အပိုင်း ၂၈
Viewers 15k

Chapter 28


သူ၏နှလုံးသားမှာ တစ်ခဏအတွင်း အမည်မသိသော အကြောင်းပြချက်ဖြင့် လက်တစ်စုံမှ ဖျစ်ညှစ်ထားသကဲ့သို့ စူးရှနာကျင်လာရပြီး ထိုခံစားချက်မှာ သူ့အတွက် အလွန်ထူးဆန်းစွာစိမ်းသက်နေသည်။ သူသည် များစွာသော မလိုမုန်းတာခြင်းတို့ကို တည်ငြိမ်စွာ သည်းခံနိုင်ခဲ့သည်တိုင် ထိုလူတစ်ဦး၏မလိုလားခြင်းကိုမူ မခံမရပ်နိုင် ဖြစ်နေလိမ့်မည်ဟု သူမည်သည့်အချိန်ကမျှမထင်မိခဲ့ပါချေ။


လွတ်မြောက်နိုင်ရန်အလို့ငှာ သူ၏အကြည့်များအား ကျွင်းဟွိုင်လန်၏အပေါ်မှ ဖုတ်ပူမီးတိုက်ခွာလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူပြန်တွေးမိသည်မှာ သူ့အားမုန်းခွင့်ပြုလိုက်တော့မည်.. မဟုတ်ရင်တောင် အနှေးနှင့်အမြန် ဖြစ်ပေါ်လာမည့်ကိစ္စပဲ ဟူ၍သာ တွေးလိုက်မိလေသည်။


သေသေချာချာပင် ရွှယ်ယန့်မှာ ထိုသူ၏ညီငယ်ဖြစ်သူမှ လည်ပင်းကိုကိုင်မြှောက်ထားခြင်းကို ခံနေရပြီး ထိုကောင်ငယ်လေး၏ ဒေါသတကြီးဖြစ်နေသော မျက်လုံးများဖြင့် ဆုံနေရသည်။ ချင်းဖျင်ဧကရာဇ်နှင့်အခြားသူများမှာ သူ‌၏‌နံဘေးတွေရှိနေသည့်တိုင် ထိုသူတို့မှာ ကျွင်းရှောင်ဝူ၏ရိုင်းပြခြင်းကို အရေးတယူလုပ်နေခြင်းမရှိခဲ့ဘဲ ကျေပင်ကျေနပ်နေသလို ပြုမူနေကြသည်။


ရွှယ်ယန် ပြောစရာ စကားလုံးမရှိတော့ဘဲ တိတ်ဆိတ်သွားရသည်။


သူသည် သေမိန့်ချခံရလုဆဲဆဲကို စောင့်ဆိုင်းနေသော အပြစ်သားတစ်ဦးကဲ့သို့ရှိနေခဲ့ပြီး ကျွင်း‌ဟွိုင်လန်မှ တစ်စုံတစ်ရာ ပြုမူလာမည်အား စောင့်မျှော်နေခဲ့သည်။


ရွှယ်ယန် သူ၏မျက်လုံးများကို မှိတ်ထားလိုက်လေသည်။


ထိုအချိန်တွင် လက်တစ်ဖက်မှ ကျွင်းရှောင်ဝူ၏ခါးကို ဆုပ်ကိုင်လာခဲ့သည်။


ထိုလက်မှာ အလွန်ဖြူဖျော့နေသောကြောင့် အပြာရောင်သွေးကြောများကိုပင် လက်၏အနောက်ဘက်တွင် ဖောက်ထွင်းမြင်နေရသည်။


သိသိသာသာပင် ၎င်းမှာ အားနည်းပြီး သွယ်လျသော လက်တစ်ဖက်ဖြစ်ကာ လက်ကောင်ဝတ်ကို တစ်ချက်မျှအားသုံးရုံနှင့်ပင် ကျိုးသွားနိုင်သည်အထိ ခွန်အားကင်းမဲ့နေပုံရသော်လည်း ကျွင်းရှောင်ဝူအား မလှုပ်ရှားနိုင်အောင် တားဆီးနိုင်သည်အထိ မယုံစရာကောင်းလောက်အောင် သန်မာနေခဲ့သည်။


