အပိုင်း ၃၈
Viewers 15k

Chapter 38


နှစ်ရက်ကြာပြီးနောက် မင်းသားများလည်း ဝမ်ဟွားနန်းဆောင်တွင် စာသင်ကြားရန်ရောက်ရှိလာကြသည်။


ထိုနှစ်ရက်အတွင်း နောက်ကျမှ အိပ်ရာဝင်ခဲ့သော ရွှယ်ယွင်ဟွမ်မှာ ထိုနေ့‌တွင် စောစီးစွာနိုးထလာပြီး မင့်လွမ်နန်းဆောင်တွင် ကျွင်းဟွိုင်လန်ကို ရှာရန်ရောက်ရှိလာသည်။ သို့သော် သူမမျှော်လင့်ထားသည်မှာ မင့်လွမ်နန်းဆောင်သို့ရောက်ချိန်တွင် ကျွင်းဟွိုင်လန်မှာ အရှေ့ဆောင်ထဲတွင် တစ်စုံတစ်ဦးနှင့်အတူရပ်၍ စောင့်ဆိုင်းနေမည်ကိုပင်။


ထိုသူမှာ ဖုရိမဟုတ်ပေ။ ဖုရိမှာ ထိုမျှ အရပ်မရှည်ချေ။


ရွှယ်ယွင်ဟွမ် သူနောက်ကျသွားပြီဟု ထင်မိသွားခဲ့သည်။ အဆုံးတွင် ပုံမှန်ရက်များ၌ သူမင့်လွမ်နန်းဆောင်သို့ရောက်ချိန်တွင် ကျွင်းဟွိုင်လန်မှာ အဝတ်အစားများလဲလှယ်ပြီးရုံမျှသာ ရှိနေတတ်သည်။ ထို့ကြောင့် သူအရှိန်မြင့်လိုက်ရပြီး အနားသို့ရောက်ချိန်တွင် သူမထင်မိသောအရာမှာ ကျွင်းဟွိုင်လန်၏အနားရှိရပ်နေသူမှာ ရွှယ်ယန်ဖြစ်နေမည်ကိုပင်။


ထိုသူနှစ်ဦးမှာ ဘေးချင်းယှဉ်ကာရပ်နေကြပြီး ကျွင်းဟွိုင်လန်မှ သူ၏လက်များကို အချင်းချင်းပွတ်တိုက်၍ ရွှယ်ယန်ကိုစကားပြောနေခဲ့သည်။ သူ၏ဘေးမှရွှယ်ယန်မှာမူ ခေါင်းကိုအနည်းငယ်ငုံ့ကာ သူ၏မဲမှောင်ချွန်မြသောမျက်ခုံးများကို ကျုံ့လျက် ကျွင်းဟွိုင်လန်ပြောသည်ကို နားထောင်ပေးနေသည်။


ရွှယ်ယန်မှာ စကားပြောခဲလှပြီး သူ၏အမူအယာသည် အေးစက်နေတတ်သည့်တိုင် တစ်နည်းတစ်ဖုံဖြင့် ယခုအချိန်တွင် ကောင်းမွန်စွာ ထိန်းကျောင်းထားသော ဝံပုလွေတစ်ကောင်နှင့် တူနေခဲ့သည်။


ထိုအချိန်ခဏအတွင်း ၎င်းအရာမှာ မူမမှန်သကဲ့သို့ ရွှယ်ယွင်ဟွမ်ခံစားလိုက်ရသည်။


သို့သော်လည်း ချက်ချင်းဆိုသလို သူသတိဝင်လာခဲ့သည်။ ကျွင်းဟွိုင်လန်မှာ အလွန်အားနည်းပြီး အကယ်၍သာ သူနတ်ဆိုးကြယ်ထံမှ ဖိနှိပ်ခံရမည်ဆိုလျှင် သူဘာလုပ်နိုင်မည်နည်း။ သူ၏အသက်အရွယ်အတွင်းရှိ မင်းညီမင်းသားများနှင့်တော်ဝင်မျိုးနွယ်သခင်လေးများမှာ သူ့အပေါ်စိတ်မဝင်စားတတ်ကြသော်လည်း ကျွင်းမိသားစုမှ သခင်လေးများကတော့ ထိုကဲ့သို့မဟုတ်ကြပေ။ အကယ်၍သာ ရွှယ်ယန်သေဆုံးသွားပါက ကျွင်းဟွိုင်လန်ကို သူမည်ကဲ့သို့ ပြန်ပေးဆပ်နိုင်မည်နည်း….


