အပိုင်း ၄၀
Viewers 16k

Chapter 40


ရွှယ်ယန် လက်ကိုမြှောက်ကာ သူ၏ဘေးရှိကျည်တောက်ထဲမှ သပ်ရပ်သည့် မြှားတံတစ်ချောင်းကို ကျွမ်းကျင်စွာထုတ်ပေးလိုက်ပြီး ကျွင်းဟွိုင်လန်၏လေးပေါ်တွင် နေရာချပေးလိုက်သည်။


ထိုအချိန်တွင် မနီးမဝေးရှိ နည်းပြဖြစ်သူမှာ မျက်မှောင်ကြုတ်လျက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။


 " အရှင့်သား အဘယ့်ကြောင့် သင့်ရဲ့နေရာမှာမရှိရတာလဲ…"


ထိုသို့ပြောပြီးသည်နှင့် သူအရှေ့သို့လျှောက်လာခဲ့သည်။ ကွင်းပြင်ထဲရှိ မင်းညီမင်းသားများနှင့် အပေါင်းအဖော်များမှာမူ သူ၏အော်ပြောသံကိုကြားလိုက်ရချိန်တွင် လုပ်လက်စအရာများကိုရပ်ကာ ရွှယ်ယန်တို့ရှိသည့်နေရာသို့လှမ်းကြည့်လာကြသည်။


နည်းပြဖြစ်သူမှာ အမြဲလိုပင် မင်းသား၄ကိုသာ နှစ်သက်သဘောကျသူဖြစ်ပြီး သူ၏မိသားစုဝင်များမှာ မင်းသား၄မိခင်ဘက်မှ ရှုမိသားစုနှင့် ကိုယ်‌လုပ်တော်ယီကျဲယွီတို့နှင့်ရင်းနှီးကြသည်ဖြစ်ရာ မင်းသား၄အပေါ် မျက်နှာသာပေးလေ့ရှိသည်။


မင်းသား၅အတွက်မှာမူ သူသည်လူတိုင်းကြောက်ရွံ့ရသည့် နတ်ဆိုးကြယ်တစ်ပွင့်ဖြစ်လေသည်။ ထပ်ပေါင်းဆိုရမည်ဆိုလျှင် သူသည် မွေးစတည်းက မင်းသား၄၏အလင်းရောင်ကို ခိုးယူခဲ့သူဖြစ်သောကြောင့် နည်းပြမှာ ရွှယ်ယန်ကို အမြဲလို မတည်ရှိသူတစ်ဦးကဲ့သို့ဆက်ဆံကာ သင်ပြပေးခြင်းမရှိခဲ့ပေ။


ထိုအချိန်တွင်မူ ရွှယ်ယန်မှ အခြားသူတစ်ဦးကို သင်ပြပေးနေသည်ကို မြင်ရချိန်၌ သူ၏စိတ်ထဲတွင် အနည်းငယ်အလိုမကျဖြစ်နေခဲ့သည်။


" အရှင့်သား ကျေးဇူးပြု၍ ဝီရိယရှိရှိသင်ယူပေးပါ.."


 သူသည်ရွှယ်ယန်၏ဘေးတွင်ရပ်နေကာ သူ့အသံမှာ ရိုသေသည့်ပုံပေါ်နေသော်လည်း မသိမသာဖြင့်နှိမ့်ချနေဟန်ရှိသည်။


 " ကောင်းမွန်တဲ့လူတစ်ဦးဖြစ်တိုင်း ကောင်းမွန်တဲ့ဆရာတစ်ဦးဖြစ်တာတော့မဟုတ်ဘူးလေ..သင့်ဘာသာပဲ အရင်လေ့ကျင့်သင့်ပါတယ် အရှင့်သား…သခင်လေးကိုတော့ ဒီနိမ့်ကျတဲ့မူးမတ်ကပဲ ဆက်သင်ပြပေးလိုက်ပါတယ် ကျေးဇူးပြုပြီး ပြန်သွားလို့ရပါပြီ…"