" အစ်ကိုတော်…" ကျွင်းရှောင်ဝူ ကျွင်းဟွိုင်လန် မသက်မသာဖြစ်နေသည့်ပုံဖြင့် ကြည့်လာခဲ့သည်။


ကျွင်းဟွိုင်လန်၏မျက်နှာမှာမူ ခံစား‌ချက်များပျောက်ဆုံးနေပုံရပြီး မျက်လုံးများနီမြန်းနေလျက် သူ၏နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားသည်။ သူ၏ပါးပြင်ပေါ်ရှိ ကြွက်သားများမှာ အနည်းငယ် တွန့်ကွေးနေကာ တစ်စုံတစ်ရာကို ဖိနှိပ်ထားရပုံပေါ်နေခဲ့သည်။


အချိန်ခဏတာမျှ တိတ်ဆိတ်နေပြီးနောက်တွင် သူ၏ပါးလျသော နှုတ်ခမ်းများကြားမှ စကားတစ်ခွန်းဖွင့်ကျလာသည်။


 " လင်ဟွမ်ကိုအရင်သွားရှာ.."


ကျွင်းဟွိုင်လန်၏အသံမှာ အနည်းငယ်အက်ကွဲနေခဲ့သည်။


 " လင်ဟွမ်ကို ပထမဆုံးသွားရှာပြီးတော့ ဘာလို့လဲဆိုတာမေးလိုက်…"


ထိုစကားပြောရန်ကိုပင် ကျွင်းဟွိုင်လန်သူ၏ခွန်အားအကုန်သုံးထားရပုံပေါ်နေခဲ့သည်။ ထို့နောက် ကျွင်းရှောင်ဝူမတုံ့ပြန်နိုင်ခင်မှာပင် သူ၏လက်ကိုလွှတ်ကာ လှည့်ထွက်သွားလိုက်သည်။


အစမှအဆုံးထိ ရွှယ်ယန်ကို လုံးလုံးပင်မကြည့်ခဲ့ချေ။


ပြီးနောက် ကျွင်းဟွိုင်လန် ဧကရာဇ်ချင်းဖျင်၏ရှေ့သို့လျှောက်လာကာ ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလျက် ပြောလိုက်လေသည် 


" ဒီအမတ်မင်းကမရိုမသေပြုခဲ့မိပါတယ်..ကျေးဇူးပြု၍ အရှင်မင်းမြတ်က ဒီကမ္ဘာကြီးရဲ့ နေရာတိုင်းကို ရှာဖွေဖို့အတွက် လူတွေကိုပိုလွှတ်ပေးပါ…လင်ဟွမ်ကိုရှာတွေ့တဲ့အချိန်ကျရင်တော့ အကြောင်းပြချက်တောင်းပြီး ရင်ဆိုင်လို့ရပါပြီ…"


ဧကရာဇ်ချင်းဖျင်မှာ တုံ့ဆိုင်းသွားပြီးနောက် မိန့်ကြားလိုက်သည်


 " လင်းဖူ မင်းသားရဲ့အမိန့်အတိုင်း ကျင်းဝူဝေ့ရဲ့နေရာတိုင်းကိုသွားရှာ… မြေကြီးသုံးပေအထိကိုပါ သေချာတူးပြီး ကျွင်းမိသားစုရဲ့သခင်မလေးကိုရှာဖွေရမယ်…"


လင်းဖူအမိန့်ကို အလျင်အမြန်လက်ခံလိုက်သည်။


ထို့နောက် ဧကရာဇ်မှ ကျွင်းဟွိုင်လန်ကို ထပ်ကြည့်ကာ ပြောလိုက်ပြန်သည်။


 " မင်းတို့ညီအစ်ကိုနှစ်ယောက်လုံး အလွန်စိုးရိမ်နေကြတာကို ကိုယ်တော်သိပါတယ်… စိတ်မပူပါနဲ့ ဒီနန်းတော်အတွင်းမှာ ကိုယ်တော် လင်ဟွမ်ကိုတစ်စုံတစ်ရာဖြစ်သွားခွင့်မပေးပါဘူး…"