ရွှယ်ယွင်ဟွမ် အရှေ့သို့အမြန်ပြေးသွားလိုက်ရပြီး သူစကားမပြောခင်မှာပင် ကျွင်းဟွိုင်လန်မှသူ့ကိုအရင်မြင်သွားခဲ့ကာ မျက်ခုံးကိုပင့်၍ အပြုံးတစ်ပွင့်ဖြင့်ပြောလာခဲ့သည်။


 " မင်းဘာလို့အဲ့လောက်နောက်ကျနေတာလဲ ငါ့ကိုခဲသေအောင်‌လုပ်တော့မလို့လား.."


ရွှယ်ယွင်ဟွမ် မယုံနိုင်သည့်အမူအယာဖြင့်ပြောလိုက်လေသည်။


 " ငါနေ့တိုင်းဒီချိန်ပဲလာတာလေကွာ…" ထိုသို့ပြောရင်းမှ မျက်ခုံးကိုပင့်၍ ရွှယ်ယန်ထံသို့ စူးရှပြင်းထန်သည့်အကြည့်တစ်ချက်ပေးလိုက်ပြီး သူ၏တောင်ပေါ်ပန်းကလေးထံမှဝေးဝေးနေရန် သတိပေးလိုက်သည်။


မည်သို့ပင်ဖြစ်စေ ရွှယ်ယန်၏မျက်လုံးများနှင့်ဆုံလိုက်ရသည်နှင့် ရွှယ်ယွင်ဟွမ်သူပြောလိုသည့်အရာကို မပြောလိုက်နိုင်ပေ။


ထိုပယင်းရောင်ဖျော့ဖျော့များမှာ လျစ်လျူရှုတတ်ပြီးတည်ငြိမ်နေကာ ပေါ့ပေါ့ပါးပါးသာ ကြည့်နေပုံရသော်လည်း ဒေါသကိုမြိုသိပ်ထားရသည့် အမည်မသိသောချိန်းခြောက်မှုတစ်ခုပါဝင်နေခဲ့သည်။


ရွှယ်ယွင်ဟွမ်၏စကားများမှာ ပါးစပ်တွင်းမှာပင်ပျောက်ရှသွားရပြီး သူရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲလိုက်ရသည်။


ထားလိုက်ပါတော့… နတ်ဆိုးကြယ်နှင့် ထိပ်တိုက်တွေ့ခြင်းမှာ ဂုဏ်သရေရှိလူကြီးလူကောင်းများလုပ်သင့်သည့်အရာမဟုတ်ပေ.. ရွှယ်ယွင်ဟွမ် သူ၏စိတ်ထဲတွင်သာ ဒေါသတကြီးဖြင့် သူ့ကိုယ်သူဖြေသိမ့်လိုက်ရသည်။


ဘေးမှ ကျွင်းဟွိုင်လန်မှာမူ သူတို့နှစ်ဦး၏ အသံတိတ်တိုက်ပွဲကို မမြင်နိုင်ခဲ့ပဲ ရွယ်ယွင်ဟွမ်၏စကားများကြောင့် မနေနိုင်ဘဲ နှစ်ကြိမ်ခန့်မျှ တဟားဟားရယ်ကာ ပြောလာခဲ့သည်။


 " မင်းသား၅အတွက်လည်း သွားဖို့စောနေပါသေးတယ်လေ…နောက်ကျမှ ဝမ်ဟွားနန်းဆောင်ကိုအတူသွားကြဖို့ ငါသူနဲ့သဘောတူထားတယ်…"


" နေ့တိုင်းအတူတူသွားမှာလား…" ရွှယ်ယွင်ဟွမ်မှာ အံ့ဩမှုကြောင့် ဝေဝါးသွားရကာ " ဟွိုင်လန် မင်းမသိဘူးလား သူက…"


ကျွင်းဟွိုင်လန် သူ့ကိုကြည့်လာပြီး " သူကဘာဖြစ်လဲ…"


