သည်။
နန်းဆောင်မှ လူအချို့က စုစည်းလာပြီး ရေကန်ထဲ ခုန်ချတော့မည့်အချိန်မှာပင် ငြိမ်သက်နေသော ကနခရေပြင်က လှုပ်ရှားလာ၍ ကယ်တင်ရန် ပြင်နေသူများအားလုံး လန့်သွားသည်။
ရွှယ်ယန်က ရေကန်တဲတွင် လွယ်လွယ်ကူကူနှင့်ပင် ကူးခတ်နေပြီး အစောပိုင်းကလည်း ရေနစ်သွားသည့်ပုံမဟုတ်ပေ။ မြေပြင်ကို လက်တစ်ဖက်ဖြင့်ထောက်ကာ အားပြု၍ တက်လာပြီး ကန်ဘောင်ပေါ် ခုန်တက်ကာ ရေစိုနေသောဆံပင်များကို လက်တစ်ဖက်ဖြင့် သပ်လိုက်သည်။
သူက အိမ်ရှေ့စံမင်းသား မဖြစ်ခဲ့သော်လည်း သေလုနီးပါးဆွဲဆောင်မှုရှိသည့် ယောက်ျားတစ်ယောက်ဖြစ်သည်။
ထို့နောက် လက်တစ်ဖက်မြှောက်၍ ပစ္စည်းအသေးလေးတစ်ခုကို ရွှယ်ယွင်စုဆီသို့ ပစ်ပေးလိုက်သည်။ ရွှယ်ယွင်စု အမှတ်တမဲ့ဖြင့် ကောက်ယူလိုက်သည့်အခါ ၎င်းက ကျောက်စိမ်းဆွဲသီးဖြစ်နေသည်။
မြန်လိုက်တာ... အဲ့လောက်မြန်မြန် ရှာတွေ့ခဲ့တာလား...
ရွှယ်ယွင်စုက မှင်သက်ငေးငိုင်နေဆဲဖြစ်သည်။ ရွှယ်ယန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ အနားတွင်စုဝေးနေသည့် နန်းတွင်းအစေခံများကိုမြင်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
" ဘာဖြစ်တာလဲ..."
ထို့နောက် သူ ကျွင်းဟွိုင်လန်ကို မြင်လိုက်သည်။
ကျွင်းဟွိုင်လန်လည်း အံ့အားသင့်နေသည်။
ရွှယ်ယန်က ကြာကန်ထဲပြုတ်ကျပြီး ရေနစ်သွားတာမဟုတ်ဘူးလား... သူ့ကို ကြည့်ရတာ ရေနစ်တဲ့ပုံလည်း မဟုတ်ပါဘူး... အေးအေးဆေးဆေး ရေငုပ်ပြီး ပြန်တက်လာတဲ့သူလိုပဲ...
သူ ကျင်းပေါင်ကို သံသယမကင်းစွာဖြင့် လှည့်ကြည့်လိုက်သော်လည်း ကျင်းပေါင်က သူ့သခင်ပြန်ရောက်လာ၍ ရွှယ်ယန့်ကိုဖက်ကာ ဝမ်းသာအားရ အော်ငိုနေသည်။
သို့ရာတွင် သတိပေးချက်များဖြင့်ပြည့်နေသည့် ရွှယ်ယန်၏ အေးစက်စက် ပယင်းရောင်မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံချိန်တွင် လန့်သွားပြီး ရှက်ရှက်ဖြင့် ရွှယ်ယန်နှင့် ခြေသုံးလှမ်းအကွာတွင် သွားရပ်နေသည်။
" ဘယ်လိုဖြစ်ရတာလဲ..."
ကျွင်းဟွိုင်လန်မေးလိုက်သည်။
ရွှယ်ယန်က ထိုကိစ္စမျိုးကို မရှင်းပြတတ်သူဖြစ်၍ ကျင်းပေါင်ကသာ ရှေ့တိုးလာပြီး ကျွင်းဟွိုင်လန်ကို လျှောက်တင်လိုက်သည်။
" မင်းသား၂ရဲ့ ကျောက်စိမ်းဆွဲသီးလေး ပြုတ်ကျသွားလို့ ကျွန်တော်မျိုးကို ကောက်ခိုင်းတာပါ... အဲ့ဒါ ဒီအစေခံက ရေမကူးတတ်လို့... မင်းသား၅က ကျွန်တော်မျိုးအစား ရေကန်ထဲဆင်းပြီး ကောက်ပေးတာပါ..."
ထိုအခါမှသာ ကျင်းပေါင်၏မျက်နှာတွင် မျက်ရည်အပြင် ရေများစိုရွှဲနေသည်ကို ကျွင်းဟွိုင်လန် သတိပြုမိသွားသည်။ ဆံပင်များလည်း စိုရွှဲနေ၍ သူ့ကို အတင်းအကျပ် ရေကန်ထဲ ဆင်းခိုင်းခဲ့ကြောင်း သိသာလှသည်။
Xxxxxxxxxx