ကျွင်းဟွိုင်လန် ခေါင်းကိုငြိမ့်လျက် ဒူးထောက်ချလိုက်ကာ " ကျေးဇူးပြု၍ ဒီအမတ်ကိုလည်း အစောင့်အရှောက်တွေနဲ့အတူ သွားရှာခွင့်ပြုဖို့အတွက် အရှင်မင်းမြတ်ကိုတောင်းဆိုချင်ပါတယ်…" 


ကျွင်းဟွိုင်လန် သူ့နှလုံးသား၏အောက်ခြေမှပင် သူ့ကိုယ်သူမုန်းတီးနေခဲ့မိသည်။


သူ့ကိုယ်သူ အားနည်းကာ ရေငုံနှုတ်ပိတ်နေမိခဲ့အတွက် အလွန်မုန်းတီးနေခဲ့မိသော်လည်း ရွှယ်ယန် လူတိုင်း၏အပြစ်ပြောစရာပစ်မှတ်ဖြစ်လာသည်ကိုမူ ရပ်ကြည့်မနေနိုင်ခဲ့ချေ။


နောက်ဆုံးတစ်ကြိမ်လေ့လာလိုက်ပြီးနော် ရွှယ်ယန် ယခင်ဘဝကကဲ့သို့ သူ၏ညီမဖြစ်သူကို မုန်းတီးကာ အရှက်ခွဲနိုင်မည့် အကြောင်းပြချက်တစ်စုံတစ်ရာရှိမည်ဟု သူမယုံကြည်နိုင်သေးပေ။ ထိုကဲ့သို့သော အတွေးမျိုးသည် သူ့အားအမှန်တကယ်ပင် သူ့ကိုယ်သူ ယှဉ်ပြိုင်စေခဲ့သည်။


ကျွင်းဟွိုင်လန် အံတင်းတင်းကြိတ်ကာ ရွှယ်ယန်ကို နောက်‌ဆုံးအနေဖြင့် အခွင့်အရေးတစ်ကြိမ်‌ပေးရန် ဆုံးဖြတ်လိုက်သည်။


လင်ဟွမ်ကိုသာ အရင်ဦးဆုံးရှာဖွေ၍ အကြောင်းအရင်းမေးမြန်းကာ ဆက်လက်လုပ်ဆောင်စေတော့မည်။ အကယ်၍သာ ရွှယ်ယန်လူတိုင်းကို လှည့်စားခဲ့သည်ဆိုပါက သူရွှယ်ယန့်ကို အကြိမ်ရာထောင်ချီမကပြန်ပေးဆပ်ရအောင် ပြုလုပ်မည်ပင်။


ကျွင်းဟွိုင်လန် သူ၏တုန်ယင်‌နေသော စိတ်ထဲတွင် ဤသည်မှာ နောက်ဆုံးအကြိမ်သာဖြစ်ကြောင်းကို သူ့ကိုယ်သူသတိပေးနေသည်။


သူ၏အခိုင်အမာပြောဆိုမှုကို ကြည့်လိုက်ပြီး ဧကရာဇ်မှ ကျွင်းဟွိုင်လန် သူ၏ညီမဖြစ်သူကိုစိတ်ပူနေသည်ဟုသာ တွေးလိုက်မိပြီး " အဲ့ဒါ‌ဆိုရင်လည်း မင်းရဲ့လုံခြုံမှုအတွက်ကိုပါ ဂရုစိုက်ရလိမ့်မယ်…ငါ့အမိန့်ကိုနာခံကြလော့ ဝူဝေ့အစောင့်တွေလွှတ်ပြီးတော့ မင်းတို့ မင်းသားကို လမ်းတလျှောက်လိုက်ပါစောင့်ရှောက်ရလိမ့်မယ်…"


