Chapter 41
သူ၏အရီးတော်အကြောင်းကို သူသာအသိဆုံးဖြစ်သည်။ သူ၏ဖခင်ဘက်မှ မိသားစုတွင် သားယောင်္ကျားလေးအချို့ရှိသော်လည်း သူမမှာမူ တစ်ဦးတည်းသောသမီးဖြစ်ရာ ငယ်ရွယ်စဉ်မှစ၍ အစ်ကိုများ၏ထိန်းကျောင်းမှုကိုသာခံခဲ့ရသဖြင့် ဒေါသကြီးကာ မောက်မာတတ်သော်လည်း ကမ္ဘာကြီး၏အကြောင်းကို များစွာမသိရှိချေ။
တျန့်ချွေးအတွက်မူ သူမသည် အရီးတော်ငယ်စဉ် ခြောက်နှစ် ခုနစ်နှစ်ထဲမှစ၍ အဖော်ပြုပေးခဲ့သူဖြစ်ပြီး နန်းတော်သို့ဝင်ရာတွင်လည်း လိုက်ပါလာခဲ့သဖြင့် သူမကိုသစ္စာအရှိဆုံးဟု မြင်ရလေသည်။
ထို့ကြောင့် သူ မည်သည့်သက်သေမှမရှိဘဲ ပြောလိုက်မည်ဆိုလျှင် အရီးတော်မှာ သူ့ကိုယုံကြည်မည်မဟုတ်ချေ။ သူမသံသယဝင်နိုင်မည်ဆိုသော်လည်း သေချာပေါက်ပင် မျက်နှာလွှဲလိုက်ကာ တျန့်ချွေးသိသွားစေမည်ဖြစ်သည်။
သူ့ဘာသာ တျန့်ချွေးကိုကိုင်တွယ်ရန် နည်းလမ်းများရှာဖွေရမည်ဖြစ်ပြီး သူ၏အရီးတော်အပေါ်၌ ထိုကိစ္စကိုမှီခို၍မရချေ။
သူတို့နှစ်ဦးအချိန်အတန်ကြာစကားဆက်ပြောလိုက်ပြီးနောက် ကိုယ်လုပ်တော်ရှုမှာ အနည်းငယ်ပင်ပန်းလာသဖြင့် သလွန်ပေါ်တွင်လှဲချလိုက်ကာ ရွှေစင်ဖြင့်ပြုလုပ်ထားသည့် အပူပေးရတနာကိုကိုယ်မြောက်ဆော့ကစားနေပြီး ပြောလိုက်လေသည်။
" နောက်တစ်ခုရှိသေးတယ်..မင်းအမေကပန်ကုန်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ချမ့်ချိုးပွဲအကြောင်းကိုမေးနေသေးတာ ပြီးတော့ မင်းကောဘယ်တော့ပြန်လာမလဲတဲ့…"
ထိုသို့ပြောရင်းမှ သူမထပ်မံပြုံးလိုက်ပြီး " အဲ့ဒါနဲ့ ပန်ကုန်းကမင်းဒီမှာအချိန်ခဏနေဦးမယ်ဆိုပြီး သဘာဝကျကျပဲ ငြင်းလိုက်တယ်လေ.. အခုကအရမ်းအေးနေပြီကို ပြောင်းရွှေ့ဖို့ဆိုတာ ဘယ်လောက်တောင် ဒုက္ခကြီးလိုက်လဲ.. ပြီးတော့ မင်းနဲ့လင်ဟွမ်မရှိချိန်တုန်းကဆို နန်းဆောင်ကြီးကခြောက်ကပ်နေတာ မင်းတို့လာမှပဲ အသက်ဝင်လာတော့တယ်…ဒီလိုမဖြစ်တာ ဘယ်လောက်ကြာနေပြီမို့လဲ..ပန်ကုန်းတော့မလုံလောက်သေးသလိုခံစားရတယ်ကွယ်…"
