အပိုင်း ၄၂
Viewers 15k

Chapter 42


အဘယ့်ကြောင့်များ ထိုသခင်လေးများက သူတို့ထံတွင် ကိစ္စများကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်ဟု ထင်နေကြသည်နည်း။


လူတစ်ဦးသည်ပင် သူ့ကိုအသက်တိုရန်လုပ်ဆောင်နေသည်မှာ မလုံလောက်ဘဲ ယခုဒုတိယတစ်ဦးပေါ်လာပြန်လေပြီ…ကျင်းပေါင် ရွှယ်ယန်ထံတွင် မခစားခင်အချိန်က သူသည် လူ့အမှိုက်တစ်ဦးဖြစ်ပြီး သေဆုံးရမည်ကိုအလွန်တရာ ကြောက်ရွံ့ခဲ့သည်ဖြစ်ရာ ယခု သူ့အား အဘယ့်အတွက်ကြောင့် တာဝန်ယူရမည့်ကိစ္စများအကြောင်းကို လာပြောနေရသည်နည်း…


မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ ဒုတိယလူမှာ ပထမတစ်ဦးထက်စာလျှင် တော်ပါသေးသည်။ ရွှယ်ယန်မှာ သူ၏တစ်မိသားစုလုံးကို သတ်ပစ်နိုင်သော်လည်း သူရှေ့မှာ ကျွင်းဟွိုင်လန်မှာမူ နူးညံ့ကြင်နာတတ်ပြီး သူ၏အသံမှာ ညှိနှိုင်းနေသည့်သဘောပါနေရာ သူမည်ကဲ့သို့ ငြင်းပယ်နိုင်တော့မည်နည်း…


ထိုကိစ္စများမှာ အသက်အန္တရာယ်ရှိနေသည့်တိုင်အောင် သူပြီးဆုံးသည်အထိ လုပ်ဆောင်ရပေလိမ့်မည်။


အင်ပါယာ၏နှစ်တစ်ထောင်ပြည့်နေ့အပြီး‌တွင် ချန်အန်း၏နေ့ရက်များမှာ အအေးဆုံးအခြေအနေသို့ရောက်ရှိနေပြီး ညများမှာ နေ့ထက်ပို၍ကြာရှည်နေကြကာ ဆောင်းဝင်ရန်ပို၍နီးကပ်လာသည်။


ကျွင်းလင်ဟွမ်မှာမူ နန်းတော်ထဲတွင် နန်းတွင်းအပျိုတော်များနှင့် နေ့တိုင်းအတူရှိနေကာ သူမထံတွင် လုပ်စရာမည်သည့်အရာမျှမရှိချေ။ ထို့ကြောင့် သူမချည်ထိုးရန်အတွက် စတင်သင်ယူလိုက်ပြီး ထိုပညာတွင် အတော်အတန်စိတ်ပါဝင်စားခဲ့သဖြင့် အချိန်တစ်ခုအကြာတွင် သူမအမွှေးအိတ်လေးများကို စတင်ချုပ်လုပ်နိုင်လာပြီဖြစ်သည်။


သူမ၏လက်ရာမှာ စိတ်‌ကျေနပ်စဖွယ်မဖြစ်နေဘဲ ချည်ထိုးထားသည်များ ရှုပ်ထွေးနေသည့်အပြင် မည်သည့်အရုပ်ကိုထိုးထားသည်ကိုပင် မမြင်နိုင်ခဲ့ချေ။


သို့သော်လည်း သူမလေးမှာ ပင်ပန်းသည်ဟူ၍မရှိဘဲ ပျော်ရွှင်နေရသောကြောင့် ကျွင်းဟွိုင်လန်သည်လည်း သူမအပေါ် စိတ်ပျက်သွားခြင်းမျိုး မရှိပေ။