လင်းဖူ အလျင်အမြန် အမိန့်ကိုလက်ခံလိုက်သည်။


ကျွင်းဟွိုင်လန် ဧကရာဇ်၏အမိန့်ကိုလက်ခံရလိုက်ချိန်တွင် လှည့်ကာ ကျင်းဝူဝေ့၏အစောင့်အဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်တွင် မီးအိမ်များထွန်းလင်းထားဆဲဖြစ်သော နန်းတော်မှ ခြေငါးလှမ်းမျှသာ ကွာဝေးသည့် တော်ဝင်ဥယျာဉ်၏ အနောက်ဖက်တံခါးဘက်သို့သွားလိုက်လေသည်။ အနောက်ဖက်တံခါးမှ ထွက်လာသည်နှင့် ကျွင်းဟွိုင်လန်၏ ဘေးပတ်လည်တွင် ရုတ်တရက် အမှောင်ထုမှာ အုပ်စိုးလာခဲ့သည်။


ကျွင်းဟွိုင်လန် သူ၏ဘေးတဝိုက်ကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်သွားစေရန် ကြိုးစားကာ ကျွင်းလင်ဟွမ် မည်သည့်နေရာသို့ သွားနိုင်မည်ကိုသာ တွေးတောလိုက်လေသည်။

28.2


ထို့နောက် သူ၏အနောက်မှ ခြေသံများထွက်ပေါ်လာခဲ့သည်။


လှည့်ကြည့်လိုက်ချိန်တွင် ကျွင်းရှောင်ဝူနှင့် ရွှယ်ယွင်ဟွမ်တို့ သူ၏နောက်မှ ပြေးလိုက်လာသည်ကို မြင်လိုက်ရသည်။ 


ရွှယ်ယွင်ဟွမ်မှ ပြောလာခဲ့သည် " ငါမယ်တော့်ကိုမေးလိုက်တော့ သူလည်းမင်းကိုစိတ်ပူနေတာနဲ့ ငါတို့နှစ်ယောက်ကို မင်းနောက်လိုက်ခွင့်ပေးလိုက်တာ…"


ဘေးဘက်တွင် ကျွင်းရှောင်ဝူ ကျွင်းဟွိုင်လန်၏ပုခုံးကိုပုတ်လိုက်ပြီးနောက် ကျင်းဝူဝေ့၏ကိုယ်ရံတော်အဖွဲ့၏‌ခေါင်းဆောင်ကိုခေါ်ကာ သူရှာတွေ့သည်များအား တင်ပြစေလိုက်သည်။


ကျွင်းဟွိုင်လန်မှာမူ စိတ်လျော့လိုက်ကာ ထိုသူနှစ်ဦးကိုသာ စိတ်ချလက်ချကြည့်နေလိုက်တော့သည်။


အဖွဲ့ခေါင်းဆောင်မှ ပြောလာသည်မှာ ယခုအခြေအနေသည် အရေးပေါ်အခြေအနေဖြစ်သောကြောင့် သူ၏လူများကို အနောက်ဘက်ဂိတ်နားမှ လမ်းတိုင်းသို့ရှာဖွေရန် စေလွှတ်ထားသော်လည်း ကျွင်းလင်ဟွမ်ကိုမူ မရှာတွေ့နိုင်သေးသည်ဟူ၍ပင်။ အနီးအနားမှ နန်းဆောင်များဆီသို့ လူလွှတ်ကာရှာခိုင်းထားသော်လည်း ထိုနေရာများတွင် ကျွင်းလင်ဟွမ်ရှိမနေခဲ့ချေ။


ပြောရမည်ဆိုလျှင် ကျွင်းလင်ဟွမ်သွားနိုင်မည့် သူတွေးမိသမျှ နေရာအားလုံးကို လူလွှတ်ရှာဖွေပြီးပြီဖြစ်သည်။


" ဒီအမတ်လူလွှတ်ရှာခိုင်းမိတဲ့နေရာတွေက တကယ်ကြီးကို သာမန်ဆန်လွန်းသွားတယ်… ပြီးတော့ နန်းတော်မြင်ကွင်းကလည်း တော်တော်ကြီးတယ်လေ..ဒီအမတ်က သခင်မလေးရဲ့အသက်အရမ်းမကြီးသေးဘူးလို့ပြောလို့ တအားမှောင်မိုက်တဲ့နေရာတွေတော့ မသွားလောက်ဘူးလို့ ထင်မိလိုက်တာ..အဲ့‌ဒါကြောင့်ပါ.." 


ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်မှ အပြစ်ရှိမှုကြောင့် ခေါင်းငုံနေခဲ့ပြီးနောက် ထပ်ပြောလာခဲ့သည် 


" ကျွန်တော် ချက်ချင်းနေရာတိုင်းကိုရှာဖို့ လူလွှတ်လိုက်ပါ့မယ်.. မိန်းမစိုးလင်းဖူကလည်း မိန်းမစိုးအချို့ကို လွှတ်ပေးပြီးတော့ ကူညီပေးဖို့‌မှာထားပါတယ်…"


ကျွင်းဟွိုင်လန်မှ " အရမ်းနှေးလွန်းတယ်…"


ကိုယ်ရံတော်ခေါင်းဆောင်မှာ ထိတ်လန့်သွားပြီး " အရှင်ဆိုလိုချင်တာက…"


ကျွင်းဟွိုင်လန် အချိန်ခဏတာမျှ စဉ်း‌စားနေခဲ့ပြီးနောက် " ဒီနားမှာ တားမြစ်နန်းဆောင်တွေ ဒါမှမဟုတ် ဘယ်သူမှမသွားတဲ့နေရာအချို့ရှိလား…"


ကိုယ်ရံတော်ခေါင်းဆောင်လည်း စဉ်းစားလိုက်ပြီး " တော်ဝင်ဥယျာဉ်အနားမှာတော့မဟုတ်ဘူး.. ဒါပေမယ့် အနောက်ဖက်ဂိတ်ရဲ့ တစ်မိုင်အကွာမှာတော့ အအေးနန်းဆောင်ရှိတယ်.. သခင်မလေးက အဲ့ကိုတော့ မသွားလောက်ဘူးမလား.."


ကျွင်းဟွိုင်လန် ခဏကြာစဉ်းစားလိုက်ပြီး " မင်းရဲ့အစီအစဉ်အတိုင်းပဲ ရှာဖွေဖို့လူလွှတ်လိုက်ပါ…ငါ့ကိုတော့ လူအနည်းငယ်ပေးလိုက်.. ငါအအေးနန်းဆောင်ကိုသွားရှာလိုက်မယ်…"


ကျင်းဝူကိုယ်ရံတော်အဖွဲ့၏ခေါင်းဆောင်မှာ အနည်းငယ် ပဟေဌိဖြစ်နေသည့်တိုင် သူ၏အမိန့်ကိုနာခံကာ ကျွင်းဟွိုင်လန်၏နောက်သို့လိုက်ရန်အတွက် လူအနည်းငယ်ထည့်ပေးလိုက်သည်။


ကျွင်းရှောင်ဝူမှာမူ အံ့ဩသွားပြီး " အစ်ကိုတော် အအေးနန်းဆောင်မှာ ဘာသွားလုပ်မလို့လဲ..လင်ဟွမ်ကဘယ်သူမှမသွားတဲ့နေရာတွေကို အကြောက်ဆုံးဆိုတာ အစ်ကိုမသိဘူးလား…"


အဆုံးတွင် ယနေ့မှာ နန်းတော်ထဲရှိ ဧကရာဇ်၏ချမ့်ချိုးအခမ်းအနားပင်ဖြစ်ရာ နန်းတော်တွင်းရှိ လူများ မည်မျှပင် သတ္တိရှိနေပါစေ သူတို့တော်ဝင်မျိုးနွယ်များအကြား လျှောက်သွားနေရဲမည် မဟုတ်ပေ။ ထိုအရာမှာ ကျွင်းလင်ဟွမ်ပျောက်ဆုံးသွားရသည့် တစ်ခုတည်းသော ဖြစ်နိုင်ချေပင်ဖြစ်သည်။


