အပိုင်း ၂၅
Viewers 16k

Chapter 25


တုန်းကျီအလုပ်ရုံက နန်းမြို့တော်၏အရှေ့ဘက်ဆုံးအပိုင်း မြို့ရိုးတည်ရှိရာနေရာတွင်ရှိသည့်အရှေ့တံခါးနေရာတွင် တည်ရှိသည်။ ၎င်းက ဝင်ပေါက် ၅ခုရှိသည့် ခြံဝင်းကျယ်ကြီးဖြစ်ကာ တံခါးမကြီးကလည်း မြို့တော်၏အပြင်ဘက်ကိုမျက်နှာမူ၍ ဖွင့်ထားသည်။ ၎င်းမှ ဝင်ထွက်ကြသည့်လူများက တုန်းချန်၏ လက်အောက်ငယ်သားများသာဖြစ်သည်။


ဆောင်းတွင်း အစပိုင်းသာရှိသေးသော်လည်း ခြံဝင်းထဲမှ မက်မွန်ပင်များက စတင် ဖူးနေပြီဖြစ်ကာ နှင်းကျသောနေ့များတွင်မူ အနီရောင်တောက်တောက်ကြယ်ကို ငွေရောင်အလွှာတစ်လွှာ ရစ်ပတ်ထားသည်ဟုပင် ထင်ရသည်။


အရှေ့ပိုင်းအလုပ်ရုံ၏ ကြီးကြပ်သူဖြစ်သည့် မိန်းမစိုးသွမ့်ချုံးက ပင်မခန်းမဆောင်အရှေ့မှခုံတွင်ထိုင်နေပြီး မွှေးပျံ့သော သခွားမွှေးသီးတစ်စိတ်ကို လက်ထဲတွင် ကိုင်ထားသည်။ အပြင်ဘက်မှ ရဲရဲနီနေသည့်မြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်သည်။ 


" ဒီလို အရမ်းအေးတဲ့ရာသီမှာ ဒီမြင်ကွင်းက အလှဆုံးပဲ..."


သူ့ဘေးတွင်ထိုင်နေသည်က တုန်းချန်အလုပ်ရုံ၏ခေါင်းဆောင် ဝူရွှင်းဟိုင်ဖြစ်ပြီး သူက ရွှယ်ယန်၏ မိခင်ရင်း ကိုယ်လုပ်တော်ရှို့ကို သီးသန့်ခစားရသောမိန်းမစိုးဖြစ်ခဲ့သည်။


ဝူရွှင်းဟိုင်က ပြုံးလျက်နှင့်ပင်ပြောလိုက်သည်။

" ဘယ်သူက မဟုတ်ဘူးပြောလို့လဲ... သူ့ကိုကြည့်လေလေ မိုးကုတ်စက်ဝိုင်းကြီးတစ်ခုလုံး ပျောက်ကွယ်သွားလေလို့တောင် ခံစားရတယ်..."


တံခါးအပြင်ဘက်ရှိ ကျောက်လှေကားထစ်တွင် များပြားလှသည့် သွေးအိုင်ကြီးရှိနေသည်။ ၎င်းက စွတ်စွတ်ဖြူနေသည့် နှင်းများကို နီရဲသွားစေပြီး  မက်မွန်ပင်များနှင့်အပြိုင် တောက်ပနေသည်။


မကြာသေးမီအချိန်က လူတစ်ယောက်က ဤနေရာတွင် အရှင်လတ်လတ် အရေခွံခွာခံခဲ့ရသည်။ ထိုလူမှာ တစ်ကိုယ်လုံးတွင်ရှိသည့် အရေခွံများအားလုံးကွာကျသွားသော်လည်း မသေဆုံးခဲ့ပဲ သူ၏ နာကျင်စွာအော်ဟစ်ငိုကြွေးနေသံကို ဤနေရာမှလူအားလုံး ကြားခဲ့ရသည်။


သွမ့်ချုံးက သွေးကွက်ကြီးကိုကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။


" အရှင်မင်းကြီးက သူ့ဘေးမှာနေပြီး နေ့တိုင်းအမြီးတယမ်းယမ်းလုပ်နေတဲ့ခွေးကိုပဲ ယုံနေသေးတဲ့ပုံပဲ... ငါတို့ အရှေ့ပိုင်းအလုပ်ရုံက မင်းကြီးအတွက် အလုပ်ကြိုးစားပေးနေတာကို သူကတော့ဘေးမှာ နေ့တိုင်း ခစားတဲ့သူတွေနဲ့ပဲ ငါတို့ကို ယှဉ်နေတဲ့ပုံပဲ..."

