အပိုင်း ၂၂
Viewers 15k

Chapter 22


နေ့လယ်ဘက်တွင် ကျွင်းဟွိုင်လန်က မင်းသားမြောက်များစွာနှင့်အတူတူ ဝမ်ဟွားခန်းမဆောင်၏နောက်ဘက် ကွင်းပြင်တွင် သိုင်းပညာလေ့ကျင့်လေ့ရှိသည်။


ထိုနေ့မှစ၍ ရွှယ်ယွင်စုက ရွှယ်ယန်ကို ပြဿနာမရှာတော့ပဲ သူ မရှိသည့်အတိုင်းသာ ဟန်ဆောင်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် ဟူက ရွှယ်ယွင်ဟွမ်နှင့်စကားမပြောတော့ပဲ အခြားလူများနှင့်သာ ပြောဆိုဆက်ဆံသည်။


ရွှယ်ယွင်ဟွမ်လည်း တိတ်ဆိတ်သွားပြီး နောင်တစ်ကြိမ်တွင် ဤသို့ဝင်မပါမိရန် ဆုံးဖြတ်လိုက်သည်။


ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်ကို စကားပြောရန်အတွက် နေ့တိုင်းဆွဲခေါ်သွားသည်။ သူ့စိတ်က အပြောင်းအလဲမြန်ပြီး အပူအပင်ကင်းစွာ နေထိုင်ဆတ်သူဖြစ်၍ ကျွင်းဟွိုင်လန် စိတ်အခြေအနေမကောင်းသည်ကို သူ သတိမထားမိပေ။


နေ့လယ်ခင်းတွင် သိုင်းပညာသင်ပေးသည့်စရာများက မင်းမျိုးနွယ်မှ သားများကို ကိုယ်ရံတော်အစောင့်တပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ တိုက်ခိုက်ရေးစွမ်းအင်များ သင်ကြားပေးနေသည်။


တာ့ယုံက  သိုင်းပညာထက် စာပေကိုဦးစားပေး၍ မင်းသားများက ကိုယ်ရံတော်ရဲမက်များနှင့် တိုက်ခိုက်ရသည်က အလွန်ရှားပါးသည်။ သို့ဖြစ်၍ မင်းသားများလေ့ကျင့်ရသည့် တိုက်ခိုက်ရေးနည်းလမ်းများက မမျှော်လင့်ထားသည့်အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အဖြစ်အပျက်များအတွက် မိမိကိုယ်ကို ခုခံကာကွယ်ရန်နည်းလမ်းများသာဖြစ်သည်။ ကျွင်းဟွိုင်လန်က ချန်အန်းတွင် ကြီးပြင်းလာသူဖြစ်၍ သိုင်းပညာလေ့ကျင့်သည်ကလည်း ကြုံတောင့်ကြုံခဲမျှသာဖြစ်သည်။ ယခင်ဘဝက သေဆုံးသွားသည့်အချိန်ထိ လက်ဝှေ့ထိုးနည်းအနည်းငယ်နှင့် မိမိကိုယ်ကိုကာကွယ်ရန် ကွန်ဖူးသာ တတ်မြောက်ခဲ့သည်။


ဤရက်ပိုင်းတွင်းတွင် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေခဲ့၍ လေ့ကျင့်ရန် စွမ်းအင်မရှိဖြစ်နေသည်။ သူနှင့်တိုက်ခိုက်သည့်အစောင့်များက သာမန်လှုပ်ရှားမှုအနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် မြေပြင်ပေါ် လဲကျသွားခဲ့သည်။


လဲကျသွားသည်မှာ မနာသော်လည်း ကျွင်းဟွိုင်လန်က မူးဝေလာမိသည်။ ထိုသို့လဲကျသွားပြီး ခဏအကြာတွင် သူ့နဖူးကိုသူ ဖိထားလိုက်ရသည်။


သူ့ဘေးမှ ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် တွေ့သွားသည်။ ကျင်းဟွိုင်လန်လဲကျသွားသည့်အခါ သူနှင့် လေ့ကျင့်နေသည့်ရဲမက်ကို ခဏရပ်ရန် အချက်ပြလိုက်ပြီးနောက် ကျင်းဟွိုင်လန်ဘက်သို့လှည့်လိုက်သည်။


" ဟွိုင်လန် မင်းဘာလို့ အဲ့လောက်အားနည်းရတာလဲ ပိုကြိုးစားဖို့ လိုနေပြီထင်တယ်..."