 ရှို့မူနေ့တွင် ကျွင်းဟွိုင်လန် ရွှယ်ယန်နှင့် ရွှယ်ယွင်ဟွမ်တို့ကို ကျွင်းလင်ဟွမ်၏အဆောင်တော်သို့ဖိတ်ခေါ်ကာ သူမချည်ထိုးထားသည့်အိတ်များပေးရန် ပြောခဲ့လေသည်။


ရွှယ်ယွင်ဟွမ်မှာမူ အမွှေးအိတ်ကို ပထမဆုံးရသူဖြစ်ပြီး အလွန်စိတ်ဝင်တစားရှိနေခဲ့သည်။ သူအိတ်ကို အပေါ်အောက်ကြည့်ကာ ကျွင်းလင်ဟွမ်၏ခေါင်းကို ပွတ်ပေးလိုက်ပြီး " ဟွမ်အာ ဒီပိုးကောင်ကြီးက တကယ်လှပပြီးအရောင်စုံတာပဲ.."


ကျွင်းလင်ဟွမ် သူ၏လက်ကို ဖြတ်ခနဲ ရိုက်ချလိုက်ပြီး " ဘာပိုးကောင်ကြီးလဲ အဲ့ဒါကကြောင်ပုံထိုးထားတာ.."


ရွှယ်ယွင်ဟွမ် အိတ်ကို ပြန်ကြည့်လိုက်ပြီးနောက်  သဘောပေါက်သွားခဲ့ကာ " အိုးး ဒါကကြောင်လား..ငါတကယ်အဲ့လောက်ရက်စက်တဲ့မျက်နှာနဲ့ကြောင်မမြင်ဖူးသေးဘူး…"


ကျွင်းလင်ဟွမ်မှာမူ ဒေါသထွက်ရလွန်းသောကြောင့် သူ့ကိုထပ်မံရိုက်နှက်ချင်လာတော့သည်။


ထိုသူနှစ်ဦး၏ကြားတွင် ကျွင်းဟွိုင်လန်မှာမူ အပြုံးလေးဖြင့် သူမကိုချော့မော့လိုက်ရသည်


 " ဒါက အစ်ကိုတော်မင်းသား၄က အမြင်မကောင်းလို့ပါ..ဘယ်နားက ပိုးကောင်ကြီးနဲ့တူရမှာလဲ..သူကပိုးကောင်ကြီးတွေကို မြင်တောင်မမြင်ဖူးတဲ့ဟာကို…"


သူမအစ်ကိုကြီး၏စကားကို ခိုင်ခိုင်မာမာယုံကြည်နေသော ကျွင်းလင်ဟွမ်လေးမှာ ထပ်မံ၍ အမွှေးအိတ်အများကြီးကို အထူးတလည်ထုတ်ယူလိုက်ပြီး ကျွင်းဟွိုင်လန်ရွေးချယ်နိုင်ရန် ပေးလိုက်လေသည်။


ကျွင်းဟွိုင်လန်အပေါ်ဆုံးမှ ချည်ထိုးထားသည်မှာ ကြမ်းတမ်းလှပြီး အရောင်စုံသောဘဲတစ်ကောင်နှင့်တူသည့် အမွှေးအိတ်တစ်ခုကိုရွေးချယ်လိုက်ပြီးနောက် မေးလာခဲ့သည်။


 " ဒါကဘာကောင်လဲ…"


" မန်ဒရင်းဘဲတွေလေ…" ကျွင်းလင်ဟွမ် သူမ၏ခေါင်းကိုမော့လျက် ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။


ဘေးတွင်ရှိနေသော ရွှယ်ယွင်ဟွမ်မှာမူ ထပ်မံ၍ ရယ်ချမိလေသည်။


ကျွင်းဟွိုင်လန်ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး နူးနူးညံ့ညံ့ပြုံးကာ ပြောလိုက်လေသည်။


 " တကယ့်ကိုပဲ မန်ဒရင်းဘဲတွေပဲ.. ဟွမ်အာပန်းထိုးထားတာ တကယ်လှတယ်…"