ကျွင်းဟွိုင်လန်လည်း ကူကယ်ရာမဲ့နေသည့်အပြုံးလေးဖြင့် " အရီးတော်ဆန္ဒအတိုင်းပါပဲလေ…"
သူသည်လည်း အမှန်တကယ်ပင် ထိုနေရာမှမထွက်သွားချင်သေးပေ။ တျန့်ချွေးသည် အရီးတော်၏နန်းဆောင်တွင်းရှိနေသေးပြီး သူ၏နှလုံးသားထဲတွင် မလွယ်ကူသောခံစားချက်မျိုးရနေသည်ဖြစ်ရာ ထိုကိစ္စကိုမဖြေရှင်းပြီးခင်အထိ သူအိမ်သို့စိတ်ချလက်ချမပြန်နိုင်သေးပေ။
" ဘယ်လိုပဲဖြစ်ဖြစ်ပါ မင်းအမေပြောတာတော့ မင်းအဖေက မကြာမီ နယ်ခြားခရီးစဉ်တစ်ခုသွားရမယ်တဲ့..အဲ့ဒါကြောင့် မင်းကို အမြန်ပြန်လာပြီး နှုတ်ဆက်စကားပြောစေချင်နေတယ်…"
ကျွင်းဟွိုင်လန် တုန့်ခနဲရပ်သွားပြီး သူ၏ဒူးပေါ်ရှိလက်များမှာ အတန်ငယ်တင်းကြပ်သွားသည်။
ဤအချိန်အတောအတွင်း သူ့ညီမဖြစ်သူ၏ကိစ္စများအပေါ်တွင် အားသွန်ခွန်စိုက်မြှုပ်နှံထားသည့်တိုင် ဖခင်ဖြစ်သူ၏သေဆုံးခြင်းအပေါ် မေ့လျော့သွားဟုမဆိုနိုင်ပေ။
သူ၏ဖခင်ဖြစ်သူထံတွင် အလွန်မြင့်မားသည့်ရာထူးရှိသော်ငြား သူသည်အလွန်ပင်နှိမ့်နှိမ့်ချချနေတတ်ကာ အထူးသဖြင့် ဘုရင်မင်းမြတ်၏ချွန်ထက်သောဓားသွားကို မထိမိစေရန် အမြဲလိုနေထိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ထိုနေ့ရက်များအတွင်း မြို့တော်၏ကျော်ကြားသော ကျောင်းတော်သားတစ်ဦးဖြစ်ခဲ့သည့်တိုင် တော်ဝင်ကျောင်းတော်တွင်မူ ဖခင်ဖြစ်သူမှာ အဆင့်လေးဆင့်မျှသာရှိသော မှုးမတ်တစ်ဦးသာဖြစ်နေသေးသည်။
မည်သို့ပင်ဖြစ်စေ သူ၏ဖခင်ဖြစ်သူမှာ ယခုနှစ်နွေဦးတွင် တော်ဝင်ကျောင်းတော်၏သံတမန်တစ်ဦးအဖြစ် ကျန်းနန်၏ သိပ္ပံဆိုင်ရာ စာမေးပွဲအတွက် တစ်နှစ်ကြိုတင်၍ ကျန်းနန်သို့သွားရမည်ဖြစ်သည်။ ကျန်းနန်၏စာမေးပွဲမှာအမြဲလိုလို ဘုရင့်တော်ဝင်စာမေးပွဲများထဲတွင် အရေးပါဆုံးသောအပိုင်းဖြစ်သဖြင့် ထိုသို့စေလွှတ်ခံရခြင်းမှာ ဧကရာဇ်၏မျက်နှာသာပေးခံသည်ဟု ဆိုလိုနိုင်ပေသည်။
ကျွင်းမိသားစုမှာ အမြဲလိုပင် သတိကြီးစွာနေထိုင်ကြပြီး မည်သည့်အဖွဲ့တွင်မှမပါဝင်ခဲ့သောကြောင့် ဘုရင်မင်းမြတ်၏ယုံကြည်စိတ်ချမှုကိုရရှိကာ ထိုကဲ့သို့အရေးကြီးကိစ္စတွင် သူ၏ဖခင်ကို ယာယီလွှဲပြောင်းပေးရဲခဲ့ကြောင်းကို ကျွင်းဟွိုင်လန်သိနေခဲ့သည်။
