အပိုင်း ၂၁
Viewers 15k

Chapter 21


ဆောင်းဦးလယ်ပွဲတော်စားသောက်ပွဲတွင် ရွှယ်ယန်က ရွှယ်ယွင်စုကို ထိုက်ယဲ့ရေကန်တွင် ရေနှစ်ခဲ့သည်ကို ကျွင်းဟွိုင်လန်က ‌အမှတ်ရသွားသည်။ သို့ရာတွင် ရွှယ်ယန်က သူ့ကိုခြောက်လှန့်ရုံသာဖြစ်ပြီး ခဏအကြာတွင် လွှတ်ပေးခဲ့သည်။ ယခုအခါတွင် ရွှယ်ယွင်စုက ထိုကိစ္စကို လက်စားချေချင်သော်လည်း ရွှယ်ယန့်ကို မထိရဲသောကြောင့် သူ့ဘေးမှ မိန်းမစိုးလေးကိုသာ ရေနှစ်လိုက်ခြင်းဖြစ်မည်။


ထို့နောက် ရွှယ်ယန်က မိန်းမစိုးလေးကို ကယ်တင်ရန် ကြိုးစားသည်မှာ ထင်ရှားလှသည်။

    

ကျင်းဟွိုင်လန်က ကျောက်စိမ်းမြှားကျိုးသွားသည့်နေ့ကို တွေးမိသွားသည်။ ထိုနေ့ကလည်း ကျင်းပေါင် ပြဿနာရှာခံရခြင်းဖြစ်သည်။


တွေးကြည့်လိုက်သည့်အခါ သူ့ဘေးနားတွင် ရှိနေခဲ့သူက ကျင်းပေါင်တစ်ယောက်တည်းသာဖြစ်၍ ဤအစေခံလေးကို တန်ဖိုးထားခြင်း ဖြစ်လိမ့်မည်။


သူက အနာဂတ်တွင် မည်သို့ပင်ပြောင်းလဲသွားသည်ဖြစ်စေ အနည်းဆုံး ယခုချိန်တွင်မူ မေတ္တာတရားနှင့် ဖြောင့်မတ်မှန်ကန်ခြင်းများကို တန်ဖိုးထားကာ သူ့အစေခံမိန်းမစိုးလေးကို ကာကွယ်ပေးသည့်လူဖြစ်နေဆဲပင်ဖြစ်သည်။


ထိုအခါ ကျွင်းဟွိုင်လန်က ရွှယ်ယွင်စုကို ထေ့ငေါ့ဟန်ဖြင့် ကြည့်လိုက်သည်။


" မင်းသား၂က ချဲ့ကားတာကိုမကြိုက်တဲ့သူလို့ မထင်ထားမိဘူး... ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို‌ရေထဲက ပြန်ဆယ်ပေးဖို့ မင်းသားမှာ အစေခံတစ်ယောက်မှတောင် မရှိဘူးလား..."


ပြောနေစဉ်မှာပင် မင်းသား၂၏နောက်မှ အစောင့်များကိုကြည့်ကာ သရော်လိုက်သည်။


" ဒါပေမဲ့ နန်းတော်က လုံခြုံနေတာပဲဆိုတော့ ဒီလိုအားမကိုးရတဲ့သူတွေကို ဘေးမှာထားမယ့်အစား မင်းသားကို ကောင်းကောင်းခစားပေးပြီး စိုးရိမ်မှုတွေကို မျှဝေပေးမယ့် အစေခံတွေကိုရှာလိုက်တာ ပိုကောင်းမယ်ထင်တယ်..."


သူ့လေသံက သိမ်မွေ့ညင်သာနေကာ အပြုံးက နွေးထွေးလွန်းနေ၍ ရွှယ်ယွင်စုက ကျွင်းဟွိုင်လန်ကို အလွန်တောက်ပနေသည်ဟုပင် ထင်မိသွားသည်။


ဒါပေမဲ့ သူက နန်းတွင်းရဲ့ အရိပ်မှာ ခိုနေရတဲ့ မင်းသားတစ်ပါးပဲလေ...ခမည်းတော်ရဲ့ မျက်နှာသာ ပေးခံနေရတဲ့အဒေါ်တစ်ယောက်ပဲ သူမှာရှိတာ... သူလို လူမျိုးက နတ်ဆိုးကြယ်အတွက် ရပ်တည်ပေးမယ်တဲ့လား...


