Chapter 34
ကျွင်းလင်ဟွမ်ပျောက်ဆုံးသွားချိန်တွင် ရွယ်ယန် စိတ်ပူသွားမိသော်လည်း သူ၏စိတ်မှာဗလာဖြစ်နေကာ ကျွင်းလင်ဟွမ်အစား ကျွင်းဟွိုင်လန်သာ သူ့စိတ်ထဲတွင် ကျန်ရစ်ခဲ့လေသည်။
ကျွင်းဟွိုင်လန်ထံမှ မည်ကဲ့သို့သော တုံ့ပြန်ချက်မျိူးထွက်ပေါ်လာမည်ကို သူခန့်မှန်းနိုင်သည့်အတွက် ထိုကိစ္စအပေါ်တွင် ဒီအတိုင်းမနေလိုက်ဘဲ ကျွင်းလင်ဟွမ်ကိုရှာရန် ခြေရာလက်ရာများနောက်ကို စတင်လိုက်သွားလိုက်သည်။ သို့သော်လည်း ထိုအချိန်နှင့် ကွက်တိမှာပင် ကိုယ်လုပ်တော်ရှုမှ ကျွင်းလင်ဟွမ်စားသောက်ရန် မုန့်အချို့လာပေးသည့်အချိန်နှင့်တိုးသွားခဲ့ပြီး သူ့ကိုနေရာတွင်ပင် ထိန်းသိမ်းပစ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို လူအများအပြားရောက်ရှိလာပြီး တရားခံကိုအပြစ်ပေးရန် လာရောက်တောင်းဆိုကြကာ ကျင်းဝူဝေ့၏အစောင့်များနှင့်အတူ ဧကရာဇ်ချင်းဖျင်လည်း ကြွချီလာခဲ့သည်။
ထိုသို့ေသာမြင်ကွင်းမှာ ရွှယ်ယန်နှင့် ရင်းနှီးသောကြောင့် သူအံဝင်ခွင်ကျဖြစ်နေသည်ဟုဆိုနိုင်ပေသည်။ သို့သော် ကွာခြားသည့်အချက်မှာ စိုးရိမ်တကြီးဖြင့် ကျွင်းဟွိုင်လန်ရောက်ရှိလာခြင်းပင်ဖြစ်၏။ ထိုအချိန်တွင် ရွှယ်ယန်၏ရင်ဘတ်မှာ တင်းကြပ်နေကာ အသက်မရှုနိုင်ဖြစ်ခဲ့ရသည်။
သူ့ဘဝ၏ပထမဦးဆုံးအကြိမ်အဖြစ် သူရှင်းပြချင်ခဲ့သည်။ ၎င်းမှာ သူငယ်စဉ်ကတည်းက သူမပြုလုပ်ခဲ့ဖူးသောအရာပင်ဖြစ်သည်။ လူတိုင်းမှာ သူ့ကို အပြစ်ပေးချင်နေကြပြီး မည်သူကမျှ သူ၏ရှင်းပြချက်ကို နားထောင်မပေးခဲ့ကြရာ သူသည်လည်း စကားလုံးများကို ဖြုန်းတီးရန်အတွက် စိတ်မဝင်စားတော့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူကျွင်းဟွိုင်လန်ကို သူအမှန်တကယ်ပင် မရည်ရွယ်ခဲ့ကြောင်းကို ရှင်းပြချင်မိခဲ့သည်။
ထိုအစား သူမည်သည့်အရာကိုမျှမပြောခဲ့ပေ။
သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ၏ချန်လှစ်ခဲ့ခြင်းကြောင့် ကျွင်းဟွိုင်လန်၏ညီမငယ်ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။ ကျွင်းဟွိုင်လန်၏စိုးရိမ်တကြီးဖြစ်နေသည့်အရာကို မြင်လိုက်ရချိန်တွင် ရွှယ်ယန် သူဒီအတိုင်း တစ်ဖက်လူမှ သူ့ကိုဆူပူကာ အပြစ်ပေးလာမည်ကိုသာ ခွင့်ပြုပေးချင်မိသည်။
သူ့ကိုဆူပူလိုက်ခြင်းကသာ ထိုသူ၏ပူဆွေးမှုများကိုမောင်းထုတ်နိုင်မည်ဆိုလျှင်ပေါ့…
သို့သော်လည်း ကျွင်းဟွိုင်လန်မှာ သူ့ကိုထိုသို့မပြုလုပ်ခဲ့ပေ။
ကျွင်းဟွိုင်လန် သူ့အပေါ်ရှိစွပ်စွဲချက်များကို တစ်ချက်ချင်းစီဖြေရှင်းကာ ကျွင်းလင်ဟွမ်ကိုလှည့်စားခဲ့သူအားရှာဖွေ၍ သူ၏အပြစ်ကင်းစင်မှုကို ပြန်လည်ရယူပေးနေသည်အား ရွှယ်ယန်ကြည့်ရှုနေခဲ့သည်။
အပြစ်ကင်းစင်မှု.. ထိုစကားလုံးမှာ သူ့အတွက်အနည်းငယ်ရယ်စရာကောင်းနေခဲ့သည်..
