Chapter 37
လူတစ်ယောက်မှာ သာမန်ပြုံးနေရုံဖြင့် ထိုမျှလှပနိုင်ကြောင်းကို ရွယ်ယန်မသိခဲ့ရပေ။ ထိုသူ၏အပြုံးမှာ လူအများ၏ စိတ်ထဲတွင် သက်တောင့်သက်သာဖြစ်စေနိုင်ကာ မနက်ခင်းတွင် တိုက်ခတ်လေ့ရှိသော လေပြေလေးကဲ့သို့ ကြည်လင်စေနိုင်သေးသည်။
ပုံမှန်အားဖြင့် ကိုယ်လုပ်တော်ရှု၏ ချစ်မြတ်နိုးမှုမှာ သူ့အတွက် အသုံးမဝင်သည်သာမက ဒုက္ခပင်ရောက်စေနိုင်သည်။ သို့သော် ယခုအချိန်တွင် အနည်းငယ်သာ အားစိုက်ထားသော်လည်း ပြဿနာများကို ဖြေရှင်းနိုင်မည်ဟုခံစားနေရသည်။
ရွှယ်ယန် အမြဲလိုပြောခဲလှသော်လည်း ဖုရိကိုကျေးဇူးတင်စကားဆိုလိုက်လေသည်။
ထို့ကြောင့် မနက်စောစောတွင် ကျွင်းဟွိုင်လန်၏ အိမ်အတော် အလွန်တရာသက်ဝင်တက်ကြွလျက်ရှိသည်။ စားပွဲပေါ်ရှိ အိုးမှာ ရနံ့မွှေးနေသော သိုးစွပ်ပြုတ်ဖြင့်အပြည့်ဖြည့်ထားပြီး မီးအေးအေးဖြင့် ခြောက်နာရီခန့်မျှ သိုး၏အရိုးများကို ကျိုချက်ထားခြင်းဖြစ်ရာ ယခုအချိန်တွင် ပွက်ပွက်ဆူနေပြီး ရနံ့နှင့် မီးခိုးငွေ့များက အခန်းတိုင်း၏ လေထုထဲတွင်ပြည့်နှက်နေသည်။ စားပွဲတွင် နန်းတော်အကူလေးများနှင့် အထိန်းတော်များမှာ စားပွဲများပြင်ဆင်နေကြကာ ပန်းကန်များထဲတွင် အသားနှင့် ဟင်းသီးဟင်းရွက်များဖြင့်ပြည့်နေခဲ့သည်။
ကျင်းပေါင်သည်လည်း ထိုနေရာတွင်ရှိနေခဲ့သည်။ သူသည် ရွယ်ယန်၏နံဘေးတွင် အချိန်အတော်ကြာခစားနေခဲ့ရသော်လည်း သူ့ကိုကြောက်ရွံ့နေဆဲပင်ဖြစ်ကာ သူ့ကိုယ်သူအားပေးနေခဲ့သည်။ တစ်ချိန်ထဲမှာပင် မျက်စပစ်ကာ ချိုမြသောပါးစပ်လေးဖြင့် ကျွင်းဟွိုင်လန်၏နန်းဆောင်တွင်းရှိ နန်းတော်အစေခံလေးများကို စနောက်ကျီစယ်နေပြီး ထိုမိန်းမပျိုလေးများမှ ရယ်မောကာ သူ၏နဖူးကိုလက်ဖြင့်တောက်၍ သူ၏နောက်ပြောင်မှုအပေါ် ဆူပူနေကြလေသည်။