ထို့နောက် ဘေးဘက်ရှိ ရွှယ်ယွင်ဟွမ်ကို ပြောလာမည့်စကားများ ဆက်မပြောနိုင်စေရန် ခေါင်းမော့ကာ အကြည့်တစ်ချက်ဖြင့်  သတိ‌လှမ်းပေးလိုက်သည်။


ရွှယ်ယွင်ဟွမ်မှာမူ စိတ်ထဲတွင် ငိုကြွေးနေရပြီဖြစ်သည်။ ကလေးဘဝမှစ၍ သူမည်ကဲ့သို့ ထိုသူများကို အပြစ်လုပ်ရဲတော့မည်နည်း .. တစ်ဦးမှာ မြို့စားအိမ်တော်၏မင်းသားငယ်လေးဖြစ်ကာ တစ်ဦးမှာမူ မာနကြီးသည့်နတ်ဆိုးကြယ်ပွင့်ပိုင်ရှင်မင်းသားတစ်ပါးဖြစ်သည်။


သူမင်လွမ့်နန်းဆောင်တွင် မတရားခံရမှုအများဆုံးဖြစ်ခဲ့သော်လည်း ထူးဆန်းစွာပင် ရွှယ်ယွင်ဟွမ်ထိုနေရာတွင် နေရသည်ကိုအကြိုက်ဆုံးဖြစ်သည်။


ထို့နောက် ကျွင်းလင်ဟွမ်မှာ ရွှယ်ယန်၏ရှေ့သို့ အိတ်လေးများကို လှမ်းပေးလိုက်ပြန်သည်။


သူမ၏အစ်ကိုတော်မင်းသား၅မှာ စကားပြောရယ်မောရခြင်းကို မနှစ်သက်သည့်အပြင် သူမ‌၏ဘေးတွင် အမြဲလိုလို တိတ်ဆိတ်ပြီးတော်ဝန်ဆန်သည့် အမူအယာဖြင့် ထိုင်လေ့ရှိကာ ၎င်းမှာသူမလေးကို ကြောက်လန့်နေစေသည့်တိုင်အောင် အစ်ကိုကြီးမှ မင်းသား၅သည်လူကောင်းတစ်ယောက်ဟု မှာကြားခဲ့သည့် အတွက် သူမသူ့ကိုယုံကြည်သောကြောင့် အလွန်အမင်းကြောက်လန့်နေခြင်းမျိုးမရှိတော့ပေ။


" အစ်ကိုတော်မင်းသား၅ကိုလည်းပေးမယ်…" ကျွင်းလင်ဟွမ်မှာ တစ်လောကလုံး၏အဖော်ရွေဆုံးသူကဲ့သို့ နူးနူးညံ့ညံ့ပြောနေခဲ့သည်။


ရွယ်ယန်အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် သေးငယ်သောလက်လေးမှကိုင်ထားသည့် ပုံစံဆိုးဆိုးဖြင့် ရှုပ်ပွနေကာ ဆန်းပြားစွာချည်ထိုးထားသော အမွှေးအိတ် သုံးလေးခုကို မြင်လိုက်ရသည်။


ရွှယ်ယန်တစ်ချက်ကြည့်လိုက်ပြီးနောက် ကျွင်းဟွိုင်လန်၏လက်ထဲမှ မန်ဒရင်းဘဲပုံနှင့် ဆင်တူသော အိတ်တစ်လုံးကို လှမ်းမြင်လိုက်သည်။

42.2


သူလှမ်းကြည့်လိုက်ချိန်၌ ကျွင်းဟွိုင်လန်မှာ သူ၏ကိုယ်ပေါ်တွင် စိမ်းပြာရောင်ကျောက်စိမ်းအဆင်တန်ဆာတစ်ခုဖြင့်တန်ဆာဆင်ထားသည့် အိတ်ကိုဖြုတ်ကာ အမွှေးနံ့သာများကိုထုတ်၍ ခပ်ကြမ်းကြမ်းချည်ထိုးထားသည့်အမွှေးအိတ်ထဲသို့ ထိုးသိပ်ထည့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။


