Chapter 39
ရွှယ်ယွင်ဟွမ် ထိုအခြေအနေ တစ်ခုလုံးကို မြင်လိုက်ရသည်။
သူသည် ရွှယ်ယန့်အပေါ်တွင် လေးစားမှုအချို့ရှိသော်လည်း ထိုကိစ္စမှာမူ သူနှင့်လုံးလုံးမျှ မသက်ဆိုင်ချေ။ သို့သော်လည်း ကြင်နာတတ်သည့် ကျွင်းဟွိုင်လန်မှာမူ ရွှယ်ယန်၏ကိစ္စအားလုံးကို အမြဲလိုဂရုစိုက်ပေးတတ်ရာ သူသာဝင်မပါပါက ရွှယ်ယွင်စု ကျွင်းဟွိုင်လန်ကိုလည်း အနိုင်ကျင့်လာတော့မည်ဖြစ်သည်။
ပို၍ရှိသည်မှာ ထိုငတုံးကောင်သည် ညီမလေးလင်ဟွမ်ကိုပျောက်ဆုံးစေလုမတတ်ဖြစ်ခဲ့သည်ဖြစ်ရာ ကျွင်းဟွိုင်လန်အတွက် အငြိုးအတေးထားစရာဖြစ်သွားစေခဲ့သည်။ ကျွင်းဟွိုင်လန်နှင့် ရန်ငြိုးရှိသည့်အရာမှာ သူ ရွှယ်ယွင်ဟွမ်နှင့်လည်း ရန်ငြိုးရှိခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်အနေဖြင့် ရွှယ်ယွင်ဟွမ် ဖခင်အိုကြီးတစ်ဦးကဲ့သို့ စိုးရိမ်မိသည့်စိတ်ဖြစ်ပေါ်လာသည်။
ကျွင်းဟွိုင်လန်စကားမပြောခင်မှာပင် သူပျင်းတိပျင်းရွဲ့ဖြင့် စားပွဲကိုရိုက်လိုက်ကာ ပြောလာခဲ့သည်
" မနက်စောစော ဘယ်သူတွေကများ ဆူညံပွက်လောရိုက်နေတာလဲ.. ဒီမင်းသားက ရှားရှားပါးပါးဒီနေ့စာဖတ်ချင်လို့လာတာကို ငါ့ရဲ့ခံစားချက်တွေကို ဖျက်ဆီးချင်တာပေါ့…"
ချက်ချင်းဆိုသလိုပင် မင်းသား၂၏မောက်မာနေမှုများ အလျင်အမြန်ပျောက်ကွယ်သွားရသည်။
သူ ရွှယ်ယန့်အား အငြိုးတကြီးဖြင့်လှမ်းကြည့်လိုက်ပြီးနောက် ပြုံးလျက် ရွှယ်ယွင်ဟွမ်ကို အသိအမှတ်ပြုသည့်ပုံဖြင့် ခေါင်းငြိမ့်ပြကာ သူ၏ထိုင်ခုံနေရာဆီသို့ ပြန်သွားလိုက်သည်။
ရွှယ်ယွင်ဟွမ် သူ၏မျက်လုံးများကို ရွှယ်ယန်နှင့် ကျွင်းဟွိုင်လန်ထံသို့ အကြည့်ပို့လိုက်သည်။
မုန်တိုင်း၏အလယ်ဗဟိုဖြစ်သည့် ရွှယ်ယန်မှာ တည်တည်ငြိမ်ငြိမ်ပင် လက်ထဲရှိစာအုပ်ကိုတိတ်တဆိတ်ဖတ်နေသည်ကို မြင်လိုက်ရပြီး ဘေးလူတစ်ဦးကဲ့သို့ သူ့ကိုကြည့်၍ ပြုံးပြလာခဲ့သည်။
ထိုခဏတာအတွင်း ၎င်းက အစစ်အမှန်မဟုတ်သလို သူ ခံစားလိုက်ရသည်။
ဤနေရာတွင် မည်သည့်အရာများဖြစ်ပျက်နေကြသည်နည်း…
ရွှယ်ယန်၏နတ်ဆိုးဝိညာဉ်အပေါ် လူတိုင်းက မထီမဲ့မြင်ပြုတတ်ကြသော်လည်း သူ၏ ဆိတ်ဆိတ်နေပြီး ကြမ်းတမ်းသော အသွင်အပြင်ကြောင့် သူ့ကို အလွယ်တကူ လှုံ့ဆော်မိရန် မည်သူမျှ မဝံ့ရဲကြပေ။ ထိုအရူးမင်းသား၂မှာလည်း သူ၏လျှာကိုထုတ်ပြရုံသာလုပ်ရဲပြီး အကယ်၍သာ ရွှယ်ယန့်ဘက်မှ အတည်ပေါက်ဖြင့်လုပ်လာပါက သူတစ်ချိုးတည်းထွက်ပြေးသွားမည်သာဖြစ်သည်။
ရွယ်ယွင်ဟွမ်ရာ မင်းဘာလို့များ စိတ်နောက်ပြီး ရွှယ်ယန့်ဘက်ကရပ်တည်ပေးမိသွားတာလဲကွာ…
...........
