အပိုင်း ၃၆
Viewers 15k

Chapter 36


တကယ်တမ်းမှာတော့ ၎င်းကို ကျွင်းလင်ဟွမ် ပြောပြထားခြင်းမဟုတ်ဘဲ သူအိပ်မက်မက်ထားခြင်းသာဖြစ်၏။ အိပ်မက်ထဲတွင် မီးအိမ်မှာအလွန်လှပသောကြောင့် ညီမလေးဖြစ်သူ ပေးချင်သောစိတ်များ ဖွားဖွားပေါ်ပေါက်လာကာ မနေနိုင်တော့ဘဲ တက်ဖြုတ်လိုက်သည်ကို ‌ကျွင်းဟွိုင်လန်ဝိုးတဝါးမှတ်မိနေသေးသည်။


သူထိုမီးပုံးမှာ မည်ကဲ့သို့သော အမျိုးအစားဖြစ်သည်ကို သိချင်မိသည်။


ရွှယ်ယန်မှာမူ တုန့်ဆိုင်းနေခဲ့သည်။


၎င်း၏ပုံသဏ္ဍာန်မှာ ကြည့်ရဆိုးသည်မဆိုးသည်ကို သူမမှတ်မိခဲ့ချေ။ သူမှတ်မိခဲ့သည့် တစ်ခုတည်းသောအရာမှာ ထိုမီးပုံးကိုကြည့်လိုက်ချိန်၌ အထူးသဖြင့် ကျွင်းဟွိုင်လန်၏မျက်လုံးများနှင့် ဆင်တူသည်ကိုသာ သူမှတ်မိလိုက်သည်။


သူ ကျွင်းဟွိုင်လန် ကိုကြည့်ရုံသာကြည့်၍ ဘာမှမပြောချေ။ 


"ဟမ်…" ကျွင်းဟွိုင်လန် သူ့၏ ‌အရောင်ဖျော့ဖျော့မျက်လုံးများကိုမြင်လိုက်ရချိန်၌ ရှုပ်ထွေးသွားရသည်။ 


ထို့နောက် ရွှယ်ယန် အကြည့်လွှဲလိုက်ပြီး " ထားလိုက်ပါတော့လေ…"


…အချိန်မည်မျှကြာသွားသည့်ကိစ္စဖြစ်သောကြောင့် ဒီအတိုင်းထားလိုက်ရမည်နည်း။ 


ကျွင်းဟွိုင်လန် အနည်းငယ် အံ့ဩသွားရသည်။ ထို့နောက် ရွှယ်ယန် ဗုဒ္ဓရုပ်တုရှေ့တွင် ဒူးထောက်ထိုင်နေကာ သူ့လက်ကို သဘာဝကျကျပင်ဆန့်ထုတ်လိုက်ကာ အစားအသောက်ဘူးထဲမှ ကိတ်မုန့်ကိုယူ၍ တစ်ကိုက်ကိုက်လိုက်လေသည်ကို မြင်လိုက်ရလေသည်။


" ကျေးဇူးတင်ပါတယ်…" ရွှယ်ယန် မျက်လုံးကိုပင့်ကာကြည့်လိုက်ချိန်တွင် သူ၏ခန့်မှန့်မရသော အမူအယာထဲတွင် ဖျော့တော့သော အပြုံးတစ်ပွင့်ပါနေသည်ကို ကျွင်းဟွိုင်လန်မြင်ခဲ့ရသည်။


ကျွင်းဟွိုင်လန်၏ ဘဝနှစ်ခုလုံးတွင် ရွှယ်ယန်မှ မည်သည့်အချိန်ကမှ မပြုံးခဲ့ချေ။ သူ့အသွင်အပြင်မှာ အံ့မခန်းဖြစ်သော်လည်း အေးတိအေးစက် ကြမ်းကြမ်းတမ်းတမ်း မွေးဖွားလာသူဖြစ်၏။ မထင်မှတ်စရာမှာ သူ့မျက်နှာမှာ အေးစက်နေတုန်းဖြစ်သော်လည်း ယခုအချိန်တွင် သူ၏မျက်နှာမှာ အေးစက်နေသည့်တိုင် မျက်လုံးထဲရှိအကြည့်များထဲတွင် ရေခဲထုမှအနည်းငယ် အရည်ပျော်ကျကာ ရုတ်တရက်လင်းလက်လာ‌သောကြောင့် လူအချို့၏နှလုံးခုန်နှုန်းကိုပင်မြန်စေခဲ့သည်။