ဘေးကင်းလုံခြုံစေရန်အတွက်အဆောင်ဖြစ်သည့် ကျောက်စိမ်းဆွဲပြားနှင့်အိတ်ကို လုံခြုံစွာသိမ်းဆည်းနိုင်ရန်အတွက် ဖုရိထံလှမ်းပေးလိုက်ပြီး အရောင်တောက်တောက်နှင့် အ‌မွှေးအိတ်ကိုခါးတွင်ချိတ်ဆွဲလိုက်ပြီး သူ၏ကိုယ်ပေါ်မှ အတော်အတန်ကြည့်ရဆိုးသော အနီရောင်အိတ်တစ်လုံးမှလွဲ၍ ကျန်သည့်အရာများမှာ သူယနေ့ဝတ်ဆင်ထားသည့် ဝတ်ရုံနှင့် လိုက်ဖက်နေခဲ့သည်။ 


သူ၏မျက်လုံးများမှာ နူးညံ့ကာ‌ ဖောက်ထွင်းမြင်နိုင်သည့်ပုံဖြင့် သိသိသာသာပင် အေးစက်ကာ ကွဲပြားသည့် ပုံသဏ္ဍာန်ရှိသော်လည်း သူ့မျက်လုံးထဲတွင် နစ်မြုပ်သွားနိုင်သကဲ့သို့ ညင်သာနေသည်။


ဘေးတွင်ရှိနေသော ရွှယ်ယွင်ဟွမ်သည်လည်း ကျွင်းဟွိုင်လန်ကိုကြည့်ကာ ထိုဘဲမှာ အလွန်ထူးခြားသည့်ပုံရှိသည်ဟု ပြောလိုက်ပြီး ရယ်မောနေခဲ့သည်။ ကျွင်းဟွိုင်လန်၏ကိုယ်ပေါ်ရှိအ‌မွှေးအိတ်မှာ အကြမ်းထည်ဘဝသာရှိသေးသော်လည်း သူစိတ်အနှောင့်အယှက်ဖြစ်နေခြင်းမျိုးမရှိဘဲ ရွှယ်ယွင်ဟွမ်ကိုပင် အနည်းငယ်ဆူပူလိုက်သည်။ သူ၏အမူအယာမှာ နူးညံ့နေဆဲပင်ဖြစ်ကာ ကျွင်းလင်ဟွမ်ကို ကောင်းကောင်းလုပ်ခဲ့သည့်အတွက် ချီးမွမ်းနေခဲ့သည်။


ရွယ်ယန်၏မျက်လုံးများ တုန်ယင်သွားပြီး ရင်ဘတ်ထဲတွင်ပူလောင်လာသည်။ သူ၏နှလုံးခုန်သံမှာ အလွန်အရှိန်မြင့်လာသောကြောင့် သူ့အားအသက်ရှုမဝအောင် ပြုလုပ်နေသဖြင့်  လက်ကိုမြောက်၍ တုန်ခါနေသောရင်ဘတ်ကိုသာ ဖိထားလိုက်မိချင်တော့သည်။


သို့သော်လည်း သူ၏လက်များကို လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်မိသည်။ ခဏကြာတုန့်ဆိုင်းနေပြီးမှ လက်တစ်ဖက်က ကျွင်းလင်ဟွမ်ပေးလာသည့်အိတ်တစ်လုံးကိုလှမ်းယူလိုက်သည်။ ထူးဆန်းစွာပင် ထိုအိတ်ပေါ်တွင် မန်ဒရင်းငှက်နှင့်တူသော ငှက်တစ်ကောင်၏ပုံပါရှိနေ၏။


" ဒီမန်ဒရင်းငှက်က အတော်လေးလှပတာပဲ…" သူ၏မူလရည်ရွယ်ချက်ကို ဖုံးကွယ်ချင်သောကြောင့် ရွှယ်ယန် ကို့ရို့ကားယားပြောလာခဲ့သည်။


