အပိုင်း ၂၇
Viewers 15k

Chapter 27


ကျွင်းရှောင်ဝူမှာ ရွှယ်ယွင်ဟွမ်ထက်များစွာ ထက်မြက်သောသူဖြစ်သည်။ ပွဲစထဲက အကြိမ်ပေါင်းများစွာ ရှာဖွေကြည့်ရှုနေသော သူ၏အစ်ကိုဖြစ်သူအား မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ မေးလိုက်လေသည် " အစ်ကို ဘယ်သူ့ကိုရှာနေတာလဲ…"


ကျွင်းဟွိုင်လန်တုံ့ဆိုင်းသွားကာ မျက်နှာသေဖြင့် ပြောလာခဲ့သည်။


 " ငါတို့အရီး‌တော်က အခုတစ်လော သူ့ဘက်မှာ မင်းသားတစ်ပါးကိုဆွဲသွင်းထားတယ်ဆိုတာ မင်းကြားမိလား…"


ကျွင်းရှောင်ဝူ ခေါင်းငြိမ့်လိုက်ပြီး " ကျွန်တော်ပြန်လာတဲ့လမ်းမှာ ကြားခဲ့ရတယ်.. အရီးတော်က သူ့ကိုအရမ်းမနှစ်သက်ဘူးဆို…"


ကျွင်းဟွိုင်လန်ခေါင်းငြိမ့်ပြလိုက်ပြီး " အဲ့ဒါသူပဲ…"


ထို့ကြောင့် ကျွင်းရှောင်ဝူ နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။


 " ကြည့်ရတာ အစ်ကိုက သူ့ကိုရှာနေတာပဲ…သူဘာတွေလုပ်နေလဲ…ဒီရက်ပိုင်းအတွင်း အစ်ကိုနဲ့သူနဲ့ဆက်ဆံရေးကကော ကောင်းရဲ့လား…"


၎င်းမှာ ကျွင်းဟွိုင်လန်အား ‌အဖြေမရှိဖြစ်သွားစေခဲ့သည်။


သူတို့၏ဆက်ဆံရေးမှာ မည်သို့ရှိသည်နည်း။ သိသိသာသာပင် ယခင်ဘဝ၌ ရန်သူအား သတ်ဖြတ်ကြသည့် ဆက်ဆံရေးမျိုးပင်။


သို့သော် ထိုလူမှာ ယခုဘဝတွင် အနည်းငယ်ရှုပ်ထွေးနေသည်။ သူသည် အစွန့်ပစ်ခံရသော ခွေးပေါက်တစ်ကောင်ကဲ့သို့ တုံးအပြီးသနားစဖွယ်အခြေအနေသို့ရောက်ရှိနေကာ တစ်ချိန်တည်းမှာပင် သူသည် အကြောတင်းတင်းဖြင့် အလွန်ခေါင်းမာသော်လည်း သူ့အပေါ်၌ အနည်းငယ်ပိုကြင်နာပြီး သူ့ကိုယ်သူ တိတ်တခိုး ‌ပြန်ပေးဆပ်နေခဲ့သည်။


ထိုအစား ထိုသူသည် သူ့အား မတွေးဘဲမနေနိုင်အောင် ပြုလုပ်နေ၏။


ညီဖြစ်သူအား မည်ကဲ့သို့ဖြေကြားရမည်ကို ကျွင်းဟွိုင်လန် အချိန်ခဏကြာ တုန့်ဆိုင်းနေခဲ့လေသည်။


ထိုအချိန်၌ မိန်းမစိုးတစ်ဦး အလျင်အမြန် ရောက်ရှိလာသည်။


" တော်ဝင်အရှင် မကောင်းတော့ဘူး မကောင်းတော့ဘူး…" သူသည် ကျွင်း‌ဟွိုင်လန်၏ရှေ့သို့ အသက်ပင် မရှုနိုင်ဘဲ တိုက်ရိုက်ပြေးချလာခဲ့သည်။