သူ၏ဘေးမှ ရွှယ်ယွင်စုသည်လည်း ရယ်မောနေပြီး " မင်းတောင် အတန်းထဲမှာပဲရှိနေသေးတာကို တခြားသူတွေကို သင်ပြပေးနေပြီလား.. ကြည့်ရတာ အဲ့ဒီနည်းပြက မင်းကိုသင်ပေးဖို့ အရည်အချင်းမပြည့်မီတော့ဘူးထင်တယ်နော်… မင်း ဒီကိုနောက်ထပ်ပြီးလာစရာမလိုတော့ဘူးပဲ…"


ရွှယ်ယန် သူ့ကိုကြည့်ကာ ကျွင်းဟွိုင်လန်၏လက်ထဲရှိလေးကို လွှတ်လိုက်ပြီး မြှားကိုသူ၏လက်ထဲသို့ ထပ်မံဖြုတ်ယူလိုက်သည်။


ထို့နောက် အရှေ့သို့တိုး၍ လက်ကိုမြှောက်ကာ နည်းပြဖြစ်သူ၏လက်ထဲမှ လေးကိုဆွဲယူလိုက်လေသည်။


လေး၏အောက်ခြေမှာ ကျောက်တစ်ဝက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လေးကြိုးမှာ အလွန်တင်းကြပ်ကာ နည်းပြတစ်ဦးအနေဖြင့်ပင် လေးတင်ရန်မဖြစ်နိုင်မည့်အရာမျိုးဖြစ်သည်။


ရွှယ်ယန် လေးကို လုယူလိုက်ချိန်တွင် နည်းပြဖြစ်သူမှာ ရွှယ်ယန့်လက်ထဲမှနေ၍ ပြန်လည်လုလိုက်ချင်မိသော်လည်း ထိုသူ၏လှုပ်ရှားမှုများမှာ သပ်ရပ်ကာ အားကြီးလှပြီး လေးမှာ သူ၏လက်ထဲမှနေ၍ ရွှယ်ယန့်ထံသို့ လုံးလုံးလျားလျား ကျဆင်းသွားရသည်။


ထို့နောက် သူ ရွှယ်ယန်၏အေးစက်သည့်အကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။


ခဏအကြာတွင် ရွှယ်ယန် ထိုနေရာတွင်ရပ်လျက် မြှားကိုတပ်ဆင်ကာ လေးကိုကွေးလိုက်ပြီး သူ၏လက်မောင်းကိုနေသားတကျပြုလုပ်လိုက်ပြီးသည်နှင့် ချိန်ပင်မချိန်ဘဲ လေးကြိုးကိုဆွဲကာ ပစ်ချလိုက်သည်။ မြှားမှာ လေထဲတွင် ဝှစ်ခနဲ ပြေးထွက်သွားပြီး ရွှမ်းရှန်းဟူသောအသံနှင့်အတူ ပစ်မှတ်၏အလယ်တည့်တည့်တွင် သွားစိုက်နေခဲ့သည်။


ရွယ်ယန်ရပ်နေသည့်နေရာမှာ အလွန်ပင် ကျပန်းဆန်နေကာ ပစ်မှတ်ရှိရာသို့ပင် မျက်နှာခြင်းဆိုင်ထားခြင်းမရှိပေ။


ထိုအချိန်တွင် စိတ်လှုပ်ရှားစွာ ‌စောင့်ကြည့်နေကြသူများမှာ ကြောင်အသွားကြပြီး ဘေးတွင်ရပ်နေသည့် ရွှယ်ယွင်ဟွမ်သည်ပင် သူ့ကို လေးစားတကြီးဖြင့် ကြည့်လာခဲ့သည်။


ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှယ်ယန် ထပ်မံ၍ မြှားတစ်ချောင်းပစ်လွှတ်လိုက်ပြန်သည်။


