အပိုင်း ၂၄
Viewers 15k

Chapter 24


နောက်ရက်များတွင်လည်း ကျွင်းဟွိုင်လန်က ညစဉ်ညတိုင်း အိမ်မက်ဆိုးများဆက်တိုက်မက်ခဲ့သည်။ စိတ်လွတ်လက်လွတ်နေပြီး ပတ်ဝန်းကျင်ကို အာရုံမစိုက်တတ်သည့် ရွှယ်ယွင်ဟွမ်သည်ပင် ထိုကိစ္စကို သိသွားခဲ့သည်။


ကျွင်းဟွိုင်လန်၏ ဝိညာဉ်အခြေအနေက အနည်းငယ်ဆိုးရွားနေကြောင်း ရွှယ်ယွင်ဟွမ်က ဧကရီကို‌အလျင်အမြန် ပြောပြခဲ့သည်။ ဧကရီကလည်း စိတ်ပူသွားခဲ့၍ ရှို့မူနေ့တွင် ကျွင်းဟွိုင်လန်ကို သူမနန်းဆောင်သို့ စောစောလာရောက်ခိုင်းပြီး သူမနန်းဆောင်မှ ဆေးပညာရှင်တစ်ယောက်ကို ကုသ‌ခိုင်းမည်ဖြစ်သည်။ 

[ T/N - ရှို့မူ = ဗုဒ္ဓပွဲနေ့ ]


နေ့တိုင်းမက်နေသော အိမ်မက်ဆိုးများက သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် မသက်ဆိုင်ကြောင်းကို ကျွင်းဟွိုင်လန် အမြဲတမ်းခံစားမိသည်။ သို့သော်လည်း ဧကရီက စိတ်ပူနေသည်ဖြစ်၍ သူမဆောင်ရွက်ပေးသည်များကို မငြင်းဆန်လိုပေ။ သို့ဖြစ်၍ ယနေ့မနက်စောစောတွင် ဧကရီ၏ နန်းဆောင်သို့ သွားခဲ့သည်။

    

သို့ဖြစ်၍ ရွှယ်ယန်က ဥယျာဉ်ထဲတွင် မနက်စောစော ကိုယ်ခံပညာလေ့ကျင့်ပြီး ပြန်လာချိန်တွင် သေးငယ်သောပုံရိပ်တစ်ခုက တံခါးနားတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။


၎င်းက ကျွင်းဟွိုင်လန်၏ညီမလေးဖြစ်သည်။ 


ရွှယ်ယန်က ဝတ်ရုံအပါးတစ်ထည်သာ ဝတ်ဆင်ထားခြင်းဖြစ်သည်။ ယခုက ဆောင်းရာသီမနက်စောစောဖြစ်သော်လည်း သူ့နဖူးပြင်တွင် ချွေးသီးချွေးပေါက် အလွှာပါးလေးများရှိကာ တစ်ကိုယ်လုံးကလည်း အပြင်းအထန်လေ့ကျင့်ခန်းလုပ်ထားသည့်ပုံပေါ်နေသည်။


ရွှယ်ယန် ရှေ့တိုးသွားပြီး ထိုကလေးမလေးနှင့် ခြေလှမ်းသုံးလှမ်းအကွာတွင် ရပ်နေလိုက်သည်။


ကျွင်းလင်ဟွမ်က လက်တစ်ဖက်နှင့်တစ်ဖက်ကြိဆုပ်ထားပြီး တံခါးဝတွင်ရပ်‌နေကာ အထဲသို့မဝင်ရဲပဲ တွန့်ဆုတ်နေပုံရသည်။ အနောက်မှ တဖြည်းဖြည်းကပ်လာသည့်ခြေသံ‌များကြောင့် လှည့်ကြည့်လိုက်သည့်အခါ မတ်တပ်ရပ်နေသည့် ရွှယ်ယန်ကို တွေ့လိုက်ရသည်။


ကလေးမလေး၏မျက်နှာတွင် အံ့ဩတကြီးအမူအရာမျိုး ဖြစ်ပေါ်လာသည်။


"  မင်းသား၅ အစ်ကိုကြီးပဲ..."


