အပိုင်း ၃၀
Viewers 15k

Chapter 30


ကျွင်းဟွိုင်လန် သူ၏ခေါင်းကိုငုံ့လျက် မြေပြင်ပေါ်သို့ ‌စတင်ရှာဖွေလိုက်သည်။


ထိုနေရာသို့ လူအနည်းငယ်သာ လာရောက်ခဲ့သော်လည်း မြေကြီးပေါ်တွင် ခြေရာမရှိနေခဲ့ချေ။ နှင်းများမှာ အရည်ပျော်ပြီး ပြန်လည်ခဲလာနိုင်သည်ဆိုသော်လည်း ၎င်းမှာအလွန်မာကျောသဖြင့် တစ်စုံတစ်ဦးသာဝင်ရောက်လာခဲ့ပါက ခြေရာများကျန်ခဲ့မည်သာဖြစ်သည်။


သူ၏လုပ်ဆောင်ချက်များကို ကျွင်းရှောင်ဝူမြင်သွားချိန်တွင် သူလုပ်ချင်သည့်အရာကို သိသွားခဲ့သည်။ အစောင့်အဖွဲ့တွင် ခေါင်းဆောင်မပါရှိသည်ဖြစ်ရာ သူတို့ဝင်လိုက်သည်နှင့် အမိန့်အရလိုက်လံရှာဖွေနေကြသည်။ သို့သော်လည်း ထိုကဲ့သို့သော ရှာ‌ဖွေမှုမျိုးမှာ သက်သေမရသည့်အပြင် အချိန်ကိုလည်း ပြုန်းတီးစေလိမ့်မည်။


ကျွင်းရှောင်ဝူ မီးအိမ်တစ်လုံးတောင်းလိုက်ကာ မြေပြင်ပေါ်သို့ စတင်ရှာဖွေလိုက်သည်။


သူသည် အနောက်မြောက်ဘက်ရှိ ယွီမန်စီရင်စုတွင် နှစ်နှစ်မျှ အချိန်ဖြုန်းခဲ့ရသည်ဖြစ်ရာ ပေကျင်းတွင်သာ‌ နေထိုင်ခဲ့ရသော ကျွင်းဟွိုင်လန်ထက် ထိုကဲ့သို့သောအရာမျိုးတွင် ပို၍သာလွန်လေသည်။ ခဏမျှအကြာတွင် သူဖုန်းကွယ်ထားသော ခြေရာတစ်ခုကိုမြင်လိုက်ရပြီး ချက်ချင်းဆိုသလို ကျွင်းဟွိုင်လန်ကို လှမ်းခေါ်လိုက်လေသည်


 " အစ်ကိုတော်.. ဒီကိုလာကြည့်ချည်.."


ကျွင်းဟွိုင်လန်သွားကြည့်လိုက်ချိန်တွင် သူသေသေချာချာ မမြင်ခဲ့ရပေ။ ထို့ကြောင့် ကျွင်းရှောင်ဝူမှ ရှင်းပြလိုက်ရသည်


 " ဒါကခြေရာအသစ်ပဲ..အရှေ့မြောက်ဘက်က ထောင့်ဘက်အဆောင်ကိုဦးတည်နေတာ…"


သူညွှန်ပြသည့်အရပ်သို့ ကျွင်းဟွိုင်လန်အလျင်အမြန် ပြေးသွားလိုက်သည်။


ရွှယ်ယွင်ဟွမ်မှာမူ ထိုနေရာသို့လှမ်းကြည့်ကာ တီးတိုးရေရွတ်မိသွားသည် " မဖြစ်ဘူး…"


