Chapter 23
မိန်းမစိုးတစ်ယောက်ကဲ့သို့ ဝတ်သားထားသောလူက ဦးညွှတ်အရိုအသေပြုကာ သူ့စကားများကို ခွန်းတုံ့ပြန်ရမည့်အစား ပေးလိုက်သည်။
" အရှင့်သား ဒီလိုအခြေအနေမျိုးမှာပဲ ဆက်နေချင်လို့လား..."
ရွှယ်ယန်က မှုပ်ကုပ်ကုပ်ဖြစ်သွားပြီး ပြောလိုက်သည်။
" အခက်အခဲမရှိတာတော့မဟုတ်ပေမယ့် ဒီလိုပဲ အသက်ရှင်ရတာပေါ့..."
ထိုလူက ဆက်မေးသည်။
" ဒါပေမဲ့ မင်းသား၂က အရှင့်သားကို သေလုမျောပါးဖြစ်တဲ့အထိ အနိုင်ကျင့်ဖို့ကြိုးစားနေတာ ရှင်းနေတာပဲလေ... အရှင့်သားရဲ့ သိုင်းပညာသာ မတော်ဘူးဆိုရင် ဒီနေ့အသတ်မခံရရင်တောင်မှ ဒဏ်ရာတော်တော်ရသွားမှာ..."
ထိုစကားကြောင့် ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်သည်။
" မင်းသား၂ လုပ်တယ်ဆိုတာ မင်းဘယ်လိုသိလဲ..."
ထိုလူက ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့လို နိမ့်ကျတဲ့လူတွေမှာလည်း သိနိုင်တဲ့နည်းလမ်းရှိပါတယ်..."
ရွှယ်ယန် ခဏတာ တိတ်ဆိတ်နေပြီးနောက် နှုတ်ခမ်းများတွန့်ကွေးကာ ရယ်လိုက်သည်။
" ခမည်းတော်ကအစ နန်းတွင်းထဲက လူအားလုံး ငါ့ကို မသတ်ချင်တာ ဘယ်သူများရှိလို့လဲ... ငါ ဒီလိုဖြစ်နေရတာကို မုန်းရင်တောင်မှ ငါတစ်ယောက်တည်းပဲလေ ဘယ်လိုဖြေရှင်းချက်များ ရှိသေးလို့လဲ..."
ရွှယ်ယန်၏ စကားကိုကြားသည့်အခါ ထိုလူ၏ မျက်နှာတွင် အဓိပ္ပါယ်ပါပါ အကြည့်တစ်မျိုး ပေါ်လာသည်။
" အရှင့်သားက တစ်ယောက်တည်းမဟုတ်ပါဘူး... အရှင် မွေးဖွားချိန်တည်းက အရှင့်ကို စိုးရိမ်ပူပန်နေခဲ့တဲ့လူတစ်ယောက် ရှိပါတယ်... ဒါပေမဲ့ ကံဆိုးတာတစ်ခုက သူ့ရဲ့ကိုယ်ရေးအထောက်အထားကြောင့် အရှင့်သားကို တစ်ကြိမ်မှ တွေ့ခွင့်မရခဲ့ပါဘူး... အရှင် ဆန္ဒရှိမယ်ဆိုရင် ဒီငယ်သားက အရှင့်ရဲ့ ကျောထောက်နောက်ခံဖြစ်ပေးပါ့မယ်..."
မိန်းမစိုးက အကျဉ်းချုပ်သာ ပြောပြလိုက်ပြီး ရွှယ်ယန်၏ တုံ့ပြန်မှုကို မျက်လုံးထောင့်ကပ်ကာ ကြည့်နေသည်။
ရွှယ်ယန်၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးခြင်းနှင့် အခြားခံစားချက်ပေါင်းစုံ ရောယှက်နေသည့်အပြင် သတိထားနေသည့်ပုံစံကိုလည်း တွေ့လိုက်ရသည်။ သူ့စကားဆုံးအောင်နားထောင်ပြီးမှ မေးလိုက်သည်။
" အဲဒီလူက ဘယ်သူလဲ..."