သို့သော်လည်း လာမည့်နှစ်၏နွေရာသီအစ ဆောင်းဦးရာသီမရောက်ခင်အချိန်တွင် ကျန်းနန်ရှိ ယန်ဇီမြစ်၏တောင်ဘက်တွင် ရေလွှမ်းမိုးမှုတစ်ခုဖြစ်ပေါ်နေပြီး ထိုနေရာတွင် ယုံနင်မြို့စားနှင့် သူ၏အပေါင်းအဖော်တို့ ပိတ်မိနေခဲ့သည်။ ထို့ကြောင့် ဧကရာဇ်မှ ယုံနင်မြို့စားတို့အဖွဲ့ကို ထိုရေလွမ်းမိုးမှုကိုထိန်းချုပ်ရန်အတွက် ယာယီတာဝန်ပေးအပ်လိုက်လေသည်။
ထို့နောက်တွင် ရုတ်တရက်ဆိုသလို ယုံနင်းမြို့စား၏ ရေလွှမ်းမိုးမှုရန်ပုံငွေများကို လောဘတက်ကာ ယူဆောင်ထားသည်ဟူသော အစီရင်ခံချက်တစ်ခုပေါ်လာကာ ယန်ဇီမြစ်ရေလွှမ်းမိုးမှုအပေါ်ထိန်းချုပ်ရာတွင် ပိုမိုခက်ခဲလာစေကာ ဒုက္ခသည်များမှာလည်း စုပေါင်း၍ ဆန္ဒပြလာကြသည်။ ထိုသူတို့ကြောင့် ဘေးပတ်ဝန်းကျင်တိုင်းပြည်နှင့်ပြည်သူများထံမှ အရှက်ရမှုကို ခံစားလိုက်ရကာ မရေတွက်နိုင်သော ကိစ္စများဖြစ်ပျက်လာလေသည်။
ရန်ပုံငွေအဂတိမှုမှာ အလွန်အရေးပါလှသဖြင့် ဧကရာဇ်မှ ယုံနင်မြို့စားကို နေရာတွင်ပင် ခေါင်းဖြတ်ကွပ်မြတ်ရန် အမိန့်ထုတ်လိုက်လေသည်။
အတိတ်ဘဝ၏ထိုအချိန်တွင် ရွှယ်ယန်မှာ အသက်၁၇နှစ်မျှသာ ရှိနေပြီး ဗိုလ်ချုပ်မရှိသည့် စစ်တပ်တစ်ခုကို ဦးစီးလိုက်ရကာ တစ်ထောင်မျှသာရှိသော တပ်စုဖြင့် ကျန်းနန်၏သူပုန်တပ်ဖွဲ့ကိုတိုက်ခိုက်ကြရပြီး ကျန်းရှီဓားပြအရေအတွက်အတော်များများကို သတ်ဖြတ်နိုင်ခဲ့ကြသည်။ ၎င်းတိုက်ပွဲတွင် နတ်ဆိုးကြယ်ဖြစ်သည့်ရွှယ်ယန်၏အမည်မှာ ကျော်ကြားသွားခဲ့ရပြီး အတွင်းနန်းဆောင်များသာမက တရားရုံးတော်များမှာပင် သူ၏သတင်းမှာမွှေးပျံ့နေခဲ့သည်။
သို့သော်လည်း ကျွင်းဟွိုင်လန်၏ဖခင်မှာမူ ကျန်းနန်တောင်ဘက်ရှိ ယန်ဇီမြစ်ထဲတွင် အရိုးပင်မကျန်ရစ်ပဲ နေရစ်ခဲ့ရလေသည်။
ဖခင်ဖြစ်သူမှာ ထိုကဲ့သို့သော အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုမျိုးကို မည်သို့မျှလုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်းကို ကျွင်းဟွိုင်လန်သိရှိနေသည်။