နေ့လည်ခင်းတွင်မူ မင်းသားများ၏သိုင်းလေ့ကျင့်ချိန်ရောက်ရှိလာပြီဖြစ်သည်။
ဝမ်ဟွားနန်းဆောင်၏အနောက်ဘက်တွင် ကွင်းပြင်တစ်ခုရှိနေပြီး မြင်းများပြေးလွှားနိုင်သည်အထိ ကျယ်ဝန်းလှသည်။ ထိုနေ့တွင်မူ ကျောင်းကွင်းပြင်ပေါ်၌ ကောက်ရိုးပုံများနှင့် လေးမြှားပစ်ခတ်နိုင်မည့်ပစ်မှတ်များ ထားရှိပေးထားကာ မင်းသားများ မြှားပစ်လေ့ကျင့်ရန်အတွက် အဆင်သင့်ဖြစ်နေသည်။
လေးနှင့် မြှားကိုမြင်လိုက်ရချိန်တွင် ကျွင်းဟွိုင်လန်၏ခေါင်းမှာ စတင်ကိုက်ခဲလာရသည်။
အတိတ်ဘဝ၌ သူကိုယ်ခံပညာအနည်းငယ်ကိုသာ သင်ကြားခဲ့ရပြီး ယခုဘဝတွင်မူ ပုံမှန်အားဖြင့် လေးမြှားအတတ်ပညာကို မည်သည့်အချိန်ကမှ မသင်ယူခဲ့ရပေ။ အဆုံးတွင် ချန်အန်းမြို့၏တော်ဝင်မျိုးနွယ်မှ သခင်လေးများမှာ မြှားပစ်ခြင်းအတတ်ပညာကို အမဲလိုက်ပွဲအတွက် သင်ယူကြရသည်ဖြစ်သော်လည်း ကျွင်းဟွိုင်လန်မှာမူ ထိုအရာမျိုးကို မနှစ်သက်သဖြင့် အမြဲလိုတိတ်ဆိတ်နေတတ်ကာ ထိုကဲ့သို့သော စွမ်းရည်မျိုးကို လေ့ကျင့်ခဲ့ခြင်းမရှိပေ။
သို့သော်လည်း မင်းညီမင်းသားများမှာ ပို၍စည်းကမ်းတင်းကြပ်ထားခံရပြီး မြင်းစီးခြင်းနှင့် လေးမြှားပစ်ခြင်းတို့ကဲ့သို့သော အတတ်ပညာမျိုးကို မဖြစ်မနေသင်ယူကြရသည်။
ကျောင်းကွင်းပြင်သို့ရောက်ချိန်၌ ရွှယ်ယွင်ဟွမ် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျွင်းဟွိုင်လန်ကို မြှားရွေးချယ်ရန်အတွက် ဆွဲခေါ်သွားလေသည်။ သူအလေးချိန်ကို ဖင်ပြန်ခေါင်းပြန်ချိန်ဆကိုင်တွယ်နေလိုက်ပြီးနောက် အလေးဆုံးအရာကို ရွေးချယ်လိုက်သော်လည်း နည်းပြ၏သွေးဆောင်မှုကိုခံလိုက်ရပြီးချိန်တွင် တစ်ဝက်သာလေးသော မြှားများကိုသာရွေးချယ်လိုက်တော့သည်။
" ငါအနှေးအမြန် ဒူးလေးကို မောင်းတင်နိုင်တော့မှာ…" ရွယ်ယွင်ဟွမ် ကျွင်းဟွိုင်လန်ကို ကြွားဝါပြောဆိုလိုက်ပြီး လေးကိုကိုင်ကာ " အဲ့အချိန်ကျရင် ငါဖခမည်းတော်ကိုပြောပြီးတော့ ရှေ့တန်းကိုသွားတိုက်ခိုက်ဖို့တောင်းဆိုရမယ်…"
ကျွင်းဟွိုင်လန် ဖုရိကို ပေါ့ပါးသည့်တစ်ခုကိုရွေးချယ်ခိုင်းနေစဉ် ထိုစကားကိုကြားလိုက်ရချိန်တွင် ရယ်မောလိုက်မိသည်