မိန်းမစိုးက သူ့ကို ခဏတာ စိုက်ကြည့်နေပြီးမှ ဒူးထောက်၍ ခပ်တိုးတိုးပြောလိုက်သည်။
" တုန်းချန်ကို တာဝန်ယူရတဲ့ မိန်းမစိုးဝူရွှင်းဟိုင်ပါ... သူက အရှင့်သားမယ်တော်ရဲ့ ကိုယ်လုပ်တော်နန်းဆောင်မှာ ခစားခဲ့ဖူးတဲ့ မိန်းမစိုးပါ... သခင်မဖြစ်တဲ့ ကိုယ်လုပ်တော်ရုန်နဲ့ မိန်းမစိုးဝူတို့ ကွဲကွာသွားခဲ့တာ ၁၅နှစ်ရှိပါပြီ... အခု အရှင့်သားက ကြီးပြင်းလာပြီဆိုတော့ မိန်းမစိုးဝူကို အသုံးချချိန် ရောက်လာပါပြီ..."
" ဘာကို ဆိုလိုချင်တာလဲ..."
ရွှယ်ယန် တည်ငြိမ်စွာဖြင့်သာ မေးလိုက်သည်။
မိန်းမစိုးက ဆက်ပြောပြသည်။
" မိန်းမစိုးဝူက မင်မင်းဆက်က မြို့သားမင်းသွမ့်ချန်နဲ့ အဆက်အသွယ်ရှိပါတယ်... မြို့စားမင်းသွမ့်ချန်က သူနဲ့ ကိုယ်လုပ်တော်ရုန်ရဲ့အကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးကြောင့် တုန်းချန်ရဲ့ အင်အားကိုသုံးပြီး အရှင့်သားကို ကာကွယ်ပေးချင်တာပါ... ဒါပေမဲ့ တုန်ချန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့နေရာဆိုတော့ အရှင့်သားက တုန်းချန်ကို သဘောမကျမှာတော့ စိုးရွံမိပါတယ်..."
ရွှယ်ယန် ဘာမှ ပြန်မဖြေပဲ ငြိမ်နေလိုက်သည်။ မြေပြင်ပေါ်ဒူးထောက်နေသည့် မိန်းမစိုး၏ပုံစံက အတော်လေး တည်ငြိမ်နေသည်။ သူတို့နှစ်ယောက် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ပြီးမှ ရွှယ်ယန်က ထရပ်လိုက်သည်။
သူရှေ့သို့တိုးလာပြီး မိန်းမစိုးကိုထူပေးလိုက်သည်။
" ငါ... ဒီလိုတွေ ဖြစ်လာလိမ့်မယ်ဆိုတာ မသိခဲ့ဘူး..."
သူ့အသံက တိုးညှင်းကာ အက်ရှရှဖြစ်နေ၍ စကားတစ်ခွန်းပြောရန် အတော်လေး အချိန်ယူလိုက်ရသည်။
" ငါထင်ခဲ့တာ... ဘယ်သူကမှ..."
ထိုစကားကိုပြောမည့်အချိန်တွင် လေသံက တစ်ဆို့သွားပြီးနောက် ခဏတာဆွံ့အသွားသည်။
ထို့နောက် စိတ်ကို တည်ငြိမ်စွာထားပြီး မေးလိုက်သည်။
" မိန်းမစိုးဝူရော အခုဘယ်လိုလဲ... သူက မယ်တော့်ကို ခစားခဲ့တာဆိုတော့ အခုဆိုရင် တော်တော်လေးအသက်ကြီးနေပြီမလား... "
" မိန်းမစိုးဝူက ကျန်းမာပါတယ် အရှင့်သား မစိုးရိမ်ပါနဲ့..."
ထို့နောက်တွင် မိန်းမစိုးက မဝံ့မရဲဖြင့် မေးလိုက်သည်။
" ဒါဆိုရင် အရှင့်သား ဒီအစေခံပြောတဲ့ကိစ္စ..."