ရွှယ်ယန်အမြဲလိုထင်နေခဲ့သည့်အရာမှာ ထိုအပြစ်ကင်းစင်မှုဟူသောအရာမှာ သူနှင့်လုံးဝမသက်ဆိုင်သည့်အရာဖြစ်ပြီး သူလုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ အဆုံးတွင် သူသည်သာအပြစ်ခံရမည့်သူဖြစ်နေသောကြောင့်ပင်။
သူလုံးဝမထင်ထားခဲ့သည့်အရာမှာ ထိုသူ၏သဘာဝမှာ သူ့ကိုအလင်းရောင်ဆီသို့ခေါ်ဆောင်သွားနိုင်ဟူ၍ပင်ဖြစ်သည်။ သူအရင်အချိန်က အပြစ်ကင်းစင်မှုအကြောင်းကို ဂရုမထားခဲ့ခြင်းမှာ သူ၏အာရုံထဲတွင်မရှိနေခဲ့သော သူများကြောင့် ဖြစ်သည်။
ရွှယ်ယန်မှားယွင်းစွာအပြစ်ခံရသည့်အကြောင်းကို တုန်းချန်မှကြားလိုက်သည်နှင့် သူတို့တတ်နိုင်သမျှ အမြန်ရှောင်ဝေ့ဇီကိုပို့ပေးလိုက်ကြသည်။ ၎င်းမှာ အထင်ကွဲလွဲမှုမျှသာဖြစ်ပြီး ရွယ်ယန်ရိုက်နှက်မခံရသော်လည်း ဗုဒ္ဓခန်းမဆောင်တွင် ဒူးထောက်ရန် အပြစ်ပေးခံနေရဆဲဖြစ်သဖြင့် ရှောင်ဝေ့ဇီမှ ဝူရွှင်းဟိုင်၏စကားများကို သူ့ထံပေးပို့လာသည်။ မိန်းမစိုးဝူမှ သူအကြောင်းအရင်းမရှိအပြစ်ပေးခံရခြင်းအတွက် ဝမ်းနည်းမိပြီး သင့်လျော်သည့်တစ်ရက်တွင် သူ့ဆီသို့လာရောက်မည်ဟု ပြောကြားလိုက်သည်။
" ပြောမနေပါနဲ့တော့ မွေးစားအဖေရယ် မင်းသား၅ရဲ့ပြစ်ဒဏ်ကမပြင်းထန်ပေမဲ့လည်း သူရဲ့ပုံစံကိုကြည့်လိုက်တာ တစ်ခုခုမှားယွင်းနေသလိုပဲ…" ရှောင်ဝေ့ဇီမှ ဝူရွှင်းဟိုင်ကို ပြန်လည်လျှောက်တင်လိုက်သည်။
ထိုစကားများကို ကြားလိုက်ရချိန်တွင် ဝူရွင်းဟိုင်မေးလိုက်လေသည် " ဘာဖြစ်ခဲ့လို့လဲ…"
ရှောင်ဝေ့ဇီ အချိန်ကြာစဉ်းစားနေခဲ့သော်လည်း မည်သည့်အဖြေမှမပြေးနိုင်ခဲ့ပေ။
ထို့နောက်တွင်မှ " ကျန်တော်အမြဲလိုခံစားမိနေတာလေ တစ်စုံတစ်ခုကတော့မှားယွင်းနေသလိုပဲ…သူ့ရဲ့မျက်လုံးတွေက တစ်ခုခုစဉ်းစားနေသလိုမျိုး ဗလာဖြစ်နေတာ…အဲ့ဒါကလေ နတ်ဆိုးက ကျွန်တော့်ရဲ့ဝိဉာဉ်တစ်ဝက်ကိုစားသုံးလိုက်သလိုမျိုး…"
ရှောင်ဝေ့ဇီ၏စကားကြောင့် ဝူရွှင်းဟိုင်ရယ်မောမိသွားသည်။