သို့သော်လည်း ကျွင်းလင်ဟွမ်မှာမူ ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်ပြီး သူမ၏မျက်လုံးများကို လှိမ့်လိုက်ကာ နူးညံ့စွာပြောလိုက်လေသည်။


 " အဲ့ဒါက မန်ဒရင်းဘဲမဟုတ်ဘူး.. ဒီတိုင်း ဘဲသေးသေးလေးပါ…"


သူ၏ဘေးမှ ရွှယ်ယွင်ဟွမ်မှာမူ ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ပင် သည်းထန်စွာရယ်မောနေခဲ့သည်။


ရွယ်ယန်သူ့ထံသို့ အေးစက်သည့်အကြည့်တစ်ချက်ပေးလိုက်သော်လည်း မည်သည့်စကားမျှဆိုမလာခဲ့ချေ။


သူတို့အားလုံး ကျွင်းလင်ဟွမ်၏နန်းဆောင်တွင် အချိန်ခဏကြာနေထိုင်ခဲ့ကြပြီးနောက် နေ့လည်စားသုံးဆောင်ရမည့်အချိန်ရောက်ရှိလာသဖြင့် နှုတ်ဆက်ကာ ပြန်လည်ထွက်လာခဲ့ကြသည်။


ရွယ်ယန်တို့နှစ်ဦးထွက်ခွာသွားချိန်တွင် ကျွင်းဟွိုင်လန်စားပွဲပေါ်ရှိ အိတ်များကိုအ‌တွေးပါပါဖြင့် ကြည့်လိုက်ကာ သူနှင့်ကျင်းပေါင်တို့ယနေ့ပြောခဲ့ကြသော စကားများကို ပြန်လည်စဉ်းစားလိုက်သည်။


သူ၏အထင်အမြင်အရဆိုလျှင် တျန့်ချွေး ရွှယ်ယန်ကို တစ်ခုခုကြံစည်နေသည်မှာ သေချာသလောက်ပင်ဖြစ်ပြီး သူ့ထံတွင်လည်း ရင်ဆိုင်ရန်အတွက် နည်းလမ်းရှိနေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အကယ်၍သာ သူမကို ဒီအတိုင်းလွှတ်ထားပေးလိုက်ပါက ပို၍ဆိုးရွားသောအရာများဖြစ်လာမည်သာ ဖြစ်၏။


သူနန်းတော်သို့ရောက်လာချိန်က ကိုယ်လုပ်တော်ရှုမှ သူ့ထံတွင် အသုံး‌အဆောင်များလစ်ဟင်းမည်ကို စိုးရိမ်ခဲ့သဖြင့် နန်းတော်အစေခံများဖြင့် ပစ္စည်းများစွာကို အထူးတလည် လွှဲပြောင်းပေးအပ်ခဲ့ဖူးသည်ကို အမှတ်ရခဲ့သည်။ ထိုအချိန်တုန်းက တျန့်ချွေးမရှိသေးဘဲ ကျန်းကွမ်းသဲ့သာ ရှိနေသေးကာ ထိုသူမှာ အလွန်မာန‌ကြီးသောကြောင့် ညစ်ပေနိုင်သောအရာများကို အခြားသူများကိုသာ သယ်ခိုင်းခဲ့လေသည်။


အဆောင်တော်၏ဘေးဘက်တိုင်းတွင် သေးငယ်သော သိုလှောင်ရုံကိုယ်စီရှိကြပြီး ကျွင်းဟွိုင်လန်ဝင်ရောက်စစ်ဆေးလိုက်ချိန်တွင် အထဲ၌ ထူးဆန်းသော ရှားပါးပစ္စည်းတစ်ခုရှိနေသည်ကို တွေ့မြင်လိုက်ရသည်။


