အပိုင်း ၂၉
Viewers 15k

Chapter 29


ကိုယ်လုပ်တော်ရှုမှာ နတ်ဘုရားများနှင့် တစ္ဆေသရဲများအပေါ်မယုံကြည်သူဖြစ်သည်။ သူမရွှယ်ယန်ကိုမနှစ်သက်ရခြင်းမှာလည်း ရိုးရှင်းစွာပင် ဧကရာဇ်သူ့အားမုန်းတီးသောကြောင့်သာဖြစ်သည်။ ဤနန်းတော်ကြီးထဲတွင် အကယ်၍ ဧကရာဇ်မှ တစ်စုံတစ်ယောက်အား မုန်းတီးခဲ့ပါက ထိုသူမှာ ကံမကောင်းခြင်းသာဖြစ်ပြီး တစ္ဆေသရဲများနှင့် လားလားမျှ မသက်ဆိုင်ပါချေ။


ကျန်းကွေ့ရန် သူမကိုခွန်းတုံ့ပြန်မပြောရဲသဖြင့် အရှက်ရစွာ သူမ၏ပါးစပ်ကိုသာပိတ်ထားလိုက်ရသည်။


ကိုယ်လုပ်တော်ရှုမှာမူ စိတ်တိုနေခဲ့ပြီး ထိုယင်နှင့်ယန်ကဲ့သို့သော အမျိုးသမီးများက သူမတူမတော်ကိုဖျက်ဆီးနေမည်အား မလိုလားခဲ့ချေ။


 ထို့ကြောင့် သူမ တျန့်ချွေးအား အမိန့်ပေးလိုက်ပြီး " သွား မင်းသား၅ကိုသွားခေါ်‌ချည်…" 


ထို့နောက် ကျွင်းလင်ဟွမ်ကို ပြောလာခဲ့သည် " ဘာမှမဟုတ်ဘူး အဲ့ဒီအရီး‌တော် ကမဟုတ်တာတွေပြောနေတာ…"


ကျန်းကွေ့ရန် ထိုစကားကိုကြားလိုက်ရချိန်၌ သူမ၏မျက်နှာမှာ အစိမ်းရောင်သို့ပင် ပြောင်းလဲသွားရသည်။


အရီးတော်ဟူသော အမည်မှာ အလွန်ကြီးမားလှပြီး နန်းတော်တွင်းရှိ သူမအသက်အရွယ်တွင်းရောက်ရှိနေသော မိဖုရားများနှင့် ကိုယ်လုပ်တော်များကိုသာ မှတ်ယူနိုင်ပေသည်။ သူမ ဒုတိယမင်းသားကို အသက်နှစ်ဆယ်အရွယ်တွင်မွေးဖွားပေးခဲ့ပြီး ယခုအသက်လေးဆယ်သို့ရောက်သည့်တိုင် သူမ၏ရာထူးမှာ နိမ့်ကျနေ‌ဆဲဖြစ်သောကြောင့် ၎င်းမှာ သူမအတွက် ကိုယ်လုပ်တော်များ အကြားတွင် အလွန်အရှက်ရဖွယ်ကိစ္စတစ်ခုဖြစ်နေခဲ့သည်။


ကိုယ်လုပ်တော်ရှု သူမကို အမှုမဲ့အမှတ်မဲ့ဖြင့် ထင်ထင်ရှားရှားလှောင်ပြောင်နေသည့်တိုင်အောင် ပြန်လည်မချေပရဲသောကြောင့် ပြုံးလိုက်ကာ မည်သည့်အရာကိုမျှ နားမလည်ချင်ယောင်ဆောင်လိုက်လေသည်။ အခြားတစ်ဖက်မှကြည့်သော် အနီးအနားရှိ ငယ်ရွယ်သော ကိုယ်လုပ်တော်လေးများစုဝေးနေကြပြီး ထိုအကြောင်းကို တီးတိုးပြောနေကြလေသည်။