ကျွင်းဟွိုင်လန် ဝင်လိုက်သည့်တစ်ပြိုင်နက် အိုးနှင့် မြေနဂါးသလွန်တို့မှာ ပူနွေးနေသည်ကိုခံစားလိုက်ရချိန်မှသာ သူအလွန်ချမ်းနေခဲ့သည်ကို သဘောပေါက်သွားရသည်။ ထိုစဉ်နန်းတော်အစေခံလေးတစ်ဦးရောက်လာကာ သူတို့နှစ်ဦးအတွက် လက်စွဲအနွေးမီးအိမ်တစ်ခုကမ်းပေးလိုက်ပြီး အပေါ်ထပ်အင်္ကျီများကို ချွတ်စေကာ စားပွဲခုံ၌ထိုင်စေလိုက်ချိန်တွင် သူပြန်လည် နွေးထွေးသွားသလို ခံစားလိုက်ရသည်။
ကျွင်းဟွိုင်လန် ကမ်းပေးလာသော လက်ဖက်ရည်ပူပူကိုလှမ်းယူလိုက်ပြီး " လင်ဟွမ်ကောနိုးပြီလား သူနိုးလာရင် မနက်စာအတူထွက်စားဖို့ပြောပေးပါ…"
ကျွင်းလင်ဟွမ် ထိုစွတ်ပြုတ်စားရသည်ကို နှစ်သက်ကြောင်း သူအထူးတလည်မှတ်မိနေခဲ့သည်။ ထို့အပြင် ယမန်နေ့ညမှအဖြစ်အပျက်ကြောင့် ဖြစ်ခဲ့သော ရွှယ်ယန်နှင့်သူမတို့ကြားရှိ အထင်လွဲမှားမှုအချို့ကိုလည်း တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းချင်သောကြောင့် ခေါ်လိုက်ခြင်းပင်ဖြစ်၏။
မကြာမီအချိန်တွင် နန်းတော်အစေခံများမှ ကျွင်းလင်ဟွမ်ကိုခေါ်ဆောင်လာခဲ့သည်။
" အစ်ကိုတော် ဘယ်လိုလုပ်ပြီး မနက်စောစောစွပ်ပြုတ်စားနေကြတာလဲ…"
ကျွင်းလင်ဟွမ်မှာ ခုန်ပေါက်ပြေးလွှားကာ ဝင်လာခဲ့ပြီး သူမ၏နောက်မှအစေခံများမှ အလျင်အမြန်ပြေးလိုက်၍ သူမ၏အဝတ်အစားများကို ပြင်ဆင်ပေးနေကြသည်။
ကျွင်းလင်ဟွမ် ကျွင်းဟွိုင်လန်ကို အရိုအသေပေးလိုက်ပြီးနောက် သူ၏ဘေးတွင်ထိုင်နေသော ရွှယ်ယန်ကိုမြင်သွားခဲ့သည်။ ကျွင်းဟွိုင်လန်မှာ မည်သည့်စကားမျှ ဆိုမလာသောကြောင့် ကျွင်းလင်ဟွမ်အနည်းငယ်ရှက်သွားပြီး မျက်နှာနီမြန်းလာကာ ရွှယ်ယန်ကိုလည်း အရိုအသေပေးလိုက်လေသည်။
" လင်ဟွမ်မနေ့တုန်းက အစ်ကိုတော်မင်းသား၅အပေါ်ကိုအမှားလုပ်မိသွားတာ တောင်းပန်ပါတယ်နော်…" ကျွင်းလင်ဟွမ် အသံတိုးတိုးဖြင့်ပြောလာခဲ့သည်။
ကျွင်းဟွိုင်လန်မှာမူ စိတ်သက်သာရသွားခဲ့သည်။ သို့သော်လည်း မနေနိုင်ဘဲ ရွှယ်ယန့်ကိုခိုးကြည့်လိုက်မိချိန်တွင် ရွှယ်ယန်သည်လည်း သူ့ကိုကြည့်နေခဲ့သည်ကို မြင်လိုက်ရသည်။
ငါ့ညီမကမင်းကိုတောင်းပန်နေတာလေ.. ဘာလို့ငါလုပ်သလိုမျိုးထင်နေတာလဲ….