သူသည် နန်းတော်၏အနက်ရှိုင်းဆုံးအပိုင်းတွင် ကြီးပြင်းခဲ့ရသူဖြစ်သောကြောင့် နန်းတော်ကြီး၏လျို့ဝှက်အပ်သည့်အရာများကို အသိဆုံးသူလည်းဖြစ်လေသည်။ သူကြားဖူးသည်မှာ ယခင်မင်းဆက်တွင် ကိုယ်လုပ်တော်တစ်ဦးသည် အအေးနန်းဆောင်၏အထီးကျန်ဆန်မှုကို မခံစားနိုင်သောကြောင့် အရှေ့မြောက်ထောင့်ရှိအဆောင်တွင် သူမကိုယ်သူမ ကြိုးဆွဲချသေခဲ့လေသည်။ ထို့နောက်တွင် နန်းတွင်းသူများမှ သူမ၏ရုပ်အလောင်းကို အလျင်အမြန်သိမ်းဆည်းခဲ့ကြသော်လည်း ပိုးဖြူစမှာမူ ချိတ်ဆွဲထားလျက်သာရှိနေသေးကာ မည်သည့်အချိန်ကမျှ ဖြုတ်မချခဲ့ကြချေ။


သူတို့သုံးဦးအဆောင်ဘက်သို့ အလျင်အမြန်ပြေးသွားလိုက်ကြသည်။


အဆောင်တော်မှာ အိုဟောင်းနေသောကြောင့် တံခါးများမှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော်လည်း မီးအိမ်ကို ကိုင်မြှောက်လိုက်ချိန်တွင် သူတို့ဖုန့်မှုန့်အလွှာကြီးပေါ်ရှိ လတ်လတ်ဆတ်ဆတ်လက်ရာတစ်ခုကိုမြင်လိုက်ရသည်။


ကျွင်းဟွိုင်လန် အမြန်တံခါးကို တွန်း၍ အထဲသို့ ဝင်လိုက်ကာ ကျယ်လောင်စွာအော်ခေါ်လိုက်သည်။


 " လင်ဟွမ်…"


သူအကြိမ်အနည်းငယ်မျှအော်ခေါ်လိုက်ပြီးနောက် ကြောင်ပေါက်လေးတစ်ကောင်၏လှုပ်ရှားမှုကဲ့သို့သော အသံမျိုးကြားလိုက်ရသည်။ ကျွင်းဟွိုင်လန်သည်လည်း ထိတ်လန့်သွားရကာ သူတို့နှစ်ဦး၏နောက်မှ ကျဉ်းမြောင်း မှောင်မိုက်ကာ ယိုယွင်းနေသော လှေကားစီသို့ပြေးတက်သွားလိုက်ပြီး ဒုတိယထပ်သို့ရောက်လာခဲ့သည်။ အပေါ်ထပ်သို့ရောက်ချိန်တွင် သေးငယ်သော ငိုသံလေးကို ကြားလိုက်ရလေသည်။


ထိုအသံမှာ ကျွင်းလင်ဟွမ်ပင်ဖြစ်သည်။


ကျွင်းဟွိုင်လန်၏နှလုံးသားမှာ ဖျစ်ညစ်ခံလိုက်ရကာ အဆောင်၏အပေါ်ထပ်သို့ ခြေနှစ်လှမ်း သုံးလှမ်းဖြင့်ပင် ရောက်အောင် အပြေးသွားလိုက်သည်။


ပျက်‌ဆီးနေသော ပြတင်းပေါက်၏အောက်တွင် လရောင်မှာ တောက်ပစွာထွန်းလင်းနေပြီး ကျွင်းလင်ဟွမ်မှာ ဖုန်များဖြင့် ဖုံးလွှမ်းနေခဲ့ကာ လရောင်အောက်၌ ရှိုက်ငိုနေခဲ့သည်။


ကျွင်းဟွိုင်လန်အရှေ့သို့အမြန်တိုးကာ သူမကို လှမ်းဖက်လိုက်သည်။


" ဟွမ်အာ.. အဆင်ပြေသွားပါပြီ အစ်ကိုတော်ရောက်လာပြီနော်…" 


သူ၏လက်ထဲတွင် သူမကိုထည့်ထားလိုက်ချိန်၌ သူ၏လက်မောင်းများကြားတွင် အေးစက်မှုကိုခံစားလိုက်ရသည်။ ကျွင်းလင်ဟွမ်မှာ အချိန်အတန်ကြာသည်အထိ အေးခဲနေရသဖြင့် သူမ၏ပါးပြင်နှင့်လက်များမှာ နီမြန်းနေခဲ့သည်။


သူရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ကျွင်းလင်ဟွမ်အသိပြန်ဝင်လာကာ သူ၏လက်မောင်းများကြား မျက်နှာအပ်၍ နောက်ဆုံးတွင် သည်းထန်စွာ ငိုကြွေးလာရဲတော့သည်။


သို့သော်လည်း သူမမှာ ကြောက်လန့်နေဆဲဖြစ်သဖြင့် အသံတိုးတိုးသာ ထွက်နိုင်ခဲ့သော်လည်း အလွန်သည်းထန်စွာငိုကြွေးနေခဲ့သောကြောင့် ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် တုန်ယင်လာရသည်။ တစ်ချိန်တည်းမှာပင် ကျွင်းဟွိုင်လန်၏နဖူးမှ သွေးကြောများခုန်ပေါက်လာကာ ထူးဆန်းသောနာကျင်မှူတစ်ခုဖြစ်ပေါ်လာခဲ့သည်။


သူ့ထံတွင် ရွေးချယ်စရာမရှိသော်လည်း ကျွင်းလင်ဟွမ်၏နောက်ကျောကိုသာ ပုတ်ပေးလိုက်ပြီး ညှင်သာစွာချော့မော့နေခဲ့သည်


 " အဆင်ပြေသွားပါပြီ.. အားလုံးအဆင်ပြေသွားပြီ.."


သူ၏နောက်မှ ကျွင်းရှောင်ဝူမှာ ရှေ့တိုးလာပြီး လေးလံသောသူ့အပေါ်ရုံကိုချွတ်ကာ ကျွင်းဟွိုင်လန်၏လက်ထဲမှ သူမလေးကို တင်းကြပ်စွာ ပတ်ထားပေးလိုက်ပြီး ပြောလာခဲ့သည်


 " အစ်ကိုတော် အရင်ဆုံးပြန်ရအောင် ဒီနေရာကအေးလွန်းတယ်.."


ထို့နောက် ကျွင်းရှောင်ဝူ ကျွင်းဟွိုင်လန်၏လက်မောင်းထဲမှ ထုတ်ပိုးထားသော ကလေးငယ်လေးကို ယူလိုက်ကာ ပြောလိုက်လေသည်။


 " မစိုးရိမ်ပါနဲ့ ကျွန်တော်ကသန်မာတာမလို့ ဟွမ်အာကို ကျွန်တော်သယ်ခဲ့ပေးမယ်…"


ကျွင်းဟွိုင်လန်မှာမူ ထိုနေရာတွင်ပင် ထိုင်နေဆဲဖြစ်ကာ ကျွင်းရှောင်ဝူပွေ့ချီထားသော ညီမငယ်ဖြစ်သူကို စိုက်ကြည့်နေခဲ့သည်။


သူ၏မျက်လုံးမှာ အနည်းငယ်စူးရှနေပြီး ခေါင်းထဲမှနာကျင်မှုမှာ အချိန်အတန်ကြာအထိ ပြင်းထန်နေကာ သူ၏မျက်လုံးများကို ဝေဝါးသွားအောင်ပြုလုပ်ပေးနေသဖြင့် သူသေသေချာချာမတွေးနိုင်ဖြစ်နေခဲ့ရသည်။


တစ်စုံတစ်ခုမှာ သူ၏စိတ်ထဲတွင် အမြစ်တွယ်နေကာ ပေါ်‌ထွက်လာတော့မလို ဖြစ်နေခဲ့သည်။


သူ၏ဘေးမှ ရွှယ်ယွင်ဟွမ်မှာမူ သူ၏မူမမှန်ပုံအား မြင်လိုက်ရချိန်တွင် ကျွင်းဟွိုင်လန်စိတ်ဖိစီးနေသောကြောင့် ဖြစ်မည်ဟု ထင်လိုက်မိသောကြောင့် အလျင်အမြန်ရှေ့တိုးကာ သူ့ကိုထနိုင်ရန်ကူညီပေးလိုက်သည်။ မထွက်ခွာသွားခင် သူမျက်နှာကျတ်ပေါ်သို့ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ဖြင့်ကြည့်ရန် မမေ့လျော့ခဲ့ချေ။ သို့သော် သူမထင်ထားခဲ့သည့်အရာမှာ ထိုနေရာတွင် အမှန်တကယ် စွန်းထင်းကာ ညစ်ပေနေသော ပိုးဖြူစချိတ်ဆွဲထားမည်ဟူ၍ပင်။