ထို့နောက် အရေးမထားသည့်ပုံဖြင့် " ငါထင်ထားတေ့ာ ယုန်ကလေးကအလျင်လိုနေပြီးတော့ ကိုက်ဝါးဖို့တွေးနေပုံပဲ.. ပြီးတော့ နတ်ဆိုးက ဝိဉာဉ်တစ်ဝက်ကိုစားသွားတယ် ဟုတ်လား..စာတွေပဲပိုဖတ်စမ်းပါ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့…မင်းတို့တွေ ပိုပိုပြီး တုံးအလာကြောင့် တုန်းချန်ကို ရယ်မောမခံရစေနဲ့…"
ရှောင်ဝေ့ဇီခေါင်းကုတ်လိုက်မိသော်လည်း မိန်းမစိုးဝူ၏စကားများကိုမူ သူမငြင်းပယ်ရဲချေ။ ထို့ကြောင့် ဟုတ်ကဲ့ဟုသာပြောလိုက်ရာ ပြန်လည်ထွက်ခွာလာခဲ့သည်။
သို့သော်လည်း သူအနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။
မင်းသား၅၏အကြည့်မှာ မုန်းတီးနေခြင်းမျိုးမပါဝင်ဘဲ လက်စားချေရန်ခက်ခဲမှုအတွက် အံတင်းတင်းကြိတ်ထားရုံမျှသာဖြစ်သည်။ ထို့အပြင် တွေးကြည့်လိုက်မည်ဆိုလျှင် ဗုဒ္ဓ၏ရှေ့တွင် မည်သည့်နတ်ဆိုးကများပေါ်လာနိုင်မည်နည်း။
ကျွင်းဟွိုင်လန် မင့်လွမ်နန်းဆောင်သို့ပြန်ရောက်ချိန်တွင် ညမှာအတော်နက်နေပြီဖြစ်သည်။ ကျွင်းလင်ဟွမ်မှာ ထိတ်လန့်နေမှုကြောင့် စောစောအိပ်ရာဝင်သွားခဲ့သော်လည်း ကျွင်းဟွိုင်လန်မှာမူ အိပ်မပျော်နိုင်ဘဲရှိနေကာ အနည်းငယ်မသက်မသာခံစားနေရသည်။
သူမထင်ထားခဲ့သည်မှာ အတိတ်ဘဝတွင်ဖြစ်ခဲ့သော ကျွင်းလင်ဟွမ်နှင့် ရွှယ်ယန်တို့အကြားရှိ အဖုအထစ်မှာ ထိုအရာကြောင့် အမှန်တကယ်ပင်ဖြစ်ပျက်ခဲ့မည်ဟူ၍ပင်။
ရွယ်ယန်၏နေရာတွင် တစ်ကြိမ်မျှ နေထိုင်ခဲ့ရခြင်းကြောင့် ရွှယ်ယန်ထံတွင် နေ့စဉ်နေ့တိုင်းဖြစ်ပျက်နေသည့်အရာကို သူလူကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ခံစားခဲ့ရလေသည်။ ထို့ကြောင့် ထိုသူကို ကျွင်းဟွိုင်လန် နွေးထွေးမှုတစ်စုံတစ်ရာ ပေးချင်မိသွားကာ အရင်ဘဝတွင် ရွှယ်ယန်၏လက်စားချေမည့်အရာဖြစ်သော ကျွင်းလင်ဟွမ်ကိုထိုအရာမှ သူဆွဲထုတ်ပေးချင်နေသည်။
ကျွင်းဟွိုင်လန် သူရွှယ်ယန်ကိုမုန်းတီးသင့်သည်ဟု ထင်မိခဲ့သည်။ ကျွင်းလင်ဟွမ်မှာ အစမှအဆုံးထိအပြစ်ကင်းစင်ခဲ့ပြီး လက်သည်မှာမည်သူပင်ဖြစ်စေ အရာအားလုံးကိုလုပ်ဆောင်ခဲ့သူမှာ ရွှယ်ယန်သာဖြစ်လေသည်။
34.2
မည်သို့ပင်ဖြစ်စေ သူ ထိုလူကို မမုန်းနိုင်ခဲ့ပေ။