ဆရာဖြစ်သူ၏မျက်နှာမှာမူ အရုပ်ဆိုးနေပြီးဖြစ်သည်။


ထိုမျှ လှည့်စားတတ်သည့်ရှုထောင့်မှ ချိန်ပင်မချိန်ဘဲ လေးလံသည့်လေးဖြင့် အနီမှတ်ကိုထိအောင် ပစ်လွှတ်လိုက်ခြင်းမှာ သူပင်မလုပ်ဆောင်နိုင်သောအရာဖြစ်သည်။


သဘာဝကျစွာပင် သူသည် ရွှယ်ယန် ယန်တိုင်းပြည်တွင်ရှိခဲ့ဖူးသည်ကိုမသိရှိသည့်အပြင် ပေကျင်းတွင်လည်း တိုက်ခိုက်နည်းများသင်ယူခဲ့ဖူးခြင်းမရှိပေ။ ရွှယ်ယန်ရင်ဆိုင်ခဲ့ရသည်များမှာမူ ကြမ်းတမ်းကာ ခန့်မှန်းရမလွယ်ကူသော ရန်သူ့ဘက်မှတာ့ခ်စစ်တပ်ဖြစ်ပြီး စစ်ပွဲ၏မီးတောက်နှင့် မြှားမိုးများအကြားတွင် သူ ယန်းရာပေါင်းများစွာကိုဖြတ်၍ ရန်သူ့ခေါင်းဆောင်၏ဦးခေါင်းကို မြှားတစ်ချောင်းထဲဖြင့် ဖြုတ်ယူခဲ့ဖူးလေသည်။


ရွှယ်ယန်၏အကြည့်ကို ရင်ဆိုင်လိုက်ရချိန်တွင် နည်းပြဖြစ်သူမှာ အမည်မဖော်နိုင်သည့် လှောင်ပြောင်နေမှုမျိုးကို ရရှိလိုက်သည်။


ထို့နောက်တွင်မှ လူတိုင်းမှာ အသိပြန်ဝင်လာကြပြီး ရွှယ်ယန်၏ဒုတိယမြှားမှာမူ ပစ်လွှတ်လိုက်ပြီးဖြစ်သည်။ 


ထိုအချိန်တွင် ကလစ်ဟူသောအသံတစ်ခု သစ်သားပစ်မှတ်ပြားပေါ်မှ ထွက်ပေါ်လာသည်။


လူတိုင်းကြည့်လိုက်ချိန်တွင် ဒုတိယမြှားမှာ ပထမမြှား၏အောက်ခြေထိတိုင် ဖောက်ဝင်နေပြီး သစ်သားဘုတ်ပြားကို နှစ်ခြမ်းခွဲပစ်လိုက်သည်ကိုမြင်လိုက်ကြရသည်။ ပထမမြှားအပြီးတွင် ဒုတိယမြှားကို ချက်ချင်းပစ်လွှတ်လိုက်သည်ဖြစ်သောကြောင့် ထိုမြှားနှစ်ချောင်းမှာ တစ်ခုကိုတစ်ခုကို ထိုးခွဲလျက် ပစ်မှတ်သစ်သားပြား၏နောက်မှ မြေပြင်ပေါ်တွင် စိုက်ဝင်နေသည်။


ထိုအချိန်တွင် ကျောင်းကွင်းပြင်တစ်ခုလုံး အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်သွားကာ အစပိုင်းတွင် လှောင်ပြောင်နေကြသူများမှာလည်း အရူးများကဲ့သို့ လှည့်စားခံလိုက်ရပြ မြေပြင်တွင် တစ်ချောင်းကိုတစ်ချောင်း တစ်ဝက်ခွဲပစ်ကာ စိုက်ဝင်နေသည့် မြှားများကို ကြည့်နေကြသည်။


ခဏအကြာတွင် ရွှယ်ယန် နူးညံ့စွာ နှာခေါင်းရှုံလိုက်ပြီး သူ၏အသံမှာ ကွဲပြားခြားနားစွာဖြင့် တည်ငြိမ်နေကာ ဖြည်းဖြည်းချင်းပြောလာခဲ့သည်။


