အပိုင်း ၃၂
Viewers 15k

Chapter 32


အအေးနန်းဆောင်သို့ရောက်ချိန်တွင် လူအချို့မှာ အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကြောင့် ပို၍ပင် တက်ကြွလာကြသောကြောင့် တစ်စုံတစ်ဦးမှ အထဲသို့ဝင်ရန် အကြံပြုလာခဲ့သည်။ သို့သော်လည်း ထိုမိန်းကလေးငယ်လေးမှာ ရှက်ရွံ့ နှေးကွေးနေသောကြောင့် သူမကိုခေါ်ဆောင်ထားမည့်သူကို ဆွဲချသလိုဖြစ်နေမည် ဖြစ်သဖြင့် မည်သူကမျှ သူမကိုခေါ်မသွားချင်ကြချေ။


သဘာဝကျစွာပင် ရွှယ်ယွင်စုသည်လည်း မလိုလားခဲ့ပေ။ ထို့ကြောင့် ရိုးရှင်းစွာပင် သူဖြေရှင်းချက်တစ်ခုပေး၍ ကျွင်းလင်ဟွမ်ကို ထောင့်ဘက်ရှိ အဆောင်တော်တစ်ခုတွင်ပစ်ထားခဲ့သည်။ သူမလျှောက်ပြေးနေသည်ကို တားဆီးရန်အတွက် ရွှယ်ယွင်စု သူမကိုထပ်မံခြောက်လှန့်ခဲ့ပြန်သည်။ အကယ်၍သာ သူမဟိုဟိုဒီဒီလျှောက်ပြေးနေပါက ရွှယ်ယန်ထွက်လာပြီး ညအချိန်တွင် ဝံပု‌လွေအဖြစ်သို့ ပြောင်းလဲကာ သူမကိုစားပစ်လိမ့်မည်ဟူ၍ပင်။


ရွှယ်ယွင်စု စကားအနည်းငယ်ဖြင့် ခြောက်လှန့်ခဲ့ပြီးနောက် ထောင့်ဘက်အဆောင်တော်၏ ရာသီဥတုမှာလည်း မှောင်မိုက်နေရာ ကျွင်းလင်ဟွမ်မျက်နှာပေါ်ရှိ ဖြူလျော်နေမှုကိုမြင်လိုက်ရချိန်တွင် ရွှယ်ယွင်စုစိတ်သက်သာရာရသွားခဲ့သည်။


သူတို့လူစု စတင်ပြေးလွှားဆော့ကစားလိုက်သည်နှင့် ထိုဝန်ထုပ်ဝန်ပိုးလေးကို မေ့သွားကြလိမ့်မည်ဟု မည်သူထင်မိမည်နည်း။ သူတို့ကျွင်းလင်ဟွမ်ရှိနေကြောင်းကို သတိရသွားသည့်အချိန်တွင်မူ သူမ၏ပျောက်ဆုံးမှူမှာ နန်းတော်တစ်ခုလုံးပြန့်နှံ့နေပြီဖြစ်သည်။


သို့သော်လည်း ကံကောင်းစွာပင် ထိုအချိန်တုန်းက သူတို့၏ဆူညံနေသောအဖွဲ့ထဲတွင် မိန်းမငယ်လေးတစ်ဦးအပိုပါဝင်နေသည်ကို သတိပြုမိသူမရှိခဲ့ချေ။ ပို၍ရှိသည်မှာ အအေးနန်းဆောင်သည် ဆယ်မီတာထက်မနည်း အကွာအဝေးတွင်ရှိနေပြီး သူတို့ကျွင်းလင်ဟွမ်ကို အအေးနန်းဆောင်သို့ ခေါ်ဆောင်သွားခဲ့သည့်အကြောင်းကို သိရှိသူမရှိပေ။


သို့ဖြစ်ရာ သူမပျောက်ဆုံးသည့်သတင်းကို ကြားလိုက်ရချိန်တွင် ရွှယ်ယွင်စု၏စိတ်ထဲသို့ ပထမဆုံးဝင်ရောက်လာသည့်အရာမှာ သူနှင့်အတူသွားခဲ့ကြသူများကို သတိပေးရန်ဖြစ်လေသည်။