 

သူက လင်းဖူအကြောင်းပြောနေခြင်းကို ဝူရွှင်းဟိုင်သိသည်။  မကြာသေးမီနှစ်များအတွင်းတွင် တုန်းချန်၏အာဏာကို ဧကရာဇ်က ၃၀%ခန့်သာ ချန်ထားခဲ့ပြီး ကျန်ရှိနေသည့်လူအားလုံးကိုလည်း လင်းဖူလက်အောက်သို့ လွှဲပြောင်းပေးလိုက်သည်။ လင်းဖူလက်အောက်ရောက်သွားသည့် မိန်းမစိုးအုပ်စုက နန်းတွင်းမှ မင်းမျိုးနွယ်များ၊ ရာထူးကြီးမှူးမတ်များကိုသာ ခစားရတော့သည်။ သို့ဖြစ်၍ တုန်းချန်မှာ ဤနှစ်ပိုင်းအတွင်းတွင်ယခင်ထက်ပို၍ အင်အားဆုတ်ယုတ်လာခဲ့သည်။


အတိတ်ကာလများတွင် တုန်းချန်က နန်းတွင်း၌ အရေးပါအရာရောက်သည့်နေရာတစ်ခုတွင် ရှိခဲ့ဖူးသည်။ မိသားစုနောက်ခံမကောင်းသည့် မောင်းမဆောင်မှမိဖုရား၊ ကိုယ်လုပ်တော်များက တုန်းချန်မှလူများကို အလိုလိုက်အကြိုက်ဆောင်ပြီး သူတို့အမြင်ကြည်အောင်နေရသည်။ သို့မှသာ သူတို့အတွက် အခွင့်အရေးများစွာ ရရှိနိုင်သည်။


သို့သော်လည်း ယခုချိန်တွင်မူ သူတို့က တုန်းချန်ကို အရေးမစိုက်တော့ပေ။ ယခုပင် သူတို့သတ်ပစ်လိုက်သည့်လူက အရှေ့ဘက်အလုပ်ရုံတွင် လင်းဖူထည့်ထားသည့် သူလျှိုဖြစ်သည်။


ဝူရွှင်းဟိုင်က စိတ်သက်သာရာရအောင် ပြောလိုက်သည်။


" စိတ်မပူပါတဲ့ နည်းလမ်းတစ်ခုကတော့ အမြဲတမ်းရှိနေမှာပဲ..."


ထိုစကားကိုကြားသည့်အခါ သွမ့်ချုံးက မျက်လွှာချပြီး ရေနွေးကြမ်းတစ်ငုံကိုသောက်ကာ မေးလိုက်သည်။

" မင်း နန်းတော်ထဲကို လူတစ်ယောက်လွှတ်ထားပြီးတော့ မင်းသား၅ကို ရှာခိုင်းထားတယ်လို့ ငါကြားတယ်..."


" ကျွန်တော် သူ့ကိုရှာတွေ့ပြီးလို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုပါ ထုတ်ဖော်ပြောလိုက်ပါပြီ..."


သွမ့်ချုံးက ပြုံးလိုက်သည်။

" အဲ့ကလေးက တော်တော်သနားစရာကောင်းတယ်... သူ ဘာပြောလဲ..."


" သနားစရာကောင်းတယ်ဆိုပေမယ့် သူက မဝံ့မရဲဖြစ်နေတော့ အသုံးဝင်မယ့်ပုံပါ..."


သွမ့်ချုံးက မျက်ခုံးပင့်လိုက်သည်။

" ဘာကြောင့် အဲ့လိုပြောတာလဲ..."