ကျွင်းဟွိုင်လန်သည်လည်း ထိတ်လန့်သွားရကာ " ဘာဖြစ်လို့လဲ…"


မိန်းမစိုးငယ်လေးမှ အလျင်အမြန်ဖြေလိုက်လေသည် " ယုံနင်းနန်းတော်ရဲ့ အကြီးဆုံးသခင်မလေးပျောက်ဆုံးသွားလို့ပါ..အရှင်မင်းမြတ်၊ ဧကရီနဲ့ ကိုယ်လုပ်တော်ရှုတို့က ရှာဖွေဖို့အတွက် လူတွေလွှတ်လိုက်ပါတယ်…"


" တော်ဝင်ဥယျာဉ်မှာ အမှုထမ်းရတဲ့ မိန်းမစိုးရဲ့စကားအရဆိုရင် အကြီးဆုံးသခင်မလေးက ငါးယောက်မြောက်မင်းသား တော်ဝင်ဥယျာဉ်ထဲကထွက်လာပြီးတော့မှ ပျောက်ဆုံးသွားတာတဲ့…"


ငါးယောက်မြောက်မင်းသား ရွှယ်ယန်…


ကျွင်းဟွိုင်လန် အချိန်ခဏမျှ တောင့်တင်းသွားခဲ့သည်။ ထို့နောက် အေးစက်သည့် နှင်းဆီပန်းများ သူ၏နောက်ကျော၌ ပွင့်လန်းလာသကဲ့သို့ပင်။


ထိုစာအုပ်… သူမသေဆုံးခင်က ဖတ်ခဲ့သည့်စာအုပ်ပင် မဟုတ်ပါလော..


စာအုပ်ထဲတွင် သူနားမလည်နိုင်သော အရာတစ်ခုကို ရွှယ်ယန်ပြောပြခဲ့ဖူးသည်။ ယနေ့ဖြစ်ပျက်ခဲ့သည်မှာ စာအုပ်ထဲတွင် သူနားမလည်နိုင်ခဲ့သည့်နေရာနှင့် တစ်ထပ်တည်းဖြစ်လေသည်။


စာအုပ်ထဲမှ ဇာတ်ကြောင်းတစ်ဝက်တွင် ရွှယ်ယန်သည် ရဲရဲတင်းတင်းပြုမူကာ ဧကရီမယ်တော်ကြီးကို လျို့ဝှက်အခန်းထဲတွင် အကျဉ်းချထားခဲ့သဖြင့် ကျွင်းလင်ဟွမ်နည်းမျိုးစုံဖြင့် ခုခံကာ ငိုကြွေးလျက် ပြောလိုက်လေသည် " မင်းငါ့ကိုထိန်းထားနိုင်မှာမဟုတ်ဘူး… တစ်စုံတစ်ယောက်ကတော့ သေချာပေါက် ငါ့ကိုလိုက်ရှာမှာပဲ…"


ရွှယ်ယန် နှာခေါင်းရှုံ့လိုက်ကာ သူ၏ပယင်းရောင်မျက်လုံးများထဲတွင် အေး‌စက်ပြီး လှောင်ပြောင်နေပုံရသည့် အပြုံးတစ်ပွင့်ရှိနေခဲ့သည် " ဒီဘုရင်က မင်းကိုဖွက်ထားနိုင်မှတော့ သဘာဝကျကျပဲ လောကကြီးထဲမှာ ဘယ်သူကမှ မင်းကိုရှာ‌‌တွေ့နိုင်မှာမဟုတ်ဘူး…ဧကရီမယ်တော်ကြီးအနေနဲ့ အရင်အကြိမ်ထဲက သိထားသင့်တာပေါ့…"


ထိုစကားကို ကြားလိုက်ရချိန်တွင် ကျွင်းလင်ဟွမ် အချို့သော ကြောက်မက်ဖွယ် အတွေ့အကြုံများအား ပြန်လည်သတိရသွားကာ တစ်ကိုယ်လုံးတုန်ယင်နေပြီး စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။