ကျွင်းဟွိုင်လန် သူ့မျက်လုံးများကို အကြည့်လွှဲကာ မော့ကြည့်လိုက်သော အချိန်တွင် ဖယောင်းတိုင်မီးအောက်မှ ဗုဒ္ဓ ဆင်းတုတော်၏ မျက်လုံးများကို တွေ့လိုက်ရ၏။ 


ဤနေရာမှာ ဗုဒ္ဓ၏ သန့်စင်သော နယ်မြေ‌ဖြစ်သော်လည်း ဘူးအတွင်းရှိဟင်းလျာအများစုကတော့ အများဆုံးတားမြစ်‌ထားသော အသားနဲ့ငါးများဖြစ်နေခဲ့သည်။ ဖုရိမှာ ပြင်ဆင်နေချိန်တွင် သတိထားမနေခဲ့မိသောကြောင့် အစားအသောက်ဘူးထဲတွင် အသားဟင်းအမယ် အများအပြားပါနေခဲ့ပြီး ရွယ်ယန်၏လက်ထဲမှ ဒင်မ်ဆမ်း မှာလည်း အမဲသားနှင့်ကြက်သားကို အစာသွပ်ထားခြင်းဖြစ်နေခဲ့သည်။ 


ယနေ့တွင် သူ့စိတ်များ အလွန်လေးလံနေပြီး ခေါင်းထဲတွင် ကိစ္စအတော်များများဖြင့် ပြည့်နှက်နေခဲ့ရာ ထိုအရာကို သူ ဘယ်လိုလုပ်ပြီးမေ့သွားခဲ့ရသည်နည်း။ 


ကျွင်းဟွိုင်လန် ဘူး၏ပထမအထပ်တွင်ရှိသော အသားအများအပြားဖြင့်ပြုလုပ်ထားသည့် ဟင်းပွဲများကို အလျင်အမြန်ဖွင့်ကာ ဘူးအောက်ဆုံးတွင်ဖွက်ထားလိုက်သည်။


ရွှယ်ယန်မှာမူ သူလုပ်သမျှကို ဘေးဘက်မှ စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့သည်။ နတ်သားငယ်တစ်ပါးကဲ့သို့ အေးစက်လှသော ဤလူငယ်လေးမှာ ယခုလိုဖြစ်နေသည်က ရှားပါးလှ၏။ အကြည့်တစ်ချက်နှင့်ပင် ထိုလူငယ်လေးမှာ အလုပ်ကျွေးပြုခံနေရသည်ကို နေသားကျနေပြီး တစ်နေ့တာလုပ်ငန်းများနှင့် ပါဝင်ပတ်သက်ခြင်းမရှိသည်ကို မြင်နေရသည်။ ယခုတစ်ခေါက်သူကိုယ်တိုင်ထုပ်‌ပိုးရသောအချိန်တွင် ကပျာကယာဖြစ်နေပုံမှာ ချစ်ဖို့ကောင်းလှသည်။


ရွှယ်ယန် ဘေးဘက်တွင် ရှိနေရင်းမှ အလိုအလျောက်ပြုံးမိသွားခဲ့သည်။


ထုပ်ပိုးပြီးသွားသောအခါ ကျွင်းဟွိုင်လန် ဗုဒ္ဓရုပ်တုထံ ဦးညွှတ်အရိုအသေပြုရန် မမေ့ချေ။ သူ့တွင် ဘာသာရေးအယုံအကြည်မရှိသော်လည်း အမြဲတမ်း တလေးတစားဖြင့် ဗုဒ္ဓဘာသာနယ်မြေထဲတွင် ပြုမူလေ့ရှိသည်။ လူမှန်လျှင် သူများ၏သန့်စင်သော နယ်မြေ၌ သူတို့ကိုယ်ပိုင်စည်းမျဉ်းများကို ခဏဘေးဖယ်ကာ ပြုမူရမည် မဟုတ်ပါလော…