သူမက ပြုံးရွှင်လျက် အသံတစာစာဖြင့် ခေါ်လိုက်သည့်အခါ မျက်ခုံးများ ကွေးညွတ်သွားကာ သူမပုံစံက ချစ်ခင်စဖွယ်လေးဖြစ်နေသည်။


ကျွင်းဟွိုင်လန်၏ ပုံပန်းသွင်ပြင်က ရွှယ်ယန်၏မျက်လုံးထဲတွင် ချက်ချင်းပေါ်လာသည်။

 

ဒီမောင်နှမနှစ်ယောက်က တော်တော်တူတာပဲ... ပြုံးလိုက်ရင်လည်း မျက်နှာချိုချိုလေးတွေဖြစ်သွားတာ...

ရွှယ်ယန်၏ စိတ်ထဲတွင် တွေးလိုက်မိသည်။

    

" အစ်ကိုကြီးအိပ်နေတာ နှောင့်ယှက်မိမှာစိုးလို့ ချောင်းကြည့်နေတာ လက်စသတ်တော့ စောစောနိုးနေတာကိုး..."

ကျင်းလင်ဟွမ်က ပြုံးပြကာ ပြောလိုက်သည်။

  

သူ့ရှေ့မှ ကလေးမလေးက လေအေးထဲတွင် ကြာကြာရပ်နေရ၍ ပါးပြင်များနီရဲနေသောကြောင့် လေကွယ်သည့်နေရာတွင်ရပ်ပြီး မေးလိုက်သည်။

" ဘာကိစ္စရှိလို့လဲ..."


ကျင်းလင်ဟွမ်က သူ၏ ဂရာမစိုက်သည့် အမူအရာကို မမြင်ပေ။ သူမေးသည်ကို ကြားသည့်အခါ ဝတ်ရုံလက်ရှည်ထဲမှ အမွှေးအိတ်လေးကို ရတနာတစ်ခုသဖွယ် ထုတ်ပြလိုက်သည်။


" ဒါ အရီးတော်ရဲ့ ‌ဂိုထောင်ထဲက သမီးတွေ့လာတဲ့ အမွှေးတိုင်လေး... အရီးတော်ပြောတာတော့ ဒီဟာကို ပေါင်းကော်ဘုရားကျောင်းက ရလာခဲ့တာတဲ့... ဒါလေးကို မီးညှိပြီး ဘေးနားထားအိပ်ရင် ကောင်းကောင်းအိပ်ပျော်တယ်တဲ့... ဒါကို ကိုကြီးဆီကိုသွားပေးချင်တာ ပေးလို့မရလို့ မင်းသား၅အစ်ကိုကြီး ယူသွားပေးပါလား..."


သူမ ဆက်လက်ရေရွတ်လိုက်ပြန်သည်။

" သမီးက ခြောက်နှစ်ပဲရှိသေးလို့ အပျိုတော်မမတွေက မီးမကိုင်ခိုင်းဘူး..."

 

ရွှယ်ယန်၏မျက်လုံးများ အေးခဲမတတ်ဖြစ်သွားသည်ကို သူမ သတိမပြုမိပေ။


ထို့နောက် ရွှယ်ယန်က သူမကိုမေးလိုက်သည်။

" မင်း အစ်ကိုကြီးက အိပ်မပျော်ဘူးလား..."


ကျွင်းလင်ဟွမ်ခေါင်းခါလိုက်သည်။


" အစ်ကိုကြီးကအိပ်ပျော်ပါတယ် ဒါပေမဲ့ တစ်ညလုံး အိမ်မက်ဆိုးတွေမက်နေတာ..."

    

ရွှယ်ယန်၏ နူးနူးညံ့ညံ့အသံကို သူမ ထပ်ကြားလိုက်ရပြန်သည်။


" ဘယ်တုန်းကတည်းကလဲ..."


ကျွင်းလင်ဟွမ်က လက်ချောင်းများထောင်ပြီး အချိန်ကြာမြင့်စွာ ရေတွက်နေသည်။

 

" အင်း... နှင်းတွေ စကျတဲ့ရက်ကထင်တယ်..."