သို့သော် ခဏအကြာတွင် ရွှယ်ယန်အကြည့်လွှဲလိုက်ပြီးနောက် ကျွင်းလင်ဟွမ်ကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
" ကိစ္စမရှိပါဘူး အစထဲက ငါလည်းအဲ့လောက်ကြီးဂရုစိုက်တာမှမဟုတ်တာ…"
" တကယ်လား.." ကျွင်းလင်ဟွမ်မှာပျော်ရွှင်စွာရယ်မောလိုက်ပြီး ကလေးဆန်သောအမူအယာဖြင့် " အစ်ကိုတော်မင်းသား၅က အရမ်းကြင်နာတာပဲ.. တကယ်ကို ဓားရှည်ကိုင်စွဲပြီး မြင်းစီးနေတဲ့သူရဲကောင်းကြီးနဲ့တူတယ်…"
ကျွင်းဟွိုင်လန် မနေနိုင်တော့ဘဲ အနောက်ဖက်မှ နန်းတွင်းအပျိုတော်ကို မာန်မဲလိုသည့်အကြည့်တစ်ချက်ပေးကာ ပြောလိုက်သည် " ဟွမ်အာကို လမ်းမပေါ်က ဘန်းစကားတွေပါတဲ့စာအုပ်မျိုးတွေ ဖတ်ပြီးသင်ယူနေတာမျိုး မဖြစ်စေနဲ့…"
အပျိုတော်ကလေးမှ အလျင်အမြန် ခေါင်းငြိမ့်ကာ အရိုအသေပေးလိုက်ရသည်။
ကျွင်းဟွိုင်လန် လက်ကိုမြောက်ကာ ကျွင်းလင်ဟွမ်ကို ထိုင်ရန်ကူညီပေးလိုက်သော်လည်း သူမကိုသတိပေးရန်မမေ့ခဲ့ပေ။
" ဒီတစ်ကြိမ်တော့ မင်းအတော်ခံစားခဲ့ရတယ်.. ဒါပေမယ့် သေသေချာချာမှတ်သားထားရမယ် မင်းကောင်းကောင်းမသိတဲ့သူဆိုရင် သူတို့ကဘယ်သူကြီးဖြစ်နေနေ မင်းသူတို့နားမှာ ပြေးလွှားမနေရဘူး…"
ကျွင်းလင်ဟွမ်မှာ နာနာခံခံရှိနေခဲ့သည်။
ထို့ကြောင့် ကျွင်းဟွိုင်လန် ဆက်ပြောလိုက်သည်
" ပြီးတော့ တခြားသူရဲ့နောက်ကွယ်မှာ မကောင်းပြောတတ်တဲ့သူတွေကိုလည်း သူတို့ပြောသလိုမျိုး ဒီတိုင်းပဲယုံပစ်လိုက်လို့မရဘူး.. သူတို့က တစ်ခြားသူတွေကို အသားစားကျားတို့ ဝံပုလွေကောင်တို့ မကောင်းဆိုးဝါးတို့ဆိုပြီး ပြောနေတတ်တာက တကယ်တော့ သူတို့ရဲ့မြေခွေးလိုကောက်ကျစ်တဲ့နှလုံးသားကြောင့်ပဲ…"
ကျွင်းလင်ဟွမ် သက်ပြင်းတစ်ချက်ချကာ နားလည်ကြောင်းအချက်လိုက်ပြီး ထိုစကားများကို သူမ၏နှလုံးသားထဲတွင် စွဲမြဲစွာမှတ်သားလိုက်သည်။
တစ်ဘက်တွင်တော့ သူ၏ဘေးမှ ကျင်းပေါင်မှာ မအောင့်နိုင်တော့ဘဲ ခွီးခနဲရယ်မိသွားသည်။
သခင်လေးမှာ အေးစက်ကာ အများသူငှာ လက်လှမ်းမမီနိုင်သကဲ့သို့နေရာတွင်ရှိနေပြီး ဓလေ့ထုံးတမ်းများကို သိနားလည်ဆုံးသောသူတစ်ဦးဖြစ်သော်လည်း သူ၏အရှင်မင်းသားအတွက်နှင့် မင်းသား၂ကို ဝံပုလွေနှလုံးသားပိုင်ရှင်ဟူ၍ ပြစ်တင်ပြောဆိုလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
37.2
မည်သို့ပင်ဖြစ်စေ သူရယ်သံမဆုံးလိုက်ခင်မှာပင် ဓားတစ်ချောင်းကဲ့သို့ ချွန်မြအေးစက်သည့်အကြည့်တစ်ခု သူ့ထံသို့ရောက်ရှိလာသဖြင့် ကျင်းပေါင်၏အပြုံးများတောင့်ခဲသွားပြီး သူ၏အပြုအမူများကို ကောင်းမွန်စွာလေ့ကျင့်ထားသကဲ့သို့ ထိန်းချုပ်လိုက်ရသည်။