"တပည့်တော် မေ့မေ့လျော့လျော့နဲ့ အမှားလုပ်မိသွားပါတယ်…ခွင့်လွှတ်ပေးပါဘုရား .." 


ဘေးတွင်ရှိနေသောရွှယ်ယန်မှ တီးတိုးရယ်လိုက်မိသည်။


 " သူ့ကို ယုံသေးတယ်လား…" 


ကျွင်းဟွိုင်လန် ထရပ်လိုက်ချိန်တွင် ရွှယ်ယန်မှာ ပျင်းရိ‌နေသည့်ပုံဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူသည် ဒူးထောက်ထားရသည့်တိုင် မည်ကဲ့သို့သောလေးစားမှုကိုမှမပြဘဲ သက်တောင့်သက်သာဖြင့် ချုပ်တီးထားမှုမရှိချေ။


"ဖုံးကွယ်စရာ မလိုပါဘူး…" ရွှယ်ယန် ပြုံးလိုက်ကာ ဗုဒ္ဓဆင်း‌တုတော်ရှိရာသို့ ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


 "သူ့ရှေ့မှာ အသားစားလိုက်တာ ငါလေ… အပြစ်ပေးချင်ရင် င့ါကိုပေးမှာပေ့ါ…" 


ပေါ့ပါးစွာပင် သူ၏ရှေ့တွင်ရှိနေသော ဗုဒ္ဓဆင်းတုတော်ကိုကြည့်ကာ ဟာသများပြော‌လိုက်သေး၏။ 


ကျွင်းဟွိုင်လန် အသံတိုးတိုးဖြင့် သတိပေးလိုက်သည် " အပြုအမူတွေကိုဂရုစိုက်ပါ…" 


ရွှယ်ယန် ပြုံးလိုက်၏။ 


" ပုံမှန်အားဖြင့်တော့ သူ့ကိုကြောက်စရာမလိုပါဘူး…သူသာ တကယ်ကြည့်နေမယ်ဆိုရင် ငါ့လို လူတွေအများကြီးကို သတ်ထားပြီးတော့ မတရားမှုတွေကို ဖြစ်စေတဲ့သူကို ခေါ်သွားလောက်ပြီပေါ့…အဲ့ဒါတွေက သူ့ရှေ့မှာအသားစားတာထက်တော့ အပြစ်ကြီးတာ အမှန်ပဲလေ…" 


ကျွင်းဟွိုင်လန်၏ နှလုံးသားထဲတွင် အနည်းငယ်တင်းကြပ်သွားခဲ့သည်။


ဘဝတွင် ဒုက္ခရောက်နေသောသူများသည် နတ်ဘုရားများနှင့် ဗုဒ္ဓအပေါ် မျှော်လင့်ချက်များထားသင့်သည်ဟု သူယုံကြည်ခဲ့သော်လည်း ဒုက္ခခံရသည်မှာ အတိုင်းအတာတစ်ခုကိုကျော်သွားလျှင် နတ်ဘုရားများနှင့် ဗုဒ္ဓတို့ကို မယုံကြည်သည်အထိ ဖြစ်သွားနိုင်ကြောင်းကို သူမထင်ထားမိခဲ့ပေ။ 


၎င်းမှာ မျှော်လင့်ချက်များကို လက်လျှော့လိုက်သောအချိန်မှစ၍ နေသားကျသွားခဲ့သော ခံစားချက်မျိုးပင်ဖြစ်၏။ 