ရွှယ်ယန် ပြုံးပြလိုက်သည်။
" ငါက ဒီလိုအခြေအနေမျိုးမှာပဲ နှစ်ပေါင်းများစွာနေခဲ့ရတော့ ကျင့်သားရနေပြီ... မိန်းမစိုးဝူရဲ့ ကြင်နာမှုတွေကိုတော့ နားလည်ပါတယ် ဒါပေမဲ့ လက်စားချေချင်ရင်တောင်မှ ငါ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူး... ငါ့မှာက ဆွေမျိုးသားချင်းလည်း ရှိခဲ့တာမဟုတ်ဘူး...မိန်းမစိုးဝူစိတ်ပူတာကိုတော့ ကျေးဇူးတင်ပါတယ် ငါ သူနဲ့ ဘယ်တော့တွေ့လို့ရမလဲ..."
" အခုလောလောဆယ်တွေ့ဖို့က အဆင်မပြေသေးပေမယ့် အခွင့်အရေးရတာနဲ့ အရှင့်သားနဲ့ သေချာပေါက်လာတွေ့မှာပါ..."
ရွှယ်ယန် သူ့ကိုကျေးဇူးတင်ပြီးနောက် သူထွက်သွားသည်ကို ကြည့်နေသည်။
အစောပိုင်းက နွေးထွေးကာ ခံစားချက်များရောယှက်နေခဲ့သည့်မျက်နှာနှင့် အပြုံးက မျက်နှာဖုံးတစ်ခုကို ချွတ်ချလိုက်သကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားပြီး ပုံမှန်အချိန်ကဲ့သို့ မထီမဲ့မြင်နှင့် လှောင်ပြောင်သည့်ပုံစံ ပြန်ဖြစ်သွားသည်။
မင်းသား ၂ တဲ့... သူက တစ်ခါတစ်လေပြဿနာရှာပေမယ့် အသက်အန္တရာယ်ထိခိုက်လောက်တဲ့အထိ အဲ့လောက်တော်တဲ့သိုင်းပညာရှင်ကိုခေါ်ပြီး ငါ့ကိုတိုက်ခိုင်းနိုင်လောက်တဲ့စွမ်းရည်မရှိဘူး... ကြည့်ရတာတော့ တုန်းချန်ကပဲ ကြားဝင်ပြီးဖန်တီးလိုက်တဲ့ပုံပဲ...
သူက စစ်မြေပြင်တွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သူဖြစ်၍ အရပ်မျက်နှာခြောက်ခုကို အလိုလိုမြင်နိုင်ကြားနိုင်သည့်အာရုံခံစားစိတ်မျိုးရှိသည်။ ယနေ့တွင်လည်း ထိုအစောင့်ကဲ့သို့လူ ၄-၅ယောက် တစ်ပြိုင်တည်း တိုက်ခိုက်လျှင်ပင် သူအေးအေးဆေးဆေး ကိုင်တွယ်နိုင်သည်။
သို့ရာတွင် တစ်ဖက်လူက ဤမျှအကွက်ကျကျစီစဉ်ထားပေးခြင်းဖြစ်၍ ထိုလူ၏ ပျော်ရွှင်မှုကို မဖျက်ဆီးချင်ပေ။ ထိုလူများ ငါးစာကို လာမကိုက်မိတွင် လုပ်ဇာတ်တစ်ခု ဖန်တီးပေးလိုက်ခြင်းသာဖြစ်သည်။
23.2
ငါးအကြီးကြီးက ငါးစာကိုကိုက်သွားပြီဖြစ်၍ သူ၏မှန်းဆချက်များကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
သူ့မယ်တော်၏ အစေခံဟောင်းက ရာထူးမှကျကာ ဘဝပျက်လုနီးပါးဖြစ်သွားခဲ့သော်လည်း တုန်းချန်တွင် နေရာကောင်းတစ်ခု ရထားသည့်ပုံပေါ်သည်။ ဤနှစ်များအတွင်းတွင် ရာထူးတက်လာခဲ့ပြီး တုန်းချန်၏ ဒုတိယအာဏာအရှိဆုံးမိန်းမစိုးဖြစ်လာခဲ့သည်။ သို့ရာတွင် တုန်းချန်က ဧကရာဇ်၏ ယုံကြည်မှုကို ဆုံးရှုံးထား၍ လမ်းဘေးမှ ကြွက်သာသာအဆင့်သို့ ရောက်သွားသည်။