မကြာမီ တျန့်ချွေးမှ မင်းသား၅ကို ပွဲကြည့်စဉ်ပေါ်သို့ခေါ်ဆောင်လာခဲ့သည်။ မင်းသားရွှယ်ယန်ကိုမြင်လိုက်ရချိန်တွင် ကိုယ်လုပ်တော်ရှု သူမ၏မေးကိုအနည်းငယ်ပင့်လိုက်ကာ နန်းတော်အတွင်းအချိန်ကြာရှည်စွာ နေထိုင်ခဲ့ကြသော မိဖုရားများနှင့် ကိုယ်လုပ်တော်များ၏အကြည့်အောက်တွင် ကြာရှည်စွာ နေခွင့်မပေးခဲ့ဘဲ " လင်ဟွမ်ကို လေညင်းခံဖို့ အပြင်ခေါ်သွားလိုက်…"


ရွှယ်ယန် ကျွင်းလင်ဟွမ်ကိုကြည့်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို ထိုကလေးမလေးမှာ သူ့အား မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ရွှယ်ယန် ပြန်ဖြေလိုက်လေသည် " ကောင်းပါပြီ…"


ရွှယ်ယန် ကိုယ်လုပ်တော်ရှုနှင့် ဧကရီတို့အား အရို‌အသေပြုကာထွက်ခွာလာခဲ့ပြီး ကျွင်းလင်ဟွမ်မှာမူ ပျော်ရွှင်စွာ သူ၏အနောက်ဘက်မှ လိုက်ပါလာခဲ့သည်။


သူတို့နှစ်ဦးခန်းမဆောင်မှ ထွက်လာပြီးနောက် ကျွင်းလင်ဟွမ်စိတ်သက်သာရာရသွားသည့်ပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ သူမ၏ခေါင်းကိုမော့၍ ပြုံးပြီးပြောလိုက်လေသည် 


" ကျေးဇူးတင်ပါတယ် အကိုတော်မင်းသား၅…"


ရွှယ်ယန် ခေါင်းကိုနှိမ့်၍ သူမကိုအနည်းငယ်စောင်းကြည့်လိုက်သည်။


ထိုမိန်းကလေးငယ်လေးမှာ ငယ်ရွယ်နေဆဲဖြစ်သော်လည်း သူမအကို၏အရိပ်ကဲ့သို့ ပုံပန်းသဏ္ဍာန်မျိုးရှိသည်ကို မြင်နိုင်ပေသည်။ သူမသူ့အားပြုံးပြလိုက်ချိန်တွင် သူမနေနိုင်တော့ဘဲ သူ၏နှလုံးသားမှာနူးညံ့သွားရကာ ကျွင်းဟွိုင်လန်၏ နက်ရှိုက်ပြီးနွေးထွေးသောမျက်လုံးများကို စဉ်းစားမိသွားသည်။


ထို့ကြောင့် သူမေးလိုက်သည် " မင်းဘယ်နေရာသွားချင်တာလဲ…"


ကျွင်းဟွိုင်လန်စဉ်းစားလိုက်ပြီးနောက် တော်ဝင်ဥယျာဉ်မှာအမြဲဆိုသလို ပျော်ရွှင်စဖွယ်ဖြစ်သည်ကို သူမအမှတ်ရလိုက်သည်။ ထို့ကြောင့် ရွှယ်ယန်၏ လက်ကိုဆွဲကိုင်ကာ တော်ဝင်ဥယျာဉ်ဆီသို့ ဦးဆောင်သွားလိုက်သည်။ တော်ဝင်ဥယျာဉ်မှာ ယုံလဲ့နန်းဆောင်မှ မီတာအနည်းငယ်သာကွာဝေးသောကြောင့် သူတို့နှစ်ဦး တခဏအတွင်းရောက်သွားခဲ့သည်။


မည်သို့ပင်ဖြစ်စေ ဆောင်းဥတုတွင် ဥယျာဉ်ထဲရှိ မြတ်များနှင့်သစ်ပင်များမှာညှိုးနွမ်းနေပြီး ရေအိုင်ငယ်လေးထဲရှိ ကြာပန်းများမှာအေးခဲနေခဲ့သည်။ ၎င်းမှာ ကျွင်းလင်ဟွမ်၏ တော်ဝင်ဥယျာဉ်သို့ ဆောင်းရာသီအတွင်း ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သဖြင့် သူမ၏ရှေ့ရှိမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် သူမအနည်းငယ်စိတ်ပျက်သွားကာ " ဟမ်…" ဟူသောအသံပြုလုပ်လာခဲ့သည်။