၎င်းမှာ ထိုအတွေ့အကြုံကြောင့် အထင်လွဲမှားမှုမှာ မည်မျှပင်နာကျင်ခံစားရပြီး အေးစက်ထက်ရှသောဓားတစ်လက်မှ သူ၏သွေးထွက်နေသည့်အနာများအပေါ် အကြိမ်ကြိမ်အခါခါလှီးဖြတ်နေသော မခံမရပ်နိုင်သည့်ခံစားချက်မှုမျိုးကို ကျွင်းဟွိုင်လန်ခံစားခဲ့ရသောကြောင့်ဖြစ်သည်။
ထို့ကြောင့်ပင် နွေးထွေးမှုမှာ အထူးသဖြင့် ပို၍ပင်တန်ဖိုးရှိလာသည်။ ဆုံးရှုံးရခြင်းမှာ မည်သည့်အချိန်ကမျှမရခဲ့ခြင်းထက် ပိုပြီးနာကျင်ခံစားရမည်ဖြစ်ရာ နွေးထွေးမှုရရှိခဲ့ပြီးနောက် ထိုအနွေးပေးခဲ့သူမှ သူ့ကိုကြောက်လန့်နေသောအကြည့်ဖြင့်ရှောင်ရှားနေခြင်းမှာ အခြားသူများထံမှ ငြိုငြင်မှုများထက် ပို၍ပင် လက်ခံနိုင်ရန်ခက်ခဲလှသည်။
ကျွင်းဟွိုင်လန် ထိုအချက်ကိုသိခဲ့ရပြီဖြစ်သောကြောင့် ရွှယ်ယန်နှင့်ယှဉ်လျှင် သူ့ကိုထိုအခြေအနေအထိရောက်အောင် ဖိအားပေးခဲ့ကြသူများကိုသာ ကျွင်းဟွိုင်လန်မုန်းတီးမိတော့သည်။ ထိုသူများမှာ ကျွင်းလင်ဟွမ်ကိုအပျော်တမ်းနောက်ပြောင်စနောက်ခဲ့ကြကာ ရွှယ်ယန်သူမကိုနှိပ်စက်စေခဲ့ပြီး သူမလေးနှင့် ရွှယ်ယန်တို့အကြား အမုန်းတရားကိုပေါက်ဖွားစေခဲ့ကြသည်။
ရွယ်ယန်မှာ မီးတွင်းတစ်ခုဖြစ်ပြီး ထိုသူများက ကျွင်းလင်ဟွမ်ကို ထိုမီးတွင်းထဲသို့ တွန်းချခဲ့ကြခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူများမှာ လူနည်းစုမျှသာဖြစ်ပြီး သူတို့၏နောက်တွင် ပို၍ကြီးမားသော လူစုကြီးရှိနေသေးသည်။ ယနေ့အဖြစ်မှာ မင်းသား၂မှ ကျွင်းလင်ဟွမ်ကိုအကွက်ချလှည့်စားခဲ့သည့် အပေါ်ယံကိစ္စသာဖြစ်ပြီး တကယ်တမ်းမှာတော့ ၎င်းမှာ သူ၏နောက်ရှိ နန်းတော်တွင်းမှလူများ၏ တိတ်တဆိတ်ပံ့ပိုးပေးနေမှုကြောင့်သာဖြစ်သည်။
ယနေ့တွင်ပင် ကျွင်းလင်ဟွမ်၏ပျောက်ဆုံးမှုမှာ ရွှယ်ယန်နှင့်မသက်ဆိုင်ခဲ့သည့်တိုင် ဧကရာဇ်ချင်းဖျင်မှာ သူ့ကိုအပြစ်ပေးခဲ့သည် မဟုတ်ပါ၏လော…
ကျွင်းဟွိုင်လန် အပြင်ဘက်ရှိ ညမြင်ကွင်းကို ကြည့်ရှူနေလိုက်သည်။ ညအမှောင်ထဲတွင် တဖျပ်ဖျပ်ခတ်နေသော မီးရောင်များအပြင် မှင်ကဲ့သို့ အမှောင်ထုလည်း ရှိနေခဲ့သည်။