" လေးတင်ပြီးမြှားပစ်နိုင်ရုံနဲ့ ဗိုလ်ချုပ်ကြီးဖြစ်လာမှာမဟုတ်ဘူးလေ…ဘုရင်မင်းမြတ်ကိုစိတ်တိုအောင်သွားလုပ်မိရင် မင်းထပ်ပြီးအဆူခံနေရမယ်နော်…"
ရွယ်ယွင်ဟွမ် သဘောမတူသည့်ပုံဖြင့် နှုတ်ခမ်းဆူလိုက်သည်။
မင်းညီမင်းသားများနှင့် သူတို့၏အပေါင်းအဖော်များမှာ လေးမြှားအတတ်ကို ကျွမ်းကျင်ကြသော်လည်း ကျွင်းဟွိုင်လန်မှာမူ ထိုကဲ့သို့ မဟုတ်ချေ။ နည်းပြဖြစ်သူမှာ အကြမ်းဖျင်းအချက်အလက်များကို ရှင်းပြပြီးနောက် သူတို့အုပ်စုကိုယ်စီဖြင့် လေ့ကျင့်ရန်ထွက်လာခဲ့ကြသည်။
မင်းသားများမှာ လူစုခွဲလိုက်ကြပြီး သက်ဆိုင်ရာနေရာတွင်ရပ်ကာ ပစ်မှတ်ကိုမျက်နှာမူထားကြသည်။ ကျွင်းဟွိုင်လန် သူမြှားမပစ်တတ်ကြောင်းကို ရွှယ်ယွင်ဟွမ်အားပြောပြလိုက်ချိန်၌ ရွယ်ယွင်ဟွမ် တမင်တကာပင် ကျွင်းဟွိုင်လန်ကို သူ၏ဘေးတွင်ရပ်စေလိုက်သည်။
ရွယ်ယွင်ဟွမ် ကျွင်းဟွိုင်လန်စိတ်ချနိုင်ရန်အတွက် သူ၏ရင်ဘတ်ကိုပုတ်လိုက်ပြီး " ငါကမြှားပစ်တော်တာမလို့ ငါ့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ပြီး မင်းအများကြီးသင်ယူလို့ရတယ်…"
ကျွင်းဟွိုင်လန် တွန့်ဆုတ် တွန့်ဆုတ်ဖြင့်သာ သက်ပြင်းချလိုက်မိသည်။
လူတိုင်းစတင်လေ့ကျင့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန်မှာမူ ထိုနေရာတွင်ရပ်ကာ ရွှယ်ယွင်ဟွမ် မြှားပစ်နေသည့်ကို ကြည့်ကာ သင်ယူနေလိုက်သည်။ အခြားမင်းသားများနှင့် မတူဘဲ ရွှယ်ယွင်ဟွမ်မှာ အမှန်တကယ်ပင် ပစ်မှတ်ကိုမြှားတစ်ချောင်းနှင့်ထိမှန်သွားခဲ့ပြီး ၎င်းမှာ အလွန်ပြောင်မြောက်လှသည်။
အကြိမ်ရေအနည်းငယ်မျှ ကြည့်ကာ သင်ယူပြီးချိန်တွင် ကျွင်းဟွိုင်လန် ရွှယ်ယွင်ဟွမ်၏လှုပ်ရှားမှုနောက်ကိုလိုက်ကာ လေးကိုတင်လိုက်ပြီး ပစ်မှတ်ကို ချိန်လိုက်သည်။
လေးမှာ သူ၏လက်ထဲတွင် အတော်အတန်လေးပင်နေပြီး လေးကြိုးကိုဆွဲလိုက်ချိန်၌ ထိုမျှပင်ပန်းရလိမ့်မည်ဟု ကျွင်းဟွိုင်လန်မထင်မိခဲ့ချေ။ လေးကြိုးမှာ တောင့်တင်းကျစ်လစ်လှပြီး သူ၏လက်ဖဝါးကိုညှစ်ထားကာ သူတစ်ဝက်မျှပင် ဆွဲမတင်နိုင်ခဲ့ပေ။
အမှန်တကယ်ပင် အခြားသူလုပ်ဆောင်နေချိန်၌ လွယ်ကူပုံရသော်လည်း မိမိကိုယ်တိုင်လုပ်ဆောင်ချိန်တွင်မူ အလွန်တရာခက်ခဲလှသည်။