ရွှယ်ယွင်စုက သရော်လိုက်သည်။

 " မင်းက ဘာအဆင့်ရှိလို့လဲ... ဒီမင်းသားကိုတောင်မှ အမှားအမှန်ထောက်ပြရဲသေးတယ်ပေါ့..."


သူ့ဘေးမှ ရွှယ်ယွင်ဟွမ်က ဤအဖြစ်အပျက်ကို အပျော်သဘောဖြင့်သာကြည့်နေသော်လည်း ထိုစကားကိုကြားသည့်အခါ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။


ရွှယ်ယွင်စုက ခေါင်းထဲတွင် မြက်များဖြင့်ပြည့်နေသည့် ငတုံးတစ်ကောင်ဖြစ်သည်။ သူ နတ်ဆိုးကြယ်ကို အနိုင်ကျင့်နေခြင်းကို ရွှယ်ယွင်ဟွမ်က အပျော်သဘောဖြင့်သာ ကြည့်နေခဲ့ပြီး လုံးဝ ကြားမဝင်ခဲ့ပေ။ သို့ရာတွင် ဤလူက ခွေးရူးတစ်ကောင်နှင့်တူလာသည်။ ရွှယ်ယန်ကို ကိုက်ပြီးသည့်အခါ ကျွင်းဟွိုင်လန်ကိုကိုက်ရန် ပြင်နေပြန်သည်။


ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်ကို သူ့နောက်သို့ဆွဲကပ်ထားလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။


" မင်းက ဘာမို့လို့ အဲ့စကားပြောရဲရတာလဲ..."


ရွှယ်ယွင်စု၏မျက်နှာက ပြာနှမ်းသွားပြီးနောက် ဘာပြောရမည်မသိ ဖြစ်သွားသည်။


ရွှယ်ယွင်ဟွမ်က နန်းတွင်းထဲတွင် ဧကရာဇ်နှင့် ဧကရီမှလွဲ၍ မည်သူမျှ အပြစ်တင်ရန်မစရဲသည့် တည်ရှိမှုမျိုးဖြစ်သည်။ သူ့မိခင်ရင်းကလည်း နောက်ခံအင်အားတောင့်တင်းသူတစ်ယောက်ဖြစ်သည်။ မိခင်မရှိတော့သည့် ရွှယ်ယန်ကို အနိုင်ကျင့်သည်က ပြဿနာမရှိသော်လည်း ရွှယ်ယွင်ဟွမ်ကဲ့သို့လူမျိုးကို သူ ရန်မစရဲပေ။


ရွှယ်ယွင်ဟွမ်က သူ့ကို စူးစူးရဲရဲကြည့်လိုက်သည့်အခါ သူပို၍ တုန်လှုပ်လာသည်။ ရွှယ်ယွင်ဟွမ်က သူ့နောက်မှ အစေခံများကို ကြည့်လိုက်သည်။


" သခင်တစ်ယောက်လုံး ရေကန်ထဲခုန်ချသွားတာကို မြင်ရဲ့သားနဲ့ တစ်ယောက်မှ ဆင်းမကယ်ကြတဲ့ အစေခံတွေပေါ့လေ... မင်းတို့ မင်းသားက  ကောင်းကောင်းမသင်ပေးဘူးဆိုရင် ငါကပဲ မင်းတို့ကို သင်ပေးမယ်..."


ထို့နောက် အမိန့်ပေးလိုက်သည်။


" လာကြစမ်း... ဒီနေ့ မင်းသား၂ခေါ်လာတဲ့ မိန်းမစိုး၊ နန်းတွင်းသူ၊  အစောင့်ရဲမက်အားလုံးကို တစ်ယောက်မကျန်စုလိုက် ပြီးရင် အားလုံးကို ယုံရှန့်ကိုပို့လိုက်... တစ်နှစ်မပြည့်မချင်း တစ်ယောက်မှ ထွက်မလာရဘူး..."