ထို့နောက် ရွှယ်ယန် သူမ၏နားနားကပ်ကာ တီးတိုးပြောလိုက်ပြန်သည် " မှတ်မိတယ်မလား… ဒီအထီးကျန်ဘုရင်က မင်းကိုပျောက်ဆုံးနေစေချင်သရွေ့ မင်းကိုဘယ်သူမှရှာ‌တွေ့နိုင်မှာမဟုတ်ဘူး.. နန်းတော်ထဲမှာတောင်မှပေါ့…"


ထိုအချိန်တွင် သူ့၏ညီမပျောက်ဆုံးခဲ့ဖူးသည်ကို မသိရှိသော ကျွင်းဟွိုင်လန်မှာ ထိုစကားများကို အရေးတယူမှတ်ယူခဲ့ခြင်းမရှိချေ။ ထို့အပြင် ရှေ့ဘက်တွင် ဘာဖြစ်လာမည်ကိုသာ အာရုံစိုက်နေမိခဲ့သည်။ သို့သော် ယနေ့အဖြစ်အပျက်မှာမူ…


ကျွင်းဟွိုင်လင် ရေခဲဂူထဲ ကျဆင်းသွားရသကဲ့သို့ သူ၏တစ်ကိုယ်လုံးမှာ တုန်ယင်လာခဲ့သည်။


သူနားမလည်နိုင်ခဲ့သည့် ထိုစာကြောင်းမှာ ‌ယနေ့တွင် ပေါ့ပေါ့ပါးပါး လှန်မှောက်ပစ်လိုက်နိုင်သည်မဟုတ်ပါလော.. ရွှယ်ယန် ကျွင်းလင်ဟွမ်အပေါ်အငြိုးထားတာ ပျောက်ဆုံးစေခဲ့ပြီး အနာဂတ်တွင် အရှက်ခွဲခဲ့သည့်ကိစ္စအများစုမှာ ယနေ့ဖြစ်ပျက်ခဲ့သော အရာများကြောင့်ပင်ဖြစ်သည်။


ကျွင်းဟွိုင်လန်၏ ကျောရိုးတစ်ခုလုံးအေးစက်သွားကာ သူ၏နှလုံးသားထဲတွင် သူ့ကိုယ်သူအပြစ်တင်မိနေသည်။


၎င်းမှာ သူ့ကြောင့်ပင်။ သူသည်ဘဝအသစ်တစ်ခုတွင် နေထိုင်ခဲ့သည့်တိုင် အရာအားလုံးကို အသေးစိတ်ကျကျ မလုပ်ဆောင်ခဲ့မိချေ။ ထို့ကြောင့်ပင် ယခင်ဘဝတွင်ဖြစ်ပျက်ခဲ့သည့် အရာမှာ တစ်ပတ်ပြန်လည်လာခြင်းဖြစ်သည်။ ထို့အရာကြောင့် သူ၏ညီမဖြစ်သူမှာ လမ်းဟောင်းအတိုင်းပြန်လျှောက်သွားခဲ့ရပြီး ရွှယ်ယန်၏အရှုပ်အထွေးထဲသို့ ကျဆင်းသွားရတော့မည်။


သူရုတ်တရက်ထရပ်လိုက်ပြီး အရှေ့မှစားပွဲအားလှန်မိတော့မလို ဖြစ်သွားရသော်လည်း အများကြီးဂရုမစိုက်နိုင်ခဲ့ပေ။ မိန်းမစိုးငယ်လေးကာ ဆွဲခေါ်လိုက်ပြီး အလျင်အမြန်လျှောက်လာခဲ့ရသည်။


 " အကြီးဆုံးသခင်မလေး ဘယ်နေရာမှာ မင်းကိုချန်ထားခဲ့တာလဲ … ငါ့ကိုမြန်မြန်ခေါ်သွားပေး…"