ရွှယ်ယွင်ဟွမ် ‌ကြောက်လန့်မှုကြောင့် ကျက်သီးများထလာရသည်။


ကျွင်းရှောင်ဝူမှာမူ အရှေ့မှလျှောက်ကာ သူတို့နှစ်ဦးအနောက်မှလိုက်နေပြီး အေးစက်နေသော အဆောင်မှ ထွက်လာခဲ့ကြသည်။

30.2


ကျွင်းမိသားစု၏အကြီးဆုံးသခင်မလေးကို အဆုံးတွင်ရှာတွေ့သွားကြပြီဖြစ်သည်။ကျင်းဝူဝေ့အစောင့်များမှ ဘုရင်မင်းမြတ်ထံသို့ သတင်းဆက်သလာသည့်အချိန်၌ အလုပ်ရှုပ်နေသော မောင်းမဆောင်မှာ ငြိမ်သက်သွားလေသည်။


ထို့နောက် ယခုအချိန်မှာ လုပ်ဆောင်ခဲ့သူကို အပြစ်အတွက် စစ်ဆေးရန်ပင်ဖြစ်၏။


သူတို့သုံးဦး ကျွင်းလင်ဟွမ်ကို ယုံလဲ့နန်းဆောင်ဆီသို့ ကျင်းဝူဝေ့ကိုယ်ရံတော်များ ခြံရံ၍ပြန်ခေါ်လာခဲ့ကြသည်။ တစ်စုံတစ်ဦးနန်းတော်ထဲတွင် ပျောက်ဆုံးသွားရသည်မှာ ရှက်ဖွယ်ဖြစ်သော်လည်း ဧကရာဇ်မှ ကျွင်းလင်ဟွမ်ပြန်တွေ့ပြီဖြစ်ကြောင်းကို အမတ်များအား ပြောကြားရန် အမိန့်ပေးလိုက်သည်။ သို့မှသာ ထိုသူတို့အခမ်းအနားကို စိတ်အေးလက်အေးဖြင့် ဆက်လက်ကျင်းပနိုင်မည်ဖြစ်သည်။ ထို့နောက် လူအနည်းငယ်ကို ပွဲကြည့်စင်သို့လာခဲ့ရန် မိန့်ကြားလိုက်သည်။


ပွဲကြည့်စင်ပေါ်၌ ဧကရာဇ်သည်ကိုယ်လုပ်တော်တစ်စုနှင့်အတူထိုင်နေခဲ့ပြီး စိုးရိမ်တကြီးစောင့်စားနေကြသော ယုံနင်းမြို့စားနှင့် ဇနီးသည်တို့လည်း အတူရှိနေကြသည်။ ရွှယ်ယန်မှာမူ လှေကားထစ်များအောက်ခြေတွင် ဒူးထောက်နေရကာ မည်သူကမျှစကားပြောဆိုခြင်းမရှိပေ။


ကျွင်းလင်ဟွမ်ကိုပြန်တွေ့သွားသည်အား မြင်လိုက်ရချိန်တွင် နှစ်ဖက်လုံးမှာ စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် ကျွင်းလင်ဟွမ်၏ဘောလုံးတစ်လုံးကဲ့သို့ ထုတ်ပိုး‌ထားသောပုံစံကိုမြင်လိုက်ရချိန်တွင် သခင်မရှန်းရှီမှာ ရုတ်တရက်ဆိုသလို မျက်ရည်များကျဆင်းလာခဲ့သည်။


‌ထိုစဉ် ဘေးဘက်တွင်ရှိနေသော ဧကရီမှ အမိန့်ပေးလိုက်သည် 


" ရွှမ်းတော်ဝင်သမားတော်‌ဆီကို အမြန်သွား..အအေးနန်းဆောင်ကအလွန်အေးခဲနေတာ ကလေးကိုအအေးမမိသွားစေနဲ့…"