41.2
ကျွင်းဟွိုင်လန် ငယ်ရွယ်စဉ်အခါက ဖခင်ဖြစ်သူ၏ရာထူးမှာအဘယ့်ကြောင့် နိမ့်ကျနေကြောင်းကို နားမလည်ခဲ့ပေ။ သူတွေးမိသည်မှာ ဖခင်ဖြစ်သူသည် ငွေကြေးကြွယ်ဝသော်ငြား ရည်မှန်းချက်မရှိခြင်းကြောင့်ဖြစ်မည်ဟူ၍ပင်။ ထို့နောက်ပိုင်း ကျွင်းရှောင်ဝူ သိုင်းပညာသင်ယူချင်သည့်အချိန်တွင်လည်း ဖခင်ဖြစ်သူမှာ အပြင်းအထန်ကန့်ကွက်ခဲ့ပြီး ရိုက်ပင်ရိုက်နှက်ခဲ့လေသည်။ ကျွင်းဟွိုင်လန် ထိုကိစ္စထဲသို့ ဝင်ပါသည့်တိုင်အောင် ဖခင်ဖြစ်သူမှာ စကားတလုံးလေမျှမပြောခဲ့ဘဲ သူ့ကို ပြန်သွားခိုင်းပြီး ဆိုးယုတ်ခြင်းအပြစ်များအကြောင်းကိုသာ အကြိမ်တစ်ရာကူးရေးခိုင်းလိုက်သည်။
နောက်ဆုံးအချိန်မှသာ ကျွင်းဟွိုင်လန် သူ၏ဖခင်ဖြစ်သူဆိုလိုချင်သည့်အရာကို နားလည်သဘောပေါက်ခဲ့လေသည်။
မကြာခဏကြားဝင်ခြင်းမှာ သာမန်နည်းလမ်းမျှသာဖြစ်လေသည်။ သူတို့၏ကျွင်းမိသားစုမှာ နှစ်ရာပေါင်းများစွာအခြေတည်လာခဲ့ကြပြီး ရာထူးကြီးမြင့်သည့်ဖခင်ဖြစ်သူနှင့်အတူ ဂုဏ်သတင်းကျော်ကြားကာ ရုံးတော်တွင်လည်း နေရာကောင်းကောင်းကိုရရှိထားခဲ့ကြသည်။
ထိုကဲ့သို့သော မင်းမျိုးမင်းနွယ်မိသားစုကြီးတစ်ခုအနေဖြင့် ရုံးတော်တွင် မည်သူမှမရှိသည့်အချိန်၌ ဧကရာဇ်၏ပြသနာများနှင့်ပူပန်မှုများကိုဖြေရှင်းပေးနိုင်သည့်တိုင် ထိုကဲ့သို့သောစွမ်းရည်များမှာအရေးမပါတော့ချေ။ ငြိမ်းချမ်းစွာနေထိုင်ရရေးအတွက် အရေးအကြီးဆုံးအရာမှာ နှိမ့်ချနေထိုင်ကာ ဧကရာဇ်၏အာရုံကိုမဆွဲဆောင်မိစေရန်သာဖြစ်ပေသည်။
ဖခင်ဖြစ်သူကဲ့သို့ လိမ္မာပါးနပ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသားတစ်ဦးသည် ထိုကဲ့သို့ အန္တရာယ်ရှိသောအရာကို ရူးသွပ်စွာဖြင့် မည်ကဲ့သို့ပြုလုပ်နိုင်မည်နည်း။