ကျွင်းဟွိုင်လန်ရပ်တန့်သွားပြီးနောက် ပြောလာခဲ့သည် " အဲ့ဒါကြောင့် ငါသွား‌အတည်ပြုမလို့လေ…"


သူ၏အတိတ်ဘဝတွင် ကျွင်းလင်ဟွမ်မှာ ဘေးမသီရန်မခဘဲ ပြန်လည်ရှာတွေ့ခဲ့သောကြောင့် နန်းတော်ထဲတွင် ပျောက်ဆုံးဖူးကြောင်းကို သူမသိရှိခဲ့ရပေ။


ကျွင်းဟွိုင်လန် ပို၍စိတ်ပူနေမိသည့်အရာမှာ သူမမည်ကဲ့သို့ပျောက်ဆုံးသွားသနည်းဟူသည့်အရာနှင့် ၎င်းမှာ ရွယ်ယန်နှင့်သက်ဆိုင်နေမနေဟူသည့်အချက်ပင်...


အကယ်၍သာ ရွှယ်ယန်သူမအားဖွက်ထားချင်ပါက ထိုနေရာမှာ မည်သူကမျှမသွားမည့် နေရာဖြစ်ရပေမည်။ ထို့အပြင် ကျွင်းလင်ဟွမ်မသွားနိုင်လောက်ဟု လူအများထင်နေကြသော နေရာပင်ဖြစ်လေသည်။ သို့မဟုတ် ရွှယ်ယန်အာရုံအများဆုံးစိုက်သော နေရာမှ ကျွင်းလင်ဟွမ်ပုန်းကွယ်နေနိုင်သောနေရာပင်ဖြစ်သည်။


အတိတ်ဘဝတွင် ဖြစ်ပျက်ခဲ့သည့်အရာများမှာ ထပ်မံဖြစ်ပျက်၍ မရချေ။


............


လွန်ခဲ့တော့ တစ်နာရီခန့်က…


ချမ့်ချိုးအခမ်းအနားတွင် ကိုယ်လုပ်တော်ရှုမှာ အတက်ကြွဆုံးဖြစ်သည်။ နန်းတော်တွင်းရှိ မိဖုရားများနှင့် ကိုယ်လုပ်တော်များကြားတွင် သူမသည်သာ အများဆုံးအရေးပေးခံရသူဖြစ်ရာ အရေးပေးမခံရသည့်သူများမှာ  မနှစ်သက်လျှင်ပင် သူမအား ဖော်လံဖားနေကြသည်။


ယင်နှင့်ယန်ကဲ့သို့သော ကိုယ်လုပ်တော်အစုအဝေးထဲတွင် ပျားနှင့်လိပ်ပြာများဝန်းရံနေသကဲ့သို့ အမွှေးနံ့များစုံညီနေသည်ဖြစ်ရာ ကျွင်းလင်ဟွမ်အား နှာချေအောင်ပြုလုပ်နေခဲ့သည်။


အခမ်းအနားတစ်ဝက်တွင် သူမလေအနည်းငယ်ရှူနိုင်ရန်အတွက် အပြင်သို့ထွက်ချင်ခဲ့သော်လည်း ရောင်စုံခြယ်သထားသော ပြတင်းပေါ်ကလေးမှ သူမ၏အစ်ကိုကြီးဖြစ်သူနှင့် ဒုတိယအစ်ကိုတို့ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်ကို မြင်လိုက်ရသဖြင့် ပြန်လည်ထိုင်ချလိုက်သည်။


သူမ၏အစ်ကိုတော်သည် ဒုတိယအစ်ကိုနှင့် မဆုံတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ အကယ်၍ သူမသာသွားရောက်လိုက်ပါက သူတို့နှစ်ဦးအား အနှောင့်အယှက်ဖြစ်သွားစေမည်ပင်။