မိန်းမစိုးငယ်လေးမှာမူ အမှန်တကယ်ပင် ထိတ်လန့်လာရသည်။


ထိုအကြောင်းအား အခြားတော်ဝင်မိသားစုဝင်များ ကြားလိုက်ရသည့်အချိန်၌ သူတို့အားလုံး စိုးရိမ်သွားကြပြန်သည်။ မည်သို့ပင်ဖြစ်စေ နန်းတော်ထဲတွင် အစောင့်အကြပ်များ ထူထဲလှသည်ဖြစ်ရာ နန်းတွင်းအစေခံများသည်လည်း နေရာတိုင်းလိုလိုတွင် ရှိကြသဖြင့် ကလေးငယ်တစ်ဦးပျောက်ဆုံးလျှင်ပင် အန္တရာယ်မရှိနိုင်သောကြောင့် ကျွင်းဟွိုင်လန်ကဲ့သို့ စိုးရိမ်‌တကြီးဖြစ်နေသောသူမျိုး မရှိကြချေ။


မိန်းမစိုးငယ်လေးမှာ အလွန်အမင်းထိတ်လန့်သွားရသဖြင့် ထစ်ထစ်ငေ့ငေ့ဖြင့် " တော်ဝင်ဥယျာဉ်…တော်… တော်ဝင်ဥယျာဉ်ရဲ့ အနောက်ဘက်ဘက်ဂိတ်တံခါးမှာပါ…အရှင့်ကို ဒီအစေခံကခေါ်..‌ ခေါ်ဆောင်သွားပေးပါ့မယ်…"

27.2


ကျွင်းဟွိုင်လန်၏ဘေးတွင်ရှိနေကြသော ကျွင်းရှောင်ဝူနှင့် ရွှယ်ယွင်ဟွမ်တို့လည်း သူ့နောက်သို့ ပြေးလိုက်လာကြသည်။ ကျွင်းရှောင်ဝူမှာ ပြာယာခတ်နေပုံပေါ်နေသော်လည်း သူကျွင်းဟွိုင်လန်အား နှစ်သိမ့်ပေးနိုင်ဆဲပင်ဖြစ်၏။


 " မကြောက်ပါနဲ့ အစ်ကိုတော်…လင်းဟွမ်းခိုင်ရဲ့ အကြီးဆုံးကလေးက ထွက်မပြေးနိုင်ပါဘူး…နန်းတော်ထဲမှာလည်း လူတွေအများကြီးရှိနေကြတာ သူအဲ့လောက်လွယ်လွယ်မပျောက်သွားနိုင်ပါဘူး…"


ကျွင်းဟွိုင်လန် လမ်း‌တစ်လျှောက်ပြေးလာရသောကြောင့် လည်ချောင်းများပင်နာကျင်နေကော မည်သည့်အသံမျှထွက်မလာနိုင်တော့ပေ။ ထို့ကြောင့် သူခက်ခက်ခဲခဲနှင့် ခေါင်းယမ်းပြလိုက်ရသည်။


နန်းတော်ထဲတွင် အစောင့်အကြပ်ထူထဲလှသည့်တိုင် တော်ဝင်မိသားစုများမှာ အလွယ်တကူပင် ပျောက်ဆုံးနိုင်ကြသည်။ ကျွင်းလင်ဟွမ်မှာ ကိုယ်လုပ်တော်ရှု၏ဘေးမှလူဖြစ်သဖြင့် သူမအတွက် တစ်ဦးတည်းထွက်သွားနိုင်ရန်မှာ မလွယ်ကူလှချေ။


ထိုအရာကြောင့်ပင် ကျွင်းဟွိုင်လန်ကြောက်လန့်နေရခြင်းဖြစ်သည်။


ထိုအရာမှာ မဖြစ်နိုင်သော်လည်း အကယ်၍သာ ရွှယ်ယန်နှင့်ဆက်စပ်နေပါက ၎င်းအား သာမန်အမြင်ဖြင့် ရှင်းလင်း၍မရနိုင်ပေ။