မင်းသား၆ကို ခစားရသော မိန်းမစိုးက ရှေ့ထွက်လာပြီး မိန်းမစိုး၊ နန်းတွင်းသူ၊  အစောင့်ရဲမက်အားလုံးကို ခေါ်သွားလိုက်သည်။ အာဏာပြလိုက်သည့် မြင်ကွင်းတစ်ခုက ရုတ်တရက် ဖြစ်ပေါ်သွားပြီးနောက် ကျွင်းအန်းကျယ်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။


 ခေါ်ဆောင်သွားခံရသည့် အစေခံများအကြားတွင် ရွှယ်ယွင်စုကို သီးသန့်ခစားရသည့် အပျိုတော်နှစ်ယောက်ပါဝင်ပြီး သူတို့ထဲမှတစ်ယောက်က သူ့ကိုအိပ်ရာထက်တွင် ခစားရသူဖြစ်သည်။ ရွှယ်ယွင်စု၏မျက်နှာက မည်းမှောင်သွားပြီး အံကြိတ်ထားလိုက်သော်လည်း စကားတစ်ခွန်းမှ မဟရဲပေ။


သူ့ဘေးက ရွှယ်ယန်က သူ့ဝတ်ရုံကို ပြန်ကောက်ယူလိုက်ပြီး လူအနည်းငယ်ကို အေးစက်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။

    

မင်းသား၂က ကျွင်းဟွိုင်လန်ကို တိုက်ခိုက်တော့မည်ကို မြင်သောအခါ မင်းသား၆က ကျွင်းဟွိုင်လန်၏ရှေ့မှရပ်တည်ကာ အေးအေးဆေးဆေးပင် ကာကွယ်ပေးနိုင်ခဲ့သည်။ ကျွင်းဟွိုင်လန်၏အနားတွင် ရွှယ်ယွင်ဟွမ်ကဲ့သို့လူများသာ ဝိုင်းနေသင့်ပြီး သူလိုလူမျိုးနှင့် ဝေးဝေးနေသင့်သည်ဟု တွေးမိလိုက်သည်။

  

သူ တိတ်ဆိတ်စွာထွက်သွားပြီးနောက် တစ်ဖက်လူ၏ ကြင်နာမှုများကို လက်ခံနေခြင်းအား ရပ်တန့်သင့်ပြီဖြစ်သည်။


သို့ရာတွင် ကျွင်းဟွိုင်လန်ကိုကြည့်နေသည့် သူ့အကြည့်များက အနည်းငယ် တွန့်ဆုတ်နေပြီး အကြည့်မလွှဲနိုင်အောင် ဖြစ်နေသည်။


ထိုအချိန်တွင် ကျွင်းဟွိုင်လန်က လှည့်ကြည့်လိုက်၍ အကြည့်ချင်းဆုံသွားသည်။


ကျွင်းဟွိုင်လန်၏ မျက်ခုံးများက အနည်းငယ်တွန့်ချိုးနေပြီး မင်းသား၆၏နောက်မှ ထွက်လာပြီး သူ့ရှေ့တွင် လာရပ်လိုက်သည်ကို တွေ့လိုက်ရသည်။


" မင်း အဝတ်စိုကြီးတွေနဲ့ ဒီတိုင်းနေနေတာလား... ဒီရက်ပိုင်း အရမ်းအေးတယ် _မင်းအအေးမိသွားရင် အရီးတော် စိတ်ပူနေမှာပေါ့..."