" ရှောင်ဝေ့ဇီပြန်ရောက်လာပြီး ပြောပြတာကတော့ မင်းသား၅က အတိတ်ကို ပြန်အမှတ်ရပြီး စိတ်လှုပ်ရှားသွားပါတယ်တဲ့... ဒါပေမဲ့ ရှောင်ဝေ့ဇီက သူ့ကို လက်စားချေချင်လားမေးတော့ သူက ဘာမှမလုပ်နိုင်တဲ့လူဖြစ်တယ်ဆိုပြီး ငြင်းပယ်လိုက်ပါတယ်..."

  

ထိုစကားကြောင့် သွမ့်ချုံးရယ်လိုက်သည်။


" မဝံ့မရဲဖြစ်နေတော့ အသုံးချလို့အကောင်းဆုံးပဲပေါ့...  ငါတို့ အရှေ့ပိုင်းအလုပ်ရုံရဲ့ အသုံးဝင်မှုတစ်မျိုးတည်းနဲ့တင် လုံလောက်နေပါပြီ သူက လိုတာထက်ပိုပြီး အရည်အချင်းရှိနေရင် အနာဂတ်မှာ ငါတို့အတွက် ပြဿနာဖြစ်လာနိုင်တယ်..."


ထိုစကားများကလည်း ဝူရွှင်းဟိုင်၏ရင်ထဲမှ စကားများသာဖြစ်သည်။ သူ အထပ်ထပ်အခါခါ ခေါင်းငြိမ့်ပြလိုက်ပြီး အလုပ်ရုံခေါင်းဆောင်က ဉာဏ်ကောင်းလှသည်ဟု ချီးကျူးနေသည်။

   

" ဒါဆိုရင် ဒီငယ်သား သူ့ကိုတွေ့ဖို့ ရက်ရွေးထားလိုက်ရတော့မလား..."

ဝူရွှင်းဟိုင် မေးလိုက်သည်။


သွမ့်ချုံးက ခေါင်းခါလိုက်သည်။


" နေပါဦး... ရှောင်ဝေ့ဇီကို ဝမ်ဟွားနန်းဆောင်ကို နေ့တိုင်းသွားခိုင်းထားလိုက်... အတိတ်က ဖြစ်ခဲ့တာတွေက အနာဂတ်မှာလည်း ဖြစ်လာနိုင်တယ်..."


ဝူရွှင်းဟိုင် ပဟေဠိဖြစ်သွားသည်။

" ဒါ..."

 

အရှေ့ပိုင်းအလုပ်ရုံ၏ အခြေအနေက အလွန်ခက်ခဲနေသည်မှာ သိသာထင်ရှားလှသည်။ လင်းဖူက သူတို့ကို ကျားတစ်ကောင်ကဲ့သို့ ချောင်းမြောင်းနေကာ နန်းတွင်းထဲတွင် ဤနှစ်ပိုင်းမှ နာမည်ကြီးလှသည့် ကိုယ်လုပ်တော်တစ်ယောက်ကလည်း တုန်းချန်ကို သူမအဖေနှင့် အစ်ကိုအတွက် မှီခိုနေရသည်။

ဒါတောင်မှ အလုပ်ရုံကြီးကြပ်သူက အလျင်မလိုသေးဘူးလား...


သွမ့်ချုံးခေါင်းခါလိုက်သည်။


သူ့အကြည့်များက တံခါးပေါက်ဆီသို့ရောက်သွားသည်။ လှေကားထစ်များ၏အောက်ဘက်တွင် ပိန်ပိန်ပါးပါးနှင့် ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ရှိနေပြီး သူ့အမူအရာများက မည်သည်ကိုမျှ ဂရုမစိုက်သည့်ပုံဖြစ်သည်။

    

ရှေ့မှ သွေးအိုင်ထဲရှိနေခဲ့သည့်လူကို ထိုကလေးကိုယ်တိုင် အရေခွံခွာပစ်ခဲ့ခြင်းဖြစ်သည်။ သူ့မျက်နှာတွင် သွေးများစိုရွှဲနေဆဲဖြစ်သော်လည်း သူ့နောက်လိုက်များကို သွေးများရှင်းလင်းပစ်ရန် ညွှန်ကြားနေသည်မှာ ကြက်တစ်ကောင်ကိုသာ သတ်ခဲ့သည့်အတိုင်းဖြစ်သည်။