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် လမ်းတစ်လျှောက်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အချိန်ခဏကြာအထိ ယခင်ဘဝတွင် သူအသတ်ခံရစဉ်က ချန်အန်း၏သည်းထန်စွာရွာသွန်းနေသောမိုးများနှင့် လေပြင်းများကိုစဉ်းစားမိခဲ့သည်။ ခဏအကြာတွင်မူ စာအုပ်ထဲမှ အရာအားလုံးကိုစဉ်းစားမိပြန်ပြီး သူ၏နှလုံးသားထဲတွင် တင်းကြပ်လာကာ မျက်လုံးများနီမြန်းလာရသည်။


ကျွင်းရှောင်ဝူနှင့် ရွှယ်ယွင်ဟွမ်တို့မှာမူ သူ၏အမူအယာကြောင့် ထိတ်လန့်နေခဲ့ကြသည်။


ကျွင်းဟွိုင်လန်ထိုမျှ မြန်မြန်သွားနိုင်မည်ကို ရွှယ်ယွင်ဟွမ်မည်သည့်အချိန်ကမျှ မသိထားခဲ့ချေ။ထို့ကြောင့် သူ၏အနောက်သို့ အမြန်လိုက်သွားကာ ပြောလိုက်လေသည်


 " ဟွိုင်လန် စိတ်မပူပါနဲ့.. ငါအခုပဲမေးလိုက်တာ.. သူတို့တွေအသက်အန္တရာယ်ဖြစ်နိုင်တဲ့ ရေတွင်းရေကန်တွေကို ရှာဖွေပြီးသွားပြီ အဲ့ဒီမှာစောင့်ကြပ်ဖို့လည်း လူတွေပို့ထားတယ်တဲ့…"


ထိုသို့ပြောရင်းမှာ ရွှယ်ယွင်ဟွမ် အလျင်အမြန် ကျွင်းရှောင်ဝူအား တံတောင်ဖြင့်တိုက်လိုက်သည်။


ကျွမ်းရှောင်ဝူသည်လည်း အမြန်ပြောလာခဲ့သည်


 " ဟုတ်တယ် အစ်ကိုတော် စိတ်မပူပါနဲ့…ညီမလေး ကလျှောက်ပြေးနေမှာမဟုတ်ပါဘူး..သူလမ်းပျောက်သွားတာပဲနေမှာပါ… တစ်ရှီချန်ရဲ့‌လေးပုံတစ်ပုံတောင်မကြာဘူးပြန်ရောက်လာပါလိမ့်မယ်…"


ကျွင်းဟွိုင်လန်မှာမူ အစမှအဆုံးထိ စကားတစ်ခွန်းမှမပြောခဲ့ပေ။


အနောက်ဘက်ဘက်ဂိတ်တံခါးမှာ အလွန်သေးငယ်ကာ တံခါးရှေ့ရှိ ကျဥ်း‌မြောင်းသော နန်းတော်လမ်းမှာ လူများစွာနှင့် ပြည့်နှက်နေပြီးဖြစ်သည်။ မင်းသားနှင့် တော်ဝင်မိသားစု၏အကြီးဆုံးသခင်မလေးတို့ ပါဝင်နေခြင်းကြောင့် ဧကရာဇ်နှင့်ဧကရီတို့သည်လည်း ထိုနေရာတွင်ရောက်ရှိနေကြသည်။ ထိုသူတို့မှာ လမ်း‌၏ဘေးတွင်ယာယီချထားသော စက်ဝိုင်းပုံသဏ္ဍာန်ထိုင်ခုံများပေါ်၌ ထိုင်နေကြပြီး ခြုံလွှာများဝတ်ဆင်ထားကာ ငှက်မွှေးယပ်တောင်များကပ်ဆောင်ထားကြသော အစေခံများက အနောက်ဘက်တွင်ရပ်နေကြသည်။