ကျွင်းဟွိုင်လန် မတတ်သာတော့ဘဲ ဝင်ပြောလိုက်မိသည်။


 " စစ်ပွဲတွေမှာ သတ်‌ခဲ့တဲ့သူတွေနဲ့‌ ဒီနေရာကိုဘယ်လိုလုပ်ပြီးနှိုင်းယှဉ်လို့ရမှာလဲ…အဲ့ဒါအပြင် မင်းအမှားလုပ်ထားတာ ဘယ်နှစ်ခုရှိသေးလို့လဲ…နတ်ဆိုးကြယ်လို့ အကြိမ်အနည်းငယ်အခေါ်ခံရရုံလေးနဲ့တော့ မင်းကိုယ်မင်း မထိန်းချုပ်လိုက်သင့်ဘူး…"


ရွှယ်ယန်၏ မျက်ဝန်းများမှာ အနည်းငယ်လေးနက်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ အနည်းငယ်ရီစရာကောင်းသည်ဟုခံစားနေရသည်။


ထိုသူ၏နှလုံးသားမှာ မည်ကဲ့သို့သောအရာများနှင့် ပြုလုပ်ထားခဲ့သည်နည်း…


ဤကမ္ဘာပေါ်ရှိလူတိုင်းမှာ သူ့ကိုနတ်ဆိုးကြယ်ဟူ၍သတ်မှတ်ထားကြပြီး သူကိုယ်တိုင်ပင် ယုံကြည်နေခဲ့သော်လည်း ထိုသူမှာတော့ လက်မခံနိုင်ဖြစ်နေခဲ့သည်။


သူကြောက်လန့်ရကောင်းစေမှန်းတောင် သိသေးရဲ့လား…


ကျွင်းဟွိုင်လန် ဆက်ပြောလာသည် "နောက်ကျရင် အပြစ်မရှိတဲ့သူတွေကို ထင်ရာစိုင်းပြီး မသတ်နေသရွေ့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေက မင်းကို အပြစ်ပေးမှာ မဟုတ်ပါဘူး…"


ရွှယ်ယန် မတတ်သာဘဲ ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်လိုက်မိသည်။

36.2


ဘာကြောင့်များ ထိုသို့ရဲရင့်သောသူက ရွံ့ဖြင့်ဖန်တီးထားသော ဘုရားများ ဗုဒ္ဓများကို ကြောက်ရွံ့ရန် ဆုံးဖြတ်ထားသနည်း။ 


ကျွင်းဟွိုင်လန် ထိုသို့ပြောလိုက်သော်လည်း ရွှယ်ယန်ကို အနည်းငယ်အံ့ဩသွားစေချင်ရုံသာဖြစ်ပြီး နောက်တစ်ချိန် ဗုဒ္ဓဘာသာအကြောင်းကို ထိုကဲ့သို့ရိုင်းရိုင်းစိုင်းစိုင်းပြောရဲတော့မည် မဟုတ်ချေ။ သို့‌သော် ရွှယ်ယန်၏ စူးရှသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသောအချိန်တွင် ကျွင်းဟွိုင်လန် အနည်းငယ်အရှက်ရသွားပြီး အကြည့်လွှဲလိုက်မိသည်။ 


ထို့နောက် ရွှယ်ယန် မေးသည်ကို ကြားလိုက်သည် " မင်းဒီလိုပြောနေတဲ့အချိန် ဘယ်သူ့အတွက်နဲ့ ငါ့ကိုဂရုစိုက်ပေးဖို့ကြိုးစားနေတာလဲ…"


ကျွင်းဟွိုင်လန် ပြောစရာစကားပင်ပျောက်ရှသွားရသည်။ 


သေချာပေါက်ကို အနာဂတ်တွင် သူသတ်ဖြတ်တော့မည့် ကျွင်းမိသားစုတစ်ခုလုံးအတွက်ပေါ့…


" ဒါပဲလေ ဘာမှမဟုတ်ဘူး…" ဟု ကျွင်းဟွိုင်လန် ပြန်ဖြေလိုက်သည်။


ရွှယ်ယန်၏နှုတ်ခမ်းများ မသိမသာ တွန့်ချိုးသွားခဲ့သည်။ 


လွတ်လပ်မှုနှင့် အသားကျနေသော အမြီးတနှံ့နှံ့နှင့်ဝံပုလွေရိုင်းကြီးကို တစ်စုံတစ်ယောက်က လည်ပင်းတွင်ကြိုးကွင်းစွပ်နိုင်မည်ဟု မထင်ထားခဲ့‌ပေ။ 