 

သို့သော်လည်း ထိုအခါမှသာ ကျင်းဟွိုင်လန်က တစ်ခုခုမှားယွင်းနေကြောင်း သူသတိထားမိသွားသည်။


" ဘာဖြစ်လို့လဲ..."

ရွှယ်ယွင်ဟွမ်က ရှေ့ကိုရောက်လာသည်။


ကျင်းဟွိုင်လန်၏ဘေးမှ အစောင့်ကလည်း လန့်သွားသည်။ ထိုမင်းသားလေးက သိုင်းပညာကို မလေ့ကျင့်ထားသည့်ပုံပင်ဟု တွေးနေမိသည်။ သူ့ခွန်အား၏ ၂၀%ကိုပင် မသုံးပဲ ကျင်းဟွိုင်လန်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မင်းသားလေးက အရမ်းအားနည်းလွန်းတော့ တစ်ချက်ချလိုက်ရုံနဲ့ မြေပေါ် လဲသွားတာများလား...

  

ကျင်းဟွိုင်လန်က ရွှယ်ယွင်ဟွမ်ကို ပြုံးပြလိုက်ပြီး သူ့ကို ကူပြီးထူးခိုင်းလိုက်သည်။


" ဘာမှမဖြစ်ပါဘူး... ငါ ညတုန်းက စိတ်ဝင်စားတဲ့သာအုပ်တစ်အုပ်တွေ့လို့ ဖတ်လိုက်ပြီး အိပ်ရာဝင်တာနောက်ကျသွားလို့ ဒီမနက်ရောက်တော့ နည်းနည်းခေါင်းမူးနေတာ..."

  

ရွှယ်ယွင်ဟွမ်က သူ့ကို သံသယဝင်ရမည့်အစား ပြောလိုက်သည်။

" တကယ်လား... ဒါဆို မင်းပြန်သွားရင် အဲ့စာအုပ်ငါ့ကိုငှားဦး ငါလည်းဖတ်မယ်..."


ကျင်းဟွိုင်လန်က သဘောတူသည့်အနေဖြင့် ပြုံးပြလိုက်သည်။


ထိုအချိန်တွင် ရွှယ်ယွင်ဟွမ်က သက်ပြင်းချလိုက်ပြီး တစ်ဖက်ကို ကြည့်နေသည်။


" အဲ့အစောင့်က နည်းနည်းတော့ မူမမှန်ဘူး..."

ရွှယ်ယွင်ဟွမ်က ပြောလိုက်သည်။


ကျင်းဟွိုင်လန်ကလည်း သူကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သည့်အခါ သူကြည့်နေသည်က ရွှယ်ယန်ဖြစ်ကြောင်း မြင်လိုက်ရသည်။


သူက ကွင်းပြင်၏ ထောင့်တစ်နေရာတွင်လေ့ကျင့်နေခြင်းဖြစ်ပြီး သူ့ဘေးနားမှ မည်သူမျှ သူ့အခြေအနေကို သတိမပြုမိပေ။ သူကလည်း အစောင့်တစ်ယောက်နှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး သူ့လှုပ်ရှားမှုများကို ဆက်တိုက်အပိတ်ခံထားရသည်။

   

" အဲ့ဒီအစောင့်တိုက်နေတဲ့အကွက်တွေက ဒီရက်ပိုင်း ငါတို့ဆရာသင်ပေးထားတဲ့ဟာတွေမဟုတ်ဘူး... သု့အကွက်တွေက သေစေနိုင်လောက်တယ်... ရွှယ်ယန် ရှောင်နိုင်တာ တကယ်အံ့ဩဖို့ကောင်းတယ်..."