ကျွင်းဟွိုင်လန် ပြောလိုက်သည်။


ကျွင်းဟွိုင်လန်ကို နေမရထိုင်မရဖြစ်စေသည်က ရေစိုနေသော ရွှယ်ယန်၏သွင်ပြင်မဟုတ်ပဲ သူ၏အထီးကျန်ဆန်နေမှုဖြစ်ကြောင်းကို သူ ဝန်ခံမည်မဟုတ်ပေ။

    

စကားဆုံးသည်နှင့် ဘေးသို့လှည့်ကြည့်ပြီး ဖုရိကိုခေါ်ကာ နန်းတွင်းသမားတော်ကို သွားခေါ်ခိုင်းလိုက်ပြီး နန်းတွင်းသူများကို ရွှယ်ယန်အတွက် အဝတ်အစားသန့်များ ပြန်ယူခိုင်းလိုက်သည်။ ထို့နောက် ရွှယ်ယန်၏လက်ကို လှမ်းကိုင်လိုက်သည်။

21.2


လက်ဆစ်များက အားအပြည့်ဖြစ်နေသော်လည်း ‌ရေခဲတမျှအေးသည့် ကန်ရေများကြောင့် သူ့လက်က အေးစက်နေ၍ ကျွင်းဟွိုင်လန်ပင် လန့်သွားသည်။ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ရွှယ်ယွင်ဟွမ်ကို နှုတ်ဆက်ကာ ရွှယ်ယန့်ကို ဝမ်ဟွားခန်းမဆောင်ဘေးနားမှ မင်းသားများ အနားယူသည့်နေရာသို့ခေါ်သွားသည်။


ရွှယ်ယန်က အနာဂတ်တွင် လူကောင်းတစ်ယောက် မဟုတ်တော့မည်ဖြစ်သော်လည်း ယခုချိန်တွင်မူ အစေခံတစ်ယောက်ကို ကာကွယ်ရန်အတွက် သူ့ကိုယ်သူ စတေးလိုက်သည့်လူငယ်လေးတစ်ယောက်သာဖြစ်နေဆဲဟု တွေးလိုက်မိသည်။


အကယ်၍ အနာဂတ်တွင် သူတို့အကြား ရန်ငြှိုးရန်စ ရှိလာပါက ထိုအချိန်မှသာ ဖြေရှင်းတော့မည်ဖြစ်သည်။ ရွှယ်ယန်က အနည်းငယ် မကောင်းကြံရန် တွေးလာသည်နှင့် ယခင်ဘဝ၏ အငြှိုးများနှင့်ပေါင်းကာ သူ့ကို သတ်ပစ်မည်ဖြစ်သည်။

 

ရွှယ်ယန်က သူဆွဲခေါ်သည့်နောက်မှလိုက်လာသော်လည်း စကားတစ်လုံးမှ မပြောပေ။ သူ့အတွက်မူ ကျွင်းဟွိုင်လန်၏လက်များက အားပျော့သော်လည်း မဖယ်ချလိုက်နိုင်ပေ။ 

 

အဘယ့်ကြောင့်ဆိုသော် ခြောက်သွေ့နူးညံ့သည့် လက်ချောင်းလေးများက အလွန်နွေးထွေးသောကြောင့်ဖြစ်သည်။

   


ထိုညက ကျင်းပေါင်က အခန်းဝတွင် ရပ်နေရမည့်အစား ရွှယ်ယန်စာဖတ်နေသည့် မီးအိမ်နားတွင် လာရပ်သည်။


ရွှယ်ယန်က စစ်ဗျူဟာစာလိပ်တစ်ခုကို ဖတ်နေပြီးနောက် သူ့ဘက်သို့ အရိပ်ကျလာသည်ကိုမြင်သည့်အခါ မော့မကြည့်ပဲ မေးလိုက်သည်။


" ဘာလဲ..."


ကျင်းပေါင်၏ရယ်သံကို သူကြားလိုက်ရသည်။


ရွှယ်ယန် မျက်ဆံလှန်ကြည့်လိုက်ပြီး သူ့ကို အမျိုးအမည်မဖော်ပြတတ်သည့် အကြည့်တစ်မျိုးဖြင့် ကြည့်လိုက်သည်။


ကျင်းပေါင်က သူ့ရှေ့တွင် ဒူးထောက်လိုက်ပြီးနောက် ရှက်ရွံ့စွာပြုံးပြလိုက်ပြီး ပြောလိုက်သည်။


" ဒီနေ့ ကျွန်တော်မျိုးအသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်သခင်..."