ထိုသန့်စင်ပြီးအေးစက်သောမျက်လုံးများနှင့်ဆုံလိုက်ရချိန်တွင် ရွှယ်ယွင်ဟွမ် " နတ်ဆိုးကြယ် " ဟူသောစကားကိုပင် မပြောနိုင်တော့ပေ။ ထို့ကြောင့် သူကတိပေးလိုက်ပြီး သူ၏အသံကို နိမ့်ချလိုက်ကာ " ငါနေ့တိုင်းစောစောထပြီး ဝမ်ဟွားနန်းဆောင်ကိုစာဖတ်ဖို့သွားရမယ်လေ.. အဲ့ဒါကြောင့် တခြားသူတွေရဲ့အချိန်တွေကိုမဖြုန်းလိုက်ချင်ဘူး…"


ကျွင်းဟွိုင်လန်အော်ရယ်လိုက်မိသည် " မင်းနေ့တိုင်းစောစောမသွားပါဘူးကွာ..အဲ့ဒီလူတွေက ဝမ်ဟွားနန်းဆောင်ဆီစာဖတ်ဖို့သွားကြတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ..ဘယ်သူမှလဲမပြောဖူးပါဘူး.. ပြီးတော့ ဒီသခင်လေးက မင်းသား၅နဲ့သဘောတူညီချက်ယူပြီးပြီ ဟုတ်တယ်မလား မင်းသား၅.." ပြောနေရင်းမှ ရွှယ်ယန်ထံသို့ လှမ်းကြည့်လိုက်သည်။


ရွှယ်ယန်မှာမည်မျှပင် မာနကြီးလေသနည်း။ ရွယ်ယွင်ဟွမ်တစ်စုံတစ်ခုကို သင်ယူလိုက်ရသည်။ နန်းတော်ထဲတွင် ကောင်းကင်ဘုံမျိုးနွယ်များနှင့် တော်ဝင်သခင်လေးများသည်ပင် ရွှယ်ယွင်ဟွမ်ကို မျက်နှာသာမပေးသူမရှိချေ။ သူ့အား မြှောက်ပင့်ကြသည်များကိုပင်မဆိုထားနှင့် ထိုအရာများကို ရွယ်ယွင်ဟွမ်မြောက်များစွာ မြင်ဖူးပြီးဖြစ်သည်။


သို့သော်ရွှယ်ယန်မှာမူ သူနန်းတော်တွင်းသို့စတင်ဝင်ရောက်သည့်အချိန်ထဲက သူ့အပေါ် တိုက်ရိုက်ပင်ဆက်ဆံခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ထိုအချိန်တုန်းက သူရွယ်ယန်ကို အရှေ့တိုး၍ ဖြေရန်ပြောလိုက်သော်လည်း ထိုသူမှာ သူ့ကိုအေးတိအေးစက်ကြည့်ကာ လျှောက်ထွက်သွားခဲ့သည်။


ထိုအချိန်၌ ရွယ်ယန်မှ ယန်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာကာ နန်းတော်တွင်းသို့ ဝင်ရောက်စပြီရှိသေးပြီး သူ၏မျက်နှာပေါ်မှ ကြောက်မက်ဖွယ်ဒဏ်ရာကြီးသည်ပင် အနာမကျက်သေးချေ။ ယင်းကဲ့သို့ စူးရှသည့်အကြည့်နှင့်အတူ သူ၏မျက်နှာပေါ်မှ ဒဏ်ရာများနှင့်ပေါင်းစပ်လိုက်မည်ဆိုလျှင် ရွယ်ယန်မှာ စည်းမဲ့ကမ်းမဲ့ကြမ်း‌တမ်းတတ်ကာ စိတ်ပျက်အားငယ်နေသည့်ပုံပေါ်နေခဲ့သည်။


ရွှယ်ယွင်ဟွမ် ထိတ်လန့်မှုကြောင့် ကျက်သီးပင်ထသွားခဲ့ရသည်။


ထိုအချိန်မှစ၍ ထိုနတ်ဆိုးကြယ်မှာ တစ်လောကလုံးတွင် နံပါတ်တစ်မာနအကြီးဆုံးသူဖြစ်သည်ကို သူသိရှိသွားခဲ့သည်။