ကျွင်းသခင်လေး၏နန်းဆောင်ထဲတွင် မိန်းမပျိုလေးများနှင့် ကျီစယ်နေခဲ့ရကာ အရာအားလုံးမှာ အေးချမ်းနေခဲ့သဖြင့် ထိုစိတ်အားထက်သန်မှုက သူ၏နိုးကြားမှုကို ပြေလျော့သွားစေခဲ့ရာ သွေးအေးနတ်ဆိုးတစ်ကောင်ကဲ့သို့ သခင်ဖြစ်သူ၏ဒေါသကိုမေ့လုနီးပါးဖြစ်သွားခဲ့သည်။
ကျင်းပေါင် ငုံးတစ်ကောင်ကဲ့သို့ ထိုနေရာတွင် အချိန်အတန်ကြာ ရပ်နေခဲ့ပြီး သခင်ဖြစ်သူ၏ ဒေါသပြေမပြေကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။
မည်သို့ပင်ဖြစ်စေ သူ၏ဆန့်ကျင်ဘက်အရပ်တွင်ရှိနေသော အရှင်မင်းသားမှာ သူ့ကိုအချိန်ကြာကြာ စိုက်ကြည့်နေခဲ့ခြင်းမရှိခဲ့ပေ။ ထိုအစား သူ၏မျက်လုံးများမှာ အချိန်တိုင်းလိုလိုပင် ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ ကျွင်းသခင်လေး၏အပေါ်တွင်သာ ရှိနေကာ ထိုမျက်လုံးများထဲတွင် သူ၏အပြုံးကိုပင် ကွယ်ဝှက်မထားချေ။
ကျင်းပေါင် တိတ်တခိုး နှုတ်ခမ်းဆူလိုက်မိသည်။
ကျွန်တော်မျိုးသည်လည်း အရှင့်အတွက်ဝမ်းသာမိပါတယ်နော်.. အဘယ့်ကြောင့်များ ထိုကဲ့သို့ ကြည့်နေရသလဲ…
ကျွင်းဟွိုင်လန်၏နန်းဆောင်တော်ထဲတွင် လူများ သက်ဝင်လှုပ်ရှားနေသည်။ စားသောက်ပြီးချိန်တွင် သူတို့၏ပါးစပ်နှင့်လက်များဆေးကြောရန်အတွက် အစေခံများမှ ရေသယ်လာပေးခဲ့ပြီး သန့်စင်ပြီးနောက်တွင် လက်ဖက်ရည်ကြမ်းများ တည်ခင်းလိုက်ကြသည်။
ချမ့်ချိုးစားသောက်ပွဲကြီးအပြီးတွင် ပုံမှန်လိုပင် မင်းညီမင်းသားများနှင့် တော်ဝင်မျိုးနွယ်များမှာ ၂ရက်ခန့်အနားယူနိုင်ပြီး ဝမ်ဟွားနန်းဆောင်သို့ ပညာသင်ရန်အတွက် အလျင်စလိုပြန်သွားရန် မလိုအပ်ပေ။
ထိုအချိန်တွင် တျန့်ချွေးရောက်ရှိလာသည်။
" အရှင်မင်းသားနဲ့သခင်လေးတို့ သုံးဆောင်ပြီးကြပြီလား…" တျန့်ချွေးပြုံးလျက် သူတို့နှစ်ဦးကို အရိုအသေပေးလိုက်ပြီး " ဒီအစေခံက မမျှော်လင့်ပဲရောက်လာမိသွားပါတယ်…"
ကျွင်းဟွိုင်လန် သူ၏လက်ကို ခါယမ်းပြလိုက်ကာ " အဒေါ်တျန့်ချွေးကဘာကိစ္စများရှိလို့လဲ…"
တျန့်ချွေးပြုံးလျက် " ဒီအစေခံက အရှင်မင်းသား၅ကိုရှာဖို့အတွက်ရောက်လာတာပါ…အရှင်မင်းသား၅ကနေ့စဉ်နေ့တိုင်း မနက်စောစောထပြီး နောက်ဖေးခြံမှာ သိုင်းသွားကျင့်လေ့ရှိတယ်လို့ မယ်မယ်ကကြားဖူးတာကြောင့် အရှင်မင်းသားဆီ ပို့ဆောင်ပေးဖို့ရန် လက်နက်အချို့ရှာဖို့ အစေခံတွေကိုမှာကြားထားတာပါ.. အခု အသုံးပြုနေကြလက်နက်တွေရယ် အခြားလက်နက်အစုံလိုက်ကို နေရာမှာပဲထားပြီးပါပြီ.. အဲ့ဒါကြောင့် အရှင်မင်းသား၅ကို လိုအပ်တာများကျန်ရှိနေဦးမလားဆိုပြီး လာရောက်ကြည့်ရှုဖို့အတွက် လာခေါ်တာပါ သခင်လေး.."