ကျွင်းလင်ဟွမ် အချိန်ခဏတာမျှ သည်းခံနေလိုက်သည်။


ထို့နောက် ကျွင်းဟွိုင်လန်၏စားပွဲရှေ့မှ ရွှယ်ယန်ထရပ်လိုက်သည်ကို သူမမြင်လိုက်ရသည်။


ထိုသူမှာ အစ်ကိုတော်မင်းသား၅ဖြစ်ပြီး အစ်ကိုတော်မင်းသားမှ သူ့ကိုယ်သူပြောခဲ့သည်မှာ သူသည်လည်း အစ်ကိုတော်ကဲ့သို့ သူမအတွက် အစ်ကိုတော်မင်းသား၅ဖြစ်သည်ဟူ၍ပင်ဖြစ်သည်။


ထို့အပြင် အစ်ကိုတော်မင်းသား၅သည်လည်း အလွန်ကောင်းသူတစ်ဦးဖြစ်သည်။ ယခင်တစ်ကြိမ် သူမအစ်ကိုတော်ထံသို့ မွှေးကြိုင်သောနံ့သာပေါင်းအချို့ပေးပို့ခဲ့သည့် အချိန်တွင် သူ သူမကိုကူညီပေးခဲ့ဖူးသည်။ ထို့နောက်တွင် သူကိုယ်တိုင်ပင် ပို၍များပြား‌သည့် နံ့သာပေါင်းများရှာဖွေကာ အစ်ကို‌တော့်ထံ နေ့တိုင်းပေးပို့ခဲ့လေသည်။ 


လုံလောက်စွာပင် ထိုနေ့မှစ၍ သူမ၏အစ်ကိုတော်မှာ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။


ကျွင်းလင်ဟွမ် လွတ်ငြိမ်းချမ်းသာခွင့်ရသွားသကဲ့သို့ ခံစားလိုက်ရကာ ကိုယ်လုပ်တော်ရှု၏အင်္ကျီလက်စကို ကိုင်လျက် " အရီးတော် သမီး အစ်ကိုတော်မင်းသား၅နဲ့ဆော့ကစားဖို့ သွားတွေ့ချင်တယ်…"


ကိုယ်လုပ်တော်ရှုမှာ များပြားလှစွာသော ကိုယ်လုပ်တော်မိဖုရားများဖြင့် ဝန်းရံခံထားရကာ အသီးကို အနည်းငယ်မျှသာ စိတ်ဝင်စားသော ပုံဖြင့် စားသောက်နေခဲ့သည်။ ကျွင်းလင်ဟွမ်ပြောလာချိန်တွင် သူမခဏတာကြောင်အသွားပြီးနောက် မင်းသား၅မည်သူဆိုသည်အား မှတ်မိသွားလေသည်။


သူမ၏ဘေးမှ မင်းသား၂၏‌မွေးမိခင်ဖြစ်သူ ကျန်းကွေ့ရန်မှာ ထိုစကားကိုကြားလိုက်ရချိန်တွင် အဓိပ္ပါယ်ရှိသော အပြုံးဖြင့် " ကျွင်းသခင်မလေး အဲ့လိုမျိုးမပြောရဘူး..မင်းကငယ်ရွယ်ပြီးတော့ နားမလည်သေးတဲ့အရွယ်လေ..အဲ့ဒီတစ်ယောက်က ဒီကမ္ဘာမြေကြီးပေါ်ဆင်းလာပြီး ကလေးတွေကိုစားပစ်မဲ့ နတ်ဆိုးတစ်ကောင်ပဲ…"


ကိုယ်လုပ်တော်ရှုကြားချိန်တွင် သူမမျက်မှောင်ကြုတ်လိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။


 " ကလေးရဲ့ရှေ့မှာ အဲ့ဒီထူးဆန်းတဲ့စွမ်းအားတွေအကြောင်းပြောပြီး သူမကိုဘာလို့ခြောက်လှန့်နေရတာလဲ…"


Xxxxxxx