မည်သို့ပင်ဖြစ်စေ ထိန်းကျောင်းထားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ မောက်မာအံတုနိုင်သည့် ရွှယ်ယန်ကို ရွယ်ယွင်ဟွမ်ကြည့်ကာ ခေါင်းအနည်းငယ်ငြိမ့်လိုက်မိသည်။ သူ၏လှုပ်ရှားမှုများမှာ ပေ့ါပါးကာ နှေးကွေးလှသော်လည်း ထိုအထဲတွင် နာခံမှုတစ်စုံတစ်ရာရှိနေသည်ကို သူခံစားလိုက်ရသည်။


ရွှယ်ယွင်ဟွမ်မလိုလားမှုကြောင့် ကျက်သီးထသွားရသော်လည်း ခဏအကြာတွင် သူကျွင်းဟွိုင်လန်နှင့် ရွှယ်ယန်တို့ကြားသို့ တိုးဝင်လိုက်ကာ သူတို့နှစ်ဦးအား ခွဲခြားထားလိုက်သည်။


ကျွင်းဟွိုင်လန်သည် ရွှယ်ယန်နှင့် နေ့စဉ်နေ့တိုင်းကျောင်းအတူသွားရမည်ဆိုလျှင်ပင် သူ ရွှယ်ယန်၏အဝေးမှနေသင့်သည်။ သူသည် လက်ရှိဧကရာဇ်မင်း၏တိုက်ရိုက်သားတော်တစ်ဦးဖြစ်ရာ နဂါးချီများ၏ကာကွယ်ပေးမှုဖြင့် အားနည်းသောကျွင်းဟွိုင်လန်ကို နတ်ဆိုးကြယ်၏ရှေ့မှ ကာကွယ်ပေးရပေလိမ့်မည်။

38.2


ထိုအချိန်တွင် ကျွင်းဟွိုင်လန်တစ်ချက်ကြည့်လိုက်သော်လည်း ထိုကလေးဆန်သည့်သူကိုမတားခဲ့ချေ။


လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးသာ စကားပြောဆိုနေကြပြီး ရွှယ်ယန်မှာမူ ရေငုံနှုတ်ပိတ်နေမြဲသာဖြစ်ကာ ကျွင်းဟွိုင်လန် သူ့ကိုခေါ်သည့်အချိန်မှသာ ရိုးရှင်းစွာ တစ်ခွန်းစ နှစ်ခွန်းစ ပြန်ဖြေတတ်သည်။


ဝမ်ဟွားနန်းဆောင်သို့ သွားသည့် လမ်းတစ်လျောက်တွင် လူများအတော်အတန်ရောက်ရှိနေကြပြီဖြစ်သည်။


ဝမ်ဟွားခန်းမနှင့် မင်းညီမင်းသားများ ပညာသင်ကြားရသည့် ခန်းမဆောင်များမှာအလွန်ကျယ်ဝန်းလှသည်။ မင်းညီမင်းသားများ၏အခြွေအရံများနှင့်မိန်းမစိုးများရှိနေရန်အတွက် စားပွဲခုံများမှာ တစ်ခုံနှင့်တစ်ခုံ အတန်ငယ်ကွာဝေးလေသည်။


ခန်းမသို့ဝင်ရောက်ချိန်တွင် သူတို့သုံးဦးလူစုခွဲလိုက်ကြသည်။


ရွှယ်ယန်မှာ သူ၏ခုံတွင်ထိုင်ချလိုက်ပြီး ကျင်းပေါင်မှ ဘေးတွင်စာအုပ်များ‌ကိုနေရာချကာ အရှေ့သို့တိုး၍ မှင်သွေးပေးခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ဦးမှာ ရွှယ်ယန်၏စားပွဲရှိရာသို့ လျှောက်လာကာ နူးညံ့စွာပြုံးနေခဲ့သည်။


" ညီတော်၅ အဲ့မှာ အရေးကြီးကိစ္စတစ်စုံတစ်ရာမရှိဘူးမလား…"


ရွှယ်ယန် မျက်လုံးပင့်ကာ ကြည့်လိုက်ချိန်တွင် သူ၏စားပွဲဘေးနားတွင်ရပ်နေသော အဖြူရောင်ဝတ်စုံဖြင့် နွေဦးလေပြေနှယ်ပြုံးပြနေသည့် မင်းသား၄ ရွှယ်ယွင်ဟုန်ကိုမြင်လိုက်ရလေသည်။