" ဒါကအားလပ်ရက်တွေတုန်းကနဲ့လဲမတူဘူး…" သူမပြောလာခဲ့သည်။


ကျွင်းလင်ဟွမ် ရွှယ်ယန်ကို အမှန်တကယ်ပင် သူမ၏သူငယ်ချင်းအသစ်တဦးကဲ့သို့ မှတ်ယူထားသောကြောင့် သူမမြင်ခဲ့ဖူးသည့် လှပသောမြင်ကွင်းကို ပြသချင်မိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရွှယ်ယန်သည် သင့်တော်သောတွဲဘက်တစ်ဦးမဖြစ်ခဲ့ဘဲ အခြားသူများအားစကား‌ပြောခဲလှကာ မြင်ကွင်းများကြည့်ရှုသည့် ဝါသနာလည်းမရှိခဲ့ပေ။


ရွှယ်ယန်ပြန်မဖြေခဲ့ဘဲ အနည်းငယ်သာစိတ်ဝင်စားသောပုံစံဖြင့် ဘေးတွင် ရပ်နေခဲ့သည်။


ထိုအချိန်တွင် ကျွင်းလင်ဟွမ်မှ ရုတ်တရက်ပျော်ရွှင်စွာ အားပေးလာကာ " ဟိုနားမှာ ပန်းတွေရှိတယ်…"


တော်ဝင်ဥယျာဉ်၏အနီရောင်အုတ်ရိုးများ အပြင်ဘက်တွင် အနီရောင်ဇီးပန်းပွင့်များရှိနေခဲ့သည်။ အနီရောင်ဇီးပန်းပင်များအကြား နန်းတော်မှမီးပုံးများ အနည်းငယ်စီ ချိတ်ဆွဲထားကြပြီး နွေးထွေးသော အဝါရောင်မီးများထွန်းလင်းနေသည်။


" အစ်ကိုတော်မင်းသား၅ ကျွန်မအဲ့နားသွားကြည့်ချင်တယ်…."


ရွှယ်ယန် ဟန့်ခနဲအသံတစ်ချက်ပြုကာ သူ‌မနောက် လိုက်ပေးလိုက်သည်။


သူ့ထံတွင် သူငယ်ချင်းဖွဲ့ချင်စိတ်မျိုးမရှိနေဘဲ ကိုယ်လုပ်တော်ရှု၏အမိန့်ကြောင့်သာ ထိုကလေးကို ကူညီစောင့်ရှောက်နေခြင်းဖြစ်သည်။


ကျွင်းလင်ဟွမ်မှာမူ သူမ၏သူငယ်ချင်းအသစ်ကို တော်ဝင်ဥယျာဉ်၏အနောက်ဘက်ဂိတ်အကျော်ရှိ ဇီးပန်းပင်များဆီသို့ အလွန်စိတ်ဝင်စားနေသည့်ပုံစံဖြင့် ဆွဲခေါ်သွားခဲ့သည်။


ထိုနေရာသို့ရောက်ချိန်တွင် ကျွင်းလင်ဟွမ်မှာ လက်ရာမြောက်သောမီးပုံးများဖြင့် ဆွဲဆောင်ခံလိုက်ရကာ သူမအံ့ဩသည့် အသံပင် မပေးနိုင်တော့ပေ။ ဇီးပန်းပွင့်တောအုပ်မှာ ပေအနည်းငယ်မျှသာ ကျယ်ဝန်းပြီး အလည်တွင် ရေအိုင်ငယ်တစ်ခုရှိလေသည်။ ရေအိုင်အလယ်တွင် ဆယ်ပေခန့်မျှရှိသော ထိုက်ဟူကျောက်တုံးတစ်တုံးရှိနေပြီး အပေါ်တွင် အဖြူရောင်ကျောက်စိမ်းဖြင့် ထွင်းထုထားသော နားနေဆောင်တစ်ခုရှိနေကာ မီးပုံးများကို ထိုနားနေဆောင်ပေါ်တွင် ချိတ်ဆွဲထားခဲ့သည်။