သူမ နောက်ဆုံးတွင် မှတ်မိသွား၍ ပျော်ရွှင်စွာပြောလိုက်သည်။


" အဲ့နေ့တုန်းက ကိုကြီး အအေးမိသွားတယ်လေ... အဲ့ကတည်းကစပြီး ညဘက် ကောင်းကောင်းအိပ်မပျော်ပဲ အိမ်မက်ဆိုးတွေမက်တော့တာပဲ..."


ရွှယ်ယန်၏ မျက်ဝန်းများတွင် ဆိတ်ငြိမ်သွားသည့်အရိပ်အယောင်နှင့်အတူ မိမိကိုယ်ကို သိမ်ငယ်သွားသည့်ပုံ ဖြစ်ပေါ်လာသည်။

    

နှင်းများ စတင်ကျလာခဲ့သည့်နေ့က သူပထမဆုံးရောက်လာခဲ့သည့်နေ့ဖြစ်ပြီး ကျွင်းဟွိုင်လန် သူ့အခန်းထဲရောက်လာပြီး အအေးမိကာ နေမကောင်းဖြစ်သွားသည့်နေ့လည်းဖြစ်သည်။


" မင်းရဲ့အစ်ကိုကြီးက ဘာလို့ အိမ်မက်ဆိုးတွေ မက်နေရတာလဲသိလား..."


ရွှယ်ယန်ကအချိန်အတန်ကြာ ငြိမ်သက်နေပြီးသည့်နောက်တွင် မေးလိုက်သည်။

  

အဲ့ဒါ မင်းရှေ့က လူကြောင့်ပဲ... ငါက သူများတွေသေကြေအောင်လုပ်ဖို့ပဲ ကမ္ဘာပေါ်ရောက်လာခဲ့တာ... မင်းအစ်ကိုကြီးက အရမ်းတုံးတော့ အဲ့ဒါကိုမကြောက်ပဲ ငါ့ကိုချဉ်းကပ်ခဲ့တယ်... ခုတော့ နတ်ဆိုးကြယ်ရဲ့ လွှမ်းမိုးခံလိုက်ရပြီး နေ့တိုင်းအိမ်မက်ဆိုးတွေ မက်ပြီ...


သူ အစတည်းက သိခဲ့သင့်တာ... သူမွေးလာတည်းက ကံကြမ္မာက အဲ့လိုဆုံးဖြတ်ပေးထားခဲ့တာ... သူနဲ့ နီးစပ်သမျှလူအားလုံးကို သူက နာကျင်စေမှာပဲ...


တစ်လောကလုံးက သူ့ကိုကြောက်လန့်မုန်းတီးနေကြတာ ကံကောင်းတာပဲ...

ရွှယ်ယန်၏စိတ်ထဲတွင် တွေးလိုက်သည်။

  

သို့ရာတွင် ကျွင်းလင်ဟွမ်က သူတွေးနေသည်များကို မသိ၍ သူ့မေးခွန်းကို ကြားသည့်အခါ အမြန်မေးလိုက်သည်။


" မင်းသား၅ အစ်ကိုကြီး ဘာဖြစ်လို့လဲဟင်..."


ရွှယ်ယန် ငုံ့ကြည့်လိုက်သည့်အခါ ကျွင်းလင်ဟွမ်၏ ဖန်သားကဲ့သို့ကြည်လင်သောမျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။


သူ ထိုစကားများကို ဤကလေးငယ်လေးကို မပြောရက်ပေ။


ခဏအကြာတွင်မှ ပြန်ဖြေလိုက်သည်။

" ဘာမှမဟုတ်ပါဘူး... အဲ အမွှေးတိုင်ကိုပေးထားခဲ့လေ ငါ ဘာလုပ်ရမယ်ဆိုတာ သိတယ်..."