ကျွင်းဟွိုင်လန်ထိုကိစ္စမှာ တစ်စုံတစ်ယောက်၏အကောက်ကြံမှုကြောင့်ဖြစ်ခြင်းကို ယခင်ဘဝမှာပင် သံသယရှိခဲ့ဖူးသည်။ သို့သော်ငြား ထိုအချိန်တွင် မြောက်ကိုရီးယားနှင့် တရုတ်တို့မှာ နှစ်ဖွဲ့ကွဲထွက်သွားပြီး အဖွဲ့နှစ်ခုကြား အကြီးအကဲများ၏ဆက်ဆံရေးမှာလည်း ရှုပ်ထွေးပွေလီလှသဖြင့် အကယ်၍သာ သူလှုပ်ရှားလိုက်မည်ဆိုပါက ထိုသူများကို သတိပေးမိသွားနိုင်သောကြောင့် ကျွင်းဟွိုင်လန် မည်သို့သောလှုပ်ရှားမှုကိုမှမလုပ်ဆောင်ရဲခဲ့ပေ။
ထို့ကြောင့် ယခုဘဝတွင် သူ၏ဖခင်ဖြစ်သူကို ကယ်တင်ချင်သည်ဆိုပါက သူ ဖခင်ဘေးတွင်နေကာ အကောက်ကြံသူကိုရှာဖွေရမည်ဖြစ်သည်။
ထိုအခြင်းအရာအတွက် နွေဦးတွင် သူဖခင်နှင့်အတူ ကျန်းနန်၏ယန်ဇီမြစ်ဆီသို့လိုက်သွားရန် နည်းလမ်းရှာဖွေရမည်ဖြစ်လေသည်။
ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် သံဓိဌာန်ချထားပြီးဖြစ်သော်လည်း အပြင်ဘက်တွင်မူ မသိချင်ယောင်ဆောင်ကာ ကိုယ်လုပ်တော်ရှုကိုလှမ်းမေးလိုက်သည်။
" အဖေကခရီးထွက်မှာလား သူဘယ်ကိုသွားမလို့လဲ.."
ကိုယ်လုပ်တော်ရှုမှာ သူမ၏လက်သည်းရှည်များကို အချင်းချင်းပွတ်တိုက်ကာ ဆော့ကစားနေလျက် ပေါ့ပေါ့ပါးပါးဖြေလိုက်လေသည်
" မင်းရဲ့အမေပြောတာတော့ ကျန်းနန်ဘက်ကိုသွားမှာတဲ့…"
ကျွင်းဟွိုင်လန်ရယ်မောလိုက်ကာ " အဖေဘယ်လောက်ကြာကြာသွားရမလဲမသိဘူးနော်… ဒီတူတော်လည်း ကျန်းနန်ရဲ့ယန်ဇီမြစ်ကို မွေးတည်းကမရောက်ဖူးသေးဘူး.. ကြားဖူးတာတော့ အဲ့မှာ တံတားငယ်လေးတွေရယ် မိုးမခပင်ကြီးတွေရယ် ရေစီးဆင်းနေတာတွေရယ်က အလွန်ကြည့်လို့လှတယ်လို့ပြောကြတယ်…"
ကျွင်းဟွိုင်လန်၏စကားကိုကြားချိန်တွင် ကိုယ်လုပ်တော်ရှုမှာ တစ်ခစ်ခစ်ရယ်လျက် ပြောလိုက်လေသည်။
" ဒါကဘာများခက်ခဲတာမလို့လဲ ပန်ကုန်းနန်းဆောင်ပြန်ရောက်ရင် မင်းကိုခေါ်သွားပေးဖို့ မင်းရဲ့အဖေဆီစာတစ်စောင်ရေးပေးလိုက်မယ်လေ..ဒီလိုဆိုမှတော့ နန်းတော်ထဲမှပဲ နွေဦးအထိနေလိုက်တော့ပေါ့..အဲ့ဒါဆို မင်းလည်းစောစောပြန်နေစရာမလိုတော့ဘူး…"
ကျွင်းဟွိုင်လန်မှာမူ လာမည့်ကိစ္စအကြီးကြီးကိုတွေးတောမိသွားပြီး အပြုံးတစ်ပွင့်ဖြင့် ခေါင်းငြိမ့်ပြကာ သဘောတူလိုက်သည်။
........