 

ထိုစကားကြောင့် ကျွင်းဟွိုင်လန်က မသိမသာဖြင့် မျက်ခုံးကို တွန့်ချိုးလိုက်မိသည်။


ရွှယ်ယွင်ဟွမ်ပြောနေစဉ်မှာပင် အစောင့်၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်လာပြီး အရှိန်ကလည်း မလှမ်းမကန်းမှလူများကို အံ့အားသင့်စွာစေသည်။ ကံကောင်းသည်မှာ ရွှယ်ယန်က ထိုလှုပ်ရှားမှုများကို လွယ်လွယ်ရင်ဆိုင်နိုင်ပြီး တစ်ဖက်လူက သူ့ကို တစ်ချက်မှ မထိနိုင်ပေ။


ကျွင်းဟွိုင်လန်က ပြုံး၍ ပြောလိုက်သည်။

" သူက ယန်ဒေသမှာ နှစ်အကြာကြီးနေခဲ့ပြီး စစ်မြေပြင်ပေါ်လည်း သွားဖူးခဲ့တာကိုး..."


ထိုစကားကြောင့် ရွှယ်ယွင်ဟွမ်က ခွန်းတုံ့ပြန်လိုက်သည်။

" ဟမ်း သူ နယ်စပ်မှာသင်ခဲ့တာတွေက သိပ်မကောင်းတဲ့ ကွန်ဖူးမျိုးပါ..."


 ထိုသို့ပြောနေသော်လည်း သူ့မျက်လုံးများက လေးစားအားကျမှုများဖြင့် အရောင်တလက်လက်တောက်ကာ ရွှယ်ယန်ကို ကြည့်နေဆဲဖြစ်သည်။


ကျွင်းဟွိုင်လန်က မပြုံးပဲ မနေနိုင်ဖြစ်သွားပြီး သူ့ကို ပြန်မဖြေတော့ပေ။


ထိုအချိန်တွင် ရွှယ်ယန်နောက်ဆုတ်လိုက်သည့်နေရာက လက်နက်တင်ထားသည့်စင်နားဖြစ်သည်ကို သူမြင်လိုက်မိသည်။ နေရာအကန့်သတ်လေးတစ်ခုထဲမှာပင် သူ့ရှေ့မှအစောင့်၏ တိုက်ခိုက်မှုကိုအာရုံစိုက်လိုက်သည်။ ယနေ့လေ့ကျင့်မှု၏သင်ကြားချက်အရ သူက လုံးဝပြန်မတိုက်ခိုက်ပဲ ရှောင်ရုံသာရှောင်နေခဲ့၍ လက်နက်စင်နှင့် တဖြည်းဖြည်းနီးကပ်လာသည်ကို သတိမပြုမိဖြစ်သွားသည်။


ကျွင်းဟွိုင်လန်က ရွှယ်ယွင်ဟွမ်ကို မျက်မှောင်ကြုတ်ပြီး လှမ်းဆွဲထားလိုက်သည်။

" ငါတော့ တစ်ခုခုဖြစ်လာမှာ လန့်နေပြီ..."


ရွှယ်ယွင်ဟွမ်က ရွှယ်ယန်၏ တိုက်ခိုက်မှုကိုသာကြည့်နေ၍ ထိုစကားများကိုကြားသည့်အခါ အံ့အားသင့်သွားသော်လည်း မတုံ့ပြန်မိပေ။

" အမ်..."