ရွယ်ယွင်စုမှ ပြောလာခဲ့သည် " မင်းတို့ရဲ့ပါးစပ်တွေကို တင်းတင်းပိတ်ထား..ဒီနေ့ ငါတို့ဘယ်သူမှ အအေးနန်းဆောင်ကိုမသွားခဲ့ဘူးနော်.. မှတ်မိကြလား…"


မည်သို့ပင်ဖြစ်စေ ထိုကလေးမလေးမှာ တုံးအပြီးကြောက်ရွံ့တတ်သည်ဖြစ်ရာ သူမလေးသည် ရွှယ်ယန်ကိုသာ ကြောက်လန့်နေမည်ဖြစ်သောကြောင့် အသေအချာပင် သူမမည်သည့်အရာကိုမျှ ထုတ်ဖော်ပြောကြားနိုင်မည်မဟုတ်ပေ။ သူမထိုနေရာတွင် အလွန်ကြောက်လန့်ခဲ့ရမည့်တိုင်အောင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်မှုမရှိနိုင်သေးပေ။ ထိုအစား သူမကိုအနာဂတ်တွင် ထိုဂြိုလ်ဆိုးကောင်အားသနားညှာတာမိခြင်းအတွက် သင်ခန်းစာကောင်းကောင်းပေးနိုင်လိမ့်မည်။


အမတ်မင်းများ၏သားများနှင့်သူတို့၏ညီအစ်ကိုများအဖွဲ့မှာမူ ပြသနာလုပ်မိခဲ့ပြီးဖြစ်သောကြောင့် သူတို့တာဝန်ယူရဲမည်မ‌ဟုတ်ပေ။ ယခုအချိန်တွင် ဦးဆောင်နေသူမင်းသား၂မှာ တိတ်ဆိတ်နေသည့်အတွက် သူတို့သည်လည်း မည်သည့်အသံမှမထွက်ရဲကြချေ။


သို့သော် ရွှယ်ယွင်စုမထင်ထားခဲ့သည်မှာ ထိုမိန်းကလေးငယ်လေးသည် သူမကိုယ်တိုင် ပြန်လည်ရှင်းပြနိုင်လိုက်သည်လား…


ဧကရာဇ်၏မေးခွန်းကိုကြားပြီးနောက် ရွှယ်ယွင်စု ခဏမျှ ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။


" ဖခမည်းတော်..ဒီသားတော်က အအေးနန်းဆောင်ကို ဘယ်တုန်းကမှမသွားခဲ့ဖူးပါဘူး… ဒီနေ့အခမ်းအနားမှာတောင် ညီမတော်လင်ဟွမ်နဲ့ဆုံစည်းခဲ့ခြင်း မရှိခဲ့ပါ.."


ထိုသို့ပြောပြီးနောက်တွင် သူဘေးပတ်လည်သို့ ဟန်ဆောင်ရှုပ်ထွေးနေသော အမူအယာဖြင့်မေးလိုက်သည်။


 " ဘာဖြစ်လို့လဲ.. ညီမတော်လင်ဟွမ်က လူမှားပြီး ထွက်ဆိုမိတာလား…"


သူ၏ဟန်ဆောင်မှုစွမ်းရည်မှာမူ အတော်လေးညံ့ဖျင်းလှပြီး ပထမဆုံးအကြည့်တစ်ချက်မှာပင် သူလိမ်ညာနေသည်ကို သိနိုင်ပေသည်။ ဧကရာဇ်ချင်းဖျင် မသာမယာသည့်အမူအယာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏ဘေးရှိ ကျွင်းအန်းကျယ်ကိုကြည့်ကာ မေးလာခဲ့သည်။


 " ဒီနေ့ မင်းသား၂က တကယ်ကိုအအေးနန်းဆောင်ကိုမသွားခဲ့ဘူးပေါ့ ဟုတ်လား…"