ထိုအချိန်တွင် ဖုရိမှ တံခါးကိုတွန်းကာ ဝင်လာခဲ့သည်။
" အကြီးဆုံးသခင်လေး…" ဖုရိမီးပုံးကိုမြောက်လျက် အတွင်းဘက်သို့ သတိတကြီးဖြင့် ကြည့်လိုက်သည်။
" ဘာလဲ…" ကျွင်းဟွိုင်လန် သူ့ထံသို့ လှည့်ကြည့်လာခဲ့သည်။
ဖုရိသူ့ကိုမြင်လိုက်ရချိန်တွင် ပြုံးလိုက်ပြီး တံခါးကိုဖွင့်ကာ သူမ၏နောက်ရှိအစေခံအနည်းငယ်ကို ညွှန်ကြားလိုက်ပြီး အထဲသို့ဝင်လာခဲ့သည် " သခင်လေးရဲ့အခန်းမီးမငြိမ်းသေးတာမြင်လိုက်လို့လေ.. ဒီနေ့ပွဲမှာလည်း သိပ်မစားခဲ့တာကို တွေးမိသွားတာနဲ့ ဒီအစေခံက ဧကရီရဲ့စားဖိုဆောင်ကနေပြီးတော့ သခင်လေးအတွက် အထူးပြုလုပ်ထားတဲ့ အားဖြည့်စာအချို့ကိုယူဆောင်လာတာပါ…"
နန်းတော်အစေခံအနည်းငယ်မှာ ကျောက်စိမ်းပန်းကန်များကို သယ်ဆောင်လာကြပြီး သေးငယ်သော စားပွဲပေါ်တွင် တည်ခင်းလိုက်ကြသည်။ ၎င်းတို့မှာ ခုနစ်မျိုး ရှစ်မျိုးမျှသော ဒင်းဆမ်းအနည်းငယ်သာဖြစ်ကာ အရေအတွက်မှာ မများသော်လည်း အရည်အသွေးမှာမူ လက်ရာမြောက်လှပြီး အားလုံးမှာ ကျွင်းဟွိုင်လန်၏အကြိုက်အတိုင်းပြုလုပ်ထားခြင်းဖြစ်သည်။
အစေခံများ စားပွဲပြင်ဆင်နေသည်ကို ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် သတိပြန်ဝင်လာကာ သူ၏ဗိုက်ထဲတွင် အနည်းငယ်ဗလာဖြစ်နေသည်ကိုခံစားလိုက်ရသည်။
နန်းတော်ပွဲအခမ်းအနားတွင် တော်ဝင်မိသားစုများကို တည်ခင်းရမည်ဖြစ်သောကြောင့် အစားအစာများမှာ အရည်အသွေးမြင့်မားလှသည်။ နန်းတော်စားဖိုဆောင်မှာမူ မကြာခဏဆိုသလို အလုပ်များနေကာ နန်းတော်ပွဲ၏အစားအစာများမှာ ပုံမှန်အားဖြင့် အချိန်တိုအတွင်းလုပ်ဆောင်နိုင်သော ဗိုက်ပြည့်မျှသာဖြစ်သည့် အစားအစာများဖြစ်လေသည်။
စားပွဲကိုတည်ခင်းပြီးနောက်တွင် ဖုရိမှ သူ့အတွက် အခင်းကိုထပ်မံခင်းပေးလိုက်ပြီး သူလက်ထဲသို့ ဆင်စွယ်ဖြင့် ပြုလုပ်ထားသည့် တူတစ်စုံထည့်ပေးလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ကျွင်းဟွိုင်လန်မှ မေးမြန်းလာခဲ့သည်
" ဒီနေရာနဲ့ ဗုဒ္ဓခန်းမဆောင်က ဝေးလား…"