ဧကရာဇ်မှာမူ ကျွင်းဟွိုင်လန်နှင့် အခြားသူများကိုကြည့်ကာ မေးလာခဲ့သည်


 " ကိုယ်တော် အကြောင်းအရင်းကိုသိနိုင်ပြီလား..ဘယ်လိုများ ဒီလိုငယ်ရွယ်တဲ့ကလေးငယ်လေးက အအေးနန်းဆောင်ထိရောက်သွားရတာများလဲ…"


ကျွင်းရှောင်ဝူ ကျွင်းဟွိုင်လန်ကိုကြည့်လိုက်ချိန်တွင် သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး မျက်ခုံးများမှာတင်းကြပ်နေကာ အခြေအနေထဲမှ ရုန်းမထွက်နိုင်သေးသည်ကို မြင်လိုက်ရသောကြောင့် အလျင်အမြန်ပင် ပြန်ဖြေလိုက်သည် 


" အရှင်မင်းမြတ်ကိုလျှောက်တင်ပါတယ်…ကျွန်တော်မျိုးတို့ အခုထိ အကြောင်းရင်းကို မသိရသေးပါဘူး…"


ဧကရာဇ်ချင်းဖျင်မျက်မှောင်ကြုတ်ကာ ကျွင်းလင်ဟွမ်ကိုကြည့်ပြီး မေးလိုက်လေသည် 


" လင်ဟွမ်…"


သူသည်မေးခွန်းများကို မည်ကဲ့သို့ညင်သာစွာမေးမြန်းမည်ဟု တွေးနေမိသော်လည်း ကျွင်းလင်ဟွမ်သူ့ခေါ်သံကြောင့် တုန့်ပြန်လာပြီး‌နောက် ခြေသုံးလှမ်းအကွာတွင် ဒူးထောက်နေခဲ့သောရွှယ်ယန်ကိုရုတ်တရက်ကြည့်လိုက်သည်ကို မြင်လိုက်ရလေသည်။


ရုတ်တရက်ဆိုသလိုပင် ကျွင်းလင်ဟွမ်၏မျက်လုံးများပြူးကျယ်လာပြီး တစ်ကိုယ်လုံးတုန်ယင်ကာ အသံပင်မပြုရဲတော့ဘဲ ဧကရာဇ်ကိုစိုက်ကြည့်နေခဲ့သည်။


ရုတ်တရက်ဆိုသလို ပွဲကြည့်စင်ပေါ်ရှိလူတိုင်း၏ အမူအယာမှာ ပြောင်းလဲသွားခဲ့သည်။


" ရွှယ်ယန် မင်းလား…" 


ဧကရာဇ် သူ၏လက်မှီကိုရိုက်ကာ ဒေါသတကြီးဆိုလာခဲ့သည်။


နဂိုထဲကပင် ကိုက်ခဲနေခဲ့သော ကျွင်းဟွိုင်လန်၏ခေါင်းမှာမူ ဧကရာဇ်၏စကားသံကို ကြားလိုက်ရချိန်၌ အနည်းငယ်ပို၍ပင် တင်းကြပ်လာခဲ့သည်။


လက်ကိုမြောက်၍ ကျွင်းလင်ဟွမ်ကို ချော့မော့လိုက်ချင်မိသော်လည်း သူ၏လက်များမှာ အလွန်တုန်ယင်နေကော မြှောက်ပင် မမြှောက်နိုင်ခဲ့ချေ။


ရွှယ်ယွင်ဟွမ်နှင့် ကျွင်းရှောင်ဝူတို့မှာ ဒေါသတကြီးဖြင့် ရွှယ်ယန်ကိုစိုက်ကြည့်နေကြပြီး ရွှယ်ယန်မှာမူ နေရာတွင် ဒူးထောက်လျက် မည်သည့်အကြောင်းပြချက်မှ မရှိသော အမူအယာကင်းမဲ့နေသည့်ပုံဖြင့် မျက်လွှာချထားခဲ့သည်။


ဧကရာဇ်ချင်းဖျင်မှာ ဒေါသကြောင့် သူ၏နောက်ကျောများပင် တုန်ယင်နေခဲ့သည်။


ထိုအရူးကောင်.. မွေးဖွားချိန်မှ ကြယ်သေဖြင့်မွေးဖွားလာခဲ့ပြီး ဤဆယ်နှစ်ကျော်အတွင်း သူ့အတွက်သယ်ဆောင်လာခဲ့သည်မှာ ပြသနာများသာဖြစ်သည်။ ယခုအချိန်တွင်မူ ထိုသို့သော မကောင်းသည့် ကျင့်ကြံမှုမျိူးနှင့် ရွံရှာဖွယ်စရိုက်များကိုပင် မွေးမြူနေပြီဖြစ်သည်။


