အပိုင်း ၂၆
Viewers 16k

Chapter 26


အတိတ်တုန်းက နန်းတော်ပွဲအခမ်းအနားများနှင့် နေရာထိုင်ခင်းများကို အသက်အရွယ် ရာထူးရာခံတို့ဖြင့် စီစဉ်ကြသည်ဖြစ်ရာ ကျွင်းဟွိုင်လန်နှင့် ကျွင်းလင်ဟွမ်တို့ အတူတူထိုင်ခဲ့ကြရသည်။ သို့သော် ယခုနှစ်တွင်မူ ကျွင်းလင်ဟွမ်မှာ ကိုယ်လုပ်တော်ရှု၏နန်း‌တော်တွင် နေထိုင်နေပြီဖြစ်သောကြောင့် ကိုယ်လုပ်တော်ရှု သူမအားခေါ်ကာ နန်းဆောင်တော်၏ ကိုယ်လုပ်တော်နေရာ၌ ထိုင်စေခဲ့သည်။


ကျွင်းဟွိုင်လန်မှာမူ အတော်အတန်ငြိမ်သက်နေလျှက်ရှိသော်လည်း သူ့အား တစ်စုံတစ်ဦးမှ ပြုစုစောင့်ရှောက်ပေးနေသည်ကိုမူ အသားမကျဖြစ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရွှယ်ယွင်ဟွမ်မှာ လမ်းတစ်လျောက်စကားပြောကာ လျှောက်လာနေသော်လည်း ထိုအရာကိုမူ လွတ်သွားခဲ့ခြင်းမရှိချေ။


သူတို့နှစ်ဦးယုံလဲ့နန်းတော်တံခါးဝသို့ရောက်ချိန်တွင် ရုတ်တရက်ဆိုသလို အနောက်ဘက်မှ လေပြင်းတစ်ချက်တိုးဝှေ့တိုက်ခတ်လာရာ ကျွင်းဟွိုင်လန်မှာ အချိန်မီရှောင်ဖယ်နိုင်ခြင်းမရှိတော့ဘဲ ရုတ်တရက်အမျိုးသားတစ်ဦး၏တံတောင်ဆစ်အားလှည့်ကိုင်မိသွားပြီး သူ၏လည်ပင်းကိုညစ်ထားမိခဲ့သည်။


" ဟ.. အကိုတော်.. ကျွန်တော်တို့ နှစ်နှစ်တောင်မတွေ့ခဲ့ရတာ ကျွန်တော့်ကိုလွမ်းနေပြီလား…"


ကြည်လင်ပြီးတောက်ပသော လူငယ်လေး၏အသံမှာ မြက်ခင်းပြင်တွင်လှည့်ပတ်နေသော သိမ်းငှက်ငယ်တစ်ကောင်ကဲ့သို့ အက်ရှနေကာ သန်မာထက်ရှသောအားအင်တို့ဖြင့် ပြည့်‌နှက်နေခဲ့သည်။


" ရှောင်ဝူလား…" ကျွင်းဟွိုင်လန် ခဏကြာမှ ကြောင်အနေခဲ့ပြီးမှ သူ၏ထိတ်လန့်နေမှုများအား ပြန်လည်ရုတ်သိမ်းလိုက်ရသည်။


သူ၏ယခင်ဘဝ၌ ချမ့်ချိုးအခမ်းအနားသို့ မလာရောက်ခဲ့ဖူးသဖြင့် ယွီမန်နယ်တစ်ခုလုံးအား ဖြတ်ကျော်ခရီးသွားလာနေသည့် သူ၏ညီငယ်ဖြစ်သူ ကျွင်းရှောင်ဝူ ဤနေရာတွင်ရောက်ရှိနေသည်ကို သူအမှန်တကယ်ပင် မေ့လျော့သွားခဲ့သည်။