ကျွင်းလင်ဟွမ်က သူ့ကိုသံသယမဝင်သည့်အပြင် သူ့စကားကိုနားထောင်ကာ လက်ထဲသို့ ဖယောင်းတိုင်ကို ထည့်ပေးလိုက်သည်။


ပေါင်းကော်ဘုရားကျောင်းမှပြုလုပ်ထားသည့် အမွှေး‌တိုင်များက စန္ဒကူးရနံ့မျိုးဖြစ်သည်။ 


ထိုရနံ့က ရွှယ်ယန်၏ နှာသီးဖျားထဲသို့ ငွေရောင်ပိုးချည်မျှင်များကဲ့သို့ ဝင်ရောက်သွားကာ သူ့ကိုလည်ပင်းညှစ်နေသကဲ့သို့ ခံစားရ၍ အသက်ရှုကျပ်သွားစေသည်။ 


သူက အသူရာချောက်နက်ထဲမှ တစ္ဆေတစ်ကောင်ဖြစ်၍ လှပသည့်အရာများအားလုံးက သူနှင့် မသက်ဆိုင်သကဲ့သို့ပင်ဖြစ်သည်။


ရွှယ်ယန်က မျက်လွှာချ၍ ကျွင်းလင်ဟွမ်၏လက်ထဲမှ အမွှေးဖယောင်းတိုင်ကို ယူလိုက်သည်။


ဤတစ်ချိန်လုံးတွင် သူ သူမကို တစ်ချက်မှ မထိခဲ့ပေ။


——


ကျွင်းဟွိုင်လန်က ဧကရီ၏ နန်းဆောင်မှ ပြန်ရောက်ချိန်တွင် နေ့လယ်ခင်းအချိန် ရောက်နေပြီဖြစ်သည်။

 

ဆေးပညာရှင်က သူ့ကိုကြည့်ရှု့စစ်ဆေးပြီး မေးခွန်းများမေးပြီးသည့်နောက်တွင် အပ်စိုက်ကုထုံးဖြင့် ကုသပေးလိုက်သည်။ သူက ယခုနောက်ပိုင်းတွင် စိတ်ဖိစီးမှုများနေခြင်းဖြစ်ကာ ခန္ဓာကိုယ်တွင် ပြင်းပြင်းထန်ထန်ရောဂါများမရှိပဲ စိတ်အေးလက်အေးနေရန်သာ လိုအပ်နေကြောင်း ပြောလိုက်သည်။

  

ဆေးပညာရှင်က မည်သည့်ရောဂါလက္ခဏာမှ မတွေ့ရှိကြောင်း ကျွင်းဟွိုင်လန်သိလိုက်၍ အလျင်မလိုတော့ပဲ နန်းဆောင်တွင် ခဏနေလိုက်သည်။ ထို့နောက် ဧကရီက နေ့လယ်စာစားရန်ဖိတ်ကြားသည်ကို ငြင်းပယ်လိုက်ကာ မင့်လွမ်နန်းဆောင်သို့ ပြန်လာခဲ့သည်။

24.2


တစ်မနက်လုံး မေးခွန်းထုတ်ခံထားရ၍ အလွန်ပင်ပန်းနွမ်း‌နယ်နေပြီဖြစ်သောကြောင့် ပြန်လာပြီး အနားယူချင်နေသည်။

 

တံခါးဝမှတစ်ဆင့်ဝင်လာပြီး ခန်းမဘက်သို့ လျှောက်လာသည်နှင့် ဘုရားကျောင်းများတွင် အမွှေးတိုင်ထွန်းထားချိန်တွင် ရတတ်သည့် စန္ဒကူးရနံ့မွှေးမွှေးလေးကို ရလိုက်သည်။ သူ အနည်းငယ် ပဟေဠိဖြစ်သွားမိသော်လည်း ကိုယ်လုပ်တော်ရှု့က သူအိပ်မပျော်သည်ကိုသိသွားပြီး တစ်ယောက်ယောက်ကို သူ့အခန်းထဲတွင် အမွှေး‌တိုင်များထွန်းခိုင်းထားခြင်းဖြစ်သည်ဟု တွေးလိုက်မိသည်။


ကျွင်းဟွိုင်လန်ပြုံးလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။


နန်းဆောင်ထဲမှ ဗုဒ္ဓရုပ်ပွားတော်ကို အမွှေးတိုင်ထွန်းညှိပူဖော်သည့်အခန်းထဲတွင် နန်းတွင်းသူများနှင့် အပျိုတော်များရှိမနေပဲ အရပ်ရှည်ရှည်လူတစ်ယောက်က သူ့ကိုကျောပေး၍ ရပ်‌နေပြီး ‌အမွှေးတိုင်တစ်တိုင် ထွန်းထားသည်ကို တွေ့လိုက်ရသည်။


ထိုလူက အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် ခန္ဓာကိုယ်က ကျစ်လစ်သန်မာပြီး အရိုင်းဆန်သည့်စွမ်းအင်များပြည့်နေသည်ကို တွေ့လိုက်ရသည်။


" အရှင့်သားလား..."