ဖုရိ ခဏကြာကြောင်သွားသော်လည်း သူ မသိသည့်အတွက် အနောက်ဘက်ရှိအစေခံများကိုသာ လှမ်းကြည့်လိုက်ရာ သူတို့ထဲမှ တစ်ဦးက ဖြေကြားလာသည်
" အရှင့်ကိုဖြေကြားပါတယ်… ဒီနေရာနဲ့က မဝေးပါဘူး..အရှေ့ခြောက်ခုမြောက်နန်းတော်ရဲ့ဂိတ်တံခါးကထွက်ပြီး ရီကျူးရှန်းလမ်းတစ်လျောက် လျှောက်လိုက်ရင်ရောက်ပါလိမ့်မယ်…"
ကျွင်းဟွိုင်လန် ထပ်မံမေးမြန်းလိုက်သည် " အဲ့ဒီမှာ အစောင့်အကြပ်တွေကော ရှိလား…"
နန်းတော်အစေခံမလေးမှ သူမ၏နှုတ်ခမ်းကိုကာလိုက်ပြီး ပြုံးလျက် " လူတိုင်းကခန်းမထဲကိုဝင်လို့ရပါတယ်… ပုံမှန်ရှိတဲ့အစောင့်အကြပ်တွေကလွဲလို့ အဲ့ဒီမှာဘုန်းတော်ကြီးတွေပဲရှိတာ…"
ကျွင်းဟွိုင်လန် သက်ပြင်းချလိုက်သော်လည်း မည်သည့်စကားမျှမပြောခဲ့ချေ။ ချက်ချင်းဆိုသလို မုန့်များကိုကြည့်ရင်း သူရွှယ်ယန်ကိုသတိရသွားခဲ့သည်။ ရွှယ်ယန်ယနေ့ညပွဲတွင် များများစားစားမစားခဲ့ရမည်မှာ သေချာသလောက်ပင်ဖြစ်ပြီး နေထွက်ချိန်အထိ ဗုဒ္ဓခန်းမထဲတွင်လည်း ဒူးထောက်နေရဦးမည်ဖြစ်သည်။
ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ရဲတင်းသောအကြံတစ်ခုထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် သူမအောင့်အီးနိုင်တော့သဖြင့် နှုတ်ခမ်းကိုကိုက်ကာ ရှားရှားပါးပါးစိတ်ကူးထပေါက်သည့်ပုံဖြင့် " ဖုရိ အစားအသောက်တွေကိုထုပ်ပိုးလိုက် ငါအပြင်သွားမလို့ ဘယ်သူမှလိုက်စရာမလိုဘူး…"
ဖုရိလည်း ရှုပ်ထွေးသွားပြီး " သခင်လေးသွားချင်တာက…"
ကျွင်းဟွိုင်လန်ပြန်ဖြေလိုက်သည် " မမေးနဲ့တော့ ပြီးတော့ အရီးတော်ကိုလည်းသွားပြီး အနှောင့်အယှက်ပေးမနေနဲ့.. မင်းသွားပြီးဆေးကြောအနားယူလို့ရပြီ…"
ကျွင်းဟွိုင်လန် သူ့ကိုယ်သူပြန်တွေးနေမိသည်မှာ မည်သို့ပင်ဖြစ်စေ ဧကရာဇ်သည် ရွှယ်ယန်ကို တစ်ညလုံးဒူးထောက်နေရန်သာ မိန့်ကြားခဲ့ပြီး ဧည့်တွေ့လို့မရကြောင်း သို့မဟုတ် အစားအစာစားသောက်ခွင့်မရှိကြောင်းကို မမိန့်ထားခဲ့ပေ။ ထို့အပြင် ယခင်ဘဝမှ ကိစ္စများသည်လည်း ယခုအချိန်၌ရှင်းလင်းသွားပြီဖြစ်သောကြောင့် ရွှယ်ယန် သူတို့ကျွင်းမိသားစုတစ်ခုလုံးကို