ကျွင်းရှောင်ဝူမှာ သူ၏တိုက်ရိုက်မျိုးဆက်မှ ဒုတိယညီငယ်ဖြစ်ကာ ကလေးဘဝတည်းက ဒေါသထွက်ခဲသူဖြစ်သဖြင့် ကျွင်းဟွိုင်လန်နှင့် လုံးလုံးကွာခြားလှသည်။ အတိတ်ဘဝ၌ သူသည်သိုင်းပညာသင်ကြားချင်သော်လည်း ဖခင်ဖြစ်သူမှ ခွင့်မပြုခဲ့သဖြင့် အသက်တစ်ဆယ့်နှစ် တစ်ဆယ့်သုံးအရွယ်လောက်တွင် အိမ်မှထွက်ပြေးသွားခဲ့ပြီး အစေခံအချို့ကိုခေါ်ဆောင်ကာ ယွီမန်စီရင်စုသို့သွားခဲ့လေသည်။ 


ကျွင်းဟွိုင်လန်၏မိခင်ဖြစ်သူမှာ ရှန်းမိသားစုဖြစ်ပြီး နယ်ခြားစောင့်ဂိတ်တွင်မွေးဖွားခဲ့သူဖြစ်သည်။ သူ၏ဦးရီးတော်မှာမူ ယွီမန်စီရင်စု၏အစောင့်အကြပ်ဖြစ်ရာ ကျွင်းရှောင်ဝူ ထိုသူ၏နေရာသို့သွားရောက်ခဲ့သဖြင့် ကျွင်းချန့်ယွမ်သည်လည်း သူ့အားနှစ်နှစ်ခန့်မျှ နေထိုင်၍သင်ကြားခွင့်ပြုခဲ့ရသည်။


ယခုနှစ်ဆောင်းရာသီ ကျွင်းဟွိုင်လန်နန်းတော်သို့ မဝင်မီ ရက်အနည်းငယ်အကြာတွင် ကျွင်းရှောင်ဝူပြန်ရောက်လာခဲ့သည်။


ညီငယ်ဖြစ်သူ၏အကြောင်းကို ပြန်လည်စဉ်းစားကြည့်ချိန်တွင် ကျွင်းဟွိုင်လန် အရင်ဘဝတွင်သူနှင့်ပြောဆိုဆက်ဆံခဲလှသည်။


အတိတ်ဘဝတွင် ကျွင်းရှောင်ဝူ ချန်အန်းသို့ပြန်ရောက်လာခဲ့ပြီး ယွီမန်သို့မည်သည့်အချိန်ကမှ ထပ်မံသွားရောက်ခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် သူ၏သိုင်းပညာကို ပစ်ပယ်ခြင်းမရှိခဲ့ကာ ငယ်ရွယ်စဉ်မှာပင် ကျင်းဝူဝေ့၏ဗိုလ်ချုပ်တစ်ဦးဖြစ်လာခဲ့သည်။


ကျင်းဝူဝေ့ဆိုသည်မှာ တော်ဝင်မြို့တော်ကိုကာကွယ်ပေးနေသည့် ဧကရာဇ်၏အစောင့်အရှောက်ဖြစ်ပြီး အဖိုးမသိထိုက်တန်လှသည်။ သို့သော်လည်း အတိတ်ဘဝတွင် ယွင်နန်ဘုရင်၏စစ်တပ်များ မြို့တော်သို့ရောက်လာချိန်၌ ချန်အန်း၏စစ်တပ်များမှာ ရန်သူ့ထံအညံ့ခံလိုက်ရသဖြင့် သူ၏ညီငယ်ဖြစ်သူမှာ တစ်ဦးတည်း တပ်သား၈၀၀ကိုဦးဆောင်၍ ချန်အန်း၏မြို့တော်အား လဝက်ကျော်မျှကာကွယ်ခဲ့ရသည်။


ထိုအချိန်၌ ကျွင်းဟွိုင်လန်၏မိဘများမှာ ကွယ်လွန်သွားခဲ့ပြီး ယုံနင်းမြို့စားအဖြစ်အမွေဆက်ခံလိုက်ရသော သူသည် ညီဖြစ်သူ၏ရုပ်အလောင်းကို မြို့ပြင်သို့ထွက်၍ ကိုယ်တိုင်ကိုယ်ကျကောက်ယူခဲ့ရလေသည်။