ရွှယ်ယန်၏စိတ်ထဲတွင် ပျော်ရွှင်မှုများကြောင့် ခုန်ပေါက်မြူးထူးနေခဲ့ရသည်။


ထို့ကြောင့် မျက်နှာအမူအရာဖြင့် မပြလိုက်သော်လည်း တီးတိုးပြောလိုက်လေသည် "အဲ့လိုသာဆိုရင် ငါ့ကိုစောင့်ကြည့်ရမယ်နော်…"


သူ့မျက်လုံးများကို ပင့်ကာ ဗုဒ္ဓရုပ်တုများကို နောက်တစ်ကြိမ်ကြည့်လိုက်၏။ 


ထိုသူက ယုံကြည်ခိုင်းထားမှတော့ တစ်ခါလောက်အတင်းအကြပ် မျက်နှာသာပေးလိုက်ရလည်းဖြစ်ပါတယ်လေ… 


....


ကျွင်းဟွိုင်လန် တစ်ညလုံးဗုဒ္ဓခန်းမဆောင်ထဲတွင် ဒူးထောက်ကာ ရွယ်ယန် နှင့်အတူ‌အဖော်ပြုပေးခဲ့သည်။  


သန်းခေါင်ယံ၏ ဒုတိယညလယ်အကျော်တွင်  သူအနည်းငယ် အိပ်ငိုက်လာပြီး မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်ကို မသိတော့ချေ။


နောက်တစ်နေ့မနက်တွင် အပြင်ဘက်မှကျရောက်လာသော နေရောင်ကြောင့် ကျွင်းဟွိုင်လန်နိုးလာခဲ့ရသည်။ သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါ ဗုဒ္ဓခန်းမထဲမှ ဖယောင်းတိုင်မီးများ အားလုံးငြိမ်းသွားလေပြီ။ မနက်စောစော အလင်းရောင်လေးမှာ သူ့အနောက်မှ ဟောခန်းတစ်ခုလုံးကို ထွန်းလင်းထားပြီး သူတို့နှစ်ယောက်၏ အရိပ်များကို ရွေရောင်ဗုဒ္ဓဆင်းတု၏ ဒူးခေါင်းပေါ်တွင် သွားထင်နေစေ၏။ 


အရိပ်ထဲတွင် သူက ရွယ်ယန်၏ပုခုံးပေါ်တွင် မှီထားသယောင်ဖြစ်နေခဲ့သည်။


ကျွင်းဟွိုင်လန် နိုးလာပြီး အမြန်ထလိုက်ရတော့သည်။ သူ့လှုပ်ရှားမှုနောက်မှ လိုက်လာသည်မှာ မြေပြင်နှင့်တရွတ်တိုက်ပါလာသော နက်ပြာရောင်ဝတ်ရုံပင် ဖြစ်ပြီး ယမန်နေ့ညက ကိုယ်လုပ်တော်ရှု သူ့အားယူခဲ့ရန်မှာလိုက်သော ဝတ်ရုံပင်ဖြစ်သည်။


ကျွင်းဟွိုင်လန် ရွယ်ယန့်ကို အိပ်ချင်မူးတူးဖြင့်ကြည့်လိုက်ကာ သူ့ပါးစပ်ကိုဟ‌လိုက်သော အချိန်တွင်အသံက အနည်းငယ်အက်ကွဲနေပြီး နှာသံပေါက်နေသော အသံဖြင့် "ဒီဝတ်ရုံက…" 