29.2


မီးပုံးများကိုမြင်လိုက်သည်နှင့် ကျွင်းလင်ဟွမ်၏အာရုံအားလုံးမှာ ဖမ်းစားခံလိုက်ရကာ ခဏအကြာတွင် " ဝိုးး.." ဟူ၍ အံ့ဩနေသည့်အသံ ထွက်ပေါ်လာခဲ့သည်။


ဘေးတွင်ရပ်နေသော ရွှယ်ယန်မှာမူ ထိုမိန်းကလေးငယ်လေး သူမ မပြန်ခင် အဝကြည့်ရှုသွားနိုင်ရန်အတွက် စောင့်ဆိုင်းပေးနေခဲ့သော်လည်း သူမထင်ထားခဲ့သည်မှာ သူမလေးသည် အချိန်အတန်ကြာရပ်နေခဲ့ပြီး သူမ၏ပါးစပ်မှာ အချိန်အတော်ကြာထိ မရပ်တန့်နိုင်တော့မည်သကဲ့သို့ စကားပြောနေခဲ့သည်။


ရွှယ်ယန်ခေါင်းကိုငုံ့၍ သူမကိုကြည့်လိုက်မိသည်။


မည်သို့ပင်ဖြစ်စေ ကျွင်းဟွိုင်လန်၏မျက်လုံးများနှင့်တူသော ထိုမျက်လုံးများမှ ရောင်ပြန်ဟပ်နေသော နန်းတော်မီးပုံးများသို့ ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် မူလအစက လေးခု ငါးခုစီပြန့်ကျဲနေသော ပုံရိပ်များမှာ ခုနစ်ခုဖြစ်လာခဲ့သည်။


ရွှယ်ယန် ရုတ်တရက် ကျေနပ်မိသွားပြီး သူ၏နှလုံးသားထဲတွင် ထိုသူမှာ ကျွင်းဟွိုင်လန်၏ညီမငယ်ဖြစ်သည်ဟူ၍သာ နှလုံးသွင်းနေခဲ့ရလေသည်။


သူ၏ခေါင်းကိုမော့ကာ ကျွင်းလင်ဟွမ်ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ချိန်တွင် မူလကရှိခဲ့သော နန်းတော်မီးပုံးများမှာ ယခုအချိန်၌ ကွာခြားနေပုံရသည်။


သူမကြည့်နေသည့်တစ်ခုမှ အတော်လေးလှပလေရာ ရွှယ်ယန်ရုတ်တရက်မေးလာခဲ့သည် " မင်းလိုချင်လား…"


ကျွင်းလင်ဟွမ်သည်လည်း ထိတ်လန့်သွားရကာ " အန် " ဟူ၍ပြောမိသွားသည်။


ရွှယ်ယန် အဘယ့်ကြောင့် ရုတ်တရက်ထိုသို့ပြောလာသည်ကို သူမမသိချေ။ သူမထိုအရာအား လိုချင်သည်လော…သူမတွေးပင်မတွေးမိခဲ့ပေ.. ဒီအတိုင်းကောင်းကင်ပေါ်မှ ကြယ်များကဲ့သို့ သဘောထားလိုက်ကာ သူတို့ကိုကြည့်၍ စိတ်ထဲတွင်မှတ်သားနေရုံသာဖြစ်၏။ သို့သော် ၎င်းတို့အား ယူဆောင်ရန်အတွက်မူ သူမ မတွေးမိခဲ့ပေ။


ထို့အချိန်ရွှယ်ယန်မှပြောလာသည်ကို သူမကြားလိုက်ရသည်။


 " ငါမင်းအတွက်သွားဖြုတ်ပေးမယ်…"


ထိုအရာမှာ အလွန်မြင့်လွန်းပြီး ရေကန်ပေါ်တွင်ရှိနေဆဲဖြစ်ရာ သူအမှန်တကယ်ပင် ယူနိုင်ပါမည်လော…