ကျွင်းဟွိုင်လန်ရောက်လာချိန်၌ ဧကရာဇ်သည် ရွှယ်ယန်အား အပြစ်တင်ပြောဆိုနေသည်ကိုမြင်လိုက်ရပြီး ကိုယ်လုပ်တော်ရှုမှာမူ ဘေးဘက်တွင် သည်းထန်စွာ ငိုကြွေးနေလေသည်။ သူ၏မိဘများသည်လည်း ထိုနေရာတွင် မတ်တပ်ရပ်နေကြပြီး သူတို့မျက်နှာပေါ်ရှိ စိုးရိမ်တကြီးဖြစ်နေသော အမူအယာမှာ ဖုံးဖိမရသည့်တိုင် အမတ်မင်းတို့၏အပြုအမူကိုထိန်းသိမ်းရန်လိုအပ်သည့်အတွက် စကားအမှားမပြောရဲဘဲ ရှိနေကြသည်။


" ကိုယ်လုပ်တော်ရှုက လင်းဟွမ်ကိုစောင့်ရှောက်ဖို့ မင်းကိုတောင်းဆိုလိုက်တာကို မင်းကအခုဘယ်လိုလုပ်လိုက်တာလဲ…တောင်ဘက်ဂိတ်ရဲ့အပြင်ဘက်မှာ ဇီးပန်းပွင့်တောအုပ်ပဲရှိတာကို ဘာလို့ဆယ်မီတာအတွင်းရှာတွေ့တဲ့သူမရှိရတာလဲ…" 


ဘုရင်မင်းမြတ်၏ ဒေါသတကြီးဖြစ်နေသည့်အသံကို မီတာအနည်းငယ်အကွာပင် ကျွင်းဟွိုင်လန်ကြားနိုင်ခဲ့သည်။


အဝေးမှနေ၍ ကျွင်းဟွိုင်လန် ရွှယ်ယန်အား အနောက်ဘက်ဂိတ်တံခါးရှေ့တွင် ဒူးထောက်လျက်ရှိသည်ကို မြင်လိုက်ရသည်။


လူတိုင်းမှာ မတ်တပ်ရပ်နေသော်လည်း ထိုသူမှာမူ ဒူးထောက်နေရ၏။ အပြာရောင်ကျောက်တုံးများ ခင်းထားသော လမ်းမှာ နှင်းများဖုံးလွှမ်းနေပြီး လင်းလက်နေသော နန်းတော်မီးတိုင်များမှာ နေ့အသွင် ထွန်းလင်းတောက်ပနေကာ ထိုသူ၏အရိပ်ကို ပို၍ရှည်လျားအောင် ပြုလုပ်ပေးနေခဲ့သည်။


ထိုအချိန်၌ ရွှယ်ယန်ခေါင်းမော့လာကာ ကျွင်းဟွိုင်လန်၏အကြည့်နှင့် ဆုံလိုက်လေသည်။


သူ၏မျက်လုံးများမှာ အသက်မဲ့နေပြီး သိသိသာသာပင် ‌ထင်ထင်ရှားရှားဖျော့တော့နေကာ အောက်ခြေအထိ အမှောင်မြူထုများ နစ်မြုပ်နေသကဲ့သို့ အေးစက်နေခဲ့သည်။ ထိုအေးစက်မှုမှာ ကျွင်းဟွိုင်လန်၏နှလုံးသားထဲတွင် ကြက်သီးများထလာစေနိုင်သည်။


၎င်းမှာ သူ၏စိတ်အား ခဏကြာမျှ ကြည်လင်သွားစေခဲ့သည်။


ကျွင်းဟွိုင်လန် ရုတ်တရက်ဆိုသလို လွန်ခဲ့သောရက်အနည်းငယ်က ရွှယ်ယန် ကျွင်းလင်ဟွမ်၏ဆံပင်ကိုထိကာ သူသည်လည်း သူမ၏အစ်ကိုကြီးဖြစ်သည်ဟုပြောလိုက်သည်ကို သတိရသွားခဲ့သည်။ ထိုအချိန်တွင် သူ၏အမူအယာမှာ ထိုကဲ့သို့မဟုတ်ခဲ့ပေ။


မူလအစတွင်ပင် ယခုဘဝ၌ များပြားသောအရာများမှာ ကွဲပြားနေသည်။ ရွှယ်ယန်မည်ကဲ့သို့ တူညီသောအမှားများကိုကျူးလွန်ပြီး ယခင်ဘဝတွင်လုပ်ခဲ့သော တူညီသည့်အရာများကို လုပ်နိုင်မည်နည်း။