သို့ဖြစ်၍ သူတို့ကြိုးဆွဲရာကမည့် ရုပ်သေးရုပ် မင်းသားတစ်ပါးလိုအပ်နေသည်။ အဘယ့်ကြောင့်ဆိုသော် တုန်းချန်က လက်သည်းဝှက်ထားသည့်ကျားတစ်ကောင်နှင့်တူပြီး အစွမ်းအစကလည်း မသေးလှပေ။ သူတို့အတွက် စစ်တုရင် ရုပ်တစ်ရုပ်ရှိပါက သူတို့စွမ်းရည်များကို ပိုမိုအသုံးကျအောင် ပြုလုပ်နိုင်သည်။
အကယ်၍ မင်းသားက အနာဂတ်တွင် အမြင့်ဆုံးနေရာတစ်ခုကို ရခဲ့ပါက လောကတစ်ခွင်ကို သူတို့သာ လက်ဝါးကြီးအုပ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ သူတို့က ရွှယ်ယန်ကို ရှာဖွေကြခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ယန်က နန်းတွင်းထဲတွင် အမြဲတမ်းအနိုင်ကျင့်ခံနေရသည့်အပြင် တုန်းချန်မှ လူတစ်ယောက်ယောက်က သူနှင့်ဆက်နွယ်မှုရှိခဲ့သည်ဟု ပြောလိုက်ပါက ထိန်းချုပ်ရ ပိုမိုလွယ်ကူနိုင်သောကြောင့်ဖြစ်သည်။
ပတ်ဝန်းကျင်ကလူတွေကို သေစေနိုင်တဲ့ နတ်ဆိုးကြယ် ဆိုတာကရော...
တုန်းချန်မှလူအများစုမှာ ဆွေမရှိမျိုးမရှိ မျိုးဆက်မရှိကြသည့် မိန်းမစိုးများသာဖြစ်၍ သေဆုံးရမည်ကို မကြောက်လန့်ကြပေ။
အချိန်ကြာမြင့်စွာ ပိုက်ကွန်ချထားပြီးသည့်နောက် နောက်ဆုံးတွင်မူ ရွှယ်ယန်က ငါးကြီးကြီးတစ်ကောင် ဖမ်းမိခဲ့ပြီဖြစ်သည်။
အစောပိုင်းမှ သူ၏ငြင်းဆိုလိုက်မှုက နောက်သို့ခြေတစ်လှမ်းဆုတ်ထားလိုက်ခြင်းသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မုန်းတီးမှုနှင့်ရန်ငြိုးများရှိသော်လည်း လက်စားချေရန် မဝံ့ရဲတတ်သည့်ငကြောက်များက အသုံးချခံဖြစ်ရန် အသင့်တော်ဆုံးလူမျိုးများဖြစ်သည်။
သို့ဖြစ်၍ ရွှယ်ယန်က ဝူရွှင်းဟွိုင် ငြိမ်ငြိမ်ထိုင်မစောင့်နေနိုင်တော့သည့်အချိန် ဖိအားပေးမည်သာဖြစ်သည်။
ရွှယ်ယန်၏ မျက်နှာထက်မှ အပြုံးက အေးစက်၍ ကြက်သီးထဖွယ်ဖြစ်နေသောကြောင့် အပြုံးစစ်တစ်ခုဟု မဆိုနိုင်ပေ။ သူ ပြန်ထိုင်လိုက်ပြီးနောက် လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်လိုက်သည်။
ထိုအချိန်တွင် မနီးမဝေးမှ ခြေသံများက သူနှင့် တဖြည်းဖြည်းနီးလာသည်။
ရွှယ်ယန် လှည့်ကြည့်လိုက်သည့်အခါ ကျောက်စိမ်းရောင်ဝတ်ရုံပေါ်တွင် ပန်းရောင်အခက်များဖြင့် ပန်းထိုးထားသည့်ဝတ်ရုံကိုဝတ်ကာ အပေါ်မှ သားမွေးဝတ်ရုံထူတစ်ထပ်ခြုံထားသည့် ကလေးမလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက ခြေထောက်တိုတိုလေးများဖြင့် သူ့ဆီသို့လျှောက်လာကာ အနောက်တွင်လည်း လိုင်ချီးသီးပန်းကန်ကိုင်ထားသည့် နန်းတွင်းသူတစ်ယောက်ပါလာသည်။
အဲ့ဒါ ကျွင်းဟွိုင်လန်ရဲ့ ညီမလေးမလား...