ရွှယ်ယန်က လက်နက်စင်နှင့် အလွန်နီးနေပြီဖြစ်သည်။ကျွင်းဟွိုင်လန်က ဘေးမှ မင်းသား၆ကို စကားပြောချိန်မရှိတော့၍ သူ့ကိုဆွဲ၍သာ ရွှယ်ယန့်ဘေးနား လျှောက်သွားလိုက်သည်။

  

လျှောက်သွားနေစဉ်မှာပင် အသံကိုမြှင့်ကာ အော်ပြောလိုက်သည်။

" ရပ်လိုက်စမ်း... ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်သိရဲ့လား... လေ့ကျင့်ရေးကွင်းရဲ့ အစွန်နားကို ရောက်နေပြီ ဘာကိစ္စမရပ်သေးတာလဲ..."


သူ့အသံကြောင့် လေ့ကျင့်နေကြသော အစောင့်များနှင့် မင်းသားများက ထိုနေရာကို စိတ်ဝင်တစားလှမ်းကြည့်ကြသည်။ သို့သော်လည်း ရွှယ်ယန်၏ရှေ့မှ အစောင့်က ထိုစကားများကိုကြားသည့်အခါ လှုပ်ရှားမှုများက ပို၍ခက်ထန်လာပြီး ရွှယ်ယန်၏ မျက်နှာကိုပါ တိုက်ခိုက်ရန် ပြင်လိုက်သည်။

22.2


ရွှယ်ယန်က မည်သို့မျှ ပြန်လှည့်၍ မရနိုင်သည့်နေရာသို့ ရောက်ရှိသွားသည်။ ဘေးတစ်ဖက်စောင်းကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို လက်ဖျံဖြင့်ကာလိုက်သော်လည်း သူ့ပခုံးက လက်နက်စင်နှင့် တိုက်မိသွား၍ ဂလောင်ခနဲအသံများထွက်လာသည်။

 

ရုတ်တရက် နာကျင်သွားသောကြောင့် ညည်းညူလိုက်မိကာ နှုတ်ခမ်းများပင် ဖြူဖျော့လာသည်။


သူ၏ ကျောမှဒဏ်ရာက အပြည့်အဝမပျောက်ကင်းသေးသည်ကို ကျွင်းဟွိုင်လန်သိ၍ ရှေ့မြန်မြန်တိုးသွားသည်။ လက်‌ဆန့်ထုတ်၍ ကူညီရန်ပြင်လိုက်သော်လည်း ရွှယ်ယန်က သူ့ကိုရှောင်လိုက်သည်။


" မလိုဘူး... အဆင်ပြေတယ်..."


သူ့အမူအရာက ပုံမှန်ဖြစ်သော်လည်း လေသံက အေးစက်နေပြီး ကျွင်းဟွိုင်လန်၏မျက်နှာကိုပင် မကြည့်ပေ။ ကျွင်းဟွိုင်လန် ခဏတာ အံ့အားသင့်သွားပြီး ဘေးနားသို့ အနည်းငယ်ရွှေ့သွားသည်ကို မြင်လိုက်ရသည်။


အစမှအဆုံးထိ သူ၏ပယင်းရောင်မျက်ဝန်းများထဲတွင် ကျွင်းဟွိုင်လန် ရှိမနေခဲ့ပေ။

[ T/N - သူ့ကို ရွှယ်ယန်က တစ်ချက်မှ ကြည့်မနေဘူးလို့ ဆိုလိုချင်တာပါ ]


ကျွင်းဟွိုင်လန်၏ရင်ထဲတွင် အမျိုးအမည် မဖော်ပြနိုင်သည့် ခံစားချက်တစ်မျိုးဖြစ်သွားသည်။

    

သို့သော်လည်း သူ့ကိုယ်သူ ရယ်စရာလူတစ်ယောက်ဟု ထင်မိလိုက်သည်။ ဤလူက အေးစက်စက်နှလုံးသားပိုင်ရှင်ဖြစ်၍ သူနားမလည်နိုင် ဖြစ်နေရသည်။ ထို့အပြင် သူနှင့် ယခင်ဘဝက ရန်ငြိုးရှိခဲ့ဖူးသူဖြစ်၍ သူ့မိသားစုကိုကာကွယ်ရန်အတွက်သာ ဤသို့လုပ်နေရခြင်းဖြစ်သည်။ အကယ်၍ တစ်ဖက်လူက လုံးဝမတုံ့ပြန်လျှင် သူ ကူညီရန် မလိုအပ်ပေ။


သူ့ပုံစံက အကူအညီလိုနေတဲ့ပုံမှ မဟုတ်တာ...