ကျွင်းအန်းကျယ်မှာ ရွှယ်ယွင်စုထံမှာ အချိန်အတော်ကြာတည်းက မှာကြားခံထားရသော်လည်း ဧကရာဇ်၏ရှေ့မှောက်သို့ရောက်ချိန်တွင်မူ သူ့ထံတွင်မည်သည့်သတ္တိမျှမရှိတော့ပေ။ ထိုနေရာတွင် ဒူးထောက်လျက် သူ၏ခြေထောက်များမှာ ပျော့ခွေနေကာ ခေါင်းကိုသာအဆက်မပြတ်ယမ်း၍ မသိကြောင်းဖော်ပြနေခဲ့သည်။


အသေအချာပင် ဧကရာဇ်ချင်းဖျင်မှာ ထိုကလေးများ၏ လှည့်စားမှုကို ဖောက်ထွင်းမမြင်နိုင်သည်အထိ မညံ့ဖျင်းသေးပေ။ အခြားတစ်ဖက်မှကြည့်မည်ဆိုလျှင် ထိုသူနှစ်ဦး သူ့ကိုတစ်ညီတစ်ညွတ်တည်း ပူးပေါင်းလိမ်ညာနေခြင်းမှာ သူ့အားပို၍စိတ်တိုလာစေခဲ့သည်။


ဧကရာဇ်မှ ဒေါသတကြီးဖြင့် " မင်းတို့ကဘယ်လိုနောင်တရမယ်မှန်းတောင် အခုထိမသိသေးဘဲ ကိုယ်တော့်ကို လိမ်ညာဝံ့တယ်လား.. မင်းတို့ဘာမှားနေလဲဆိုတာတောင် မသိဘဲ ငါကိုယ်တော်ဆီက ဖုံးကွယ်ရဲ‌တယ်ပေါ့…"


ထိုအချိန်၌ ပွဲကြည့်စင်အောက်ခြေရှိထိုင်နေသော ကျန်းကွေ့ရန်မှာ ထပ်မံ၍ကြည့်မနေနိုင်တော့ပေ။


ရွှယ်ယွင်စုမှာ သူမ၏သားဖြစ်ပြီး သူမကိုယ်တိုင်သည်လည်း အအေးနန်းဆောင်သို့ ရောက်ဖူးသည်ဖြစ်ရာ ဧကရာဇ်မှ ဒေါသအထွက်လွန်ပြီး အမိန့်ပေးလိုက်မည်ကို သူမအကြောက်ဆုံးဖြစ်သည်။ သူမ၏သားတော်မှာ ထိုမျှသော ဘေးကပ်ဆိုးကိုဖြစ်ပေါ်စေခဲ့ပြီး ဧကရာဇ်မှာလည်း မယုံကြည်ခဲ့သောကြောင့် ကျန်းကွေ့ရန်အလျင်အမြန်ထရပ်လိုက်ကာ ဧကရာဇ်၏ရှေ့တွင် ဒူးထောက်လိုက်ပြီး " အရှင် စုအာက အမြဲတမ်းကောင်းမွန်လိမ္မာခဲ့တဲ့ကလေးပါ..အဲ့ဒီကလေးက အရှင့်ရှေ့မှာမလို့ ကြောက်ရွံ့ပြီး မရိုမသေပြုမိတာဖြစ်ပါလိမ့်မယ်..အဲ့ဒီအပြင် ကျွင်းသခင်မလေးကိုလည်း ရွှယ်ယန် ခေါ်ဆောင်သွားပြီးမှပျောက်ဆုံးသွားတာဆိုတော့ စုအာကို အပြစ်တင်လို့ ဘယ်ရပါ့မလဲ..အရှင်ဒီလိုမလုပ်သင့်ပါဘူး.."


ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံမှ ကြားဖြတ်ပြောလာခဲ့သည် ။


" အရီးတော် မင်းသား၂ကအမှားလုပ်ခဲ့တာကို သင်ကသူ့အစားကူညီလိမ်ညာပေးနေတယ်ဆိုတော့ ဒါက ဧကရာဇ်ကိုမလေးစားတဲ့ပြစ်မှုပဲ…"


ကျန်းကွေ့ရန် လှည့်ကြည့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန် သူမကို အေးစက်စွာကြည့်နေသည်အား မြင်လိုက်ရသည်။


ကျန်းကွေ့ရန် ဒေါသတကြီး တုန့်ပြန်ပြောဆိုလာသည်။


 " မင်းလိုမှုးမတ်ရဲ့သားအဆင့်ကများ ဒီမှာဘယ်လိုလုပ်ပြီး စကားပြောနေတာလဲ.. မင်းဘာသိလို့လဲ…"

32.2


ကျွင်းဟွိုင်လန်မှာမူ သူမကိုသာ စိုက်ကြည့်နေခဲ့သည်။


သူ၏နက်မှောင်နက်ရှိုင်းလှသောမျက်လုံးများမှာ ပုံမှန်အားဖြင့် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသော နတ်သားတစ်ပါးကဲ့သို့ အေးစက်နူးညံ့နေခဲ့သော်လည်း ယခုအချိန်တွင်မူ အလွန်အမင်းထက်ရှနေကာ ကြောက်လန့်မှုမရှိဘဲ တစ်ဖက်သားအပေါ်တွင် မေးခွန်းထုတ်နေပုံပေါ်နေခဲ့သည်။ 


ခန်းမထဲရှိလူများမှာ သူတို့၏မျက်လုံးများကိုဖွင့်၍ အလိမ်အညာစကားများ ဆိုလာကြသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရချိန်တွင် သူ၏စိတ်ထဲရှိ ဒေါသတရားမှာ ပို၍ပင်တိုးလာခဲ့ရသည်။


ထိုသူများမှာ မည်ကဲ့သို့ကြောက်လန့်ရမည်ကို သိပါ၏လော..သို့ပါက သူတို့အဘယ်ကြောင့် ထိုအရာများကို ကျူးလွန်ခဲ့ရသည်နည်း.. သူတို့ကိုယ်သူတို့ ကြောက်ရမည်ဆိုသည်ကို မသိကြဘူးလား…


ကျွင်းလင်ဟွမ်ကဲ့သို့သော ငယ်ရွယ်သေးငယ်သည့် မိန်းကလေးငယ်လေးကို စွန့်ပစ်ဆောင်တွင် ပစ်ထားခဲ့ပြီး အကြောက်အရွံ့ပင်မရှိဘဲ ရွှယ်ယန်၏အပေါ်သို့သာ အပြစ်ပုံချခဲ့ကြသည်။ ယခုအချိန်တွင် သူတို့လုပ်ဆောင်ခဲ့သည့်အရာများကို ဝန်ခံရတော့မည်ဆိုမှသာ ကြောက်လန့်လာကြသည်လား…


ယခင်ဘဝတွင် သူတို့ကြောင့် ကျွင်းလင်ဟွမ်ခံစားခဲ့ရသော ဝဠ်ကြွေးများမှာ ထိုထက်အဆထောင်ချီမက များပြားခဲ့သည်။


ပို၍ ‌ဒေါသကြီးလာလေလေ ကျွင်းဟွိုင်လန် အကြောင်းအရာများကို ပို၍ ရှင်းလင်းလာလေလေဖြစ်သည်။ ထိုလူများအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်တစ်ခုပေါ်ပေါက်လာခဲ့သည်။


" ဒုတိယအရှင့်သား နောက်ထပ်ငလျင်တစ်ခုမစတင်ခင် သင့်ရဲ့အဝတ်အစားတွေကို မြံမြဲစွာအရင်ဆုံးဝတ်ဆင်ထားသင့်တယ်‌…" ကျွင်းဟွိုင်လန်ပြောလိုက်သည်။