ကျွင်းဟွိုင်လန် ကိုယ်လုပ်တော်ရှူ၏အဆောင်မှထွက်လာချိန်တွင် တောင်ဘက်ခန်းမသို့ လက်ထဲတွင် လေးလံသော သေတ္တာတစ်ခုကို ကိုင်ဆောင်ကာ လျှောက်လာသော ကျင်းပေါင် ကို မြင်လိုက်ရသည်။
ကျွင်းဟွိုင်လန်ကို မြင်လိုက်ချိန်၌ ကျင်းပေါင် ပြာပြာသလဲလဲ ပြေးလာကာ အပြုံးတစ်ပွင့်ဖြင့် အရိုအသေပေးလိုက်ပြီး နှုတ်ခွန်းဆက်ဆသောစကားအနည်းငယ်ပြောလိုက်လေသည်။
ကျင်းပေါင် မင့်လွမ်နန်းဆောင်တွင်နေထိုင်သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး သူနှင့်အတူနေထိုင်ကြသော မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်များမှာ ရွှယ်ယန်ကိုကြောက်ရွံ့နေဆဲဖြစ်ကြသော်လည်း သူတို့အားလုံးမှာ ဖော်ရွေကြသူများဖြစ်သည်။ ကျင်းပေါင်မှာ အမြဲလိုလို လိမ္မာပါးနပ်သူဖြစ်လေရာ ယခုအချိန်၌ ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူကြောက်ရမည့်တစ်ခုတည်းသောအရာမှာ ရွယ်ယန်ကိုယ်တိုင်သာ ဖြစ်လေသည်။
သို့သော် ထိုတစ်ဦးကို မည်သူက မကြောက်မည်နည်း.. ထိုသူမှာ အကြောက်အရွံ့ကင်းမဲ့သော ထာဝရအရှင်မင်းသားတစ်ပါးသာဖြစ်လေသည်။
ကျွင်းဟွိုင်လန် ကျင်းပေါင်၏နှုတ်ဆက်စကားတသီတန်းကြီးကို ကြားလိုက်ရချိန်၌ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသော်လည်း ပြုံးကာ မေးလိုက်သည်
" ဒီလောက်ပစ္စည်းတွေနဲ့ မင်းဘယ်ကိုသွားမလို့လဲ…"
ကျင်းပေါင် အလျင်အမြန် ပြန်ဖြေလိုက်သည်
" ဒါက အဒေါ်တျန့်ချွေးကပေးလိုက်တာပါ..သူအရှင့်ရဲ့အဆောင်တော်ကိုရောက်လာပြီးတော့ အထူးတလည်လိုအပ်မဲ့အရာတွေကို ကြည့်ပြီး ပြင်ဆင်ပေးလိုက်တာ..အရှင့်ရဲ့အခြေအနေနဲ့ ဘယ်လိုလုပ်ပြီး အဒေါ့်ကိုအလုပ်ခိုင်းရဲမှာလဲ.. ဒါပေမယ့် သူကလာကြည့်ခဲ့တော့… ဒီအစေခံက အကြိမ်အနည်းငယ်လောက် တားမြစ်လိုက်တဲ့အချိန်မှသာ သူရပ်တန့်သွားပြီးတော့ သိုလှောင်ရုံကိုပဲ ပစ္စည်းသွားယူဖို့အစေခံတွေလွှတ်ပေးလိုက်ပါတယ်.. သူပြောတာတော့ ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်လည်းရောက်တော့မယ်ဆိုတော့ အရှင့်ရဲ့ကုန်လောင်ရုံထဲမှာ လိုအပ်တာအချို့ကို ကျွန်တော်စုဆောင်းထားသင့်တယ်တဲ့.. အဲ့ဒါကြောင့် နှစ်သစ်ကူးညမတိုင်ခင် ပြေးလွှားနေရတာပါ…"
ထိုစကားကိုကြားလိုက်ရချိန်၌ ကျွင်းဟွိုင်လန်၏နှလုံးသားမှာ နစ်မြုပ်သွားခဲ့ရသည်။