ထိုအချိန်တွင် ရွှယ်ယွင်ဟွမ်က ရှေ့တိုးလာသည်။ ဤမြင်ကွင်းကို မြင်သည့်အခါ ရှေ့တိုးလာပြီး ရွှယ်ယန်၏ ပခုံးပေါ် လက်တင်ကာ ပြောလိုက်သည်။


" ကောင်လေး မင်းရဲ့ အပြုအမူကဘာသဘောလဲ..."

    

သူ ဘာမှ ဆက်မပြောမီမှာပင် ကျွင်းဟွိုင်လန်က သူ့ကိုလှမ်းဆွဲလိုက်သည်။

" ငါက အနေအထိုင်မတတ်ပဲ ဝင်ပါမိတာပါ..."

 

စကားဆုံးသည်နှင့် ရွှယ်ယွင်ဟွမ်ကို ခေါ်၍ ‌ထွက်သွားသည်။ 


သူက သားရဲတစ်ကောင်ဖြစ်နေခဲ့ပြီး ငါ့မိသားစုကို အငြိုးထားမှာစိုးလို့ ကူညီပေးခဲ့မိတာ...  သူက ဘယ်လိုလူဆိုတာ ငါခဏလောက် မေ့သွားမိတာပဲ...

  

ကျွင်းဟွိုင်လန်၏ရင်ထဲတွင် ဤသို့တွေးနေသော်လည်း အနည်းငယ် ခါးသက်သက်ဖြစ်သွားသည်မှာလည်း အမှန်ပင်ဖြစ်သည်။


ရွှယ်ယန်တို့ဘက်တွင် အမှားအယွင်းဖြစ်သွားခဲ့၍ သင်ကြားပေးနေသည့်ဆရာက ခဏအနားယူလိုက်ပြီးနောက် အစောင့်များကိုခေါ်ကာ စကားပြောနေသည်။ ရွှယ်ယွင်ဟွမ်နှင့် ကျွင်းဟွိုင်လန်က လေ့ကျင့်ရေးကွင်း၏ဘေးနားမှခုံများတွင်ထိုင်နေပြီး ရေနွေးကြမ်းသောက်နေကြစဉ်တွင် အဝေးမှလာနေသည့် နန်းတွင်းသူများကို မြင်လိုက်ရသည်။


ကျွင်းဟွိုင်လန် သေချာကြည့်လိုက်သည့်အခါ ရှေ့မှလျှောက်လာသူက သူ့ညီမလေးကျွင်းလင်းဟွမ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


သူမအနောက်မှ နန်းတွင်းသူများက လိုင်ချီးပန်းကန်များကို ကိုင်ထားသည်။ ထိုလိုင်ချီးများကို ကိုယ်လုပ်တော်ရှု့က ရေခဲများနှင့်အတူ စနစ်တကျသိမ်းဆည်းထား၍ လတ်ဆတ်နေဆဲဖြစ်သည်။ နန်းတွင်းထဲမှ ရေခဲများကို နွေရာသီတွင်သာ ရံဖန်ရံခါသုံးစွဲလေ့ရှိပြီး ဆောင်းဦးနှင့် ဆောင်းရာသီတွင် အသီးများကိုထိန်းသိမ်းရန်အတွက် ရေခဲကို အသုံးပြုခွင့်ရှိသူက မျက်နှာသာပေးခံရသည့် ကိုယ်လုပ်တော်ရှု့ဖြစ်သည်။