 " နည်းပြ.. ဒီလောက်ဆိုရင် ဒီမင်းသားက သင်ပြပေးဖို့အတွက် အဆင့်မီပြီလား…"


ရွှယ်ယန်၏ထိုကဲ့သို့သောပုံကို ကျွင်းဟွိုင်လန် ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။


သူ၏မျက်ခုံးများမှာ အပေါ်သို့ အနည်းငယ်ကော့တက်နေပြီး အရောင်ဖျော့ဖျော့ မျက်လုံးများထဲတွင် လှောင်ပြုံးတစ်ပွင့်ပါနေခဲ့သော်လည်း ရှားရှားပါးပါး သက်ဝင်လှုပ်ရှားနေကာ အနည်းငယ်မောက်မာနေသည့်ပုံပေါ်နေခဲ့သည်။


၎င်းမှာ သစ်ကိုင်းခြောက်ပေါ်မှာ ပိုးကောင်တစ်ကောင်ကဲ့သို့ ရှားပါးလှသည့် ငယ်ရွယ်သော စိတ်ဝိဉာဉ်တစ်စုံပါ‌ဝင်နေကာ ပထမအကြည့်တစ်ချက်နှင့်ပင် သူ၏ကွာခြားလှသောအသွင်အပြင်ကို မြင်နိုင်လေသည်။


ကျွင်းဟွိုင်လန် သူ့ကိုယ်သူပြန်တွေးကြည့်နေမိသည်မှာ ဤသည်မှာ ယန်နိုင်ငံတွင်နေခဲ့သော ရွှယ်ယန်၏မူလပုံစံဖြစ်မည်ဟူ၍ပင်။ ထိုသူသည် ချန်အန်းတွင်ရှိနေသော လူတိုင်းကို နှစ်ပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီးနောက် အဆုံးတွင် သူယခင်ဘဝ၌ မြင်ဖူးခဲ့သောသူဖြစ်လာခဲ့သည်။


အရာအားလုံးမှာ လမ်းမှန်အတိုင်း သွားနေသည်ပဲ… ကျွင်းဟွိုင်လန်၏ နှုတ်ခမ်းထောင့်များအနည်းငယ် တွန့်ချိုးသွားရလေသည်။

40.2


ထိုနေရာတွင်မူ နည်းပြဖြစ်သူမှာ ယခုဖြစ်ပျက်ခဲ့သောအရာများ မည်သည့်အချိန်ကမှ မဖြစ်ဖူးသကဲ့သို့ ရှက်ရွံစွာဖြင့် လျှောက်လာခဲ့သည်။ တက်တက်ကြွကြွကြည့်ရှုနေသော လူအုပ်ကြီးမှာလည်း အကြည့်လွှဲလိုက်ကာ ရွှယ်ယန်၏မြှားတစ်ချောင်းမှာ အခြားတစ်ချောင်းကို ထွင်းဖောက်ပစ်ခွင်းနိုင်သည့်အပေါ် အချင်းချင်းတီးတိုးသာပြောနေကြလေသည်။


ရွှယ်ယန် အကြည့်လွှဲကာ အခြားမြှားတစ်ချောင်းကို ပစ်ရန် ပြင်ဆင်လိုက်သည်။


ထိုအချိန်တွင် ရွှယ်ယွင်ဟွမ်၏မျက်လုံးများမှာ အမှန်တကယ်ပင် ရွှယ်ယန်ကို စိတ်အားထက်သန်သည့်ပုံဖြင့် စိတ်လှုပ်ရှားစွာကြည့်နေသည်ကို မြင်လိုက်ရသည်။ ရွှယ်ယွင်ဟွမ်မှာ သူ၏မောက်မာသောဟန်ပန်ကို ထိန်းချုပ်ထားသည့်ပုံပေါ်နေပြီး သူ၏နှုတ်ခမ်းထောင့်မှာ တင်းကြပ်နေသော်လည်း မျက်လုံးများထဲရှိ တောက်ပနေသောအလင်းရောင်မှာမူ ဖုန်းကွယ်၍ပင် မရနိုင်အောင်ဖြစ်နေခဲ့သည်။