ရွှယ်ယွင်စုမှ ခဏအကြာကြောင်အနေပြီးမှ သူ့တစ်ကိုယ်လုံးအနှံ့လိုက်လံကြည့်ရှုလိုက်သည်။


ကျွင်းဟွိုင်လန်ဆက်ပြောလိုက်သည် " အအေးနန်းဆောင်က အဆောင်တွေကို ပြန်လည်မပြုပြင်တာ အချိန်အတော်ကြာပြီဆိုတော့ အဲ့ဒီမှာ ဖုန်မှုန့်တွေထူထပ်‌နေတဲ့လှေကားတွေရှိတယ်..မဟော်ဂနီသားနဲ့လုပ်ထားတဲ့လက်ရန်းတွေကလည်း ကျိုးပဲ့ပျက်ဆီးနေပြီ.. ပြီးတော့ လှေကားတွေက အတော်လေးကျဉ်းမြောင်းတာဆိုတော့ ‌ကျွန်တော်မျိုးတို့ လင်ဟွမ်ကိုသွားရှာကြတုန်းက သစ်သားအကျိုးပဲ့တွေနဲ့ ဖုန်တွေကိုမရှောင်နိုင်ခဲ့ဘူး…အရှင့်သားလို ခန္ဓာကိုယ်နုနယ်တဲ့သူမပြောနဲ့ ရှောင်ဝူလို သိုင်းသင်ထားတဲ့သူတောင်မှ ဖုန်မှုန့်တွေနဲ့ပွတ်မိတာကနေ မရှောင်နိုင်ခဲ့ဘူးလေ…"


လူတိုင်း ရွှယ်ယွင်စုကိုကြည့်လိုက်ချိန်တွင် သူ၏ဝတ်ရုံ၌ မထင်ရှားသော်လည်း မြင်သာနေသေးသော ဖုန်မှုန့်များကို မြင်လိုက်ကြရသည်။ ထို့အပြင် သူ၏နောက်ကျောနှင့် တံတောင်ဆစ်တို့တွင် သစ်သားစအကျိုးအပဲ့များကပ်ညိနေပြီး သူ၏အင်္ကျီလက်မောင်းမှာ သစ်စနှင့်ခြစ်မိခြင်းကြောင့် အခြစ်ရာဖြစ်ပေါ်နေခဲ့သည်။ ညမှာမှောင်မိုက်ပြီး ကြည့်ရခက်ခဲနေသော်လည်း ပွဲကြည့်စင်တွင်မူ မီးများ ထိန်လင်းစွာ ထွန်းထားသောကြောင့် သူ့ခန္ဓာကိုယ်ရှိ ခြေရာလက်ရာများမှာ မြင်သာထင်သာရှိနေခဲ့သည်။


ရွှယ်ယွင်စု ချက်ချင်းဆိုသလို ထိတ်လန့်သွားရပြီး ကျွင်းအန်းကျယ်မှာလည်း ကြောက်လန့်မှုကြောင့် မြေပေါ်သို့လဲကျသွားကာ တိတ်တခိုးရှိုက်ငိုနေခဲ့သည်။


ကျန်းကွေ့ရန်မှာမူ အလျော့‌မပေးသေးချေ " ဒါက ဘာကိုမှမဆိုဘူး ဒီရှုရဲ့ စုအာက အဆော့မက်ပြီး အပြင်ဖက်မှာ ပြေးလွှားဆော့ကစားခဲ့လို့ရလာတာတွေကြီးပဲ.. ကျွန်တော်မျိုးမ တကယ်ကိုမသိရပါဘူး…"


ဧကရာဇ်မှ သူမကိုကြားဖြတ်လိုက်သည် " ပါးစပ်ပိတ်ထားစမ်း…"


အခမ်းအနားမှာ နန်းတော်တွင်းသာဖြစ်ပြီး ယခုနေရာနှင့် အတော်လှမ်းသောကြောင့် မြင်သာထင်သာမရှိသော်လည်း ဧကရာဇ်ချင်းဖျင် သူ့၏မျက်နှာမှာ အရှက်ရမှုကြောင့် လုံးလုံးဆုံးရှုံးသွားရပြီဟုခံစားလိုက်ရကာ သူ၏ဒေါသမှာ မြင့်တက်လာခဲ့သည်။