ရွှယ်ယန်၏အကြည့်ကိုရင်ဆိုင်လိုက်ရသည့်အချိန်မှာပင် ထိုသူမှာတည်ငြိမ်နေပြီး အပြုံးတစ်ဖွင်ဖြင့် ပြောလာခဲ့သည် " ဖခမည်းတော်ရဲ့ ချမ့်ချိုးပွဲနေ့တုန်းက ငါခန်းမဆောင်ထဲမှာ အမူးဖြေနေတုန်း မင်းနဲ့ဒုတိယအစ်ကိုတော်တို့ အပြစ်ပေးခံရတယ်ဆိုပြီး ကြားလိုက်မိလို့လေ.. ငါအရမ်းကိုစိုးရိမ်သွားခဲ့တာ…"


ရွ‌ယ်ယန် သူ့ကိုတည်ငြိမ်စွာ ကြည့်နေပြီး ထို့နောက်တွင် ရွှယ်ယွင်ဟုန်၏စကားများကို မကြားလိုက်သကဲ့သို့ ဘေးဘက်သို့ အကြည့်လွှဲသွားလိုက်သည်။


အခြားသူများမှာ မမြင်နိုင်သည့်တိုင် ထိုကဲ့သို့သော မင်းသား၄၏လှည့်ကွက်လေးမှာ သူ့မျက်လုံးအောက်မှ လွတ်မြောက်သွားခြင်းမရှိပေ။ ပုံမှန်အားဖြင့် သာမန်နေ့ရက်များတွင် မိုက်မဲသည့် မင်းသား၂မှာ သူ့ကိုအမြဲလိုပြသနာရှာလေ့ရှိသော်လည်း ထိုဒုက္ခထဲသို့ မီးစာလောင်းထည့်ပေးကာ ထိုင်ကြည့်တတ်သူမှာ ဤအရူးလိုမင်းသား၄သာဖြစ်သည်။


ရွှယ်ယန်၏စိတ်ထဲတွင် လူသတ်ရန်အတွက် ဓားငှားခြင်းမှာ အလွန်ပရော်ဖက်ရှင်နယ်မကျဟု သူခံစားလိုက်ရသည်။


သို့သော် ယခုအချိန်တွင် ထိုသူက သူ၏ရှေ့၌အမှန်တရားများကို ထုတ်ဖော်ရဲသည့် သတ္တိရှိနေသေးသည်လော….


ရွယ်ယန်သူနှင့်အတူ လိုက်ပါဆော့ကစားပေးရန်အတွက် စိတ်မဝင်စားချေ။ ထိုသူများ၏အခြားသောစွမ်းရည်များကို မဆိုထားနှင့် သူတို့မှာ အရှေ့သို့ခြေတစ်လှမ်းတိုး၍ သုံးလှမ်းကျော်ကြည့်တတ်ကြပြီး အမြင်ကျဉ်းကာ အချိန်ဖြုန်းတတ်သည့်‌ငကြောက်များသာဖြစ်ကြသည်။


ရွ‌ယ်ယန် သူ၏လက်ထဲမှ စာအုပ်ကိုဖွင့်ဖတ်လိုက်ပြီး အရှေ့မှလူအားမမြင်သကဲ့သို့ တစ်ချက်မျှပင် လှမ်းမကြည့်ခဲ့ပေ။


ရွှယ်ယွင်ဟုန်မှာမူ လုံးလုံးပင်အရှက်မရသွားခဲ့ပေ။ သူပြုံးနေဆဲဖြစ်ပြီး ခေါင်းအသာယမ်းကာ သက်ပြင်းတစ်ချက်ချလိုက်သည် " ညီတော်ငါးရဲ့ လူတွေနဲ့မဆက်ဆံချင်တဲ့အကျင့်ကို ပြင်နိုင်မယ်ဆိုရင် မင်းဖခမည်းတော်ရဲ့မျက်နှာသာပေးမှုကိုပိုပြီးရလာမှာပဲ… ကျစ်…"