ကျွင်းဟွိုင်လန်ကို အစောပိုင်းက အေးစက်စက်ဆက်ဆံခဲ့မိသည်ကို ရွှယ်ယန်သတိရသွားသည်။
ထိုအချိန်က တုန်းချန်မှလူများက မျက်ကွယ်ရာမှ စောင့်ကြည့်နေခဲ့သည်ကိုသိ၍ ကျွင်းဟွိုင်လန်နှင့် တမင်တကာ ခပ်ခွာခွာနေလိုက်ခြင်းဖြစ်သည်။
သူက ခြေလှမ်းတိုင်းကို သတိထားရပြီး အသေးငယ်ဆုံးသောအမှားလေးတစ်ခုပင် ဖြစ်၍မရပေ။
ဒါဆို ဒီကလေးမလေးက အခု ဘာလာလုပ်တာလဲ...
သူက နေရာတွင်သာထိုက်ပြီး ကလေးမလေးက ပြုံးရွှင်လျက်လျှောက်လာသည်ကို မျက်မှောင်ကြုတ်လျက်ကြည့်နေသည်။
သူက သူ့အစ်ကိုနဲ့ နည်းနည်းတူသားပဲ...
ထိုအချက်ကြောင့် ရွှယ်ယန်၏နှလုံးသားတစ်ခုလုံး နူးညံ့သွားမိသည်။
ထို့နောက် သူမ၏ ကလေးသံလေးဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
" အစ်ကိုကြီး ရေဆာနေလား... လိုင်ချီးသီးယူလာတယ်..."
ရွှယ်ယန် ခဏတာကြောင်အသွားပြီး မတွေးပဲမနေနိုင်တော့ပေ။
သူက ဒေါင်းပေါက်လေးကိုရော နေ့တိုင်းဒီလိုပဲခေါ်တာလား...
သူက အလွန်သဘောကောင်း၍ အနိုင်ကျင့်ရလွယ်သောကြောင့် ဤကလေးမလေးက သူ့နားမှမခွာနိုင်ဖြစ်ကာ အစ်ကိုဖြစ်သူကို အလွန်ချစ်ခြင်းဖြစ်နိုင်သည်။
ကျွင်းလင်ဟွမ်က အစ်ကိုဖြစ်သူ၏စကားများကို စိတ်ထဲတွင် မှတ်ထားပြီး အစ်ကိုကြီးဟု အကြိမ်အနည်းငယ်ခေါ်လိုက်သည်။ သူမက ငယ်ရွယ်၍ စကားပြောချိုသူဖြစ်၍ ဤတာဝန်က သူမအတွက် လွယ်ကူနေသည်။
ရွှယ်ယန် ဘာမှပြန်မပြောသည်ကိုမြင်သော်လည်း သူမက စိတ်မဆိုးပဲ လိုင်ချီးသီးတစ်လုံးကို သူ့လက်ထဲ ထည့်ပေးလာသည်။
" အစ်ကိုကြီး မြန်မြန်စားကြည့်... အချိုမကြိုက်တဲ့ သမီးကိုကြီးတောင်မှ ဒီလိုင်ချီးသီးက တော်တော်အရသာရှိတယ်လို့ ချီးကျူးထားတာနော်.."
သူမအစ်ကိုအကြောင်းပြောလိုက်သည်ကို ရွှယ်ယန်ကြားသောအခါ သူက မျက်လွှာချပြီး ကလေးမလေးကို ကြည့်လိုက်သည်။
" မင်းအစ်ကိုက ဒီကိုလာခိုင်းတာလား..."
ထိုစကားများကြောင့် ကျွင်းလင်ဟွမ်လန့်သွားပြီး အနည်းငယ် ရှက်သွားသည့်ပုံဖြစ်သွားသည်။
"အိုး...ကိုကြီးက သမီးကို မပြောပြခိုင်းထားဘူး ဘယ်လိုလုပ်သိသွားတာလဲ..."