သူ့နှာ‌ခေါင်းသံလေးမှာ မည်မျှပျော့ပျောင်းသွားသည်ကို သူမကြားလိုက်နိုင်သော်လည်း ရွယ်ယန်မှာမူ သူ့ကို နားမလည်နိုင်သော အကြည့်များဖြင့်ကြည့်လာခဲ့လေသည်။


"ငါမအေးပါဘူး…" ရွှယ်ယန် သူ၏လက်ကို အကြောဆန့်ကာ မြေကြီးပေါ်တွင်ပြုတ်ကျနေသော ကျွင်းဟွိုင်လန်၏ ဝတ်ရုံကို ကောက်ယူပြီး မတ်တပ်ထရပ်လိုက်သည်။


ကျွင်းဟွိုင်လန်မှာ ရွယ်ယန်နှင့် အတူတူလိုက်ထလိုက်ရသော်လည်း တစ်ညလုံး‌ဒူးထောက်ထားရသည့်အတွက် သူ့ခြေထောက်များ ထုံကျင်နေခဲ့ပြီး ၎င်းကို ရုတ်တရက်အားပြုလိုက်သောအချိန်တွင် ယိုင်သွားကာ မြေကြီးပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့ရာ အနီးတွင်ရှိနေသော ရွှယ်ယန်မှသူ့ကိုလှမ်းထိန်းပေးလိုက်ရသည်။


 


 ရွယ်ယန် သူ့အဝတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ တစ်ခြားတစ်ဖက်ဖြင့် လက်ကို လှမ်းဆွဲထားလိုက်ပြီး ကျွင်းဟွိုင်လန်ကို ထူပေးကာ သူ့အင်အားဖြင့် မတ်တပ်ရပ်နိုင်ရန် ကူညီပေးခဲ့သည်။ 


သို့သော်လည်း ယခုအနေအထားမှာ သူက ရွယ်ယန့်ပေါ်တွင် မှီခိုထားသယောင်ဖြစ်နေခဲ့သည်။


ကျွင်းဟွိုင်လန် မတ်တပ်ထရပ်လိုက်ချိန်တွင် ဗုဒ္ဓခန်းမထဲတွင် အခြားတစ်ယောက်ရှိနေကြောင်းသိလိုက်ရ‌လေသည်။ထိုသူမှာ မနေ့ညက ခန်းမကိုသန့်ရှင်းရေးလုပ်နေသော ကိုရင်ငယ်ကလေးဖြစ်ပြီး သူ၏အကြည့်ကို ခံစားမိလိုက်သော ကိုရင်ငယ်လေးက ခေါင်းမော့ကြည့်လိုက်ကာ သူ၏မျက်လွှာကိုချပြီး ကျွင်းဟွိုင်လန်ထံအရိုအသေပေးလာခဲ့သည်။


ထိုအချိန်မှသာ ကျွင်းဟွိုင်လန် သူ့အပြုအမူများက ရွယ်ယန်နှင့်တအားနီးကပ်နေသည်ကို သဘောပေါက်သွားခဲ့ရသည်။ ယမန်နေ့ညတွင် သူ ရွယ်ယန့်ပေါ်၌အိပ်မိခဲ့သည်ကို အမှတ်ရသွားပြီး တစ်စုံတစ်ယောက်မြင်သွားမည်လားဆိုသည်ကို သူမသိပါချေ။ထိုသို့တွေးမိရင်းမှ  ကျွင်းဟွိုင်လန်၏ နားရွက်များ ပူလာကာ ရွယ်ယန့်လက်ကို အမြန်တွန်းထုတ်လိုက်မိလေသည်။ 


 