သွမ့်ချုံးက လက်ဖက်ရည်တစ်ခွက်ကို ဖြည်းညင်းစွာသောက်နေသည်။

25.2


" မြစ်ရေတွေနဲ့ တောင်တန်းတွေ ပျက်စီးခမ်းခြောက်သွားတဲ့အခါမှသာ လူတွေက လက်လျှော့အရှုံးပေးတတ်ကြတယ်... အချိန်ကျလာရင်တော့ အဲ့လူက မင်းရဲ့ သစ္စာရှိခွေးတစ်ကောင် ဖြစ်လာမှာပဲ..."

သူက အဓိပ္ပါယ်ပါပါဖြင့် ရယ်လိုက်သည်။


——


ကျွင်းဟွိုင်လန်မှာ ထိုစကားများကို သူကိုယ်တိုင် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အားလုံးပြောထွက်ပြီးသွားသည့်အခါမှသာ သူ့စိတ်ထဲ ရှက်သွားပြီး သူပြောလိုက်သည်များကြောင့် ခေါင်းငုံ့ထားပြီး ရွှယ်ယန်နှင့် မျက်လုံးချင်း။မဆုံရဲတော့ပေ။


ယောက်ျားတစ်ယောက်က သူပြောသည့်စကားများကို ပြန်ရုတ်သိမ်းလိုက်ရန် မဖြစ်နိုင်ဟု သူတွေးလိုက်သည်။ မမှားယွင်းသည့်စကားများကို သူသိအောင် ပြောလိုက်ခြင်းက ရှက်စရာမဟုတ်ပေ။


ထို့အပြင် သူက ပျော့ပျော့ညံ့ညံ့နှင့် မကြာခဏ ဖျားနာတတ်သူတစ်ယောက်လည်းမဟုတ်ပဲ ရံဖန်ရံခါ ဖျားနာပြီးလျှင် လျင်မြန်စွာ နေ‌ပြန်ကောင်းရန် ကြာမြှင့်ခြင်းသာဖြစ်သည်။ ဤတစ်ကြိမ်တွင် ပြင်းထန်စွာ အအေးမိသွားရုံသာမက ပြန်လည်မွေးဖွားလာရခြင်း၏ နောက်ဆက်တွဲ အကျိုးများကြောင့် ဤသို့ဖြစ်ခဲ့ခြင်းမဟုတ်ပေ။ ရွှယ်ယန်၏ အမှားမဟုတ်သောကြောင့် သူ့ကိုသွားအပြစ်တင်နေ၍ မရပေ။


ကျွင်းဟွိုင်လန်က ပွင့်လင်းရိုးသားစွာပြောလိုက်သော်လည်း ရွှယ်ယန်က တိတ်ဆိတ်နေဆဲဖြစ်၍ သာ့စိတ်ထဲ မသက်မသာဖြစ်လာမိသည်။


ခဏကြာသည့်အခါ ကျွင်းဟွိုင်လန် သည်းမခံနိုင်တော့ပေ။


မျက်လွှာချ၍ လည်ချောင်းရှင်းလိုက်ကာ ဂရုမစိုက်ဟန်ဆောင်လိုက်သည်။


" လိုရင်းပြောရမယ်ဆိုရင် ငါမက်တဲ့ အိမ်မက်ဆိုးတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး... မင်း ဒီမှာ နေလို့ရတယ်... ဒီကိစ္စတွေက မင်းအပြစ်လည်းမဟုတ်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာမလိုဘူး..."