သုတ်သင်ရန် သို့မဟုတ် သူ၏ညီမငယ်ကို ထပ်မံတိုက်ခိုက်ရန် မလိုအပ်တော့ချေ။ ယခုကိစ္စတွင် အထင်လွဲမှုများပြီးဆုံးသွားပြီးတော့ မကျေနပ်ချက်များကိုလည်း ရှင်းလင်းပြီးပြီဖြစ်သည်။ ရွယ်ယန်သည်လည်း သူ့အရီးတော်ဘက်မှဖြစ်လာကာ ကျွင်းမိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး နောက်တစ်ချိန်တွင် ကျွင်းမိသားစုနှင့်အရီးတော်ကို ကာကွယ်လိမ့်မည်ပင်။
ကျွင်းဟွိုင်လန် သူ၏စိတ်ထဲတွင် ပြောနေမိသည်။ သူဝန်မခံချင်မိသည့်တိုင် ရွှယ်ယန်တစ်ညလုံး ဗုဒ္ဓခန်းမဆောင်တွင် ဒူးထောက်နေရမည်ကို သူတွေးမိသွားခဲ့သည်။
အဆုံးတွင် ရွှယ်ယန်မှာ မည်သည့်အပြစ်ကိုမှ မကျူးလွန်ခဲ့သည်ဖြစ်ရာ သူအဘယ့်ကြောင့် ဘုရားရှေ့တွင် ပြန်လည်ဆင်ခြင်သုံးသပ်နေရမည်နည်း…
ဖုရိမှာမူ နာနာခံခံဖြင့် အစားအသောက်များကို ထုပ်ပိုးနေကာ စားပွဲပေါ်တွင်တင်ပေးထားသည်။ ကျွင်းဟွိုင်လန် သူ၏ဝတ်ရုံကို ဝတ်ဆင်လိုက်ချိန်တွင် အစေခံမှခေါင်းဆောင်းကိုပြင်ဆင်ပေးလိုက်သည်။ ထို့နောက် အစားအသောက်ဘူးကိုသယ်ဆောင်ကာ တံခါးကိုတွန်း၍ အပြင်သို့ထွက်လာလိုက်လေသည်။
ဤသည်မှာ ကျွင်းဟွိုင်လန်ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လျို့ဝှက်လုပ်ဆောင်ခြင်းဖြစ်ရာ သူကိုယ်လုပ်တော်ရှု၏အခန်းကိုကြည့်လိုက်ချိန်၌ သူ၏စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်နေခဲ့သည်။ သို့သော်လည်း တည်ငြိမ်ချင်ယောင်ပြန်ဆောင်လိုက်ပြီး ဖုရိကိုပြောလိုက်လေသည်။
" မှတ်ထားနော် ဒီကိစ္စကိုအရီးတော်သိလို့မရဘူး…"
" ဒီအဒေါ်ကဘာကိုမသိရမှာလဲ…"
ထိုအချိန်တွင် သူ၏ဘေးမှ နှစ်လိုဖွယ်ရှိပြီးလင်းလက်တောက်ပသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။
ကျွင်းဟွိုင်လန်ခေါင်းမော့လိုက်ချိန်တွင် သူ၏ပြတင်းပေါက်နံဘေးတွင် မည်သည့်အချိန်ထဲကရပ်နေမှန်းမသိသည့် ကိုယ်လုပ်တော်ရှုကိုမြင်လိုက်ရလေသည်။
သူတုန်ယင်သွားပြီး လွှတ်ခနဲ ခေါ်လိုက်မိသည်။
" အရီးတော်…"
Xxxxxx