ကျွင်းဟွိုင်လန်မှာမူ စတင်၍ အနည်းငယ်စိတ်ရှုပ်လာရပြီဖြစ်ကာ အရင်အချိန်များတွင် သူဆော့ကစားရသည်ကို မနှစ်သက်ခဲ့မှုအပေါ် မုန်းတီးနေခဲ့သည်။ အကယ်၍သာ ယခင်ဘဝတုန်းက သူမြှားပစ်သင်ခဲ့မည်ဆိုလျှင် ယခုအချိန်၌ ထိုမျှအရှက်ကွဲရတော့မည်မဟုတ်ချေ။
သူစိတ်ပျက်လက်ပျက်ဖြင့် လက်ကိုမြောက်လိုက်ချိန်တွင် သူ၏လက်မောင်းမှာ တောင့်တင်းနေပြီး မြှားအနည်းငယ်ပစ်လိုက်ချင်သည့်စိတ်သာရှိလေသည်။
ထိုအချိန်တွင် သူ၏တံတောင်ဆစ်ပေါ်သို့ လက်တစ်စုံရောက်ရှိလာသည်။
ကျွင်းဟွိုင်လန် လှည့်ကြည့်လိုက်ချိန်တွင် သူ၏ဘေး၌ရွယ်ယန်ရပ်နေသည်ကို မြင်လိုက်ရလေသည်။ ထိုသူ၏ ပယင်းရောင်မျက်လုံးများမှာ အောက်သို့ငုံ့၍ သူ၏လက်ထဲရှိ လေးနှင့် မြှားကို မည်သို့မျှထူးခြားမှုမရှိသည့်အမူအယာဖြင့် ကြည့်ရှုနေခဲ့သည်။
အကွာအဝေးမှာ လုံလောက်အောင်နီးကပ်နေသဖြင့် ကျွင်းဟွိုင်လန် ရွယ်ယန်၏ထူထဲကာ ရှည်လျားသော မျက်တောင်များကိုမြင်လိုက်ရသည်။ ထိုကဲ့သို့ နက်ရှိုင်းကာနူးညံ့သည့်မျက်နှာအသွင်အပြင်မျိုးမှာ တော်ဝင်မြို့တော်ရှိလူအများကြားတွင် ပုံမှန်တွေ့ရသည်မျိုးမဟုတ်ချေ။
ထိုအသွင်အပြင်မှာ သူ၏ဖျော့တော့ကာ ရေသေကဲ့သို့တည်ငြိမ်သည့်အမူအယာဖြင့် လိုက်ဖက်လှပြီး သူ့ကို တမူထူးခြားသည့် ယောင်္ကျားဆန်မှုနှင့် တိုက်ခိုက်လိုစိတ်ရှိမှုတို့ကို ပေးစွမ်းနေသည်။ ထို့အပြင် ရွယ်ယန်မှာ ကျွင်းဟွိုင်လန်ထက် အတန်ငယ်ပို၍မြင့်မားသည်ဖြစ်ရာ သူ့ကိုထိုကဲ့သို့ အုပ်မိုးလိုက်ချိန်တွင် ကျွင်းဟွိုင်လန် မနေနိုင်တော့ဘဲ ဘေးတွင်သာ တိမ်းရှောင်ပုန်းအောင်းလိုက်ချင်မိတော့သည်။
39.2
သို့သော်လည်း ရွှယ်ယန်၏လက်မှာ သူ့အပေါ်တွင်ဖိထားခဲ့သည်။
" လေးကြိုးကိုအဲ့လိုဆွဲနေရင် မင်းရဲ့ကြွက်သားနဲ့သွေးကြောတွေမှာ ထိခိုက်မှုရှိလာလိမ့်မယ်…"
ထို့နောက်တွင်မှသာ ရွှယ်ယန်၏နေရာမှာ သူ၏ဘေးတွင်ဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သတိပြုမိလိုက်သည်။ သူ ရွှယ်ယွင်ဟွမ်ထံမှ မြှားအတတ်ကို သင်ယူလိုစိတ်ပြင်းပြနေခဲ့သဖြင့် သူဘေးတွင်မည်သည်ရှိနေခဲ့သည်ကိုပင် ကျွင်းဟွိုင်လန် သတိမပြုနိုင်အောင် ဖြစ်သွားခဲ့ရသည်။
အို.. ငါကဒီကို ကိုယ့်ဘာသာမြှားပစ်လေ့ကျင့်ဖို့ လာခဲ့တာပါနော်..