ကျွင်းရှောင်ဝူမှာမြို့‌တော်၏မြို့ရိုးပေါ်၌ သေဆုံးခဲ့ရပြီး သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာမျိုးစုံရှိနေကာ ထောင်ချီသောမြှားများမှာ သူ၏နှလုံးသားကိုဖောက်ထွင်း၍ မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားခံရလေသည်။ ကျင်းဝူဝေ့မှ အသက်ရှင်ကျန်ရစ်သူများ၏ပြောစကားမှာ လွန်ခဲ့ပြီးသောရက်အနည်းငယ်အတွင်း ကျွင်းဗိုလ်ချုပ်မှာ ဆိုးဆိုးရွားရွားဒဏ်ရာနေခဲ့ကာ မတ်တပ်ရပ်နိုင်ခြင်းပင်မရှိခဲ့ချေ။ ရက်အနည်းငယ်အကြာ၌ သူ၏နောက်ကျောဘက်တွင် သိသိသာသာပင်မြင်နိုင်သော အရိုးများပေါ်နေခဲ့ပြီး သွေးကွက်ကြီးများလည်းရှိနေခဲ့သည်။


ကျွင်းဟွိုင်လန်ကိုယ်တိုင်ကိုယ်ကျ သူ့အတွက်အခေါင်းကို ယူကာ မြုပ်နှံပေးခဲ့ရသည်။ မြို့ရိုးပေါ်မှ ထိုမြင်ကွင်းမှာ တစ်ခါတစ်ရံသူ့အိမ်မက်ထဲသို့ပင် ဝင်ရောက်လာကာ သူ၏နှလုံးသားကိုနာကျင်ကိုက်ခဲစေသည်။


ကံကောင်းစွာဖြင့် ယခုဘဝတွင်မူ မည်သည့်အရာမှ ဖြစ်ပွားခြင်းမရှိသေးပေ။


ကျွင်းဟွိုင်လန်အနောက်သို့လှည့်လိုက်ချိန်တွင် သူ၏ပုခုံးကိုဆုပ်ကိုင်ထားသော လူငယ်လေးအားမြင်လိုက်ရလေသည်။ ကျွင်းရှောင်ဝူမှာ ပြုံးနေခဲ့ပြီး သူ၏သေးငယ်သော ကျားသွားလေးများနှင့် မှိန်ပြသော ပါးချိုင့်လေးအား ထုတ်ဖော်ပြသနေ၏။ ယွီမန်ကွမ်းတွင် နှစ်နှစ်ခန့်နေထိုင်ခဲ့သောကြောင့် သူ၏အသားအရည်မှာ ပို၍ပင်မည်းနက်လာကာ သူ၏မျက်လုံးများမှာမူ ကြယ်တစ်စုံကဲ့သို့ လင်းလက်တောက်ပနေခဲ့သည်။


ရုတ်တရက်ဆိုသလို ကျွင်းဟွိုင်လန်၏မျက်လုံးများ နွေး‌ထွေးသွားသည်။


သူ၏ရှေ့ရှိ ငယ်ရွယ်ပျိုမြစ်လှသော ထိုလူငယ်လေးမှာ ယခင်ဘဝတွင်တွေ့ခဲ့ရသော မြို့ရိုးပေါ်မှ အလောင်းမဟုတ်နေခဲ့ချေ။ ဤသည်မှာကောင်းမွန်လှ၏။


" ငါ..ငါ မင်းနောက်ရက်အနည်းငယ်အတွင်းပြန်ရောက်လာမယ်ဆိုတာကို မေ့သွားခဲ့တာ…" သူထပ်ပြောလိုက်ချိန်တွင် ကျွင်းဟွိုင်လန်၏အသံမှာ အနည်းငယ်အက်ကွဲနေလေသည်။


မူလအစက ပြုံးနေခဲ့သော ကျွင်းရှောင်ဝူမှာ သူ၏အသံကြောင့် ထိတ်လန့်သွားပြီး " အစ်ကို ဘာဖြစ်လို့လဲ.. ကျွန်တော်မင်းကိုနာကျင်အောင်လုပ်မိသွားတာလား…"