စကားဆုံးသည်နှင့် သူ့အခန်းထဲ ဝင်သွားလိုက်သည်။


သူ နောက်ကို ပြန်မလှည့်ကြည့်မိ၍ မမြင်လိုက်ရသည့်အရာများရှိသည်။ ‌သူ့နောက်မှ အရောင်ဖျော့ဖျော့မျက်ဝန်းများက ရှုပ်ထွေးခြင်း၊ တောက်လောင်ခြင်းနှင့် ထိန်းချုပ်ထားရခြင်းသူသည့်ခံစားချက်များ ရောထွေးကာ သူ့ကိုကြည့်နေသည်။

 

ရွှယ်ယန် သူ့အခန်းသို့ပြန်ရောက်ပြီးသည့်နောက် အချိန်အတော်ကြာသည်အထိ စကားမပြော ခဲ့သည်ကို သူမသိပေ။

  

ကျင်းပေါင်က ရွှယ်ယန်၏ အပြုအမူများကို အသားကျနေပြီဖြစ်သော်လည်း ယနေ့တွင်မူ အနည်းငယ်ပို၍ ထူးဆန်းသည်ဟု ထင်မိနေသည်။ သူ တစ်ချိန်လုံးရပ်နေသော်လည်း အခန်းထဲမှ ထွက်မည့်အချိန်မှသာ ရွှယ်ယန်၏အသံကို ကြားလိုက်ရသည်။


" ဗုဒ္ဓဆိုတာ ကမ္ဘာပေါ်မှာ တကယ်ရှ်ိလား..."

သူ မေးလိုက်သည်။


ကျင်းပေါင် အံ့အားသင့်သွားသည်။


ကမ္ဘာပေါ်က လူတွေက ဗုဒ္ဓရှိဆိုတာ တကယ်ရှိတယ်လို့ပြောပေမယ့် သူက မိန်းမစိုးလေးတစ်ယောက်ပဲလေ တကယ့်ဗုဒ္ဓကို မြင်ဖူးပါ့မလား ... အဲ့ဒါ တကယ်ရှိမရှိရော သူဘယ်သိမှာလဲ...

   

" ဒါ... ရှိတာလည်း ဖြစ်နိုင်ပါတယ်..."

ကျင်းပေါင် ဒွိဟဖြစ်သွားမိသည်။


 ထိုအခါတွင် ရွှယ်ယန် သက်ပြင်းခပ်ဖွဖွချလိုက်သည်ကို သူကြားလိုက်ရသည်။


" ကောင်းကင်ဘုံပေါ်က ဘယ်လိုနတ်ဘုရား ၊ ဗုဒ္ဓတွေက ငါ့ကိုယ်ထဲက နတ်ဆိုးဝိညာဉ်ကို ဖိနှိပ်နိုင်မလဲမသိဘူး... ပြီးရင် အဲ့ဒီ ခေါင်းမာတဲ့ ငတုံးကောင်လေးကို ပါ ကယ်ပေးမယ်ဆိုရင်ကောင်းမယ်..."


သူ့အသံက တိုး‌ညင်းနေသော်လည်း တွေဝေမိန်းမောမှုနှင့် ကူကယ်ရာမဲ့မှုများ ပါဝင်နေပြီး အလိုလိုက်သည့် အရိပ်အယောင်များလည်း အနည်းငယ်ပါဝင်နေသည်။


လူတွေအားလုံးက အရူးပဲ...

ကျင်းပေါင်၏စိတ်ထဲတွင် တွေးနေမိသည်။


ကောင်းကင်ဘုံက အပြစ်ပေးတာကိုမကြောက်တဲ့ သူလိုလူကတောင် ဗုဒ္ဓဘာသာကို ယုံကြည်သလိုလိုဖြစ်လာပြီ‌ဆိုတော့ လူတစ်ယောက်ယောက်ကို ချစ်မိသွားလို့ သူ့ကိုယ်ထဲက အဲ့နတ်ဆိုးကို အပနှင်ချင်နေတာများလား...


ထိုနေ့ညတစ်ညလုံး ကျွင်းဟွိုင်လန်၏ အခန်းထဲတွင် အမွှေးတိုင်ရနံ့တစ်မျိုး ရနေခဲ့သည်။


မူလက သူအလွန် ထူးဆန်းနေမိသည်။ ပေါင်းကော်ဘုရားကျောင်းမှ အမွှေးတိုင်ကို ဤမျှကြာကြာခံမည်ဟု မထင်မှတ်ထားခဲ့မိပေ။ သို့ရာတွင် အိပ်ဖန်စောင့်ဖြစ်သည့် ဖုရိက သူ့ကိုပြောပြသည်မှာ ‌ရွှယ်ယန်က  သူအိပ်ရာမနိုးမီအချိန်တွင် သူ့အခန်းထဲသို့လာရောက်ပြီး အမွှေးတိုင်ထွန်းပေးနေသည်ဟုပင်။