ကျွင်းဟွိုင်လန် ထိတ်လန့်သွားပြီးမေးလိုက်သည်။


ထိုအခါမှ ရွှယ်ယန်က ခေါင်းတစ်ဖက်သို့စောင်းလာပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်ကို တွေ့လိုက်ရသာယည်။


ယခုက ဆောင်းရာသီသာဖြစ်သော်လည်း သူက ဝတ်ရုံအပါးလေးသာဝတ်ထားကာ အင်္ကျီလက်ကိုခေါက်တင်ထား၍ ကြွက်စားအနည်းငယ်ဖြင့်ကျစ်လျစ်လှသည့်လက်မှအကြောများကိုပါ အနည်းငယ် မြင်နေရသည်။


ပယင်းရောင်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားချိန်တွင် ၎င်းတို့က သာမန်ထက်ပို၍ မည်းနက်နေသယောင်ဖြစ်နေသည်ဟု ကျွင်းဟွိုင်လန်ခံစားလိုက်ရသည်။


ထိုမျက်ဝန်းများတွင် စိတ်မကြည်မသာဖြစ်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ပါ ရောယှက်ပါဝင်နေ၍ ကျွင်းဟွိုင်လန်ကို စိတ်မသက်မသာဖြစ်စေသည်။


" ဒီမှာဘာလို့ အမွှေးတိုင်ထွန်းနေတာလဲ..."

ကျွင်းဟွိုင်လန်မေးလိုက်သည်။


 ရွှယ်ယန်က နောက်ဆုံးအမွှေးတိုင်ကို မီးညှိနေသည်။ အခြားအမွှေးတိုင်များမှ ပြာများက ကွေးညွတ်၍ အောက်သို့ပြုတ်ကျလာကာ တစ်ခန်းလုံးလည်း တိတ်ဆိတ်မှုများဖြင့် ပြည့်နေလျက်ရှိသည်။


" ငါကြားတာတော့ မင်း ငါရောက်လာတဲ့နေ့တည်းက ကောင်းကောင်းအိပ်လို့မရဘူးဆို..."

ရွှယ်ယန်၏ အသံက တိုးညှင်းနေသော်လည်း အေးစက်စက်ဖြစ်နေသည်။


ကျွင်းဟွိုင်လန်ကြောင်အသွားပြီး သူကိုယ်တိုင်ပင်မသိလိုက်ပဲ ခွန်းတုံ့ပြန်မိသွားသည်။

" အဲ့လိုမဟုတ်..."


ထိုအချိန်တွင် ရွှယ်ယန်က သူ့ဘက်လှည့်လာသည်။


ကျွင်းဟွိုင်လန်၏ အနည်းငယ်ဖြူဖျော့နေ‌သည့် အသားအရည်နှင့် နက်ပြာရောင်မျက်ဝန်းများက ရွှယ်ယန်၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။


ရွှယ်ယန်က သူခွန်းတုံ့ပြန်လိုက်သည်ကို မကြားဟန်ဆောင်ကာ လေသံပြတ်ပြတ်ဖြင့်ပြောလိုက်သည်။

" ဘာလို့ တခြားလူတွေကို မပြော‌ပြတာလဲ..."


ကျွင်းဟွိုင်လန်က တစ်မနက်လုံး ဧကရီ၏ နန်းဆောင်တွင် နေခဲ့ရသည့်အပြင် ညဘက်ကလည်း ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ယခုအချိန်တွင် သူ အနည်းငယ် မူးဝေနေ၍ ရွှယ်ယန်ဆိုလိုသည့်အရာကို သဘောမပေါက်ဖြစ်နေသည်။


" မင်း ဘာပြောလိုက်တာလဲ..."