ကျွင်းဟွိုင်လန်သက်ပြင်းရှည်ရှည်တစ်ချက်ချလိုက်ကာ သူ၏လည်ချောင်းထဲရှိ အက်ကွဲနေမှုအား ကပျာကယာဖုံးကွယ်လိုက်ရသည်။


" မဟုတ်ပါဘူး..အစ်ကိုမင်းကို နည်းနည်းသတိရနေခဲ့လို့ပါ…" 


ကျွင်းရှောင်ဝူရယ်လိုက်ကာ " ကျွန်တော်အစ်ကို့ကို နှစ်နှစ်လောက်ပဲ မမြင်လိုက်ရတာ အစ်ကို့စကားတွေက ပိုပြီးတော့ ချဉ်စူးလာတာပဲ…"


ထိုစကားအား ကြားလိုက်ရချိန်တွင် ကျွင်းဟွိုင်လန်သည်လည်း ရယ်မောလိုက်သည်။


ယခင်ဘဝတွင်ဖြစ်ပျက်ခဲ့သောအရာအားလုံးမှာ မဖြစ်လာသေးသဖြင့် သူနှင့်နီးစပ်သောသူများအား စောင့်ရှောက်ရန်အတွက် အခွင့်အရေးရှိနေသေးသည်။


သူ၏ဘေးတွင်ရှိနေသော ရွယ်ယွင်ဟွမ်မှာမူ ကျွင်းရှောင်ဝူအား‌ မြင်လိုက်ရချိန်တွင် ပျော်ရွှင်သွားပြီး အမြန်ပြေးကာ သူ၏ပုခုံးအား လက်သီးဖြင့်တိုက်လိုက်ပြီး " မင်းပဲ ယွီမန်စီရင်စုကို ဗိုလ်ချုပ်ဖြစ်ဖို့ပဲ သွားချင်တာ မဟုတ်ဘူးလား.. ဘာလို့ နှစ်နှစ်နဲ့ ပြန်ရောက်လာတာလဲ…"


ကျွင်းရှောင်ဝူ သူနှင့်စတင်တိုက်ခိုက်လိုက်သည်။


" ပြန်ရောက်လာလည်း ဗိုလ်ချုပ်လုပ်လို့ရတာပဲကို.. ရွှယ်လူအိုကြီးခြောက် … ဒီနှစ်နှစ်အတွင်း ခင်ဗျားရဲ့သိုင်းပညာတိုးတက်လာမလာဆိုတာ ကျွန်တော့်ကိုစမ်းသပ်ခွင့်ပြုပါဦး…"


ထိုသူနှစ်ဦးမှာ ခန်းမဆောင်ထဲသို့ သွားသည့်လမ်းတစ်လျှောက် စကားများနေကြပြီး ဘေးမှလိုက်နေသူ ကျွင်းဟွိုင်လန်မှာမူ သူ၏မျက်လုံးများအထိပါ ပြုံးနေလေသည်။


ထို့ကြောင့် နန်းတော်အခမ်းအနားသို့အရောက်တွင် ကျွင်းဟွိုင်လန်၏ဘေးမှလူမှာ ကျွင်းရှောင်ဝူဖြစ်သွားခဲ့ရသည်။ သူတို့နှစ်ဦးမှာ အချိန်နှစ်နှစ်ကြာ မတွေ့ဆုံခဲ့ရသည့်အပြင် ကျွင်းဟွိုင်လန်အတွက်မူ ယခင်ဘဝရှိ သေကွဲကွဲခဲ့ရသော အနေအထားကြောင့် သူ့ထံတွင်ပြောစရာစကားများပြည့်‌နေခဲ့သည်။