ထိုအရာမှာ ရိုးရှင်းစွာပင် သူ့အားဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေခြင်းဖြစ်သည်။


" လာကြစမ်း.. ရွှယ်ယန်ကိုဆွဲထုတ်ပြီးတော့ ကြိမ်ဒဏ်အချက်၃၀အပြစ်ပေးလိုက်… ပြီးရင် သူ့ရဲ့အပြစ်တွေကိုပြန်ဆင်ခြင်ဖို့အတွက် ဗုဒ္ဓနန်းဆောင်ထဲမှာ ပိတ်ထားလိုက်.. ငါသူ့ကိုထပ်မမြင်ရစေနဲ့…"


ချက်ချင်းဆိုသလိုပင် ကျင်းဝူဝေ့အစောင့်များမှ အမိန့်ကိုနာခံရန် အရှေ့သို့တိုးလာခဲ့သည်။


ရွှယ်ယန်မှာမူ ယခုအချိန်ထိစကားတစ်ခွန်းမှ မဟသေးပေ။ သို့သော် သူထရပ်လိုက်ပြီး ကျွင်းဟွိုင်လန်ကိုစိုက်ကြည့်နေခဲ့သည်။


ကျွင်းဟွိုင်လန် မူးဝေနေသော သူ၏မျက်လုံးများဖြင့် မော့လိုက်ချိန်တွင် ရွယ်ယန်၏ကျောက်မျက်ကဲ့သို့ မျက်လုံးများနှင့်ဆုံလိုက်ရလေသည်။


အောက်ခြေအထိ ပယင်းရောင်တောက်ပနေသော မျက်လုံးများပင် ဖြစ်သည်။


ချက်ချင်းဆိုသလို ကျွင်းဟွိုင်လန်၏စိတ်ထဲရှိ မခံမရပ်နိုင်သော နာကျင်မှုမှာ ပျောက်ကွယ်သွားရကာ မကြုံစဖူး ကြည်လင်သွားရသည်။ ရင်းနှီးနေသည့်မှတ်ဉာဏ်များနှင့် မရင်းနှီးသောအရာများမှာ ရုတ်တရက်ဆိုသလို သူ၏ခေါင်းထဲသို့ နာခံမှုမရှိဘဲ ဝင်ရောက်လာသည်။


အဆုံးတွင် ယခုရက်ပိုင်းအတွင်း သူ့အား နေ့နေ့ညည နှိပ်စက်ညှင်းပန်းနေခဲ့သည့် အိမ်မက်ဆိုးကိုပြန်လည်သတိရသွားပြီဖြစ်သည်။


ထို့အတူ ထိုအိမ်မက်ဆိုးမှ ထွက်ပေါ်လာသည့် အကန့်အသတ်မရှိသော အေးမြမှုနှင့် အထီးကျန်မှုတို့ကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့သည်။


ကျွင်းဟွိုင်လန် အခမ်းအနားတွင် အချိန်အတန်ကြာ တစ်ဦးတည်းထိုင်နေသည့်အကြောင်းကို အိမ်မက်မက်ခဲ့သည်။ သူထရပ်လိုက်သည်နှင့် နန်းတွင်းသူတစ်ဦးမှ သူ့ကို ပွဲကြည့်စင်သို့လာရန်ဖိတ်ခေါ်ခဲ့ပြီး ထိုသူ၏ပုံပန်းသဏ္ဍာန်မှာ တိတိကျကျပင် အရီးတော်၏အပျို‌တော်တျန့်ချွေးနှင့်တူနေခဲ့သော်လည်း သူမ၏ပုံစံကိုမူ အတော်အတန်မရင်းနှီးနေခဲ့ပေ။