ကျွှင်းဟွိုင်လန်သည်လည်း ကြောင်အသွားခဲ့ရသည်။


ဒါကြီးက တစ်မျိုးဖြစ်မနေဘူးလား…


ထို့နောက် ရွှယ်ယွင်ဟွမ် ရွှယ်ယန်၏ရှေ့သို့ ထိန်းထိန်းသိမ်းသိမ်းဖြစ်နေသည့် အမူအယာဖြင့် လျှောက်လာသည်ကို မြင်လိုက်ရလေသည်။ ရွှယ်ယွင်ဟွမ် ချောင်းဟန့်လိုက်ပြီး ရွှယ်ယန်ကို မောက်မာစွာကြည့်လျက် နှိမ့်ချသည့်အမူအယာဖြင့် ငါ့ကိုလည်း လာကြည့်ပေးဦး… ဒီနေ့ငါပစ်တာ ဘယ်လိုဖြစ်နေမှန်းမသိဘူး.. သေချာကိုမထိသေးတာ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ…"


ကျွင်းဟွိုင်လန် မြင်နေရသည်မှာ ရွှယ်ယွင်ဟွမ်သည် သူ့ကိုယ်သူတင်းကြပ်ကာ ထိန်းချုပ်ထားသည့်ပုံပေါ်နေသော်ငြား အကယ်၍သာ သူ့ထံတွင် အမြီးတစ်ချောင်းရှိမည်ဆိုပါက ထိုအချိန်တွင် သူ၏အမြီးကို စက်ဝိုင်းပုံသဏ္ဍာန်ဝှေ့ယမ်းနေမည်ဆိုသည်ကိုပင်။


ကျွင်းဟွိုင်လန် ရွှယ်ယွင်ဟွမ်၏ဘေးတွင်ရပ်ကာ ခေါင်းသာ အသာအယာယမ်းလိုက်ရသည်။


ယခုပင် ရွှယ်ယွင်ဟွမ်မှာ သူကိုယ်တိုင် ပြောင်မြောက်သည့်လေးအတတ်ကိုပြသခဲ့သော်လည်း သူထိုအရာကို လုံးလုံးလျားလျားပင် မေ့လျော့သွားကာ ရွှယ်ယန်ထံသို့ လေးပစ်သွားသင်နေလေသည်။


မည်သို့ပင်ဖြစ်စေ ရွှယ်ယန် ရွှယ်ယွင်ဟွမ်ကိုကြည့်ကာ သူ၏လက်ကိုမြောက်ကာ ရွှယ်ယွင်ဟွမ့်လက်ထဲမှာ လေးကိုဆွဲယူလိုက်ပြီး မြှားကိုဖြုတ်၍ အဝေးသို့ပို့လိုက်သည်။


" ဘာလို့လဲ ငါကလေးပစ်တဲ့ပုံစံအနေအထားကိုသင်ဖို့လိုသေးလို့လား.." ရွှယ်ယွင်ဟွမ်မှ ဂုဏ်ယူစွာဖြင့် " ငါ့ဆရာပြောတာတော့ ငါ့ရဲ့လေးပစ်အတတ်က… အားးး…"


သူ၏စကားမဆုံးခင်မှာပင် ရွယ်ယန် အကြည့်တစ်ချက်မျှမပေးပါဘဲနှင့် ‌ရွှယ်ယွင်ဟွမ်၏ခြေကျင်းဝတ်အပေါ်ဘက်သို့ ဖြတ်ကန်လိုက်ကာ သူ၏အနေအထားကိုပြင်ပေးလိုက်သည်။


" ဘေးဘက်ကိုလှည့်ပြီး ရပ်လိုက်…" ရွှယ်ယန်တိုတိုတုတ်တုတ်ပင် ပြောလိုက်ပြီး ရွှယ်ယွင်ဟွမ်အသိပြန်မဝင်ခင် သူ၏ပုခုံးကိုလက်တစ်ဖက်ဖြင့်ညစ်ကိုင်ကာ အနောက်သို့တွန်းလိုက်လေသည်။