သူ့သခင်က လူသားစားတစ္ဆေတစ်ယောက်ဟု သူအမြဲထင်ခဲ့မိသည်။ သို့ရာတွင် အေးစက်စက်နှလုံးသားပိုင်ရှင်ဖြစ်သည့်လူက မုန်လာဥမျှပင် တန်ဖိုးမရှိသော အစေခံတစ်ယောက်ကို ကယ်တင်ရန်အတွက် သူ့အသက်ကို စွန့်စားခဲ့သည်။


မီးအိမ်အောက်မှ ရွှယ်ယန်၏ အရောင်ဖျော့ဖျော့မျက်လုံးများက သူ့ကိုလှမ်းကြည့်လိုက်ပြီးနောက် စာလွှာကိုသာ ပြန်ဖတ်နေသည်။


 " အဲ့အချိန်တုန်းက ဘေးနားမှာ တုန်းချန်ကလူတွေရပ်ကြည့်နေတယ်... ငါတို့နန်းဆောင်ကို လာစောင့်ကြည့်တဲ့လူလည်း ပါတယ်..."


သူက အေးအေးဆေးဆေးသာပြောလိုက်သော်လည်း သူ့လေသံက အေးစက်နေသည်။


" ကိုယ်လုပ်တော်ရှု့က ဒီနန်းဆောင်ထဲကို ဘယ်သူမှ ဝင်ခွင့်မပြုဘူးလေ... ဒါပေမဲ့ ငါ ဝမ်ဟွားခန်းမဆောင်ကိုစာသင်သွားတာကို တုန်းချန်ကလူတွေသိလို့ အဲ့ဒီမှာ စောင့်ကြည့်နေခဲ့တာ..."


ထိုအကြောင်းပြောနေစဉ်မှာပင် ရွှယ်ယန်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ကျင်းပေါင်ကိုကြည့်လိုက်သည်။


" သူ့ကို ပြဇာတ်တစ်ပွဲ ကပြလိုက်သလိုပဲ... ငါ့ကို မင်းသားတွေအားလုံးက ဝိုင်းအနိုင်ကျင့်ကြတယ်ပေါ့... ငါက မိန်းမစိုးလေးတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ ကိုယ့်အသက်ပါစွန့်တဲ့ လူဖြစ်သွားတာကို တုန်းချန်က သိသွားရင် တုန်းချန်က ငါ့ကို နည်းနည်းပိုယုံရင် ယုံသွားမှာပေါ့..."

  

အဘယ့်ကြောင့်ဆိုသော် တုန်းချန်က မိန်းမစိုးများဖြင့်ပြည့်နေသည့် နေရာဖြစ်သည်။ မာနကြီးပုံရသော်လည်း ဆတ်ဆတ်ထိမခံ၍ နှိမ့်ချတတ်သောလူမျိုးက သူတို့၏ ရုပ်သေးရုပ်ဖြစ်ရန်အတွက် အသင့်တော်ဆုံးလူဖြစ်သည်။


ကျင်းပေါင် အံ့သြလွန်း၍ ဘာပြောရမည်မသိတော့ပေ။ ရွှယ်ယန်၏ အေးစက်တည်ငြိမ်နေသည့် မျက်ဝန်းများကိုကြည့်ကာ သူ၏ ကျေးဇူးတင်လိုက်သည့်အမူအရာက အနည်းငယ် ငတုံးဆန်သွားသည်ဟု ထင်လိုက်မိသည်။


ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်ယန်က ပြုံးနေသည်။


" အဲ့လိုမဟုတ်ပဲ... ငါ မင်းကို တကယ်ကြီး ကယ်မယ်လို့ ထင်နေတာလား... ဝမ်ဟွားနန်းဆောင်မှာ လူတွေအများကြီးရှိတာကို ရွှယ်ယွင်စုလိုလူက ပမွှားလေးပါ... ငါ မကယ်ရင်တောင်မှ မင်းရေနစ်သွားတာကိုမြင်ရင် တစ်ယောက်ယောက်က ကယ်မှာပဲ ..."


စကားဆုံးသည်နှင့် ရွှယ်ယန်က စာအုပ်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။

" ငတုံး..."

 

ကျင်းပေါင် : "..."


ဒါကမှ သူ့သခင်ရဲ့ တကယ့်သွင်ပြင်အစစ်ပဲ...