သူမ သူ့ကိုအေးစက်စက်မလိုလားသည့်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့ပြီး ထိုအကြည့်မှာ သူ့ကိုသက်တောင့်သက်သာမရှိအောင်ပြုလုပ်နေခဲ့သည်။


ကျွင်းဟွိုင်လန် ပွဲကြည့်စင်ရှိရာသို့ တျန့်ချွေးနှင့်အတူလိုက်သွားလိုက်ပြီး ကိုယ်လုပ်တော်ရှုမှသူ့ကို အဓိပ္ပါယ်အပြည့်ပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သော်လည်း သူမသိချင်ယောင်သာဆောင်နေကာ ကိုယ်လုပ်တော်ရှုထံမှ အမိန့်ကိုစောင့်ဆိုင်းနေလိုက်သည်။


" လင်ဟွမ်ကိုလေကောင်းလေသန့်အချို့ရှုရအောင် ခေါ်သွားပေးလိုက်…" 


ကိုယ်လုပ်တော်ရှုမှ သူမ၏မျက်လုံးများကိုပင် မော့မကြည့်ဘဲ ပေါ့ပေါ့ပါးပါး မိန့်ကြားလာခဲ့သည်။


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် သံသယအချို့ရှိနေသော်လည်း ၎င်းမှာ ခွင့်တောင်းနေခြင်းမျိုးသာဖြစ်ပြီး သူကျွင်းလင်ဟွမ်၏လက်ကိုသာ လှမ်းကိုင်လိုက်‌လေသည်။ မည်သို့ပင်ဖြစ်စေ ကျွင်းလင်ဟွမ်မှာ သူ၏နောက်သို့ နာနာခံခံဖြင့် လိုက်လာကာ သူတို့နှစ်ဦး လမ်းလျှောက်ထွက်လာခဲ့ကြသည်။


မည်သို့သောကိစ္စမျိုးဖြစ်ပျက်နေခဲ့လို့ သူ့ကိုယ်တိုင်မှ အလွန်ကွာခြားနေရသည်နည်းဟု ကျွင်းဟွိုင်လန်တွေးတောနေမိသည်။


၎င်းမှာ သူတို့နှစ်ဦးခန်းမထဲမှ ထွက်လာပြီးနောက် ကျွင်းလင်ဟွမ် သူမ၏ခေါင်းကိုမော့လာသည်အထိ မကြာရှည်လိုက်ပေ။


ထိုအရာမှာ မဆိုးလှချေ။ သူမ၏မျက်လုံးများမှာကြည်လင်တောက်ပနေပြီး ကျွင်းဟွိုင်လန်ကို အသက်ရှုကြပ်စေနိုင်မည့် လိုလားသည့်အကြည့်မျိုးမရှိနေခဲ့ပေ။


သူမရယ်လျက် " ကျေးဇူးတင်ပါတယ် အစ်ကိုတော်…"


ကျွင်းလင်ဟွမ်၏အသံထဲတွင် သူမရင်းနှီးသော အသံအနေအထားတစ်ခုပါဝင်နေပြီး ၎င်းထဲတွင် အစ်ကိုကြီးကဲ့သို့သော နာမ်စားမျိုး သုံးမသုံးကို ကျွင်းဟွိုင်လန်ရှင်းရှင်းလင်းလင်း မကြားလိုက်ရ‌ချေ။


ထို့နောက်တွင် သူ၏နှလုံးသားထဲရှိ ထူးဆန်းနေမှူကို အားသုံးကာ ဖိနှိပ်လိုက်ပြီး သူမကိုဆော့ကစားရန် ခေါ်သွားပေးလိုက်သည်။ သူမတော်ဝင်ဥယျာဉ်‌ဆီသို့ အရင်သွားပြီးနောက် ဇီးပန်းပွင့်တောအုပ်ထဲသို့ မီးပုံးများကြည့်ရန် သွားခဲ့လေသည်။ ဇီးပန်းပွင့်တောအုပ်အလယ်ရှိ မီးပုံးတစ်ခုမှာ အလှဆုံးဖြစ်ပြီး ကျွင်းဟွိုင်လန် မနေနိုင်တော့ဘဲ ကျွင်းလင်ဟွမ်အတွက် သွားဖြုတ်ယူပေးချင်ခဲ့သည်။


Xxxxxxx