ထို့ကြောင့် သူကျယ်လောင်စွာ အော်ငေါက်လိုက်သည်


 " ဒီနေ့က ချမ့်ချိုးအခမ်းအနားနေ့ပဲ.. မင်းတို့က ဒီဘုရင်ကို အဲ့လိုလက်ဆောင်မျိုးလာပေးတာပေါ့…"


ကျန်းကွေ့ရန်မှာမူ စကားပင်မပြောရဲတော့ပေ။


ဧကရာဇ်ချင်းဖျင် သက်ပြင်းအနည်းငယ်ချလိုက်ပြီး နောက် ဆက်ပြောလာခဲ့သည် 


" မင်းသား၂ကိုဆွဲခေါ်သွားလိုက်.. သူ့ကိုပြန်စဉ်းစားဆင်ခြင်နိုင်ဖို့ အဆောင်တော်မှာ တစ်လပိတ်ထားပြီးတော့ ထိုက်ကျူမိသားစုစည်းမျဉ်းတွေကို အကြိမ်တစ်ရာကူးရေးရမယ်..ကူးရေးတာပြီးသွားရင်တောင်မှာ သူ့ရဲ့မိခင်ကလာလည်ခွင့်မရှိဘူး…ကျွင်းအန်းကျယ်အတွက်တော့ ကျွင်းမိသားစုရဲ့ဒီကလေးကတကယ့်ကို မကောင်းတဲ့လက္ခဏာရှိတဲ့အတွက် မင်းသားရဲ့အပေါင်းအဖော်အဖြစ်ဆက်ပြီးလက်မခံတော့ဘူး..နောက်ရက်ကျရင် သူ့ရဲ့မွေးဖခင်ရင်းထံပြန်ပို့ပြီး ပျိုးထောင်စေမယ်…မင်းသား၂နဲ့အတူတူသွားတဲ့ တော်ဝင်မျိုးနွယ်ဝင်ကလေးအချို့ကတော့ မင်းသားကို တားရကောင်းစေမသိခဲ့တဲ့အပြင် အဲ့ဒီအစား ပြသနာဖြစ်ခွင့်ပေးခဲ့တဲ့အတွက် သူတို့ရဲ့ဖခင်နဲ့ညီအစ်ကိုတွေကို နှစ်တစ်ဝက်စာလစာဖြတ်မယ်…"


ပွဲကြည့်စင်တစ်ခုလုံးရှိလူတိုင်းမှာ အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေကြပြီး ကျန်းကွေ့ရန်မှာမူ ထိုအမိန့်ကိုကြားလိုက်ရသည့်အခါ သူမမေ့လဲသွားသည်။


ကျွင်း‌ဟွိုင်လန်မှာ တော်ဝင်အမိန့်ကိုကြားရချိန်၌ အနည်းငယ်ကြောင်အနေခဲ့သည်။


ယခုပင်အပြစ်သားဖြစ်ခဲ့ရသောရွှယ်ယန်မှာမူ သိသိသာသာပင် အရိုက်နှက်ခံရမည့်အပြင် ဗုဒ္ဓခန်းဆောင်တော်၌ ဒူးထောက်ရမည်ဖြစ်သော်လည်း မင်းသား၂၏အပြစ်ဒဏ်မှာမူ အကျယ်ချုပ်နှင့်ဘိုးဘေးစာလွှာများကိုကူးယူခြင်းဖြင့်သာ ပြီးသွားခဲ့သည်။