သူစကားမပြောနိုင်ခင်မှာပင် ရွှယ်ယန် သူ၏တံတောင်ဆစ်ကို လက်တစ်ဖက်ဖြင့် ထောက်ကူပေးလိုက်ကာ သူ့လက်မောင်းကို ဖြောင့်မတ်ပေးလိုက်ပြီး သူ၏လက်ကို ဆွဲငင်အားအလယ်ဗဟိုဆီသို့ဆွဲယူပေးလိုက်သည်။
ထိုလှုပ်ရှားမှုကြောင့် ကျွင်းဟွိုင်လန်မှာ ရွှယ်ယန်၏ရင်ခွင်ထဲသို့ ဝင်လုမတတ်ဖြစ်သွားရပြီး ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု မရှိနေသော်လည်း ထိုသူ၏ အန္တရာယ်ရှိသောအော်ရာမှာ လွှမ်းမိုးထားမှုကို ကျွင်းဟွိုင်လန်ခံစားမိလိုက်သည်။
သူ၏ပိုက်နက်ကို အခြားသောတိရစ္ဆာန်အထီးတစ်ကောင်မှ ကျုးကျော်ခြင်းခံရသကဲ့သို့ ကျွင်းဟွိုင်လန်အနည်းငယ်အသက်ရှုကြပ်လာသည်ဟု ခံစားလိုက်ရသည်။
" တံတောင်ဆစ်ကိုမြောက်ပြီးတော့ ကြိုးတွေကို လည်ပင်းရဲ့ရှေ့ကို တစ်ဖြောင့်တည်းထားရမယ်…"
ရွှယ်ယန်မှ သူ၏ပုခုံးထပ်မံဖိနှိပ်လိုက်ကာ ခန္ဓာကိုယ်ကို ဘေးဘက်သို့လှည့်၍ သူ၏နောက်ကျောကိုဖြောင့်မတ်လာစေရန် ပုခုံးကိုထိကာ ပြင်ပေးလိုက်သည်။
ရွှယ်ယန်၏စိုးမိုးမှုအောက်တွင် ကျွင်းဟွိုင်လန် မြှားပစ်ခြင်းကို တုန့်ဆိုင်းစွာဖြင့် သင်ယူလိုက်ရသည်။
" လေးကြိုးက ပြည့်နေတယ်…" ရွှယ်ယန်ပြောလာခဲ့သည်။
ကျွင်းဟွိုင်လန် သူ၏ခွန်အားအကုန်လုံးကို အသုံးပြုထားရသဖြင့် သူ့လက်မောင်းမှာ အနည်းငယ်တုန်ခါနေခဲ့သည်။ သို့သော်လည်း တစ်ခါမျှ မြှားမပစ်ခဲ့ဖူးသည့်သူများအတွက်မူ ပထမဆုံးအကြိမ်၌ လေးကြိုးကိုဆွဲတင်နိုင်ခြင်းမှာ မဖြစ်နိုင်ပေ။
ရွှယ်ယန်အတွက်မှာမူ ထိုအရာမှာ အနည်းငယ်ကွာခြားနေခဲ့သည်။
သူသည် ကလေးဘဝမှစ၍ စစ်တပ်အတွင်း လေ့ကျင့်ပေးခံခဲ့ရသည်ဖြစ်ရာ လေးကြိုးဆွဲနိုင်ခြင်းကို မဆိုထားနှင့် ပစ်မှတ်မှအနည်းငယ်သော တိကျမှုလွဲသွားလျှင်ပင် သူနည်းပြထံမှ ရိုက်နှက်ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သော ကြီးမားလေးလံသည့်ဖိအားကြောင့် ရွယ်ယန်မှာ မည်မျှပင်လေးသည့် လေးမြှားဖြစ်စေပါစေ ဆွဲတင်နိုင်ခဲ့သည်။
သို့သော်လည်း သူ၏ရှေ့မှ အလေးအနက်ဖြစ်နေသည့် အမူအယာဖြင့် ဖြစ်နေသည့် ကျွင်းဟွိုင်လန်မှာမူ လေးကြိုးကို တစ်ဝက်သာတင်ထားပြီး ရပ်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။