သို့သော်လည်း ထိုအခြေအနေမှာပင် သူတို့နှစ်ဦးအလွန်နီးကပ်နေသေးသည်။  


တစ်ဖက်တွင်မူ ရွှယ်ယန်မှာ မည်သူ့ကိုမျှ မမြင်လိုက်သကဲ့သို့ တည်ငြိမ်စွာရပ်နေခဲ့ပြီး ကျွင်းဟွိုင်လန်၏ယိမ်းထိုးနေသောခြေထောက်များပြန်ကောင်းလာမည်ကိုစောင့်‌ဆိုင်းနေခဲ့သည်။ ထို့နောက် ကျွင်းဟွိုင်လန် ရွှယ်ယန်မှ သူ၏လက်နှစ်ဖက်ကိုဆုပ်လျက် ကိုရင်ငယ်လေးကိုအရိုအသေပေးလိုက်သည်ကို မြင်လိုက်ရသည်။


" ဗုဒ္ဓခန်းမဆောင်က ညဆိုရင်အေးတယ်… ဒကာကြီးတို့လည်း မြတ်စွာဘုရားအတွက် ကြိုးကြိုးစားစားဝတ်ပြုခဲ့တာပဲလေ ပြန်ရောက်တဲ့အချိန်ကျရင် ကျန်းမာရေးကိုဂရုစိုက်ဖို့မမေ့ပါနဲ့ဦး…"


ကျွင်းဟွိုင်လန် ခေါင်းညိတ်ပြကာ ကျေးဇူးတင်လိုက်၏။ 


"သွားရအောင်…" သူပြန်ကောင်းလာပြီကို သိသော ရွယ်ယန်က မြေကြီးပေါ်မှ အစားအသောက်ဘူးကို ကောက်ယူကာ ထွက်သွား၏။ 


ကျွင်းဟွိုင်လန်လည်း သူနဲ့အတူ ထွက်လာခဲ့သည်။ 


သူတို့နှစ်ဦးသား မင့်လွမ် နန်းတော် သို့ပြန်ရောက်သောအခါ ဖုရိက တံခါးဝတွင်စောင့်နေပြီး  ကျွင်းဟွိုင်လန် ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် အလျင်အမြန်‌ပြေးလာကာနှုတ်ဆက်စကားဆိုလိုက်လေသည်။


 "သခင်လေး တစ်ညလုံးပြန်မလာတာ ကြားပြီးတော့ အရှင်မက အတော်လေးစိတ်ပူနေတာ…မြေနဂါးသလွန်ကိုအပူပေးဖို့တောင် အစေခံတွေကို ပြင်ခိုင်းထားသေးတယ်.. ဒါကြောင့် သခင်လေး အမြန်ပြန်ပြီး နွေး‌ထွေးအောင်လုပ်ပါတော့နော်…"


ထိုသို့ပြောရင်းမှ ရွယ်ယန့်ကိုကြည့်လိုက်ကာ ရှက်ပြုံးပြုံးလိုက်ပြီး " အရှင်မက မင်းသား၅အတွက်လည်း ပိုပြီးပြင်ဆင်ထားဖို့ အစေခံတွေကိုအထူးတလည်မှာကြားထားပါတယ်.. မင်းသား၅မနက်စာအတူသုံးဆောင်ရန်အတွက် ဒီကိုကြွပါ…"


ကျွင်းဟွိုင်လန် အနည်းငယ်လေး ပြုံးလိုက်မိသည်။ 


အရီးတော်ကိုယ်လုပ်တော်ရှုမှာ လွှမ်းမိုးနိုင်ပြီး ထက်မြက်သောသူဖြစ်သော်ငြားလည်း ရှားပါးသော နှလုံးသားပိုင်ရှင်ဖြစ်သည်။ သူ့ဒေါသမှာ အနည်းငယ်ထူးဆန်းသော်လည်း တစ်ချက်ကြည့်ရုံနဲ့တင်သူ၏စိတ်ထားကို ခန့်မှန်းနိုင်သည်။


ကျွင်းဟွိုင်လန် မနေနိုင်တော့ဘဲ ရွယ်ယန့်ကိုတစ်ချက်ခိုးကြည့်လိုက်ချိန်တွင် ရွယ်ယန် ကျွင်းဟွိုင်လန်၏အပြုံးမျက်လုံးများကို တွေ့ဆုံသွားခဲ့ရသည်။


Xxxxxx