သူမ တီးတိုးပြောလိုက်သည်။
ရွှယ်ယန်က သူမစကားကြောင့် လေ့ကျင့်ရေးကွင်းထဲကို လှမ်းကြည့်လိုက်သည့်အခါ တစ်ချက်ကြည့်ရုံဖြင့် ကျွင်းဟွိုင်လန်ကို မြင်လိုက်ရသည်။
ရွှယ်ယန်၏မျက်ဝန်းထဲတွင် ဖုံးကွယ်၍ မရနိုင်သော အပြုံးတစ်ခု ဖြစ်တည်လာသည်။
" ငတုံးကောင်လေး..."
သူ ရေရွတ်လိုက်မိသည်။
မနီးမဝေးမှ မင်းသား၂က ကျွင်းလင်ဟွမ် ရောက်လာသည်ကိုမြင်၍ သူမကိုလှမ်းကြည့်နေသည်။
သူ့မယ်တော်၏ နန်းဆောင်တွင်မူ လိုင်ချီးသီး အနည်းငယ်သာရ၍ လုံလုံလောက်လောက် မစားခဲ့ရပေ။
သို့ရာတွင် ကျွင်းလင်ဟွမ်က ကျွင်းဟွိုင်လန်နှင့် ရွှယ်ယွင်ဟွမ်အတွက်သာ ရက်ရောစွာပေးသည်။ လိုင်ချီးသီးများက အလွန်များ၍ ဤနေရာရှိ မင်းသားတိုင်းကို ဝေပေးမည်ဆိုလျှင်လည်း လုံလောက်သော်လည်း သူမက ထိုနှစ်ယောက်ကိုသာပေးသည်။ ထို့နောက်တွင် ပန်းကန်ပြားကြီးကို ရွှယ်ယန့်ဆီသို့ ယူသွားပေးလိုက်သည်။
မင်းသား၂က မနာလိုဖြစ်လွန်း၍ သွားများဖိကြိတ်နေမိသည်။
သူ့ဘေးမှ မင်းသား၄က နွေဦးလေပြည်လေးကဲ့သို့ ရယ်မောကာ အေးအေးလူလူပင် ပြောလိုက်သည်။
" ကိုယ်လုပ်တော်ရှု့ရဲ့မိသားစုက ညီတော်၅ကို အရမ်းကြင်နာကြတာပဲ... သူရောက်လာတာကို ဘာမှမပြောတဲ့အပြင် သူတို့မောင်နှမတွေကလည်း ညီတော်၅ကို မိသားစုအရင်းအချာလိုမျိုး ဆက်ဆံကြတာပဲ..."
မင်းသား၂က အေးစက်စွာနှာမှုတ်လိုက်ပြီး ဘာမှမပြောပေ။
ထို့နောက် မင်းသား၄က တစ်ခုခုကိုတွေးမိသွားသကဲ့သို့ ကျွင်းအန်းကျယ်ဘက်ကို လှည့်လိုက်သည်။
" အန်းကျယ် မင်းလည်းသူတို့နဲ့ တစ်ဝမ်းကွဲတော်တာပဲမလား... ငယ်ငယ်တည်းက တူတူကြီးပြင်းလာတာဆိုတော့ မောင်နှမအရင်းလို့တောင်ပြောလို့ရတာကို သူတို့က ခုမှတွေ့တဲ့ ညီတော်၅ကို မင်းထက်ပို သံယောဇဉ်ရှိနေသလိုပဲ... လိုင်ချီးသီးတွေအများကြီးရှိတာတောင်မှ မင်းကို တစ်လုံးမှလာပေးတာမတွေ့ဘူး..."
သူ့စကားကြောင့် ကျွင်းအန်းကျယ်က ရှက်ရွံ့သွား၍ အချိန်အတန်ကြာသည်အထိ စကားပြန်မပြောနိုင်ပေ။ ခဏအကြာမှသာ အံကြိတ်ထားလျက်ဖြင့် ပြန်ပြောလိုက်သည်။
" သူက တစ်ကိုယ်ကောင်းဆန်တဲ့လူလေ..."
xxxxxxx