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျွင်းဟွိုင်လန်အနည်းငယ် ပဟေဠိဖြစ်သွားခဲ့ရသည်။ ရွှယ်ယန်မှာ ကိုယ်လုပ်တော်ရှု၏နန်းဆောင်တွင်ရှိနေသည်ဖြစ်ရာ ၎င်းမှာ လူတိုင်းရှောင်ရှားမည့်အရာပင်ဖြစ်သည်။ မနေ့ညအထိပင် ကိုယ်လုပ်တော်ရှုမှာ ရွှယ်ယန်ကိုမုန်းတီးနေသေးသည်ဖြစ်ရာ မည်သူကများ ရွှယ်ယန်၏အရေးကိစ္စများအကြောင်းကို ကိုယ်လုပ်တော်ရှုရှေ့တွင် များစွာပြောရဲမည်နည်း…
သို့သော်လည်း မသိချင်ယောင်ဆောင်ကာ ကျွင်းဟွိုင်လန်ဆက်မေးလိုက်သည် " အိုးး ဟုတ်လား အဲ့ဒါတွေဘယ်နားမှာလဲ…"
တျန့်ချွေး ပြုံးလိုက်ပြီး " အရှင်မင်းသား၅ရဲ့အိမ်တော်နဲ့နီးတဲ့ ဧည့်ဆောင်ရဲ့ရှေ့မှာပါ..အဲ့ဒီအတွက် အရှင်မင်းသား တခြားနေရာကို နေ့တိုင်းသွားနေစရာမလိုတော့ဘူးပေါ့…"
ကျွင်းဟွိုင်လန်မျက်မှောင်ကြုတ်ကာ ပြတင်းပေါက်၏ဘေးနှစ်ဖက်သို့လှမ်းကြည့်လိုက်သည်။
ကိုယ်လုပ်တော်ရှု၏မင့်လွမ်နန်းဆောင်မှာ လက်ရာမြောက်ကာ ထူးခြားဆန်းကြယ်လှပြီး အထူးသဖြင့် ဧည့်သည်ဆောင်၏အရှေ့ဘက်တွင် အဖိုးထိုက်တန်သော ဥယျာဉ်တစ်ခုရှိကာ သီးသန့်လူလုပ်ရေကန်တစ်ခုလည်းရှိသည်။ ပုံမှန်နေ့ရက်များတွင် ကိုယ်လုပ်တော်ရှုနှင့် အခြားကိုယ်လုပ်တော်များလာရောက်ကြကာ စံအိမ်ငယ်မှာနေ၍ ရှုမျှော်ခင်းများ ရှုစားလေ့ရှိကြသည်ဖြစ်ရာ အကယ်၍သာ ထိုနေရာတွင် လေးလံသော သံထည်လက်နက်များကို ထားရှိလိုက်ပါက ထိုနေရာ၏ ကျောက်စိမ်း၊ပုလဲ နှင့် သစ်ပင်ပန်းမန်တို့အကြားတွင် အတော်လေး မျက်စိပသာဒမဖြစ်စေနိုင်ပေ။
ထို့အပြင် ၎င်းကို လာမည့်သူတိုင်းက မြင်တွေ့နိုင်ပေမည်။
ထိုအရာမှာ လာရောက်မည့်သူတိုင်းကို ကိုယ်လုပ်တော်ရှုမှ မင်းသား၅အပေါ် မည်မျှချစ်ခင်ကြောင်း ဖော်ထုတ်ပြောကြားနေသကဲ့သို့ ဖြစ်နေနိုင်လေမည်။ အနီးအနားရှိ အခြားကိုယ်လုပ်တော်များကို မဆိုထားနှင့် ဧကရာဇ်သည်ပင် တနေ့လျှင် သုံးမိနစ် လေးမိနစ်ခန့်မျှ လာရောက်လည်ပတ်တတ်သည်ဖြစ်ရာ ရွှယ်ယန်၏လက်နက်များကို သူ၏မျက်စိရှေ့တွင် ထားထားခြင်းမှာ ဧကရာဇ်ကိုပို၍ပင် စိတ်ခုလာအောင် ပြုလုပ်နေခြင်းမဟုတ်ပါ၏လော…
ထို့အပြင် ထိုနေရာနှင့် အနောက်ဖက်ခြံဝန်းမှာ ပင်ပခန်းမကိုကျော်ဖြတ်ရုံမျှသာ ကွာဝေးလှသည်။
ကျွင်းဟွိုင်လန် တျန့်ချွေးကို ခေါင်းအစခြေဆုံးစိုက်ကြည့်နေခဲ့သည်။
သူနန်းတော်အတွင်းသို့ ပြောင်းရွှေ့လာသည့် အချိန်မှစ၍ တျန့်ချွေးတစ်ခုခုမှားယွင်းနေသည်ကို ခံစားမိခဲ့ပြီး ယခုအချိန်တွင်မူ သူမကို ကြည့်လေလေ ပို၍ သံသယဖြစ်မိလေလေဖြစ်သည်။