" ညီညီကိုင်ထား… လက်မောင်းကအခုထိအားနည်းနေပြီးတော့ လေ့ကျင့်တာလည်း နည်းသေးတယ်…အပေါ်ပိုင်းမျှခြေက မတည်ငြိမ်ဘူး.. မင်းတ‌စ်နေ့ကိုတစ်နာရီလောက် မြင်းစီးသင့်တယ်.."


ပြောပြီးနောက်တွင် ရွှယ်ယွင်ဟွမ်၏ တင်းကြပ်နေသော နောက်ကျောကိုဆုပ်ကိုင်ကာ " လျော့ထား မလိုတဲ့နေရာတွေမှာ အားမသုံးနဲ့…"


သူ၏လှုပ်ရှားမှုများမှာ သပ်ရပ်ကာ အညှာအတာကင်းမဲ့လှသည့်အတွက် တစ်ဖက်လူမှာ အားနည်းနည်းပင် မထိန်ချန်ရဲချေ။ အကြိမ်ပေါင်းမြောက်များစွာ ပြင်ပေးပြီးနောက်တွင် ရွှယ်ယွင်ဟွမ် သူ၏‌ပုခုံးမှာ ထုံကျင်နေပြီး အချိန်အတန်ကြာအထိ မသက်သာနိုင်တော့ပေ ဟူ၍ခံစားလိုက်ရသည်။


သူမော့ကြည့်လိုက်ချိန်၌ ရွှယ်ယန်မှာလက်ပိုက်ထားပြီး မလိုလားသည့်အမူအယာမှာ မျက်နှာပေါ်တွင် အရှင်းသားပေါ်ပေါက်နေကာ " မင်းဘယ်သူ့လက်အောက်မှာပညာသင်ခဲ့တာလဲ…" ဟူ၍ ပြောနေသယောင်ဖြစ်နေခဲ့သည်။


ရွှယ်ယန်၏မျက်နှာအမူအယာတွင် ရွှယ်ယွင်ဟွမ်မှာ ယန်နိုင်ငံမှာသာမာန်စစ်သည်တစ်ဦးလောက်ပင် မတော်နေကြောင်း ပြသနေသည်ဟု သူခံစားလိုက်ရသည်။


ရွှယ်ယန်၏အတွေးထဲတွင် ထိုအရာရှိနေမည်မှာ ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့်ပင် သေချာလှသည်။


ရွှယ်ယွင်ဟွမ် ရှက်ရွံ့မှုကြောင့် စိတ်ရှုပ်ထွေးလာကာ မြှားပစ်ရပ်တန့်လိုက်ပြီး သူ၏ပုံစံကို တတ်နိုင်သမျှပြင်ဆင်၍ ‌ဒေါသတကြီးပြောလာခဲ့သည်။


 " မင်းငါ့ကိုမသိဘူးဆိုရင် ဘာလို့ ဟိုလိုလုပ် ဒီလိုလုပ်ဆိုပြီး ပြောပေးနေသေးလဲ…"


ထိုသို့ပြောရင်းမှ ရွယ်ယွင်ဟွမ် သူ၏နေရာသို့ဒေါသတကြီးပြန်သွားခဲ့ပြီး ယခင်ကရှိထားခဲ့သော ‌ရွယ်ယန့်အပေါ်လေးစားမှုများမှာလည်း သူ၏အမူအယာကြောင့်ပင် ပျောက်ကွယ်သွားရသည်။


သူ့ကဲ့သို့ တာ့ယုံ၏တစ်ဦးတည်းသောသားမှာ ထိုမျှနာကျည်းချက်များဖြစ်ပေါ်သည်အထိ ခွဲခြားဆက်ဆံခံခဲ့ရသည်။