၎င်းမှာ အနောက်ဘက်လွင်ပြင်မှ အမွှေးနံ့သာခဲများဖြစ်ပြီး ထိုအမွှေးနံ့မှာ ဖျော့တော့သော်လည်း ရက်အနည်းငယ်အကြာမျှ ဝတ်ဆင်လိုက်သည်နှင့် လူတစ်ကိုယ်လုံးတွင် အနံ့စွဲလာမည်ဖြစ်သည်။ ထိုအရာနှင့် ထိတွေ့ခဲ့သော အရာဝတ္ထုများသည်ပင် လတစ်ဝက်ခန့်အထိ အနံ့စွဲနိုင်ပေမည်။


ထိုအမွှေးနံ့သာမှာ ဧကရီအတွက် အသင့်လျော်ဆုံးဖြစ်သည်။ ၎င်းမှာ အလွန်မွှေးပျံ့သောကြောင့် လူပေါ်တွင် အမွှေးနံ့များ ချန်ရစ်နိုင်ကာ လူများကိုယစ်မူးစေသည်အထိပင် မွှေးကြိုင်လှ၏။


သို့သော််လည်း ကိုယ်လုပ်တော်ရှုမှာမူ ထိုကဲ့သို့သော အ‌‌မွှေးနံ့မျိုးကို မနှစ်သက်သည့်အတွက် သိုလှောင်ရုံမှာပင် နှစ်ပေါင်းအတန်ကြာ သိမ်းဆည်းထားခဲ့လေသည်။


ကျွင်းဟွိုင်လန် ခဏကြာတွေးတောနေခဲ့ပြီးနောက် ကျွင်းလင်ဟွမ်ထံသို့ လှမ်းကြည့်လိုက်သည်။


ကျွင်းလင်ဟွမ်မှာမူ စားပွဲတွင်ထိုင်နေဆဲဖြစ်ကာ သူမ၏အိတ်လေးများကို မြတ်မြတ်နိုးနိုးကြည့်နေခဲ့ပြီး ကြည့်လေပျော်ရွှင်လာလေဖြစ်နေခဲ့သည်။ သို့သော်လည်း ခဏကြာမျှ ကြည့်ရှုပြီးချိန်တွင် သူမတစ်စုံတစ်ခုကိုတွေးမိသွားသဖြင့် သက်ပြင်းချကာ အိတ်များပေါ်သို့ မှောက်အိပ်လိုက်ပြီးနောက် ပြောလာခဲ့သည်


 " အစ်ကိုတော်…ဘယ်လိုတောင် အိတ်တွေအများကြီးချိတ်ထားရတာလဲ…"


ထိုစကားများကို ကြားလိုက်ရချိန်၌ ကျွင်းဟွိုင်လန်၏စိတ်ထဲရှိသံသယမှာပို၍ပင် ရှင်းလင်းလာပြီး သူ့စိတ်ကိုရှင်းကာ ပြုံးလျက် " ဘာလို့ဝတ်လို့မရရမှာလဲ…"


ကျွင်းဟွိုင်လန်သည်လည်း ပျော်ရွှင်သွားပြီး " ကောင်းတာပေါ့ ဒီမှာ အများကြီးပဲရှိတာ…"


 ပြောပြီးသည်နှင့် သူမလက်ထဲမှာ အိတ်များကို ညွှန်ပြလိုက်လေသည်။


ကျွင်းဟွိုင်လန် နူးညံ့စွာပြုံးလျက် " ဒါပေမယ့် နန်းတော်ထဲမှာက အခြားအစ်ကိုတော် အစ်မတော်တွေလည်း ရှိသေးတယ်လေ… ဆောင်းရာသီပွဲတော်လည်းရောက်လာတော့မှာဆိုတော့ ဟွမ်အာသူတို့ကို လက်လုပ်လက်ဆောင်လေးတွေပေးရင် မကောင်းဘူးလား…"


ကျွင်းလင်ဟွမ်၏မျက်လုံးများမှာ ချက်ချင်းဆိုသလို ပြူးကျယ်လာခဲ့သည် " ကောင်းပါပြီ…"