ရွှယ်ယန်မှာ အနည်းငယ်ရှုပ်ထွေးသွားရသည်။ ကျွင်းဟွိုင်လန် သူပြောသည်ကို မကြားရဘူးလား…
ထိုနောက်တွင်မှသာ လှုပ်ရှားမှုကင်းမဲ့နေသော သူ့ဒေါင်းငယ်လေး၏လက်မောင်းမှာ ဆွဲအားကြောင့် အနည်းငယ်တုန်ယင်နေသည်ကိုမြင်လိုက်ရသည်။
ရွှယ်ယန်မနေနိုင်တော့ဘဲ သူ၏နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။
လုံလောက်သွားလေပြီ.. ထိုမျှ အားနည်းကာလှပသော ဒေါင်းငယ်လေးမှာ သူစစ်တန်းလျားတွင်တွေ့ခဲ့ရသောသူများကဲ့သို့ မဟုတ်ချေ။ ထိုစစ်သားများမှာ တိုက်ခိုက်ကြရန်အတွက် ဦးဆောင်ကာ လေးကိုတင်ပြီး မြှားပစ်ခြင်းမှာ သူနှင့်မသက်ဆိုင်သလို သူ့ကိုလည်း မလိုအပ်ချေ။
ထိုသို့တွေးရင်းနဲ့မှ ရွယ်ယန် သူ၏လက်ကိုမြောက်ကာ လက်တစ်ဖက်ကို လေး၏လက်ကိုင်ပေါ်တွင်တင်လိုက်ပြီး တစ်ဖက်မှ ကျွင်းဟွိုင်လန်၏ လေးကြိုးကိုဆွဲနေသည့်လက်ပေါ်သို့ အုပ်ကိုင်လိုက်ကာ လေးကြိုးကို အပြည့်ဆွဲတင်ပေးလိုက်သည်။
သို့သော် ထိုလှုပ်ရှားမှုကြောင့် ကျွင်းဟွိုင်လန်မှာ သူ၏ရင်ခွင်ထဲတွင် လုံးလုံးလျားလျား ပိတ်မိသွားခဲ့ရသည်။
ရွှယ်ယန်၏မူလရည်ရွယ်ချက်မှာ ကျွင်းဟွိုင်လန်ကို လေးကြိုးဆွဲရာတွင် ကူညီပေးရန်ဖြစ်သော်လည်း ထိုအချိန်တွင် အချိန်ကိုက်မဖြစ်သည့် အတွေးတစ်ခု သူ၏ခေါင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။
ဒေါင်းငယ်လေး၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ၏လက်မောင်းများကြားတွင် နစ်မြုပ်နေခဲ့သည်။
အထူးသဖြင့် ကျွင်းဟွိုင်လန်ထံမှသင်းပျံ့သည့်သစ်သားအနံ့လေးမှာ သူ့ကိုစွဲလမ်းနေစေပြီး ထောင်ချောက်မိသွားအောင် ပြုလုပ်နေပုံပေါ်နေသည်။
မကြာမီအချိန်တွင် ရွယ်ယန်အသိစိတ်ပြန်ဝင်လာပြီး သူအပြစ်ရှိသကဲ့သို့ အနည်းငယ်ခံစားလိုက်ရသဖြင့် ကျွင်းဟွိုင်လန်ကို ငုံ့ကြည့်လိုက်မိသည်။
ကျွင်းဟွိုင်လန်မှာမူ သတိပြုမိပုံမရချေ။ သူသည် ပစ်မှတ်၏အလယ်ဆီသို့ မြှားမည်သို့ပစ်ရမည်ကိုသာ စူးစမ်းနေခဲ့သည်။
ရွှယ်ယန် သူ၏စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ကျွင်းဟွိုင်လန်၏လက်ကိုဖိ၍ ပစ်မှတ်အလယ်ဆီသို့ ချိန်တည့်ပေးလိုက်သည်။