ကျွင်းလင်ဟွမ် မိန်းမောနေသည့်ပုံစံဖြင့် မေးလိုက်လေသည် " အဲ့ကိုဘယ်လိုသွားယူမှာလဲ…"


ရွှယ်ယန် ကျွင်းလင်ဟွမ်ကို ကြည့်လာခဲ့သည်။


သူမလေးသည် ကျွင်းဟွိုင်လန်၏ညီမငယ်လေးဖြစ်နေသည့်တိုင် သူ့ထံတွင် ကလေးတစ်ယောက်ကိုရှင်းပြနိုင်သည့် စိတ်ရှည်မှု လုံလုံလောက်လောက်မရှိနေခဲ့ပေ။ ထိုမိန်းကလေးငယ်လေး၏မျက်လုံးထဲတွင် အချစ်များပြည့်နေသည်ကိုမြင်နေရပြီး ၎င်းမှာအလွန်ရိုးရှင်းသည့်ကိစ္စဖြစ်သောကြောင့် အသေးစိတ်ဖော်ပြရန်မလိုအပ်ချေ။


ရွှယ်ယန် ကန်ထဲသို့ဦးတည်နေသည့် သစ်ကိုင်းခြောက်များပြည့်နှက်နေသော လမ်းသို့ကြည့်လိုက်လေသည်။ အကယ်၍သာ သူသတိမထားမိခဲ့ပါက ထိုအရာများမှ ကလေးမလေးအားထိုးမိသွားနိုင်ပေမည်။ ရေကန်မှအန္တရာယ်ရှိသောအခြေအနေအပြင် သူမလေးရေထဲပြုတ်မကျသွားရန်အတွက်လည်း သူစောင့်ကြည့်ရပေဦးမည်။


ထို့ကြောင့် ရွှယ်ယန်ပြောလိုက်သည် " ခဏစောင့်ဦး…"


ကျွင်းလင်ဟွမ်သည်လည်း သတိတကြီးဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး " ဟုတ်ကဲ့ပါ…" ဟူ၍ပြန်ဖြေလိုက်သည်။


အနီးအနားတွင် မည်သူမျှမရှိနေသော်လည်း မီးများထိန်လင်းနေသောကြောင့် ရွှယ်ယန်အသံတစ်ချက်ပြုလိုက်ကာ ရေကန်ဘက်သို့ လှည့်သွားခဲ့သည်။


သူလျှောက်သွားသည်နှင့် မင်းသား၂ဖြစ်သော ရွှယ်ယွင်စုမှာ အမတ်မင်းများ၏သားဖြစ်သူတစ်စုနှင့် စကားပြောလျက် ဘေးမှ ဖြတ်လာခဲ့သည်။ ထိုသူတို့မှာ တော်ဝင်ဥယျာဉ်တွင် ရှုခင်းကြည့်ရန် လာကြခြင်းဖြစ်သည်။


အဝေးမှပင် ရွှယ်ယွင်စု ကျွင်းလင်ဟွမ် လမ်း၏ဘေးဘက်တွင် တစ်ဦးတည်းရပ်နေပြီး ဇီးပန်းတောအုပ်ဆီသို့ လှမ်းကြည့်နေသည်ကို မြင်လိုက်ရလေသည်။


သူလက်ဟန်တစ်ခုပြုလုပ်လိုက်ချိန်တွင် ဘေးတွင် စကားပြောနေကြသူများ တိတ်ဆိတ်သွားခဲ့သည်။


ထို့နောက် သူတို့ ကျွင်းလင်ဟွမ်ဆီသို့လျှောက်သွားကြကာ " ဟေးး ဒါကညီမလေးလင်ဟွမ်မဟုတ်လား…"


ကျွင်းအန်းကျယ်သည်လည်း ဘေးတွင်ရှိနေသောကြောင့် သူစကားပြောချင်ဟန်ဆောင်ကာ " မင်းရဲ့အစ်ကိုကြီးကောဘယ်ရောက်နေလို့ မင်းဒီမှာ တစ်ယောက်တည်းရပ်နေရတာလဲ…"