နိမ့်ကျတဲ့ရွှယ်ယန်.. ကျွင်းဟွိုင်လန်တုန်းကတော့ ချော့ချော့မော့မော့နဲ့ သင်ပေးခဲ့တဲ့အပြင် သူ့အတွက် လေးတင်ပြီး မြှားတောင်ပစ်ပေးခဲ့သေးတယ်… သူ့ကျမှ မညှာမတာနဲ့ရက်ရက်စက်စက်ကို အရှက်ခွဲပစ်လိုက်တာ… လူမဟုတ်ဘူး တကယ့်ကိုနတ်ဆိုးကြယ်ကရိုးရှင်းတဲ့လူမဟုတ်ဘူး…


မင့်လွမ်နန်းဆောင်သို့ ပြန်ရောက်ချိန်တွင် ကျွင်းဟွိုင်လန်မှာ ကိုယ်လုပ်တော်ရှုထံမှ ဆင့်ခေါ်ခံလိုက်ရသည်။ ကိုယ်လုပ်တော်ရှု၏ အဝတ်အစားနှင့်အစားအသောက်များမှာ အမြဲလိုပင် အကောင်းဆုံးအရာများဖြစ်ပြီး သူမသည် သူတို့အပေါ်တွင် အလွန်ချစ်ခင်မြတ်နိုးလှသည်။ အချိန်တိုင်းလိုပင် ကျွင်းဟွိုင်လန်တို့ မောင်နှမများအတွက် နန်းတော်စားဖိုဆောင်ကိုဖွင့်လှစ်ပေးထားကာ သူတို့မှာ ဦးစားပေးခံရသူများဖြစ်ကြသည်။


အချိန်မစောတော့သဖြင့် ကိုယ်လုပ်တော်ရှုမှာ ပြတင်းပေါက်အနီးမှ လှပစွာခြယ်မှုန်းထားသည့် သလွန်ပေါ်တွင် မှီလျက်ရှိနေပြီး ကျွင်းဟွိုင်လန် ရောက်ရှိလာချိန်၌ အလျင်အမြန်အခေါ်လွှတ်ကာ အချိုမုန့်များကျွေးမွေးလိုက်သည်။


ကိုယ်လုပ်တော်ရှုမှ ပြောလာသည် " ပန်ကုန်းကြားမိတာတော့ မင်းနေ့ခင်းတုန်းက မြှားပစ်လေ့ကျင့်ခဲ့တယ်ဆို…ဒီလောက်ပင်ပန်းခက်ခဲတဲ့ဟာကိုဘာလို့များကျင့်ရတာလဲ.. မင်းလက်တွေမနာဘူးလား…"


ကျွင်းဟွိုင်လန်ပြုံးပြလိုက်ပြီး " မနာပါဘူး နည်းနည်းပဲနီသွားတာပါ.. ဒီနေ့ကံကောင်းလို့ မင်းသား၅ရဲ့သင်ပြပေးတာကိုခံလိုက်ရတယ်လေ.. ဒီတူတော်လေး အများကြီးနာရမှာကနေ လွတ်မြောက်သွားခဲ့တာ…"


ကိုယ်‌လုပ်တော်ရှုမှာ လျော့တိလျော့ရွဲဖြင့် နှာမှုတ်လိုက်ပြီး ပြောလိုက်လေသည်။


 " အဲ့ကလေးကတကယ်တော့ကောင်းတဲ့ကလေးပဲ..ဒါပေမယ့် သနားစရာပဲ ဘုရားကသူ့ကိုကောင်းမွန်တဲ့ဘဝမျိုးမရစေချင်ဘူးထင်တယ်.. သူ့ဘဝကနည်းနည်းတော့ ကံခေရှာတယ်…"


ကျွင်းဟွိုင်လန် အပြုံးတစ်ပွင့်ဖြင့် သူမကိုချော့မော့လိုက်သည်။


 " ဒါကမင့်လွမ်နန်းဆောင်ပဲလေ ဘုရားကဘာပြောနိုင်မှာမို့လဲ အရီးတော်ပြောသမျှနားထောင်ရမှာပဲကို…"