" လေးယောက်မြောက်ညီတော် သူ့ကိုဘာပြောလို့ရမှာမလို့လဲ…"


ထိုအချိန်တွင် တံခါးဝမှ အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး အမှန်တကယ်ပင် ၎င်းမှာ ရွှယ်ယွင်စုဖြစ်နေခဲ့သည်။


ရွှယ်ယွင်စုမှာ ဝမ်ဟွားနန်းဆောင်၏တံခါးရှေ့တွင်ရပ်နေပြီး သူ၏နောက်မှ နန်းဆောင်မိန်းမစိုးအသစ်နှင့် အစေခံများလိုက်ပါလာပြီး တိုက်ပွဲမှာ ကြီးမားတော့မည်ပုံပေါ်နေသည်။ သူ၏မေးကို မြင့်မြင့်မေ့ထားပြီး မောက်မောမာမာပြုံးလျက် အခန်းထဲသို့ဝင်လာချိန်၌ စာသင်ဆောင်ထဲမှလူများကို အထင်အမြင်သေးသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။


တံခါးမှအသံကြောင့် ကျွင်းဟွိုင်လန်သည်လည်း လှမ်းကြည့်လိုက်သည်။


မင်းသား၂က တစ်လအပိတ်ခံထားရမှာမဟုတ်ဘူးလား…ဘာလို့ဒီနေ့လွတ်လာပြီးတော့ ဝမ်ဟွားနန်းဆောင်ကို စာသင်ဖို့ရောက်လာတာပါလိမ့်…


သူရွှယ်ယွင်ဟွမ်ထံသို့ လှမ်းကြည့်လိုက်ချိန်တွင် ရွှယ်ယွင်ဟွမ်၏မျက်နှာပေါ်တွင်လည်း ပဟေဠိဖြစ်နေသည့် အမူအယာဖြစ်ပေါ်နေသည်။


ထို့နောက် ရွယ်ယွင်စု ခေါင်းမော့ရင်ကော့၍ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။


ရွှယ်ယွင်ဟုန်သည်လည်း အချိန်ကိုက်မှာပင် ရွှယ်ယွင်စုကိုကြည့်ကာ အံ့ဩသွားရသည့်အမူအယာမျိုး ထုတ်ဖော်လိုက်ပြီး " ဒုတိယအစ်ကိုတော်…"


လူတိုင်း၏အမူအယာများကြောင့် ရွှယ်ယွင်စု၏မာနခေါင်ခိုက်နေမှုမှာ ပို၍ပင်ခိုင်ခိုင်မာမာ ကျေနပ်အားရသွားလေသည်။ သူ၏အသံကိုမြှင့်၍ ရွယ်ယွင်ဟုန်ကိုပြောသကဲ့သို့ စာသင်ဆောင်ထဲရှိလူတိုင်းကြားနိုင်ရန်အော်ပြောလိုက်လေသည်။


ရွယ်ယွင်စုမှ ဂုဏ်ယူနေသည့်အသံဖြင့် " ဖခမည်းတော်က တစ်လလို့ပြောတိုင်း ငါ့ကိုတကယ်တစ်လကြာပိတ်ထားနိုင်မယ်လို့ထင်နေတာလား…မယ်တော်ကလည်း ငါ့အတွက်သွားငိုပေးခဲ့တဲ့အပြင် ငါလည်းခမည်းတော်ကိုတောင်းပန်နိုင်မဲ့အခွင့်အရေးရခဲ့တယ်လေ… ပြီးတော့ ဖခမည်းတော်က ကတိပေးလိုက်သေးတယ် အန်းကျယ်ကိုလည်း သင်ခန်းစာအချို့ရသွားပြီးရင် မကြာမီပြန်လာခွင့်ပြုမယ်တဲ့…"


ထိုစကားများကို ရွယ်ယွင်ဟုန်ကြားလိုက်ရချိန်တွင် သူစိတ်သက်သာရာရသွားခဲ့သည်။ လုံလုံလောက်လောက်ပင် မင်းသား၂နှင့် သူ၏‌မွေးမိခင်မှာ အရူးများသာဖြစ်ကြသည်။ တစ်လအကျယ်ချုပ်ကျခံရခြင်းမှာ ကြောက်မက်ဖွယ်မကောင်းလှပေ။ ထို့အပြင် ဧကရာဇ်ထံမှ သနားကြင်နာမှုရနိုင်ရန်အတွက် အခွင့်အရေးတစ်ခုပင်ဖြစ်သွားနိုင်သေးသည်။