[ T/N - အမွှေးတိုင်ကို ညအိပ်ခါနီးထွန်းထားပေးပေမယ့် မနက်မိုးလင်းခါနီးကျရင် ငြိမ်းသွားလို့ ရွှယ်ယန်က မနက်စောစောထပြီး လာထွန်းပေးတယ်ဆိုတဲ့သဘောပါ ]


ကျွင်းဟွိုင်လန်က အမွှေးတိုင်ရနံ့ဖြင့် နေ့တိုင်း အိပ်ပျော်သွားရ၍ အိမ်မက်ဆိုးများမက်သည့် အကြိမ်အရေအတွက်လည်း လျော့နည်းလာခဲ့သည်။


သူ ရွှယ်ယန်နှင့် တစ်ရက်ခန့် စကားမပြောဖြစ်ပေ။ သူ မနက်အိပ်ရာနိုးလာချိန်တိုင်း ရွှယ်ယန်က စာသင်ရန် ထွက်သွားနှင့်ပြီဖြစ်ကာ ဝမ်ဟွားနန်းဆောင်သို့ ရောက်ချိန်တွင်လည်း ရွှယ်ယန်ကတစ်ယောက်တည်းသာနေ၍ သူတို့နှစ်ယောက် စကားမပြောမိဖြစ်နေသည်။


ကျွင်းဟွိုင်လန်က သည်းမခံနိုင်ဖြစ်နေ၍ သူ့ကိုယ်သူ စိတ်ပျော့သူတစ်ယောက်ဟု တွေးလိုက်မိသည်။

  

သူ့ကို ကောင်းမွန်စွာဆက်ဆံ၍ တိတ်ဆိတ်စွာနေတတ်သည့်လူတစ်ယောက်ကို ရန်ငြိုးထားမိရန်က အလွန်ခက်ခဲနေသည်။


ရွှယ်ယန်က လူယုတ်မာတစ်ယောက်ဖြစ်နေလျှင်ကောင်းမည်ဟု ကျွင်းဟွိုင်လန် ရံဖန်ရံခါတွေးမိနေသည်။ ထိုသို့ဆိုပါက သူနှင့်လည်း ပတ်သက်စရာမလိုတော့သည့်အပြင် တစ်ဖက်လူ နေ့တိုင်းအနိုင်ကျင့်ခံနေရသည်ကိုလည်း ပျော်ရွှင်စွာကြည့်နေမည်ဖြစ်သည်။


ကျွင်းဟွိုင်လန် သူ့ရင်ထဲမှ ထူးဆန်းသည့်ခံစားချက်ကို ဖိနှိပ်ထားရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ပုံမှန်အတိုင်းသာနေခဲ့မိသည်။ ဤသို့ဖြင့် ရာသီဥတုက နေ့စဉ်ရက်ဆက် ပိုမိုအေးလာပြီးနောက် နောက်တစ်ကြိမ်နှင်းများသည်းထန်စွာကျလာချိန်တွင် ဧကရာဇ်၏ ချမ့်ချိုးစားသောက်ပွဲတော်သို့ ရောက်ရှိလာသည်။


ယခင်ဘဝတွင်မူ ကျွင်းဟွိုင်လန်က ချမ့်ချိုးပွဲ‌၌ ရှိမနေခဲ့ပေ။ ယခင်ဘဝက သူအလွန်ဖျား‌နာနေခဲ့၍ ထိုနေ့အထိ နေမကောင်းလာခဲ့ပေ။ သူ့မိဘများက သူ့အဖျားပြင်းထန်‌လာပြီး ပွဲတော်မှ အခြားလူများကိုပါ ကူးမည်စိုး၍ အိမ်တော်တွင်သာ နေစေခဲ့သည်။