ကျင်းလင်ဟွမ်က ခုန်ဆွခုန်ဆွဖြင့် သူတို့ရှေ့ရောက်လာပြီးနောက် ရွှယ်ယွင်ဟွမ်ကို ဂါရဝပြုပြီးသည်နှင့် ကျွင်းဟွိုင်လန်၏ရင်ခွင်ထဲ ပြေးဝင်သွားသည်။ သူနောက်မှ နန်းတွင်းသူက ရေနွေးကြမ်းပူပူနှင့် လိုင်ချီးသီးများကို သူတို့နှစ်ယောက်အလယ်မှ စားပွဲပေါ် ချပေးလိုက်သည်။


" ကိုကြီး... အရီးတော်ကပြောလိုက်တယ်... ကိုကြီးက သိုင်းပညာကြိုးကြိုးစားစားလေ့ကျင့်နေလို့ လင်ဟွမ့်ကိုခေါ်ပြီး ကိုကြီးနဲ့ မင်းသား၆အတွက် သစ်သီးတွေ ပို့ပေးလိုက်တာတဲ့..."


လတ်လတ်ဆတ်ဆတ်လိုင်ချီးသီးများကို မြင်သည့်အခါ ရွှယ်ယွင်ဟွမ်၏ မျက်လုံးများအရောင်တောက်လာသည်။ ကျွင်းဟွိုင်လန်၏ရင်ခွင်ထဲမှာ ကျွင်းလင်ဟွမ်၏ဆံပင်များကို ပွတ်သပ်ပေးကာ ပြုံး၍ ပြေညလိုက်သည်။

" ကျေးဇူးတင်ပါတယ် ညီမလေးလင်ဟွမ်... ဒီလိုအချိန် လိုင်ချီးသီးစားရတာ အကောင်းဆုံးပဲ... နှင်းတောထဲရောက်နေတဲ့အစ်ကိုကြီးကို မီးသွေးတွေလာပေးလိုက်သလိုပဲ..."


ကျွင်းလင်းဟွမ်က အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲသာဝင်နေပြီး ခဏအကြာတွင်မှ ပြောလိုက်သည်။


" ကိုကြီး အရီးတော်က ပြောလိုက်‌သေးတယ်... ဒီလိုင်ချီးတွေက အရမ်းတန်ဖိုးကြီးလို့ ကိုကြီးနဲ့ မင်းသား၆ကိုပဲ ကျွေးတာတဲ့..."


ကျွင်းလင်ဟွမ်၏စကားကြောင့် ကျွင်းဟွိုင်လန်မှာ ကိုယ်လုပ်တော်ရှု့၏ ကပ်စေးနည်းပုံကိုတွေးမိပြီး မရယ်ပဲ မနေနိုင်တော့ပေ။

 

ထို့နောက် ကျွင်းလင်ဟွမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။


" ဟိုနေ့က နန်းဆောင်ကိုရောက်လာတဲ့အစ်ကိုကြီးကရော လင်ဟွမ်ရဲ့ အစ်ကိုကြီးပဲလား..."


ကျွင်းဟွိုင်လန် ခဏရပ်တန့်သွားပြီး အစောပိုင်းမှ ရွှယ်ယန်၏ ခပ်တန်းတန်းပုံစံကို တွေးမိသွားသည်။


ရွှယ်ယန်က ထိုနေ့တစ်နေ့လုံး ချွေးများစိုရွှဲနေခဲ့၍ အဝတ်အစားလဲရန် ခဏပြန်သွားခဲ့သည်။


သူက အနိုင်ကျင့်ခံရသည်ကို ကျင့်သားရ၍ ထုံနေပုံပင်ပေါ်သည်။ သူ့ကို မည်မျှစော်ကားပြီး အနိုင်ကျင့်နေပါစေ သူဂရုမစိုက်ပေ။ ကိုယ်ထိလက်ရောက် လုပ်လာလျှင်လည်း လုံးဝမတုံ့ပြန်ပေ။