26.2


ကျွင်းရှောင်ဝူသည်လည်း ဖော်ရွေသောသူတစ်ဦးဖြစ်လေသည်။ အခမ်းအနားစတင်ချိန် မင်းညီမင်းသားများနှင့် တော်ဝင်မိသားစုဝင်များ စတင်သုံးဆောင်လိုက်ကြချိန်တွင် သူသည်ထပ်မံ၍ မတ်မတပ်ထိုင်နေနိုင်ခြင်းမရှိတော့ပေ။ အချိန်ခဏအကြာတွင် သူ၏နောက်ကျောနှင့်တင်ပါးမှ နာကျင်မှုကြောင့် ကျွင်းရှောင်ဝူငိုချလုမတတ်ဖြစ်သွားခဲ့ရသည်။


သူ၏ညီငယ်ဖြစ်သူမှာ ငယ်ရွယ်စဉ်အချိန်ကတည်းက ကောင်းကောင်းမထိုင်နိုင်သည်ကို ကျွင်းဟွိုင်လန်သိရှိနေသည်။ ထိုကဲ့သို့သော ရှုပ်ထွေးသည့်အခမ်းအနားမျိုးမဆိုနှင့် အခမ်းအနားမစတင်ခင်ကပင် ကြိုဆိုနှုတ်ဆက်သည့်ပွဲမှာ တစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည်ဖြစ်ရာ အမှုထမ်းများအားလုံး မတ်မတ်ထိုင်နေရမည်ဖြစ်သောကြောင့် ကျွင်းရှောင်ဝူ၏ခန္ဓာကိုယ်မှာ ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု ဆိုနိုင်ပေမည်။


ယခင်ဘဝတွင် တိုင်းပြည်အတွက် အသက်ပေးခဲ့ရသော ညီငယ်ဖြစ်သူအား ယခုဘဝ၌ ကျွင်းဟွိုင်လန်ဂရုဏာသက်ခဲ့ရသည်။ ကျွင်းရှောင်ဝူ သူ့အပေါ်မှီချလာသော်လည်း မတားမြစ်ခဲ့ဘဲ တည့်တည့်ထိုင်လိုက်ကာ သူ့ကိုဖက်ခွင့်ပြုလိုက်သည်။


" မင်းသာဗိုလ်ချုပ်တစ်ဦးသာဆိုရင် မင်းထိုင်လို့ထလို့တောင်ရမှာမဟုတ်ဘူး.." ကျွင်းဟွိုင်လန်အပြုံးတစ်ပွင့်ဖြင့် အကြံပေးလိုက်သည်။


ကျွင်းရှောင်ဝူစိတ်မရှည့်သည့် အမူအယာဖြင့် နှာမှုတ်လိုက်ပြီး " ဒါက ဒုက္ခများလွန်းတယ် ဗိုလ်ချုပ်တစ်ဦးဖြစ်တယ်ဆိုတာ တပ်သားတွေကိုဦးဆောင်တိုက်ခိုက်ပေးပြီးတော့ နိုင်ငံအပေါ်သစ္စာစောင့်သိဖို့ပဲလေ..ခေါင်းလောင်းတစ်လုံးလို ထိုင်နေရတာ ဘာအသုံးဝင်လို့လဲ…"


အကယ်၍သာ သူ့ထံတွင် အတိတ်ဘဝမှ မှတ်ဉာဏ်များရှိမနေခဲ့ပါက ထိုကလေးမှာ ဂျီကျပြီး ဆင်ခြေပေးနေသည်ဟုသာ ထင်မိပေမည်။ သို့သော်လည်း ကျွင်းရှောင်ဝူလုပ်နိုင်သည်ကို သူနေခဲ့ပြီး သူ၏အတိတ်ဘဝတွင် အမှန်တကယ်ပင်လုပ်ဆောင်ခဲ့လေသည်။


ထို့ကြောင့် ကျွင်းဟွိုင်လန်မည်သည့်စကားမျှမဆိုတော့ဘဲ ကျွင်းရှောင်ဝူမှ နယ်နမိတ်စည်းများကို ဖြတ်ကျော်သည့်အကြောင်းအား သူ၏နားနားသို့ကပ်ကာ ပြောလာသည်ကိုပဲ နားထောင်နေခဲ့သည်။


မင်းညီမင်းသားများဘက်ရှိ ချောင်ကျသောတစ်နေရာတွင် ယနေ့လေထုအခြေအနေမှာ သိသိသာသာကျဆင်းနေသည်။