သူမ၏ခုံပေါ်မှာ ခုန်ထလိုက်ကာ အပ်ချုပ်ကိရိယာများထည့်ထားသည့် ခြင်းတောင်းကိုယူ၍ " မင့်လွမ်နန်းတော်မှာ လှပတဲ့အစ်မကြီးတွေအများကြီးရှိတာ..ဟွမ်အာထပ်ပြီးလုပ်ချင်သေးတယ်…"


ကျွင်းဟွိုင်လန်ပြုံးကာ ခေါင်းယမ်းလိုက်ပြီး သူ၏မျက်လုံးများမှာ ပြတင်းပေါက်အပြင်ဘက်ရှိ အပျိုတော်များထံသို့ ကျဆင်းသွားခဲ့သည်။


အခြားတစ်ဖက်တွင်မူ ရွယ်ယန်မှာ အနောက်ဘက်ခန်းမဆီသို့ ပြန်ရောက်လာခဲ့ပြီး အိတ်လေးကို အချိန်အတန်ကြာ ကြည့်ရှုနေခဲ့သည်။


ကျင်းပေါင်ရေနွေးထည့်ပေးရန် ဝင်ရောက်လာချိန်၌ သူအိတ်ကို သတိတကြီးဖြင့် ခိုးကြည့်လိုက်မိကာ ချက်ချင်းဆိုသလိုပင် ကြည့်ရဆိုးလှသော ရှုပ်ထွေးနေသည့် ချည်ထိုးရာများမှ သူ့အားအနှောင့်အယှက်ပေးလာခဲ့သည်။


ဒါ ဒါကြီးက နတ်ဆိုးတစ်ကောင်ရဲ့ သွေးကြောတွေလိုပဲ…


သူ၏အကြည့်ကို ရွှယ်ယန်သတိမထားမိကြောင်း မြင်လိုက်ပြီး ကျင်းပေါင် အလျင်အမြန် ရေထည့်ပေးလိုက်ပြီး လှည့်ပြေးရန်ပြင်လိုက်သည်။


သူ့ခြေလှမ်းနှစ်လှမ်းမျှ မဆုံးခင်တွင် ရွှယ်ယန်၏အသံထွက်ပေါ်လာခဲ့သည်။


" ဒီကိုလာဦး…" သူ၏မျက်လုံးများကိုပင် မော့မကြည့်ဘဲ ရွှယ်ယန် ပေါ့ပေါ့ပါးပါးအမိန့်ပေးလိုက်သည်။


လူမိသွားသောကြောင့် ကျင်းပေါင် ကို့ရိုးကားယားနိုင်သော အပြုံးတစ်ပွင့်သာပေးလိုက်ရပြီး " ဘာခိုင်းမလို့ပါလဲ အရှင်…"


ရွှယ်ယန်မှ အိတ်ကို စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်ကာ မေးလာခဲ့သည် " ဒီချည်ထိုးထားတာက ဘာပုံလဲ.."


ကျင်းပေါင် : "...." ၎င်းမှာ ရတနာရှာဖွေသည်ထက်ပင် ခက်ခဲလှသည်။


ကျင်းပေါင် ခါးသီးနေသည့်အမူအယာဖြင့် အချိန်အတန်ကြာအောင် ကြည့်ရှုပြီးမှ အစမ်းသဘောမျိုးပြောလိုက်လေသည်။


 " အဲ့ အဲ့ဒါက ဘဲတစ်ကောင်လား…"


 ရွှယ်ယန်၏အမူအယာမှာ လေးနက်နေပြီး မျက်လုံးကိုပင့်ကာ ကျင်းပေါင်ထံသို့ သတိပေးသည့် အကြည့်တစ်ချက်ပေးလိုက်ကာ အေးစက်စွာ ပြောလာခဲ့သည်။


" မှတ်ထား အဲ့ဒါက မန်ဒရင်းဘဲတွေပဲ…"


Xxxxxxx