အများအမြင်တွင် တျန့်ချွေးမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်တတ်ပြီး ရွှယ်ယန်ကို မနှစ်သက်ရုံမျှသာ ဖြစ်သော်လည်း အတွင်းကျကျကြည့်လိုက်မည်ဆိုပါက သူမလုပ်ဆောင်ခဲ့သောအရာအားလုံးမှာ ရွှယ်ယန်ကို အန္တရာယ်ဖြစ်စေနိုင်သည်သာမက အဆုံးတွင် ၎င်းတို့မှ ကိုယ်လုပ်တော်ရှုမှ ခိုင်းစေခဲ့သလိုမျိုး ညွှန်ပြပေးနေခဲ့သည်။
ကျွင်းဟွိုင်လန် သူ၏အတွေးများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး လက်နက်ပုံကြီးကို စူးစမ်းချင်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သို့သော်လည်း သူ မြွေကိုမခြောက်မိစေဘဲ ထိုအရာကြီးကို တျန့်ချွေးကို အနောက်ဖက်ခြံဝန်းသို့ရွှေ့စေနိုင်မည့် အကြောင်းအရင်းကို စဉ်းစားနေခဲ့သည်။
ထိုအချိန်၌ ရွှယ်ယန်၏စကားသံကို ကြားလိုက်ရသည်။
" အနောက်ဖက်ခြံဝန်းထဲကိုရွှေ့လိုက်.. ငါက အနောက်ဖက်ခြံမှာ လေ့ကျင့်နေတာ နေသားကျနေပြီး အဲ့ဒီမှာက ပိုပြီးကျယ်ဝန်းတယ်…"
ကျွင်းဟွိုင်လန် ရွယ်ယန်ကို အံ့ဩတကြီးဖြင့် ကြည့်လိုက်မိချိန်တွင် ထိုသူ၏မျက်လုံးများမှာ အဝေးတစ်နေရာသို့ရောက်ရှိနေသည်ကိုမြင်လိုက်ရသည်။ ရွှယ်ယန်၏မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မျှ ပေါ်မနေခဲ့သော်လည်း ကျွင်းဟွိုင်လန်အမြဲလိုခံစားနေမိသည်မှာ ရွှယ်ယန်မှာ သူ့အား အမြဲလို ထွင်းဖောက်မြင်နိုင်သည်ဟူ၍ခံစားနေခဲ့ရသည်။
ကျွင်းဟွိုင်လန် သူအတွေးလွန်သွားသည်ဟုခံစားလိုက်ရသည်။ တျန့်ချွေး၏တုန့်ဆိုင်းကာ မလိုလားသည့်ပုံကိုမြင်လိုက်ရချိန်၌ ကျွင်းဟွိုင်လန် အနည်းငယ်ပြုံးမိသွားပြီး ပေါ့ပေါ့ပါးပါးပြောလိုက်လေသည် " အမှန်ပဲ အဒေါ်တျန့်ချွေး အဓိကကျတဲ့လက်နက်တွေကို အရှေ့ဝန်းမှာ ထားရမယ်ဆိုပေမယ့်လည်း တကယ်လို့သာ မင်းသား၅က အရီးတော်ရဲ့ပန်းပင်တွေကို မတော်တဆပျက်ဆီးစေမိသွားရင် အရီးတော်ထပ်ပြီးမပျော်ရွှင်သွားမှာပေါ့.."
ထိုသို့ပြောလိုက်ပြီးနောက် ကျွင်းဟွိုင်လန် လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ ပြောစရာစကားများပျောက်ရှနေသည့် တျန့်ချွေး၏အမူအယာကို တိတ်တဆိတ်အကဲခတ်နေခဲ့သည်။
လူအများသိကြသည့်အတိုင်းပင် သူ၏ပုံပန်းသဏ္ဍာန်မှာ ပယင်းကဲ့သို့မျက်လုံးများပေါ်တွင် ကျဆင်းသွားခဲ့ရပြီး မြေခွေးငယ်တစ်ကောင်မှ သူလိုချင်သည့်အရာကိုသာတောင်းဆိုနေသကဲ့သို့ မောက်မာကာ သူ၏ခံစားချက်များကို ထုတ်ဖော်ပြသလိုစိတ်မရှိချေ။
Xxxxxx