ကျင်းပေါင်မှာ သူ၏ခံစားချက်များအား အာရုံစိုက်ကာ နေရာတိုင်းကို စောင့်ကြည့်နားစွင့်နေပြီး ရွှယ်ယန်အတွက် ဟင်းပွဲများ ဂရုတစိုက်ပြင်ဆင်ပေးနေခဲ့သည်။


ကျားကဲ့သို့သော အသင်းဖော်များ ကျင်းပေါင်စီသို့ရောက်လာသည့်အခါ သူတို့အား ဒေါသကြီးသောဝံပုလွေများကဲ့သို့ အစေခံရသည်။ သူသည်ကျွမ်းကျင်လိမ္မာသည့်တိုင် ရွှယ်ယန်၏ဖိအားအောက်တွင် အချိန်အတန်ကြာနေထိုင်ခဲ့ရသောကြောင့် သူ့ကို အနည်းငယ်မျှ မှန်းဆနိုင်ရန် ဖိအားပေးနိုင်ခဲ့သည်။


ဥပမာအားဖြင့် ယနေ့တွင် သခင်၏ခံစားချက်မှာ အတော်အတန်ကျဆင်းနေသည်ကို ကျင်းပေါင်ခံစားမိနိုင်ခဲ့သည်။


အကြောင်းပြချက်အနေဖြင့်လား…


ကျင်းပေါင် သူ၏မျက်လုံးများအား ပင့်ကာ ကြည့်လိုက်ချိန်တွင် သခင်ဖြစ်သူမှာ အရှေ့ဘက်သို့ အကြိမ်ရေအတော်‌များများ စောင်းမြောင်းကြည့်ရှူနေသည်ကို မြင်လိုက်ရလေသည်။


ထိုနေရာတွင် ကိုယ်လုပ်တော်ရှူ၏နန်းဆောင်မှာ ဘုရားလောင်းငယ်လေးဖြစ်သော ယုံနင်းမင်းသားထိုင်နေခဲ့သည်။


ထိုအချိန်တွင် သူသည်ငယ်ရွယ်နုပျိုသော လူငယ်လေးတစ်ဦးနှင့် အတူတူထိုင်နေခဲ့ပြီး သူတို့နှစ်ဦးမှာ ရယ်မောကာ စကားပြောနေကြသည်။ ထိုလူငယ်လေးမှာ မင်းသားကိုမှီ၍ ပြောင်းပြန်ထိုင်နေခဲ့သော်လည်း မင်းသားမှာမူ စိတ်‌အနှောင့်အယှက်ဖြစ်ပုံမရချေ။ ထိုသူနှင့် အတူဆိုလျှင် သူ့မျက်နှာ‌ပေါ်ရှိ အပြုံးမှာ ပို၍ထင်ရှားတောက်ပနေပုံပေါ်နေခဲ့သည်။


ကျင်းပေါင် သူ၏သခင်ဖြစ်သူအား ထပ်မံ၍ သတိထားကာ ကြည့်လိုက်ရာ မမျှော်လင့်ဘဲ ထိုဝံပုလွေကဲ့သို့ အေးစက်အရောင်ဖျော့နေသည့် မျက်လုံးများနှင့် ဆုံလိုက်ရလေသည်။


" အရှင် အရှင်.."


" မင်းဘာကြည့်နေတာလဲ…" ရွှယ်ယန်အေးစက်စွာ မေးလာခဲ့သည်။


သဘာဝကျစွာပင် အရှင်ကြည့်နေသူကို ကြည့်နေတာပေါ့…


သို့သော်လည်း သူထိုသို့ မပြောရဲပေ။ သူ့ထံတွင် ပြင်းပြသော အသက်ရှင်လိုမှုလေး ရှိနေသေးသည်လေ။ ထို့ကြောင့် ပြုံးလျက် " ကျွန်တော််ဘယ်ကိုမှ မကြည့်နေပါဘူး… ဒီအစေခံက ဒီလိုမျိုးကြီးကျယ်တဲ့ပွဲမျိုးကို တစ်ခါမှ မမြင်တွေ့ဖူးလို့ပါ…အဲ့ဒါကြောင့် သူတို့ကို စိတ်လှုပ်ရှားပြီး လိုက်ကြည့်နေမိတာ…"