ကျွင်းဟွိုင်လန်၏ရင်ထဲတွင် ခါးသက်သက်ခံစားချက်မျိုးဖြစ်လာသည်။


သူ ကျွင်းလင်ဟွမ်ကို ပြုံးပြကာ ပြောလိုက်သည်။


" ဒါပေါ့ သူကလည်း ညီမလေးရဲ့ အစ်ကိုကြီးပဲလေ... စားပွဲပေါ်မှ လိုင်ချီးသီး နည်းနည်းရှိသေးတယ် သူ့ဖို့ ယူရင်ယူသွားလေ..."


ဘေးနားတွင် ထိုင်နေသော ရွှယ်ယွင်ဟွမ်က တအံ့တဩဖြစ်သွားသည်။


 " မင်း ဘာလို့ သူ့ကို အရမ်းကောင်းပေးနေတာလဲ... သူက မျက်ဆံဖြူနဲ့ နတ်ဆိုးကြယ်နော်... သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်းဆက်ဆံပါစေ အသုံးမဝင်ဘူး... သူက ကံဆိုးမှုတွေပဲ သယ်လာလိမ့်မယ်..."


ကျွင်းဟွိုင်လန်က စိတ်ပျော့သွားခြင်း မဟုတ်ပဲ ရွှယ်ယန်ကလည်း သူမအစ်ကိုကြီးဖြစ်ကြောင်းပြောပြထားခဲ့၍ သူ့ညီမလေးကို စိတ်မပျက်စေခြင်းဖြစ်ကြောင်းဟု သူ့ကိုယ်သူ တွေးလိုက်သည်။

 

ထိုသို့တွေးပြီးနောက် ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကို ပြောလိုက်သည်။


" သွားချင်ရင်သွားလေ...ညီမလေးကို သူ့ဆီလာခိုင်းတာ ကိုကြီးလို့ မပြောနဲ့နော်... စကားတွေအများကြီးမပြောပဲ သူ့ကို အစ်ကိုကြီးလို့ပဲ နည်းနည်းခေါ်လိုက်..."

    

၎င်းက အရေးကြီးဆုံးဖြစ်သည်။ ယခင်ဘဝက ကျွင်းလင်ဟွမ်က ရွှယ်ယန်ကိုအလွန်သဘောကျခဲ့ပြီး ငယ်စဉ်ကတည်းက အစ်ကိုကြီးဟုခေါ်ကာ အနားမှ မခွာခဲ့ပေ။


ထိုအခါမှသာ ကျွင်းဟွိုင်လန် စိတ်အေးသွားပြီး ကျွင်းလင်ဟွမ်ကို နန်းတွင်းသူနှင့်အတူ လွှတ်လိုက်သည်။


 ——


ရွှယ်ယန်က ထောင့်တစ်နေရာတွင် ထိုင်နေပြီး ဘေးနားမှ လူတစ်ဦးတစ်ယောက်မှ သူ့ကို ဂရုမစိုက်ကြပေ။


တစ်ယောက်ယောက်က သူ့နောက်မှ ချဉ်းကပ်လာစဉ်တွင် သူ ထိုနေရာတွင်သာ တည်ငြိမ်စွာထိုင်ပြီး ရေနွေးကြမ်းသောက်နေသည်။ ထိုလူ‌အနားရောက်လာသည့်အခါမှသာ သူသတိထားမိ၍ တစ်ဖက်သို့လှည့်ကာ ထိုလူကိုကြည့်လိုက်သည်။

   " ဘာကိစ်စလဲ..."


သူ မျက်မှောင်ကြုတ်ကာ သင်္ကာမကင်းဖြင့်ကြည့်လိုက်သည်။

   


xxxxxxxxx