" ရပြီ.." ချိန်ပေးပြီးသည့်နောက်တွင် ရွှယ်ယန် လွှတ်ပေးလိုက်သည်။
ကျွင်းဟွိုင်လန် မြှားကိုပစ်ထုတ်လိုက်ချိန်တွင် ထိုအရာမှာ လေထဲတွင် ဖြတ်သန်းသွားပြီး ကျွင်းဟွိုင်လန်၏ခွန်အားကြောင့် ဦးတည်ရာအနည်းငယ်တိမ်းစောင်းသွားသည့်တိုင် ပစ်မှတ်ရှိရာသို့ သွားစိုက်နေခဲ့သည်။
အချိန်အတန်ကြာအထိ စိတ်လှုပ်ရှားစွာနှင့် စောင့်ကြည့်နေသော ရွှယ်ယွင်ဟွမ်မှာမူ မနေနိုင်တော့ဘဲ ဟစ်အော် အားပေးလာသည် " ထိသွားပြီ…"
ကျွင်းဟွိုင်လန်၏မျက်လုံးများသည်လည်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားရကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
ထိုအရာမှာ မြှားတစ်ချောင်း ပစ်မှတ်ရှိရာသို့ ရောက်သွားခြင်းဖြစ်သည်။ ၎င်းတွင် ရွှယ်ယန်၏ကူညီမှုအများဆုံးပါဝင်နေသည့်တိုင် မြှားမှာ သူ၏လက်ထဲမှ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ပစ်မှတ်ရှိရာသို့ စိုက်ဝင်သွားချိန်တွင် ကျွင်းဟွိုင်လန်ကို ထူးဆန်းသည့်ကျေနပ်သွားမှုတစ်စုံတစ်ရာကို ပေးစွမ်းနေခဲ့သည်။
ရွှယ်ယန်မှာ သူ၏ဘေးတွင်ရပ်နေပြီး မျက်လွှာချထားသော်လည်း သူ့မျက်လုံးများမှာ တောက်ပနေခဲ့သည်။
ကျွင်းဟွိုင်လန်မှာ သိသာထင်ရှားသော ချောမောသည့်သွင်ပြင်ဖြင့် မွေးဖွားလာသူဖြစ်သော်လည်း သူ၏အေးစက်သည့်အမူအယာကြောင့် အများနှင့်မတူ တမူထူးခြားကာအေးစက်သည့်ခံစားချက်မျိုးကိုပေးစွမ်းနေသူဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် သူသည်ရယ်မောနေသည်ဖြစ်ရာ ၎င်းမှာ နှင်းများအရည်ပျော်ရာမှ ထွက်ပေါ်လာသည့်ပန်းတစ်ပွင့်ကဲ့ဖြစ်နေပြီး လူအများမှာ မနေနိုင်တော့ဘဲ သူ့ကိုထပ်မံပြုံးစေချင်ကြကာ သူ၏အပြုံးကို ကမ္ဘာအဆုံးထိထာဝရတည်ရှိအောင် ပြုလုပ်ချင်နေကြသည်။
" နောက်ထပ်မြှားတစ်ချောင်းယူဦးမလား…" ရွှယ်ယန်မှ မေးလာခဲ့သည်။
လေးပစ်ခြင်းအတတ်ပညာတွင် မည်သည့်အချိန်ကမှ စိတ်ပါဝင်စားခြင်းမရှိခဲ့သော ကျွင်းဟွိုင်လန်မှ ခေါင်းငြိမ့်ကာပြောလာခဲ့သည်။
" ကောင်းပြီလေ…"
Xxxxxxx