    

ရွှယ်ယန်က တိတ်ဆိတ်နေပြီးသည့်နောက်ခဏကြာသည်အထိ စကားတစ်ခွန်းမှ မပြောပေ။


ကျွင်းဟွိုင်လန် အံ့အားသင့်နေစဉ်တွင် ရွှယ်ယန် ပြောသည်ကို ကြားလိုက်ရသည်။


" ငါ တတ်နိုင်သမျှမြန်မြန်ထွက်သွားပါ့မယ်..."


ရွှယ်ယန်က စကားဆုံးသည်နှင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ကျွင်းဟွိုင်လန်က သူ့နောက်မှ အမြန်လိုက်ပြီး သူ့လက်မောင်းကိုဖမ်းဆွဲကာမေးလိုက်သည်။


" မင်းက ဘာလို့ ထွက်သွားမှာလဲ... မင်းက အရီးတော်ရဲ့သား ဖြစ်နေပြီလေ တခြားနေရာကို ထွက်သွားလို့မှ မရတာ..."


ရွှယ်ယန်က နောက်ပြန်လှည့်လာပြီး သူ့လက်မောင်းကို  ဆွဲထားသည့် ကျွင်းဟွိုင်လန်၏လက်ကိုခါထုတ်လိုက်သည်။


ကျွင်းဟွိုင်လန်က သတိလက်လွတ်နေမိချိန်ဖြစ်၍ သူ့အပြုအမူကြောင့် ဒယိမ်းဒယိုင်ဖြစ်သွားသည်။


" မင်း..."


" သခင်လေး သဘောပေါက်သင့်တဲ့အချိန် ရောက်နေပါပြီ..."


ကျွင်းဟွိုင်လန်က ဘေးနားမှ တိုင်ကိုအားပြု၍ မှီလိုက်စဉ်မှာပင် ရွှယ်ယန်၏ အေးစက်စက်လေသံကို ကြားလိုက်ရသည်။


 မော့ကြည့်လိုက်သည်အခါ ရွှယ်ယန်က သူ့နေရာတွင်ပင် ရပ်နေပြီး သူ့ကို ခေါင်းငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။


ထိုအကြည့်ကြောင့် ကျွင်းဟွိုင်လန်က ယခင်ဘဝသို့ ပြန်ရောက်သွားပြီး ယုံလဲ့နန်းဆောင်၏ စင်္ကြန်တွင်ရပ်နေစဉ် ရွှယ်ယန်၏ ထိုသို့သော အကြည့်များနှင့် ရင်ဆိုင်ခဲ့ရဖူးသည်ကို အမှတ်ရသွားသည်။


" ငါက ဒီလောကကို လူသတ်တဲ့ကံကြမ္မာနဲ့ပဲ ရောက်လာခဲ့တယ်ဆိုတာ မင်းကို ဘယ်သူမှ မပြောဘူးလား... ငါက ငါ့မိဘနဲ့ ဆွေမျိုးသားချင်းတွေကိုပါ သေစေနိုင်တယ်... ငါ့ကို ချဉ်းကပ်လာတဲ့လူတွေကလည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး..."


 ရွှယ်ယန်၏စကားများက စောဒကတက်ဖွယ်ရာမရှိသည့်အချက်များဖြစ်ကာ သူ့လေသံကလည်း တည်ငြိမ်နေသည်ကို ကျွင်းဟွိုင်လန်သိသည်။


အမှန်တွင် ကျွင်းဟွိုင်လန်နှင့်သိသမျှလူ၊ တွေ့သမျှလူတိုင်းက ထိုအကြောင်းပြောသည်ကို ကြားဖူးသော်လည်း ရွှယ်ယန်၏နှုတ်မှ ကိုယ်တိုင်ပြောထွက်လာမည်ဟု မထင်ခဲ့မိပေ။ သူ့ပုံစံက ရာသီဥတုအခြေအနေအကြောင်းကို အေးအေးဆေးဆေးပြောနေသကဲ့သို့ ပုံမှန်သာဖြစ်နေသည်။


" မင်းကို ဘယ်သူကမှ ဘာမှမပြောဘူးဆိုရင်တောင် ဒီကြားထဲမှ မင်းတော်တော် ကြုံတွေ့ခဲ့ပြီးပါပြီ...ငါ့ကြောင့်နဲ့ မင်းဒီထက်ပို ခံစားနေဖို့ မလိုတော့ပါဘူး..."