ကျွင်းလင်ဟွမ် အမှန်အတိုင်းပြန်ဖြေလိုက်သည် " အစ်ကိုတော်မင်းသား၅က ဒီမှာစောင့်ခိုင်းထားလို့ပါ…"


ထိုစကားကို ကြားလိုက်ရချိန်တွင် လူအများ၏မျက်နှာမှာ ပြောင်းလဲသွားကြပြီး အချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြတာ အနည်းငယ်ထူးဆန်းနေသည့်ပုံပေါ်နေခဲ့သည်။


ရွှယ်ယွင်စု ရုတ်တရက်ဆိုသလို ကျွင်းလင်ဟွမ်အထူးတလည်သွားလည်ကာ ရွှယ်ယန်ကိုလိုင်ချီးသီးများပေးခဲ့သည့် ထိုနေ့ကိုသတိရသွားခဲ့သည်။


ထို့ကြောင့် အံကြိတ်၍ ထူးဆန်းနေသည့်အပြုံးဖြင့် ရွှယ်ယွင်စုမေးလိုက်လေသည်


 " မင်းသူ့ကိုအခုထိ အစ်ကိုတော်လို့ခေါ်နေတုန်းပဲလား…"


" အမ်…" ကျွင်းလင်ဟွမ်မှာမူ နားမလည်ခဲ့ချေ။


ရွှယ်ယွင်စုဆက်ပြောလိုက်သည် 


" မင်းသိလား.. သူကမကောင်းဆိုးဝါး‌တစ်ကောင်ပဲ.. ပြီးတော့လူတွေကိုစားတယ်…"


ထို့နောက် ထိုင်ချလိုက်ကာ ထူးထူးဆန်းဆန်းပြုံးလျက် သူမကိုခြောက်လှန့်လိုက်သည်


 " မသိဘူးမလား.. မင်းရဲ့အစ်ကိုကြီးလည်းသိမှာမဟုတ်ဘူး..သူကဝံပုလွေမကောင်းဆိုးဝါးပဲ..လူသားယောင်ဆောင်ပြီးတော့ လူတွေကိုစားဖို့အခွင့်စောင့်နေတာလေ…သူ့ရဲ့ကျင့်ကြံမှုကိုမြှင့်တင်ဖို့အတွက်ပေါ့…"


ငယ်ရွယ်သောသခင်လေးအချို့မှာ သူမ၏တုံ့ဆိုင်းနေမှုနှင့် ကြောက်လန့်နေမှုကို မြင်ရသည့်အတွက် အနည်းငယ်စိတ်ပါလာကြပြီး သူတို့ထဲမှ တစ်ဦးမှာမူ ပြုံးကာ ပြောလိုက်လေသည်။


 " သူမင်းကိုဒီမှာ‌စောင့်ခိုင်းထားတယ်ဆိုတာ ညသန်းခေါင်အထိစောင့်‌ဖို့လေ..ဝံပုလွေမကောင်းဆိုးဝါးတွေက ကလေးကို ညဉ့်မှစားတာ…"


ကျွင်းလင်ဟွမ် ထစ်ထစ်ငေါ့ငေ့ါဖြင့် ပြောလိုက်မိသည်။


 " ဒါ ဒါပေမယ့် အစ်ကိုတော်မင်းသား၅က လူကောင်းတစ်ယောက်ပါ…"


ရွှယ်ယွင်စုလက်မခံသည့်အမူအယာဖြင့် ရိုးရှင်းစွာပင် ထရပ်လိုက်ပြီး သူမ၏လက်ကိုဆွဲကိုင်ကာ အနည်းငယ်ဆွဲခေါ်လိုက်ပြီး " မင်းမယုံဘူးပေါ့…မင်းဒီမှာအကြာကြီးနေလို့မရဘူး.. ငါတို့နဲ့နေသင့်တာ ငါမင်းကိုသွားတဲ့လမ်းမှာ ဖြေးဖြေးချင်းရှင်းပြမယ်…"