တော်ဝင်မျိုးနွယ်အမတ်မင်းများ၏မိသားစုများသည်ပင် ပြင်းထန်စွာအပြစ်ပေးခံရသည်။ မြို့တော်မှနှင်ထုတ်ခံရတော့မည့် ကျွင်းအန်းကျယ်ကိုမဆိုထားနှင့် ထိုသခင်လေးများ၏ဖခင်နှင့် ညီအစ်ကိုများသည်ပင် တိုက်ရိုက်အပြစ်ပေးခံရသည်။ ကျွင်းအန်းကျယ်မှာမူ သူ့မိသားစု၏ဂုဏ်ကျက်သရေကိုဆုံးရှုံးရရုံသာမက အိမ်ပြန်ရောက်ချိန်တွင်လည်း ကောင်းကောင်းအပြစ်ပေးခံရဦးမည်ဖြစ်၏။


အဆုံးတွင် သူတို့ကို ပြင်းထန်စွာ အပြစ်ပေးခဲ့သည်မှာ မင်းသား၂ကို လမ်းမှားရောက်စေမှုဟူ၍ အမည်တပ်ခဲ့သည်။ ဧကရာဇ်နှင့်မင်းသား၂တို့မှာ အပေါ်ယံတွင်သာ မင်းသားနှင့်ရှင်ဘုရင်ဖြစ်ပြီး အတွင်းထဲတွင် ဖခင်နှင့်သားဖြစ်သည့်အတွက် သိသိသာသာပင် သူ၏သွေးသားဖြစ်သူကို ဘက်လိုက်သည့်သဘောပင်ဖြစ်သည်။


သို့သော်လည်း ရွှယ်ယန်မှာတော့….


ဧကရာဇ်မှဆက်ပြောလာခဲ့သည် " ရွယ်ယန် ဒီနေ့အပြစ်သားက မင်းမဟုတ်ခဲ့ဘူးဆိုပေမယ့် ကိုယ်လုပ်တော်ရှုက လင်ဟွမ်ကိုမင်းဆီအပ်ပြီး ကောင်းကောင်းဂရုစိုက်ခိုင်းခဲ့တာကို ဘယ်လိုလုပ်ပြီး သူမကိုတစ်ယောက်ထဲလွှတ်ရဲရတာလဲ.. မင်းဒီနေ့ကြိမ်ဒဏ်မခံရတော့ဘူးဆိုပေမဲ့ ဗုဒ္ဓခန်းမမှာ တစ်ညတော့မနက်မိုးလင်းအထိ ဒူးထောက်ပြီးအပြစ်ခံယူရလိမ့်မယ်…"


လူအုပ်ကြီးမှာ တစ်ရွေ့ရွေ့ထွက်ခွာသွားသည်အထိပင် ရွှယ်ယန်မှာ သံမှို‌တစ်ချောင်းကဲ့သို့ မြေပြင်တွင် ဒူးထောက်နေမြဲသာဖြစ်သည်။


လူတိုင်းမှာ အပြစ်ပေးခံရသော်လည်း ရွှယ်ယန်မှာမူ အပြစ်ကင်းစင်နေခဲ့ခြင်းကြောင့် ၎င်းမှာ ဧကရာဇ်ချင်းဖျင်၏စိတ်ကို မသက်မသာဖြစ်အောင် ပြုလုပ်နေသည်။ သူသည်ရွှယ်ယန်အပေါ်မှားယွင်းခဲ့ကာ အချိန်အတန်ကြာသည်အထိ ဤနေရာတွင် ဒူးထောက်ခိုင်းမိခဲ့သည်။


 ထို့ကြောင့် ဧကရာဇ်ချင်းဖျင် ပေါ့ပေါ့ပါးပါးအမိန့်တစ်ခုပေးလိုက်ကာ ပြစ်ဒဏ်အသေးတစ်ခုပေးလိုက်ပြီး သူ့အတွက် ခြေလှမ်းကိုရှာဖွေလိုက်သည်။


မည်သို့ပင်ဖြစ်စေ ရွှယ်ယန်မှာ အမြဲတစေ အခြားသူများထက်ပို၍အပြစ်ဒဏ်ခံခဲ့ရသည်မှာ တစ်ကြိမ် နှစ်ကြိမ်ပင်မကတော့ပေ။


Xxxxxxxx