    

သို့ရာတွင် ယနေ့၌ ငရဲဂိတ်တံခါးက ခဏပိတ်ထားသည့်ပုံပေါ်၍ ကျင်းပေါင်သတ္တိရှိနေသည်။ ရွှယ်ယန်ပြောသည်ကို ကြားသောအခါ အသံတိုးတိုးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။


" ဒီနေ့ အစေခံတစ်ယောက်ကို သခင်က ကယ်လိုက်တာပဲလို့ထင်တာ ကျွန်တော်မျိုးတစ်ယောက်တည်း မဟုတ်ဘူးနော်... အရှင့်သားလည်း အဲလိုပဲ ထင်သွားတာ..."


ရွှယ်ယန်က စာဖတ်နေရာမှ ခဏရပ်သွားသည်။


 ကျင်းပေါင်က ပြောပြီးသွားမှ ကြောက်လန့်နေမိသွားကာ ရွှယ်ယန်ကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်သော်လည်း သူက တစ်ခုခုကို တွေးတောနေသကဲ့သို့ စာရွက်ကိုသာ ငြိမ်သက်စွာကြည့်နေသည်။ မီးအိမ်၏အလင်းရောင် ရောင်ပြန်ဟပ်နေသည့် သူ့မျက်ဝန်းထဲတွင် သူ့အကြည့်များက ရှုပ်ထွေးနေ၍ ကျင်းပေါင် နားမလည်နိုင်ဖြစ်နေသည်။ သို့ရာတွင် သူ့နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။


သူ့ထံတွင် မြင်နေကျဖြစ်သည့် လှောင်ပြောင်သရော်သည့်အပြုံး၊ မဲ့ပြုံး၊ အေးစက်စက်အပြုံးများကဲ့သို့မဟုတ်ပဲ ထိုအပြုံးက နွေးထွေးလွန်းနေ၍ ကျင်းပေါင်က အနည်းငယ်ကြောက်သွားမိသည်။


ငါ ထင်ယောင်ထင်မှား ဖြစ်နေတာများလား..."


ခဏအကြာတွင်မူ ထိုအမူအရာက ပျောက်ကွယ်သွားကာ ယခင်ပုံထက်ပို၍ အေးစက်လာသည်


တစ်ဖက်သို့လှည့်ပြီး သူ၏ ပယင်းရောင်မျက်လုံးများက ကျင်းပေါင်ကို အေးစက်စက်ကြည့်လာသည်။

 

" အဲ့ဒါကြောင့်မို့ သူ့ရှေ့မှာ စကားသိပ်မများနဲ့..."


အသံက အလွန်နူးညံ့နေသော်လည်း ကျင်းပေါင်က ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။


ဒါကမှ သူသိတဲ့ လူသားစားတစ္ဆေကြီး...


    ——


ထိုရက်ကို ကျော်လွန်သွားသည့်အခါတွင် ကြာကန်အနားမှ အဖြစ်အပျက်က လုံးဝမဖြစ်ခဲ့သလိုပင်ဖြစ်သွားကာ ရွှယ်ယန်က စာသင်ကြားချိန်နှင့် သိုင်းပညာသင်ကြားချိန်တွင်တစ်ယောက်တည်းနေခဲ့ပြီး ကျွင်းဟွိုင်လန်နှင့်လည်း သူစိမ်းတစ်ယောက်ကဲ့သို့သာနေသည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က စိတ်အေးသွားသည်။


အဘယ့်ကြောင့်ဆိုသော် သူ ထိုနေ့က မူလရည်ရွယ်ချက်နှင့်သွေဖယ်ကာ ရွှယ်ယန့်ကိုကယ်တင်ခဲ့၍ ကိစ္စဟောင်းများကို ပြန်တွေးပြီး သူ့ကိုယ်သူ အရှက်ကွဲအောင် မပြုလုပ်ချင်တော့ပေ။


သို့ရာတွင် ကျွင်းဟွိုင်လန်၏ အိမ်မက်ဆိုးများက ပိုမိုပြင်းထန်လာခဲ့သည်။


Xxxxxxxx