ကျွင်းလင်ဟွမ် မအီမလည်ဖြစ်နေသည့်ပုံစံဖြင့် လူအုပ်ထဲမှ တစ်ဦးတည်းသော သူမသိသည့်ကျွင်းအန်းကျယ်ကို လှမ်းကြည့်လိုက်လေသည်။


ထိုအစ်ကိုတော်မှာ သူမကိုတွေ့တိုင်း အမြဲလိုလို အပြုံးဖြင့်နှုတ်ဆက်ပြီး အလွန်ကြင်နာတတ်သည်။


သို့သော် သူမ ကျွင်းအန်းကျယ်ရယ်မောနေသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ကျွင်းအန်းကျယ်မှ ပြောလာခဲ့သည် " လင်းဟွမ် ငါတို့နဲ့ပဲလိုက်ခဲ့စမ်းပါ…မင်းရဲ့အစ်ကိုတွေနောက်ကိုလိုက်ရမှာ ဘာလို့အဲ့လောက်ကြောက်နေရတာလဲ..အဲ့ဒီ ဂြိုလ်ဆိုးကောင်ထက်စာရင်တော့ ပိုကောင်းပါသေးတယ်ကွာ…"


ကျွင်းလင်ဟွမ်မှာ သံသယဝင်နေသော်လည်း ခြောက်နှစ်အရွယ်၏သေးငယ်သော ဦးနှောက်လေးမှာ ထိုမျှရှုပ်ထွေးသောအချက်အလက်များမှာ မကိုင်တွယ်နိုင်ခဲ့ပေ။


.......


အအေးနန်းဆောင်၏ဂိတ်တံခါးမှာ ပိတ်ထားသော်လည်း သော့မခတ်ထားသေးချေ။


အဆုံးတွင် ကျန်းကွေ့ရန်တစ်ဦးတည်းသည်သာ အအေးနန်းဆောင်သို့အပို့ခံရပြီးနောက် နှစ်နှစ်အတွင်းပြန်လွတ်လာသူဖြစ်သည်။ ယခုအချိန်တွင်မူ လူမနေထိုင်သည်မှာ ဆယ်နှစ်ကျော်မျှကြာမြင့်နေပြီဖြစ်ရာ မည်သူ့မှ အရေးမလုပ်ကြသလို မည်သူကမှလည်း ပြန်လည်ပြုပြင်ပေးခြင်းမရှိကြချေ။ 


ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော ကျင်းဝူဝေ့အဖွဲ့မှာ တံခါးကိုတွန်းလိုက်ကာ အအေးနန်းဆောင်ထဲသို့ လူရှာရန်ဝင်လာခဲ့သည်။ ထိုအအေးနန်းဆောင်မှာ အတော်အတန်ကျယ်ဝန်းပြီး ထိုနန်းဆောင်ကို တည်ဆောက်ခဲ့သော အရင်ဧကရာဇ်မှာ မောင်းမဆောင်ထဲတွင် မလွယ်ကူခဲ့ပေ။ သူနတ်ရွာစံပြီးနောက် အအေးနန်းဆောင်တွင် နေထိုင်ရသူ ကိုယ်လုပ်တော်ဆယ်ဦးခန့်ပင် ရှိနေခဲ့သည်။


ကျွင်းဝူဝေ့၏ အဖွဲ့မှာ အအေးနန်းဆောင်ကို ဖြန့်ကျက်လိုက်သည်။


" ငါတို့ကော ဘယ်ဘက်သွားရှာကြမလဲ…" အအေးနန်းဆောင်ထဲသို့ ဝင်ရောက်လာသည်နှင့် တိုက်ခတ်လာသော လေအေးများကြောင့် ရွှယ်ယွင်ဟွမ်မှာ အေးခဲလုမတတ်ဖြစ်သွားရသည်။ အအေးနန်းဆောင်မှာ မှောင်ရိပ်ကြပြီး မီးထွန်းထားခြင်းလည်းမရှိဘဲ ဘေးဘက်တွင် နွယ်ပင်များသာ ရှိနေကာ နှင်းများကိုပင် ရှင်းလင်းထားခြင်းမရှိချေ။


Xxxxxxxx