စကားဆုံးသည်နှင့် မထွက်သွားပဲ ထိုနေရာတွင်သာရပ်နေပြီး တိုင်ကိုအားပြု၍ မှီထားသည့် ကျွင်းဟွိုင်လန်ကို မတုန်မလှုပ်သည့်ပုံစံဖြင့်သာ ကြည့်နေသည်။


ရွှယ်ယန်က ထုတ်ဖော်မပြောသော်လည်း အဖြေတစ်ခုကို မျှော်လင့်နေမိဆဲဖြစ်သည်။


ဘယ်လိုအဖြေမျိုးဖြစ်ဖြစ်ပေါ့...


၎င်းကို ကျွင်းဟွိုင်လန်ကလည်း သဘောပေါက်သည်။


ထိုအိမ်မက်ဆိုးများက ရွှယ်ယန်၏အပြစ်ဟု ကာယကံရှင်ကိုယ်တိုင်က သဘောပေါက်ထား၍ မင့်လွမ်နန်းဆောင်မှ ထွက်ခွာသွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။


 သူ့အမူအရာက မထီမဲ့မြင်ဖြစ်ပြီး အကြည့်များက အေးစက်ကာ သူပြောလိုက်သည်များက နားဝင်မချိုလှသော်လည်း ကျွင်းဟွိုင်လန်၏နှလုံးသားထဲတွင် သူ့ကိုသနားနေမိသည်။


 လူတစ်ယောက်က ဘယ်လောက်တောင် အထီးကျန်ပြီး နာကျင်ခံစားနေခဲ့ရလို့ သူ့ကိုယ်သူ နတ်ဆိုးကြယ်လို့ထုတ်ပြောပြီး ကပ်ဘေးတွေကို ယူလာတာ သူပါလို့ အသေအချာပြောနိုင်ရတဲ့အထိ အသားကျနေရတာလဲ...


ကျွင်းဟွိုင်လန်က ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်၍ ဤအကြောင်းအရာအားလုံးက ကျိုးကြောင်းဆီလျော်မှုမရှိပဲ အထင်မြင်လွဲမှားနေကြောင်းကိုသိသည်။

 

ရွှယ်ယန်၏ မထီမဲ့မြင်ပုံစံက ဒဏ်ရာရနေသောခန္ဓာကိုယ်ကို သံချပ်ကာအင်္ကျီ၏အောက်တွင် ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သိသာနေသည်။


ကျွင်းဟွိုင်လန်က တိုင်ကိုအားပြု၍ ထလာပြီး ရွှယ်ယန့်ဆီသို့ တည့်တည့်လျှောက်လာသည်။


 " မင်းကြောင့် ငါအိမ်မက်ဆိုးတွေမက်တယ်လို့ ဘယ်သူပြောလဲ..."


ကျွင်းဟွိုင်လန်က ရွှယ်ယန်ရှေ့တည့်တည့်တွင်ရပ်ပြီး ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။


" မင်းက သတ်ဖြတ်ဖို့မွေးဖွားလာတဲ့ နတ်ဆိုးဖြစ်ပြီး မိဘနဲ့ ဆွေမျိုးသားချင်းတွေကိုပါ သတ်မှာလို့ ဘယ်သူကပြောလဲ..."


ရွှယ်ယန့်စိတ်ထဲတွင် တွေးနေမိသည်။

ဒီလူသားလေးက တစ်လောကလုံးသိနေတဲ့အကြောင်း သူ့ကို လာမေးနေရသေးတာလား...


ထို့နောက် ကျွင်းဟွိုင်လန်၏ ကြည်လင်ပြတ်သားသောအသံက မမျှော်လင့်ပဲ သူ့နားထဲ ဝင်ရောက်လာခဲ့သည်။


" မင်းက ဘယ်သူ့ကိုမှ ဆန့်ကျင်မနေပါဘူး... သူတို့အားလုံး ယုတ္တိမရှိတာတွေ ပြောနေကြတာပါ..."


ကျွင်းဟွိုင်လန် ခိုင်မာစွာပြောလိုက်သည်။

  


xxxxxxxxx