ဤဘဝတွင်မူ ကျွင်းဟွိုင်လန်က နန်းတွင်းတွင် နေနေရပြီဖြစ်၍ ယခင်ဘဝနှင့် ကွဲပြားနေသည်။


ချမ့်ချိုးစားသောက်ပွဲကြီးကျင်းပမည့်နေ့တွင် ကျွင်းဟွိုင်လန် မနက်စောစောနိုးလာခဲ့သည်။ နန်းတွင်းမှလူများက ဤပွဲတော်မျိုးပြင်ဆင်ရသည်နှင့် အသားကျနေပြီဖြစ်သည်။ ယခုနှစ်တွင် မင့်လွမ်နန်းဆောင်၌ လူသုံးယောက်တိုးလာခဲ့သော်လည်း လိုအပ်သည့် အဝတ်အစား၊ လက်ဝတ်လက်စားများကို ဂရုတစိုက် ပြင်ဆင်ထားပေးခဲ့သည်။


 အချိန်ကျလာသည့်အခါ ကျွင်းဟွိုင်လန်က သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ပြီး စားသောက်ပွဲရှိရာသို့သွားရန် ပြင်နေသည်။ ထိုအချိန်တွင် နန်းတွင်းသူတစ်ယောက်ရောက်လာပြီး ရွှယ်ယွင်ဟွမ်က သူ့ကို ခန်းမဆောင်ထဲတွင် စောင့်ဆိုင်းနေပြီး အတူတူသွားရန်ပြင်နေကြောင်း လာရောက်လျှောက်တင်သည်။


ခန်းမဆောင်ထဲရောက်လာသည့်အခါ ရွှယ်ယွင်ဟွမ်က မျက်မှောင်ကြုတ်ကာပြောလိုက်သည်။


" မင်းနေတဲ့နန်းဆောင်က ဘာလို့ ဒီအနံ့ရနေတာလဲ ဘုရားကျောင်းထဲ ရောက်သွားသလိုပဲ..."


ကျွင်းဟွိုင်လန် ခဏတာကြောင်အသွားပြီးနောက် သူ့ဘေးနားပတ်ပတ်လည်မှ စန္ဒကူးအမွှေးတိုင်ရနံ့ကို သတိပြုမိလိုက်သည်။


ဤရက်ပိုင်းအတွင်းတွင် သူက ထိုရနံ့နှင့် ကျင့်သားရနေပြီဖြစ်သည်။


ကျွင်းဟွိုင်လန်၏အကြည့်က ပြတင်းပေါက်ဘက်သို့ မတော်တဆရောက်သွားသည်။


လှပသည့်မင့်လွမ်နန်းဆောင်ဥယျာဉ်၏ မျက်နှာချင်းဆိုင်တွင် ရွှယ်ယန်နေထိုင်သည့် အနောက်ဘက်နန်းဆောင်ရှိသည်။ ၎င်းက မင့်လွမ်နန်းဆောင်နှင့် ဆက်နေသော်လည်း တသီးတခြားစီရှိနေသည့်အတိုင်းပင်။


ယခုချိန်တွင် အနောက်ဘက်နန်းဆောင်တံခါးကို တင်းတင်းပိတ်ထားပြီး တံခါးဝတွင် စောင့်နေတတ်သည့် ကျင်းပေါင်လည်း မရှိပေ။


" သူ ထွက်သွားပြီပဲ..."

ကျွင်းဟွိုင်လန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။


" မင်း ဘာပြောလိုက်တာလဲ..."

ရွှယ်ယွင်ဟွမ်က ပီပီသသမကြား၍ မေးလိုက်သည်။


ကျွင်းဟွိုင်လန် သူ့ကိုပြုံးပြလိုက်သည်။

" ဘာမှမဟုတ်ပါဘူး နောက်ကျနေဦးမယ် သွားရအောင်..."


 ရွှယ်ယွင်ဟွမ်က သဘောမပေါက်ဟန်ဖြင့် နှာမှုတ်လိုက်ပြီး ကျွင်းဟွိုင်လန်ကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်သည်။


ဘယ်သူမှမရှိတာကို ဟွိုင်လန်က အခုဘာကိုကြည့်လိုက်ပါလိမ့်...

   


Xxxxxxxx