ထိုအချိန်တွင် ရွှယ်ယန်သူ့အား အနည်းငယ်မျှ ကြည့်လိုက်ပြီး သူ၏မျက်လုံးများကို ထပ်မံပြန်နှိမ့်ချလိုက်သည်။


ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ထိုအရာမှာ အလျင်အမြန်ကုန်ဆုံးသွားသည်။


သူ၏ဘေးတွင်ရှိသော ကျွင်းရှောင်ဝူမှာလည်း တိုက်ပွဲအကြီးကြီးတစ်ခုဖြစ်တော့မည့် အရိပ်အယောင်ရှိနေသောကြောင့် ထိတ်လန့်နေခဲ့သည်။ ချင်းဖျင်ဧကရာဇ်မှ မီတာအနည်းငယ်အဝန်းအဝိုင်းအတွင်း မည်သူကိုမျှရှာမတွေ့ခဲ့ဘူးဟု ပြောလိုက်ချိန်၌ ချက်ချင်းဆိုသလို သူအလွန်စိုးရိမ်တကြီးဖြစ်လာခဲ့သည်။ 


ကျွင်းဟွိုင်လန်အားလျစ်လျူရှူကာ အရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာခဲ့ပြီး ဧကရီကိုပင် အရို‌အသေပြုရန်မေ့လျော့သွားခဲ့သည်။ ထို့နောက်ရွှယ်ယန်၏လည်ပင်းကို မြောက်ကိုင်ကာ မလိုက်ပြီး " ညီမတော်‌လေးကို မင်းဘယ်မှာထားခဲ့တာလဲ.. ဘာလို့ အခုထိဘယ်သူ့ကိုမှရှာမတွေ့ရသေးတာလဲ…"


ရွှယ်ယန် တိတ်တခိုးမျက်လုံးပင့်ကြည့်လိုက်ချိန်၌ ထိုသူ၏ဒေါသတကြီးဖြစ်နေသောမျက်လုံးများကို မြင်လိုက်ရလေသည်။


ငယ်ရွယ်သော ကောင်ငယ်လေး၏မျက်လုံးများမှာ ကျွင်းဟွိုင်လန်အားပြုံးပြနေ‌သကဲ့သို့သော အပြုံးမျိုးမရှိတော့ဘဲ စိုးရိမ်တကြီးဖြစ်နေကာ ဒေါသမီးတောက်များဖြင့် ပြည့်နှက်နေခဲ့သည်။


ရွှယ်ယန်မှာမူ ထိုအရာအား မြင်ပုံမရချေ။


သူ၏မျက်လုံးထဲတွင် ကျွင်းဟွိုင်လန်၏မျက်လုံးများသာ စိုးမိုးနေခဲ့သည်။


ထိုသူသည် သူ၏ညီမဖြစ်သူအား အလွန်ချစ်မြတ်နိုးသည်ကို ရွှယ်ယန်သိနေခဲ့သည်မှာ အချိန်အတန်ကြာပင်ဖြစ်၏။ သူအလျင်အမြန်လာရသဖြင့် သူ၏မျက်လုံးများမှာ အလျှင်လိုကာ စိုးရိမ်တကြီးဖြစ်နေပြီး နီမြန်းနေသည်ကို အဝေးမှပင် လှမ်းမြင်နိုင်ပေသည်။ သူ၏မျက်လုံးထဲတွင် မျက်ရည်များဝေ့ဝဲနေသည်ကိုမူ ရွှယ်ယန်မြင်ခဲ့ရသည်။


ရွှယ်ယန် သူ၏နှလုံးသားထဲတွင် တိတ်ဆိတ်စွာစဉ်းစားမိသည်မှာ အခြားသူများကဲ့သို့ ကျွင်းဟွိုင်လန်လည်း သူ့အားမုန်းနေတေ့ာမည် ဟူ၍...။


Xxxxxxxxx