လုံလောက်စွာပင် တျန့်ချွေး အချို့သောလှည့်ကွက်လေးများကို ပြင်ဆင်နေသည်ပင်။
သူမသည် ကိုယ်လုပ်တော်ရှု၏ အယုံကြည်ရဆုံး နန်းတွင်းအပျိုတော်တစ်ဦးဖြစ်နေသည့်တိုင် ကိုယ်လုပ်တော်ရှု၏ ကိုယ်ပိုင်ရတနာများကို အသုံးပြု၍ ရွှယ်ယန်အတွက် ပစ္စည်းများဝယ်ပေးနေခြင်းမှာ ဘောင်ကျော်သွားပြီဖြစ်၏။
ပို၍ရှိသည်မှာ တျန့်ချွေး ရွှယ်ယန်အပေါ် ထိုမျှနှစ်သက်ခဲ့ခြင်းမရှိသည့်အပြင် မြွေတစ်ကောင်ကဲ့သို့ရှောင်ရှားနေခဲ့ပြီးမှ အဘယ့်ကြောင့် ရွှယ်ယန်၏ကုန်လှောင်ရုံဆီသို့ ထပ်ခါတလဲလဲသွားရောက်ပြီး ပစ္စည်းများအကြောင်း မေးမြန်းနေရသည်နည်း။
သူမ၏တောင်းဆိုမှုထဲတွင် အစီအစဉ်တစ်ခုခုတော့ရှိနိုင်ပေမည်။
ကျွင်းဟွိုင်လန် အချိန်ခဏကြာမျှ တွေးတောနေခဲ့ပြီး သူ၏စိတ်ထဲတွင် သံသယအချို့ရှိလာခဲ့ရသည်။
ကိုယ်လုပ်တော်ရှု၏နန်းဆောင်တွင် တျန့်ချွေး၏လက်ပါးစေများ လုံလုံလောက်လောက်မရှိနေသည့်တိုင် သူတို့အားလုံးက တျန့်ချွေးကိုနာခံကြသူများဖြစ်ပြီး သူမ၏ မျက်နှာသာပေးမှုအတွက်လုပ်ဆောင်ရန်မလိုအပ်ပေ။ သို့သော်လည်း မယုံနိုင်စရာကောင်းသည့်အရာမှာ ကျင်းပေါင်သည် ရွှယ်ယန့်ထံတွင်သာ ခစားသူဖြစ်ပြီး တျန့်ချွေးနှင့် လုပ်ဆောင်ရန် မည်သည့်ကိစ္စမျှမရှိချေ။
" မင်းရဲ့သခင်ကမင်းအပေါ်အမြဲကောင်းကောင်းဆက်ဆံတယ်မလား.." ကျွင်းဟွိုင်လန်မေးမြန်းလိုက်သည်။
ကျင်းပေါင်၏နှလုံးသားထဲတွင်မူ ခါးသီးသွားရသည်။ ရွှယ်ယန်သူ့အပေါ် ကောင်းမွန်စွာဆက်ဆံသည်ဖြစ်စေ မဆက်ဆံသည်ဖြစ်စေ ၎င်းမှာ သူ၏နိမ့်ကျသော အစေခံဘဝသာဖြစ်ပြီး သူတို့မိသားစုတစ်ခုလုံး၏အသက်များသည်ပင် ရွှယ်ယန်၏လက်ထဲတွင်ရှိနေပြီဖြစ်သည်။
သူကပျာကယာပြုံးကာ ပြန်ဖြေလိုက်သည်။
" အရှင်က အမြဲလိုအစေခံတွေကို ကောင်းကောင်းဆက်ဆံပါတယ်… အခြားသူတွေကိုကြည့်လိုက်ရုံနဲ့တင် အဲ့ဒီကနေ သိနိုင်တယ်…"
ကျွင်းဟွိုင်လန်သည်လည်း ပြုံးလျက် ပြောလာခဲ့သည်။
" မင်းကအမြဲလို ထက်မြက်တယ်ဆိုတာ ငါသိပါတယ်…အခု မင်းရဲ့သခင်ကို တစ်စုံတစ်ယောက်က ဒုက္ခပေးချင်နေတဲ့အတွက် မင်းလုပ်ဆောင်သင့်တဲ့ကိစ္စသေးသေးလေးတစ်ခုရှိတယ်…"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျင်းပေါင်၏နှလုံးသားမှာ ပို၍ပင် ခါးသီးသွားရသည်။
Xxxxxxxx