သူဝင်လာစဉ်တည်းက မင့်လွမ်နန်းဆောင်ထဲတွင် တျန့်ချွေးမရှိသည်ကို သတိပြုလိုက်မိသည်။ သို့သော်လည်း သူ၏အရီးတော်ထံတွင် သူမအတွက်အဆိုးမြင်စိတ်မရှိသည်ကို ကျွင်းဟွိုင်လန်သိနေသည့်အတွက် သူတစ်စုံတစ်ခုကိုရှာတွေ့လျှင်ပင် သူမကိုသတိထား၍ပြောပြရပေမည်။


ကိုယ်လုပ်တော်ရှုမှာမူ သူ၏စကားများကြောင့် စိတ်ကြည်နူးသွားရပြီး ကျွင်းဟွိုင်လန်၏နဖူးကို သူမလက်ချောင်းလေးဖြင့်တောက်ကာ " ဒီလိုအပြောချိုအောင် ဘယ်နေရာကများသင်ယူခဲ့တာပါလိမ့်နော်…"


ကျွင်းဟွိုင်လန်မှ အပြုံးတစ်ပွင့်ပြန်ဖြေလိုက်သည်။


 " အပြောချိုတာမဟုတ်ပါဘူးနော်… မင်းသား၅ရဲ့ကိစ္စတွေဆိုတာကလည်း အရီးတော် အဒေါ်တျန့်ချွေးကိုစေခိုင်းလိုက်တဲ့အပေါ်ပဲအမြဲလိုမူတည်နေတာပါ…"


လုံလုံလောက်လောက်ပင် ကိုယ်လုပ်တော်ရှုမှ ပြုံးလိုက်ပြီး " ပန်ကုန်းကဘာတွေများအမိန့်ပေးထားလို့လဲ.. တျန့်ချွေးအကြောင်းကို မင်းမသိတာလည်းမဟုတ်ဘူး သူကငယ်စဉ်တည်းကဒီအဒေါ်နဲ့အတူတူကြီးပြင်းလာကြတာလေ..သူကအမြဲတမ်း ကြင်နာတတ်ပြီးရင်ဆိုင်ရလွယ်တတ်ပါတယ်.. ဒီနန်းတော်ထဲမှာလည်း သူကောင်းကောင်းမကိုင်တွယ်နိုင်တဲ့ကိစ္စဘာရှိလို့လဲ.. ပန်ကုန်းတော့မသိသေးဘူး.."


ကျွင်းဟွိုင်လန် ခဏကြာ ရပ်တန့်လိုက်ပြီးနောက် ပြုံး၍ ပြောလာခဲ့သည်။


 " အမှန်ပါပဲ ဒါပေမယ့်အခုတော့ မင်းသား၅က အရီးတော်ရဲ့ကလေးဖြစ်နေပြီလေ..အရီးတော်က ကိုယ်လုပ်တော်အမေလို့ခေါ်စေချင်ရက်နဲ့ ဒီအချိန်မှာ ပျင်းရိနေတာ တကယ်ကိုအကျိုးမသင့်တာပဲ…"


ကိုယ်လုပ်တော်ရှုထရပ်လိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကို ရိုက်ဟန်ပြုကာ ရယ်မောနေပြီး " ကြည့်ရတာတော့ ဒီနေ့မင်းကရွှယ်ယန်အတွက် ရှေ့နေလိုက်ပေးဖို့လာခဲ့တာပဲ.. သူ့ကို ပန်ကုန်းရှေ့ကိုတွန်းပို့ပေးတာပေါ့.. ဒီနန်းတော်က သူ့အပေါ်ကောင်းကောင်းမဆက်ဆံဘူးလို့မင်းထင်နေလို့လေ ဟုတ်တယ်မလား…"


ကျွင်းဟွိုင်လန် သူမနှင့်အတူ ရယ်မောနေလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေသော်လည်း စိတ်ထဲမှာမူ အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။


Xxxxxx