ရွှယ်ယန် သူ့အားအေးစက်စွာကြည့်ကာ ပြန်လှည့်သွားခဲ့သည်။


ထိုအရာကို ကျင်းပေါင်မြင်လိုက်ရချိန်၌ သူ၏မျက်လုံးများမှာ ကျွင်းဟွိုင်လန်ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲကျရောက်သွားရသည်။


သူသတ္တိမွေးကာ သတိကြီးကြီးဖြင့် ပြောလိုက်လေသည် " တော်ဝင်အရှင်က သူ့ရဲ့ညီငယ်လေးနဲ့ အတော်ကောင်းတဲ့ဆက်ဆံရေးရှိတာပဲ…"


ရွှယ်ယန် တုံ့ခနဲ ရပ်ဆိုင်းသွားပြီးနောက် မေးလိုက်‌လေသည် " ညီငယ်လား…"


သူ၏စကားလုံးများမှာ လိုချင်သည့်အချက်ရောက်သွားသည်ကို ကျင်းပေါင်သိနေခဲ့သည်။


သူတို့သည် အစေခံများဖြစ်သဖြင့် အတင်းပြောခြင်းမျိုးမှာ အများဆုံးသင်ပြခံရသောအရာဖြစ်လေသည်။ ထို့ကြောင့် ကပျာကယာပင် " ဟုတ်ပါတယ်… ဒါက တော်ဝင်အရှင်ရဲ့ ညီငယ်လေးပါ..လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူက ယွီမန်စီရင်စုကို သူ့ဘာသာသွားပြီး ဗိုလ်ချုပ်ရှန်းကိုသွားရှာခဲ့တာ… ကျွန်တော်ကြားမိတာတော့ တော်ဝင်အရှင်ရဲ့ချမ့်ချိုးအခမ်းအနားအတွက် လွန်ခဲ့တဲ့နှစ်ရက်ကမှ အထူးတလည်ပြန်လာခဲ့တာတဲ့…"


သိကြောင်းပြသသည့်အနေဖြင့် ရွှယ်ယန်အေးစက်စွာ ညဉ်းညူလိုက်သည်။


ကျင်းပေါင် ကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲတွင်သာ တီးတိုးရေရွတ်မိလေသည်။ အဘယ့်ကြောင့် ဤဘိုးဘေးမှာ အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နေရသည်နည်း။ သူငယ်ချင်းများထားသည့်အပေါ်တွင်တောင် သူမနာလိုဝန်တိုနေခဲ့သည်လော…


အကယ်၍သာ ထိုအတိုင်းဆိုပါက သူကောအဘယ့်ကြောင့်နေ့တိုင်းအခြားသူများနှင့် သွားမတွေ့ရမည်နည်း…


ထိုအချိန်၌ ရုတ်တရက်‌ဆိုသလို ရွှယ်ယန် သူ၏ထိုင်ခုံမှ ထရပ်လိုက်သည်။


အရှေ့တွင် ဒူးထောက်ထိုင်နေသော ကျင်းပေါင်သည်လည်း အလျင်အမြန်ထရပ်လိုက်ကာ " အရှင်…"


" မင်းလိုက်ဖို့မလိုဘူး…ငါလေကောင်းလေသန့်တစ်ချို့သွားရှုမလို့… လာမနှောင့်ယှက်နဲ့…"


ကျင်းပေါင် မလိုလားသည့်တိုင် ထုတ်မပြောရဲပေ။ သူနာနာခံခံဖြင့် မူလပုံစံသို့ ပြန်ပြောင်းလိုက်သည်။


ထို့ကြောင့် အခမ်းအနားအတွင်း ရွှယ်ယန်၏ထိုင်ခုံမှာ လွတ်လပ်နေပြီး ကျင်းပေါင်သည်သာ တစ်ဦးတည်းစောင့်ဆိုင်းနေခဲ့သည်။


Xxxxxx