ကြောက်မက်ဖွယ်ကောင်းသည်မှာ အရှုံးဟူ၍ တစ်စုံတစ်ရာကိုမှ လက်သင့်မခံနိုင်သည့် ထိုအရူးသားအမိသာဖြစ်လေသည်။ သူတို့သည် အမှားလုပ်ခဲ့ကြပြီး ထိုအမှားကြောင့်ပင် ဧကရာဇ်အား ဖခင်နှင့်သားဆက်ဆံရေးကိုဖျက်ဆီးမိခဲ့သည်။ ကောင်းကင်ဘုံ၏မိသားစုဆက်‌ဆံရေးမှာ အမြဲလိုအားနည်းတတ်သည်ဖြစ်ရာ တစ်ကြိမ်တစ်ခါမျှ ကောင်းမွန်သည့်ဆက်ဆံရေးမျိုးပျက်ဆီးသွားသည်နှင့် တစ်သက်စာပြန်လည်ပြင်ဆင်၍မရ‌နိုင်တော့ပေ။ ကျွင်းအန်းကျယ်ကို သင်ခန်းစာအချို့ယူစေ၍ ပြန်လာစေမည်‌ဆိုသည့်အရာမှာလည်း ဧကရာဇ်ထံမှ နှစ်သိမ့်ပေးလိုက်ရုံမျှသာဖြစ်ပြီး သူတို့သားအမိ‌ကြောင့် အာရုံနောက်မခံနိုင်တော့ခြင်းကြောင့်ပင် ကြားကောင်းအောင် ပြောလိုက်ခြင်းမျိုးဖြစ်သည်။


ပုံမှန်အားဖြင့် မင်းသားများကြားတွင် ထိုကဲ့သို့သော နှိုင်းယှဉ်မှုမျိုးရှိနေတတ်ပြီး ဧကရာဇ်မှ သူတို့ထံမှ စိတ်ပူစရာမလိုသည့် နာခံတတ်ပြီး မတိုက်ခိုက်မလုယက်တတ်သူကိုသာ ရွေးချယ်မည်ဖြစ်သည်။


သူ၏ရည်ရွယ်ချက်အောင်မြင်သွားသော်လည်း ရွှယ်ယွင်ဟုန် မည်သည့်အမူအယာမျှမပြဘဲ တည်ငြိမ်စွာပင် ပြုံးလျက်ပြောလိုက်သည်


 " ခမည်းတော်က အစ်ကိုတော့်ကိုအမြဲလိုချစ်ခင်တာပဲ ကောင်းတာပေါ့…"


ရွှယ်ယွင်စု နှာမှုတ်လိုက်ကာ မကျေနပ်သည့်အမူအယာဖြင့် ရွှယ်ယန်ကိုလှမ်းကြည့်လိုက်ကာ အသံကိုမြှင့်၍ပြောလိုက်သည် " ဒါပေမယ့် အချို့လူတွေရဲ့အမုန်းကိုတော့ ဒီမင်းသားက ရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးတယ်… အဲ့ဒီလူကသူ့အမြီးသူသိမ်းပြီးတော့ နောက်ကျရင် ငါ့ရဲ့စိတ်ကိုလာမဆွပဲနဲ့ ယောင်္ကျားဆန်ဆန်ပြုမူမယ်လို့ ငါမျှော်လင့်ပါတယ်လေ…"


ရွှယ်ယွင်ဟုန် မည်သည့်အရာကိုမျှ နားမလည်ကဲ့သို့ ဟန်ဆောင်ကာ ပေါ့ပေါ့ပါးပါးပြုံးလျက်သာနေလိုက်သည်။ ကျွင်းဟွိုင်လန်မှာမူ မျက်လုံးကိုပင့်၍ ရွှယ်ယွင်စုထံကြည့်လိုက်သည်။


 စကားတ‌ခွန်းမျှ မပြောခဲ့ေသာ်လည်း သူ၏မျက်ခုံးများမှာ တွန့်ချိုးနေလေသည်။


Xxxxxxx